28/02/2010

ငါတို့ဟာ

ငါတို့ဟာ
နံပြားတစ်ချပ် စားသလို
လောကကြီးကို စားချင်ခဲ့. . .

ငါတို့ဟာ
မုန့်ဟင်းခါး သောက်သလို
လောကကြီးဆီက ဟင်းရည်အပိုတွေကို
ထပ်တောင်းချင်ခဲ့. . .

ငါတို့ဟာ
ငါးစိမ်းသည် အကြေးခွံခွာသလို
လောကကြီးကို ဒါးနဲ့ခြစ်ပစ်ချင်ခဲ့. . .

ငါတို့ဟာ
စူပါမားကပ်တွေလို
လောကကြီးဆီက ရွေးပြီး
ဈေးဝယ်ခြင်းထဲ ပစ်ထည့်ချင်ခဲ့. . .

ငါတို့ဟာ
ဟယ်ရီပေါ်တာရဲ့ ကိုယ်ပျောက်ဝတ်စုံကို
လောကကြီးကို ခြုံထားပေးချင်ခဲ့

ငါတို့ဟာ......................

ငါတို့ဟာ..........................

ငါတို့ဟာ.................................

နောက်ဆုံးတော့ လောကကြီးက ပြောတယ်. . .
'မင်းတို့ လုပ်ချင်သလိုသာ လုပ်ကြတော'့ တဲ့။
လောကကြီးရဲ့ပါဝါကြိုးကို ဆွဲနှုတ်လိုက်တာ
ငါတို့တွေဟာလဲ ပျောက်ကွယ်ခဲ့ပေါ့။ ။



မောင်ဖျံလေး

26/02/2010

တခါတုန်းက တက္ကသိုလ်မှာ


တခါတုန်းက တက္ကသိုလ်မှာ.............

သစ်ပုတ်ပင်ဆိုပြီး ပြောစရာ အရမ်းတော့မရှိပါဘူး
ဒါပေမဲ့ သြဘာလမ်း ဆိုတာတော့ ရှိခဲ့တယ်။

မာလာဆောင်တို့ အင်းယားတို့တော့ သိပ်မရောက်ဖြစ်ပါဘူး
ဒါပေမဲ့ သဇင်ဆောင်နဲ့ အာစီတူး ကိုတော့ ချောင်းဖောက်ဖြစ်ခဲ့တယ်။

ဦးချစ်လက်ဖက်ရည်တော့ သိပ်မတမ်းတမိပါဘူး
ဒါပေမဲ့ စိုးမြင့်ကြော်နဲ့ ပုံထမင်းပုံဟင်းလေးတော့ လွမ်းမိလှတယ်။

အတွက်အချက်တွေတော့ ခေါင်းထဲမှာ သိပ်မကျန်တော့ပါဘူး
ဒါပေမဲ့ Calculatorနဲ့ Random နှိပ်ခဲ့တဲ့ အကြွေးတွေတော့ ကျိတ်ခံခဲ့ဘူးတယ်။

ဟမ်းဖုန်းကြီးတကားကားနဲ့တော့ မရမ်းကားခဲ့ပါဘူး
ဒါပေမဲ့ Tကြီး တလွှားလွှားနဲ့တော့ လမ်းသလားခဲ့ဘူးပါတယ်။

ကျောင်းပြီးသွားလည်း အလုပ်အကိုင် တွေမသေချာခဲ့ပေမယ့်
ကျောင်းတက်တုန်းတော့ အနီးအနားက ပချုပ်ဆိုင်တွေမှာ ခြေစွာခဲ့ပါတယ်။

ကိရိယာတံဆာပလာတွေ မစုံခဲ့ပေမဲ့လဲ
အသိပညာနဲ့ အိုင်ဒီယာတွေကို ခုံမင်ခဲ့ဖူးပါတယ်။

အရုပ်အသံတွေထွက်တဲ့ မာတီမီဒီယာ တွေမရှိခဲ့ပေမဲ့
မဟုတ်မခံတဲ့ အာဇာနည်တွေ မွေးထုတ်ပေးခဲ့ဘူးပါတယ်။

ကျောင်းနံရံတလျှောက်မှာ စာတွေကပ်ရုံနဲ့ အားမရပဲ
ဒေါင်းအလံအောက်မှာ အများအတွက်ဆိုပြီး မားမားမတ်မတ် ရပ်ခဲ့ဖူးကြတယ်။

ဒို့တွေက လှိုင်သာယာတို့ ပြည်တို့မှာ မရှိသုံးလေး ခဏတက်ခဲ့ရပေမယ့်
တချို့တွေကတော့ နီးနီးနားနား အင်းစိန်မှာပဲ နိဂုံးချုပ် ဘဝပျက်ခဲ့ရပါတယ်။

လေယာဉ်သံတွေကြောင့် ခဏခဏ စာသင်ရပ်ရတဲ့ ကျောင်းတော်ကြီး
အခုတော့ သေနတ်သံတွေကြားမှာ နာကျင်စွာ အဆုံး သတ်လိုက်ရပြီ
ငါတို့တွေကတော့ တကိုယ်ကောင်းဆန်စွာ ရုန်းထွက်ခဲ့ကြပြီပဲ............


