16/06/2010

စက်ရုံအမှတ် (၈၃)

တအိအိနဲ့ ရွှေ့နေလိုက်ပုံများ
ဆာဟာရကို ဆူဠလိပ်ကြီး ဖြတ်နေတဲ့ ပုံစံမျိုးနဲ့။

သူ့ခမျာ....
မျိုချလိုက်၊ အန်ထုတ်လိုက်နဲ့
နားရတယ်ကို မရှိဘူး ။

တခါတခါ
ချောင်လယ်နေပုံများက
သူသာသခင်၊ သူသာအရှင်

တခါတခါ
ကျပ်တည်းလိုက်ပုံများ
ဖယောင်းတိုင်တွေ စုချည်ထားသလို
ခြေချစရာတောင် မရှိ။

ဆေးရုံ၊ ဘုရားကျောင်း
ဝင်ဘလေ၊ သူဒေါ ပန်းခြံ
ကန်ဘေး၊ ကွင်း(စ်)ဘရီ
အယ်ပါတန်၊ ဟန်းဂါးလိမ်း
ဒါတွေက သူနဲ့ ပတ်သက်တဲ့
အမည်နာမတွေပေါ့။

တချက်တချက်
သူ့သက်ပြင်းချသံ ပြင်းပြင်းမှာ
လူတွေလည်း
လန့်လန့် နိုးကြတယ် ။

တချို့တချို့တွေက
သူနဲ့အတူ စကားတွေ တပြောပြော
တချို့တချို့တွေက
ပျော်ကြပါးကြ၊ မူးကြရူးကြ
သီချင်းတွေနဲ့ အိပ်ကြ
စာအုပ်တွေနဲ့ အိပ်ကြ
စာရေးကြ၊ ကဗျာရေးကြ
ရန်ဖြစ်ကြ၊ အော်ဟစ်ကြ
အနိုင်ကျင့်ကြ၊ အိပ်ငိုက်ကြ
သူကတော့ မသိဘာသာပဲ ။

မျက်စိနောက်စရာ ကောင်းအောင်
ရာသီမရွေး၊ ဥတုမရွေး
နေ့မရွေး၊ ညမရွေး
စုန်ချည် ဆန်ချည်နဲ့
လည်ပတ်နေလိုက်တာ
သူ့မှာ ပန်းတိုင်မရှိ
မှတ်တိုင်ပဲ ရှိသတဲ့။

အယုတ်အလတ်အမြတ် မရွေး
သူ့အထဲ သွင်းလိုက် ထွေးလိုက် လုပ်နေတာ
တခါခါ ခွေးတွေကြောင်တွေပါ ပါသေး။

သူ့သွင်းကုန်နဲ့ ထုတ်ကုန်ရဲ့
ကွာခြားချက်ကလည်း
အကွာအဝေးပါပဲတဲ့ ။

သူ့ဆီက ထွက်ထွက်လာတဲ့
ကဗျာခိုးတွေ
စာခိုးတွေက
သဘာဝဝန်းကျင်နဲ့
ဂေဟစနစ်တို့အတွက်
သဟဇာတ ဖြစ်ပါလေစ။
သူကတော့ သူမဟုတ်သလို
ခပ်တည်တည်နဲ့
ရှေ့မှတ်တိုင်မှာ ဂိတ်ဆုံးမယ်လို့
အော်နေလေရဲ့. . . . . ။

မောင်ရင်ငဇေ

No comments:

Post a Comment