မောင်ရင်ငဇေ

ရာဇဝင်ထဲမှာ ထားရစ်ခဲ့တော့မယ်....... အို ပုဂံ (၁)

ဟိုတလောလေးကတင် သူငယ်ချင်း တစ်ယောက်က Facebookပေါ်မှာ ပုဂံအကြောင်း လင့်(ခ်)လုပ် သွားတယ်။ ပုဂံအကြောင်း ဆိုတာကလည်း ကမ္ဘာလည့်ခရီးသွားတွေ သွားသင့်တဲ့စာရင်းထဲမှာ ပုဂံကို ထည့်ထားလို့ သူက ဝမ်းသာအားရ ရေးသွားတာပါ။ ကျွန်တော် ပုဂံကို အကြိမ်ပေါင်းများစွာ ရောက်ဖူးခဲ့တယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတယ်။ ပုဂံနဲ့ပတ်သက်လို့ အမှတ်တရ ဘာများကျန်ခဲ့လည်းပေါ့။ ကျန်ခဲ့ပါသည်။ ကျွန်တော့ မှာ ပုဂံနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ ကြီးကြီးမားမား နှစ်ခုတောင် ရှိပါသည်။




ကျွန်တော် ကျောင်းသား ဘဝတုန်းကပေါ့။ ကျောင်းတဖက်နဲ့တင် Road To Mandalay ဆိုတဲ့ ပုဂံနဲ့ မန္တလေးကိုဆွဲတဲ့ အပျော်စီးသင်္ဘောမှာ ကွန်ပြူတာနဲ့ပတ်သက်တဲ့ အလုပ်တခုရတယ်။ အဓိကကတော့ သင်္ဘောပေါ်မှာ ရှိတဲ့ ကွန်ပြူတာ Systemတွေကို တစ်လတန်သည်ဖြစ်စေ နှစ်လတန်သည်ဖြစ်စေ သွားစစ်ပေး၊ လိုအပ်တာတွေပြုပြင်ပေးပေါ့။ ခြောက်နှစ်လောက်လုပ်ခဲ့တော့ မန္တလေးနဲ့ ပုဂံကို အနည်းဆုံး အခေါက်နှစ်ဆယ်လောက် ရောက်ဖူးခဲ့တယ်။ အရင်ကလည်း မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့လည်း ရောက်ဖူးပါတယ်။

ခက်တာက. . . ဒီမြို့တွေမှာက လည်စရာက ဘုရားပဲရှိတယ်။ ကျွန်တော်ကလည်း သွားချင်တာဆိုလို့ အရက်ဆိုင်တို့၊ ထန်းတောတို့. . .။ ဒီတော့ ဘယ်မှလည်း မလည်ဖြစ်ဘူး။ လေယာဉ်ကွင်းရောက်၊ သူတို့ လာကြိုတဲ့ကားနဲ့လိုက်၊ သင်္ဘောပေါ်မှာ လုပ်စရာရှိတာလုပ်၊ အရက်သောက်၊ ဘီယာသောက်၊ ပြန်။ ဒါပဲ။ ကြာလှ တစ်ရက်နှစ်ရက်ပဲ။ ကံကောင်းချင်တော့ ကျွန်တော်လာရင် ကျွန်တော်နဲ့အတူတူ ဟိုလိုက်ယောင်.. ဒီလိုက်ယောင် လုပ်ပေးတဲ့ Electronics Officerက ကျွန်တော့်လိုပဲ လူပျော်။ New Zealandက လာတာ။ အရွယ်က ကျွန်တော့ဦးလေးအရွယ်လောက်။ ဒါပေမယ့် သူတော်ချင်း သတင်းလွေ့ကြတာပေါ့။ သူ့အခန်းထဲမှာက ဘီယာအပြည့်၊ အရက်အပြည့်၊ ဆေးလိပ်အပြည့်။ ဘုံမြှောက်ခံရတဲ့အရူး ချီးခြောက် ခလုတ်တိုက်မိသလို.... ဗိုက်စာနေတဲ့ခွေး ချီးတွင်းထဲကျသလိုပေါ့ဗျာ။ ဘာပြောကောင်းလိုက်လေမလဲ။ ရောက်ထဲက ဘီယာသောက်၊ အလုပ် လုပ်ရင်းလည်းသောက်၊ ညကြ အရက်ထပ်သောက်၊ ဘယ်ကလာ အားအားယားယား လျှောက်လည်ဖို့အချိန်ရှိမတုန်း။

တရက်ကြတော့ သင်္ဘောက မနက်ပိုင်းထွက်မှာ၊ ကျွန်တော့ လေယာဉ်က ညနေမှဆိုတော့ ပုဂံမှာပဲ ဆင်းကျန် နေရစ်ခဲ့လိုက်တယ်။ ဘာမှ လုပ်စရာမရှိတော့ ပုဂံမှာပဲ ယောင်ပေယောင်ပေပေါ့။ အချိန်ရှိခိုက် လုံ့လစိုက် ဆိုသလို မြင်းလှည်းသမားကိုခေါ်၊ ပုဂံက ထန်းတောကောင်းကောင်းကို ပို့ခိုင်းရော။ သိတယ် မဟုတ်လား။ ထန်းတောဆိုတာ အညာရဲ့သင်္ကေတ။ ထန်းဆိုတာ အညာသားမှ နိုင်တာ။ ကျွန်တော်တို့ အောက်ပြည် အောက်ရွာက ထန်းရည်ဆိုင်တွေ အကုန်နီးပါးက အညာသားတွေ ဆင်းလာလုပ်တာ။ မိုးတွင်းမှ အညာပြန်ပြီး ထန်းလျက်ချက်၊ တခြားအလုပ် ပြန်လုပ်တာ။ဒီတော့ကျွန်တော်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အညာအလှ၊ ပုဂံအလှကို ခံစားဖို့ပြင်တယ်။

မြင်းလှည်းသမားက ခေါ်သွားတယ်. . . ချစ်ကောင်း ထန်းရည်ဆိုင်တဲ့။ ဘယ်နေရာလည်းလို့တော့ မပြောတတ်တော့ဘူး။ အညာရဲ့ အငွေ့အသက်က အပြည့်။ ထန်းရည်က မြေအိုးနဲ့။ တချို့ကလည်း ထန်းဖျာနဲ့ထိုင်လို့ ထိုင်၊ တချို့ကလည်းကွပ်ပစ်ပေါ်ထိုင်လို့ ထိုင်၊ ၁၁နာရီလောက်မှာပဲ ပွဲကကောင်းနေပြီ။ ထန်းဆရာ ဆရာချစ်ကလည်း ရန်ကုန်သားမှန်း သိလို့ထင်၊ သူ့ထန်းရည်ကို အပီညွှန်း။ ကျွန်တော်တို့ အောက်ပြည် အောက်ရွာက ထန်းရည်နဲ့တော့ ကွာတယ်။ သူ့ထန်းရည်က ကပ်စီး ကပ်စီးနဲ့။ တကယ်ကို ကောင်းပါတယ်။ ကျွန်တော်နဲ့ မြင်းလှည်းဆရာလည်း တအိုးမှာ၊ အပင်ရိပ်အောက်မှာ ဖျာခင်းပြီး စသောက်ပါလေရော။ ကောင်းလိုက်တဲ့ထန်းရည်များဗျာ၊ သောက်ဖူးတဲ့ ထန်းရေထဲမှာ အကောင်းဆုံးပဲ။ ဘယ်နှစ်အိုး တောင်ကုန်သွားမှန်းမသိတော့ဘူး။

အဲ မကြာပါဘူး၊ ထန်းတန်ခိုးက ပြရော။ ဗိုက္ထဲက ဂြီ..ဂြီ..ဂွမ်..ဂွမ်..နဲ့ ရစ်လာရော။ ကိုယ်ကလည်း ထန်းနောကြေနေပြီလေ။ ကျောပိုးအိတ်ထဲမှာ တစ်ရှူးတစ်လိပ် ထည့်ထားပြီးသား။ အဲဒါလေးထုတ်ပြီး ဆရာချစ်ဆီပြေး၊ အလေးသွားချင်လို့ဆိုပြီး နေရာမေးလိုက်တာပေါ့။ သူကညွှန်ပြတယ်။ ကျွန်တော်လည်း သူညွှန်ပြတဲ့ဆီ သွားတော့ လယ်ကွင်းပဲတွေ့တယ်။ ဗိုက်ကလည်းနာလာ၊ သူ့ဆီပြန်မေးပေါ့။ ကျွန်တော်သွားမှာက အပေါ့ မဟုတ်ဘူးပေါ့၊ အိမ်သာဘယ်မှာလည်းဆိုတော့ ကိုယ့်ဆရာက အဲဒီချုံနောက်ပဲလေဘယ်သူမှ မမြင်ရပါဘူးတဲ့။ မှန်ပ။ ချုံကွယ်တာက ဒီဖက်ထန်းရည်ဆိုင်ကပဲ မမြင်ရတာ။ လယ်ကွင်းဟိုဖက်ထိပ်မှာက အိမ်တန်းတွေ။ ကြည့်. . အကုန်မြင်ရတယ်။

မတတ်နိုင်ဘူးလေ။ “ရောမ”ရောက် “ရောမ”လို ကျင့်ရတော့မှာပေါ့။ဗိုက်ကလည်း ရစ် ရစ်ပြီး နာလာတယ်။ ကျွန်တော်လည်း မထူးတော့ဘူး ဆိုပြီး ချုံကွယ်က လယ်ကွင်းထဲပြန်သွား၊ နေရာကောင်း ရွေးမယ်ပေါ့။ ကြည့်လိုက်တော့ နည်းနည်း မြေချိုင့်ချိုင့် နေရာမှန်သမျှမှာက ချီးပုံတွေ။ လွတ်တဲ့နေရာကျ ကန်သင်းရိုးတွေက ထိုးထိုးထောင်ထောင်။ လယ်ကွင်းအလယ်လောက်သွားမှ နေရာကောင်းရချင်ရတာ။ ချုံဖက် မျက်နှာမူပြီး ပါရင်လည်း အိမ်တန်းတွေဖက်ကို ဖင်ဟောင်းလောင်း။ အိမ်တန်းတွေဖက် မျက်နှာ မူပြန် ရင်လည်း မတော်လို့ အမူးသမား တစ်ကောင်ထွက်လာလို့ နောက်ကနေ ဆံပင်ရှည်ရှည်၊ဖင်ပြောင်ပြောင်ပဲ မြင်ပြီး မိန်းမထင်သွားလို့ မဟားတရားလုပ်သွားရင်ဖြင့် မတွေးရဲစရာ။

အီးကလည်း မထွက်ရသေးလို့ထင် ချွေးစီးချွေးပေါက်တွေက ထွက်နေ။ ကဲ. . . နောက်ဆုံး အရှက်ကို အထွက်နဲ့ လဲမယ်ဆိုပြီး တွေ့ရာနေရာမှာပဲ ဘေးတစောင်းလေး ကုန်းကုန်းကွကွ ပါချလိုက်ရတော့တယ်။ ကိုယ်ကလည်း ဂျင်းဘောင်းဘီ၊ ဘွတ်ဖိနပ်နဲ့ဆိုတော့ အတော် ဒုက္ခရောက်ရတယ်။ အရေးထဲ ထန်းရည်ဝမ်းဆိုတော့ အရည်ကြီးပဲလေ။ ဖိနပ်တွေ၊ ဘောင်းဘီအောက်ပိုင်းတွေ စင်မှာစိုးလို့ ကိုယ့်မှာကုန်းကုန်းကွကွ။ အရည်တွေစီး လာရင်လည်း ခြေထောက်မြှောက်လိုက် ဟိုရွှေ့ပေး ဒီရွှေ့ပေး နဲ့ လယ်ကွင်းအလယ်မှာ ချွေးတဒီးဒီး နဲ့ကိုယ့်မှာ တစ်ယောက်ထဲ ရက်(ပ်)ကနေသလား အောက်မေ့ရတယ်။ အရေးထဲ ခပ်လှမ်းလှမ်းမှာ ပိန်ညောင်ညောင် ခွေးနှစ်ကောင်ကလည်း ရစ်သီ ရစ်သီ နဲ့ဗျာ။ သောက်ထားတာတွေ ဘယ်ပျောက်ကုန်လည်းတောင် မသိတော့ပါဘူး။

အတော့်ကိုဇိမ်ပျက်တဲ့ အလုပ်ကြီးပါဗျာ။ နေက အပေါ်ကပူ၊ ကန်သင်းရိုးက အောက်ကထိုး၊ ဘေးမှာက ခွေးကြောက်ရ လူကြောက်ရ၊ အတွင်းမှာက ဗိုက်ကနာ။ ဖြစ်နိုင်ရင် ကိုယ့်ကိုယ်ကို အငွေ့ပျံပြီး ရန်ကုန် ပြန်ရောက်သွားချင်တော့တယ်။ နောက်ဆုံး ကိစ္စလည်းပြီးရော ကျွန်တော်လည်း တကိုယ်လုံး ချွေးနံ့၊ ချီးနံ့၊ ချဉ်စုတ်စုတ် ထန်းရည်နံ့တွေနဲ့ ဘယ်လိုမှ သတီစရာကို မရှိတော့ဘူး။ ဆက်လည်း သောက်ချင်စိတ် မရှိတော့ဘူး။ ပုဂံမှာလည်း ဆက်နေချင်စိတ် မရှိတော့တာနဲ့ ပိုက်ဆံရှင်းပြီး မြင်းလှည်းသမားကို လေဆိပ် တန်းပို့ခိုင်းရတော့တယ်။

့်
မောင်ရင်ငဇေ

အမေးတွေ များနေတယ်

စံနှုန်းမတူညီတဲ့ ပေတံများအတွက်...
ကူရာမဲ့ လူသူမသိအဖိနှိပ်ခံများအတွက်...
ပေါင်းစပ်ခွင့်မရတဲ့ မိသားစုတစ်စုအတွက်...
မင်းကောင်းမျှော်နေတဲ့ ပြည်သူများအတွက်...
ငြီးငွေ့စွာ ဝတ်တန်းကျေ ကျင်းပနေသော မင်္ဂလာပွဲအတွက်...

လျက်နင်းသမားများရဲ့ အသုံးတော်ခံ ပူးလေးများအတွက်...
'အပြောကောင်း လိပ်ဖြစ်' လိပ်များအတွက်...
နေ့ညမှားယွင်းနေတဲ့ ဇီးကွက်တစ်ကောင်အတွက်...
လွန်ဆန်စွမ်းမဲ့ ညှို့ကွင်းမိနေတဲ့ မြွေဟောက်အတွက်...
မသိခြင်း မရှိရန် ကြိုးပမ်းနေသော မျောက်လေးများအတွက်...

မရှိခြင်း မသိရန် ကြိုးပမ်းနေသော ရောင်းရင်းများအတွက်...
'မတောင်းပဲ အလွန်ရ' လိုတဲ့ လူကြီးတစ်ယောက်အတွက်...
'မတောင်းပဲ အရလွန်' နေတဲ့ ကလေးတစ်ယောက်အတွက်...
ကျေနပ်စွာ ကျောခိုင်းလမ်းခွဲသွားတဲ့ ချစ်သူနှစ်ဦးအတွက်...
ခံစားချက်ဗလာနဲ့ ပေါင်းစည်းသွားတဲ့ မြစ်နှစ်စင်းအတွက်

အသင်အပြမတတ်တဲ့ ဟောဒီက သုခမိန်အတွက်...
အတွက်အချက်ပိုင်တဲ့ မောင်ကျောင်းသားအတွက်...
တောအုပ်ထဲရောက်ပြီး သစ်ပင်ပျောက်နေတဲ့ ထင်းခုတ်သမားအတွက်...
လူလင်းလိုပဲ ဆန်ကုန်ပေမဲ့ မြေမလေးချင်တဲ့ ဒီဇယ်အင်္ဂျင်များအတွက်...
ဇာတ်တိုင်း အကယ်ဒမီမှန်းပြီး ဋီကာချဲ့ အပိုလုပ်နေတဲ့ ဇာတ်ပို့များအတွက်...

အားနာလိုက်လျောတတ်တဲ့ ဟန်ဆောင်ခြင်းများအတွက်...
ဆွံ့အ၍ လူကြိုက်နည်းတဲ့ ရိုးသားခြင်းများအတွက်...
အင်္ကျီဝတ်ထားတဲ့ အိမ်မက်စီမံကိန်းများအတွက်...
ရောင်ဆင်းဘာသာမဲ့တဲ့ အယူဝါဒတစ်ရပ်အတွက်...
ဖြည့်တိုင်း မပြည့်နိုင်တဲ့ ညောင်ရေအိုးအတွက်...

ဘာသာပြန်ရန်ခက်တဲ့ အပြုံးများအတွက်
ပြန်မျိုချလိုက်ရတဲ့ ထွေးခါနီး တံတွေးများအတွက်...
ရေခဲရိုက်ထိန်းသိမ်းထားတဲ့ ရိုးရာဓလေ့များအတွက်...
အောက်ကြေးနဲ့နှိုက်ခဲ့တဲ့ ထမင်းစားလက်မှတ်များအတွက်...
ဖိုးကျော်ရဲ့ အဆုံးသတ်တိုင်း၏ အမည်းစက်များအတွက်...

ပြန်ချုပ်ဖို့ မေ့ထားတဲ့ အပေါက်ပြဲဗလပွနဲ့ ဘဝတစ်ထည်အတွက်
ရက်လွန်ကြေး မဆောင်းထားတဲ့ သစ္စာနီ၏ 'စက္ကူလှေ' များအတွက်..
အမေးသာရှိပြီး အဖြေမရှိတဲ့ အမေးများအတွက်
ပေါက်ကွဲရန်အသင့် ဗုံးတစ်လုံးအတွက်...
. . . . . . . . . . . . . . . . . . . . . . . အ မေး တွေ များ နေ တယ်။ ။



ယိုဒါရှီးမား

ကျွန်တော် ကဗျာရေးနေသည်။

ကျွန်တော် ကဗျာရေးနေသည်။
သို့သော် ......................
မောင်ချောနွယ်ကို မသိ
မိုးဝေလား မိုးဝေးလား မသိ
ဒေးကားကား ဝေလာဝေး
နတ်တဂိုးဆိုတာ ကြားသာကြားဖူး၏

' ဖြစ်တည်မှု ပဓာန၀ါဒီ ' ဆိုတာ ရုပ်ဝါဒီ ဟုထင်၏
ပီကာဆိုကို အတ္တကြီးသူဟု ထင်၏
ရှင်ကြီးဂေါတမ၏ ' မိမိကိုယ်သာ ကိုးကွယ်ရာ ' ကို
မိမိသည်သာ အဓိကဟု လက်ခံ၏
ကာရန်ဆိုတာ ပကာသနဟုထင်၏

သို့သော် ယခု. . .
ကျွန်တော်သိသမျှကို. .
ကျွန်တော် ခံစားရသမျှကို. .
ကျွန်တော် တတ်သမျှဖြင့် ဖော်ထုတ်၏
ခင်ဗျားတို့ မည်သို့ခံစားရမည်ကို ကျွန်တော်မသိ
ခံစားချင်သလို ခံစားရလိမ့်မည်...

သို့သော် ကျွန်တော် ခံစားရသည်ကို ကျွန်တော်ရေးနေ၏
ထို့ကြောင့် ကျွန်တော် ကဗျာရေးနေသည်။

မောင်ဖျံလေး

အမှီသဟဲ


ဘတ်စကားပေါ်မှာပေါ့
လူကြီးတယောက်နဲ့ကောင်လေးတယောက်
နေရာက ပြည့်နေတော့ ရပ်စီးရတာပေါ့။

လူကြီးက.. `သားမင်းစီးတတ်အုံးမှာ မဟုတ်ဘူး´ဆိုပြီး
ကောင်လေးကို ဖက်ထားတယ်.. လက်တဖက်နဲ့
ကောင်လေးက သူ့ဟာသူ စီးရင်
နှစ်ယောက်လုံး အဆင်ပြေမှာပေါ့

ခုတော့မဟုတ်ဘူး..........
နှစ်ယောက်လုံးယိမ်းထိုးလို့....................................................။

မောင်ဖျံလေး

အချစ်၏ နောက်ဆုံးကျိန်စာ

လွန်ခဲ့တဲ့ဆယ်နှစ်က
အချစ်... ဆိုတဲ့အကောင်
ကျုပ့်နှလုံးသားကို ခိုးပြီး
ကောင်မလေးတယောက်ကို
လက်ဆောင်သွားပေးလေရဲ့
အဲဒီအချိန်ကစပြီး ကျုပ်သေသွား.................................
မည်းလိုက်မှောင်လိုက် ပြာလိုက်လင်းလိုက်ပေါ့။

မနေ့ကမှ ၀ီစကီတစ်ပက်လောက်ဝင်တော့
ကျုပ်လေ... ပြန်ရှင်လာလေရဲ့
လူလင်းဆိုတဲ့ကောင်က ရှေ့မှာ
လူလင်းနဲ့ကျုပ်...
အချစ်ဆိုတဲ့ ကောင်ကိုရှာ
အရက်မူးအောင်တိုက် ကြိုးနဲ့တုပ်
ခိုးမှုနဲ့ အပြစ်ချတယ်
“သေဒဏ်”

ကျုပ်က တရားလို
ကျုပ်ကပဲ တရားသူကြီးပေကိုး။
သေခါနီး... အချစ်ဆိုတဲ့ကောင်က ကျိန်စာတိုက်
“ချစ်တတ်တဲ့... အိုလူမိုက် ဒီဘ၀တွင် အဆက်ဆက် မသေစေသတည်း”တဲ့။ ။
သြော်... ကျုပ်နှလုံးသားလား? ?
ရသွားတဲ့ကောင်မလေးက...
လက်သည်းနီ လုပ်ရောင်းပြီး
သူ့ဟမ်းဖုန်းဖိုးတွေ ရှင်းနေလေရဲ့။ ။

မောင်ဖျံလေး

ဟန်ပျက်ခြင်း (၈)


ရေငတ်တုန်း ရေတွင်းထဲကျလို့ 
ဟုတ်ပြီ.. အောက်မေ့ပါတယ်။

လမ်းခုလတ်ရောက်မှ
ကိုယ်ရေမကူးတတ်တာ သတိရတယ်။ ။


လူလင်း

ငါးမျှားသူ

...................
ဒုက္ခတွေ တပျော်တပါးကြီး မွေးမြူထားတဲ့ ရေကန်အိုကြီးထဲ ငါးမျှားထွက်ခဲ့တယ်။
ဗရှိုးရဲ့ဖား 'အော်သံနက်နက်' ကို ကြားခဲ့တယ်။
နေဝင်မိုးချုပ်မှ ငါးရခဲ့တယ်။ ငါးမျှားတံအကျိုးကို ကန်ထဲကိုပဲ လွှင့်ပစ်ခဲ့တယ်။
'လူ' အဖြစ်မှာ ပျော်ခဲ့တယ်။ ။

(ပင်စင်စားအဖိုးအိုတစ်ဦး၏ သေတမ်းစာမှ ကောက်နှုတ်ချက်)

လူလင်း

ဖြစ်နေကျ အချစ်ပုံစံ (၃)

ငါ့အချိန် ရောက်လာရင်
မင်းအတွက်. . .
ဘာတွေ ထားခဲ့ပေးနိုင်မှာလဲ။

နံရံမှာချိတ်ရုံ ဓာတ်ပုံတစ်ပုံလား။
မှင်ကုန်နေတဲ့ ဘောပင်တစ်ချောင်းလား။
သတို့သား ဝတ်စုံဟောင်းတစ်စုံလား။

ငါ့ကိုယ်ငါ ပြန်မမြင်ရတဲ့ မျက်မှန်တစ်စုံ
တုန်ချိပျော့အိနေတဲ့ လက်မောင်းသား
ဒါကိုတောင် ချစ်နေတတ်တဲ့..
မင်းအတွက်. . .
ပန်းတစ်ပွင့်တော့ ခူးပေးခဲ့ချင်တယ်
အဖိုးကြီးတစ်ယောက်အဖြစ်
ငါ.. ရုပ်ဖျက်ထားတဲ့ကြားကလေ။

ချမ်းညီချို
01-02-2010

23/02/2010

အမည်းစက်

စဉ်းစားလိုက်တိုင်းရဲ့ အဆုံးသတ် အဆုံးအဖြတ်က.... အ မည်း စက်
မေးခွန်းတိုင်းရဲ့ အဆုံးမှာ.... အ မည်း စက်
ဖြေဆိုမှုတိုင်းရဲ့ အရှုံးဟာ.... အ မည်း စက်
ဝင်ရောက်ခြင်းရဲ့ တံခါးဝကြီးအတွက်.... အ မည်း စက်
ထွက်ခွာခြင်းရဲ့ ဦးတည်ချက်။ ဒါလဲ.... အ မည်း စက်
ဖြစ်ခြင်း၊ ပျက်ခြင်းရဲ့ သံသရာ အကျိုးဆက် အဆုံးသတ်မှာ.... အ မည်း စက်






ဆုံးဖြတ်ချက်တိုင်းနဲ့ သုံးသပ်ချက်တိုင်းရဲ့ ဖြေဆိုချက်.... အ မည်း စက်
သက်သေပြခြင်းတွေရဲ့ အဓိက တရားခံ က..... အ မည်း စက်
တရားလိုတွေရဲ့ အဓိက လျှောက်လွဲချက်.... အ မည်း စက်
လူတိုင်းအတွက် ကိုယ်ပိုင်ဖြေရှင်းချက်.... အ မည်း စက်
မွန်းကျပ်မှုတိုင်းအတွက် နောက်ဆုံးထွက်သက်.... အ မည်း စက်

တာဝန်ရှိခြင်းနဲ့ တာဝန်မဲ့ခြင်းတို့ရဲ့ အဓိက ရည်ရွယ်ချက်.... အ မည်း စက်
အတ္တနဲ့ မာန်မာနတို့ရဲ့ တခုတည်းသော ရပ်တည်ချက် ......အ မည်း စက်
ကြိုးစားတည်ဆောက်မှုတိုင်းအတွက် အပြီးသတ် သုံးသပ်ချက်..... အ မည်း စက်


မ ပြီး သေး တဲ့ အိပ် မက် တွေ နဲ့ ၊ ရှေ့ ဆက် နေ ရ တဲ့ အ ကြောင်း ပြ ချက် . . . . အ မည်း စက်
လူ တွေ အ ကြောင်း တွေး လိုက် တိုင်း . . . . အ မည်း စက်
ခြုံ ထား တဲ့ အ ရေ ခွံ ကြီး အ တွက်. . . . . အ မည်း စက်
အ မည်း စက် ကြီး အ ကြောင်း တွေး လိုက် တိုင်း လည်း
ရှာ မ ရ တဲ့ အ ဖြေ တွေ အ တွက် . . .
ဒါ လဲ . . . . . အ မည်း စက် ။ ။


အူ သောင်

ဒွိဟဖြစ်မှု

ရံဖန်ရံခါ ကြည်နူးတယ်
တခါတလေ ကြေကွဲတယ်
ရင်ထဲမှာ မွန်းကြပ်တယ်....

ခဏကြာတော့ ပျောက်သွားတယ်
စက္ကန့်ခြားတော့ ပေါ်လာတယ်
စိတ်ထဲမှာ လှိုင်းထန်တယ်

ကြာတော့လဲ ငြီးငွေ့တယ်...
တုံ့ပြန်မှု မဲ့ချင်တယ်
လွတ်လပ်မှု မွတ်သိပ်တယ် ....

လမ်းကိုတော့ မြင်နေတယ်
အဲ... သွားဖို့တော့ တွန့်ဆုတ်ပြန်တယ် ....

ကဲ... ခံလိုက်ဦးပေါ့ ဒီဘဝမယ်
ကျင်လည်ရမယ် သံသရာဝယ်....

လေနီ

20/02/2010

စိတ်အညောင်းပြေ ဆန့်ကြည့်ခြင်း

အဲဒီနေ့ကို အတိအကျ မသိပေမဲ့ ကျီးမနိုးနေ့အပြီး နောက်နေ့မနက် မဟုတ်ဘူး ဆိုတာကိုတော့ မှတ်မိတယ်။
အဲဒီနေ့က အဖွဲ့လိုက် ခြေလျင်တောင်တက်ပြိုင်ပွဲ စတဲ့နေ့ ။ အဖွဲ့တွေအားလုံး တောင်ခြေမှာ စုရုံးကြရင်း
လှုပ်ရှားတက်ကြွနေကြတဲ့အချိန်...။ ကျွန်တော်တို့အဖွဲ့ကသာ အေးအေးဆေးဆေး နောက်လိုက်ပြောင်လိုက်၊ ဆေးလိပ်လေးဖွာလိုက်နဲ့ ငြိမ်ချက်သားကောင်းနေကြတယ်။ တခြားသူတွေကတော့ ကျွန်တော်တို့ကို ကြည့်ပြီး
'ပန်းတိုင်ရောက်ရင် ကံကောင်း' ဆိုတဲ့ပုံစံမျိုးနဲ့ ရယ်မောလှောင်ပြောင်သွားကြတယ်.........။

နေ့လည်ပိုင်းလဲရောက်ရော.....။ ဒိုင်လူကြီးက ဝီစီမှုတ်ပြီး ပြိုင်ပွဲကို စဖွင့်ပေးလိုက်တယ် ။ ဝီစီသံကြားပြီ ဆိုရင်ပဲ တခြားအဖွဲ့တွေက သူ့ထက်ငါ အလုအယက် စတက်ကြတော့တယ်။ ဘယ်လောက်တောင် ပန်းတိုင်ကို
အမြန်ရောက်ချင်နေကြလဲ မသိဘူး....။ ချေထိုးသူကထိုး၊ ရှေ့ကနေ လမ်းပိတ်ပြီး တက်သူကတက်နဲ့ ဖြစ်ပျက်နေကြတာပဲ........။ ခဏအတွင်းမှာပဲ သူတို့အားလုံး မြင်ကွင်းက ပျောက်ကွယ်သွားပြီး တောင်အောက်ခြေမှာ ဆိုလို့ ကျွန်တော်တို့ပဲ ကျန်ခဲ့ကြတော့တယ်..........။


ကျွန်တော်တို့လဲ စတက်ဖို့ ခြေလှမ်းပြင်လိုက်ကြတယ် ဆိုရင်ပဲ ကျွန်တော်တို့အဖွဲ့ထဲက တယောက်ကစပြီး
အကြံပေးတယ်။ '' အခုအချိန် တက်မယ်ဆိုရင် အရမ်းပူသေးတယ်ကွ ၊ နေအေးသွားတဲ့ အချိန်အထိ
စောင့်လိုက်ရင်ကောင်းမယ်ထင်တယ်.......'' ကျွန်တော်တို့အားလုံး ပျော်ရွှင်စွာနဲ့ ပြိုင်တူ ခေါင်းငြိမ့်လိုက်ကြတယ်။ ဟုတ်တယ်လေ.....။ ဒီလောက်နေခြစ်ခြစ်တောက် ပူနေတဲ့အချိန်။ တောင်ပေါ်တက်လို့ ဘယ်ကောင်းမှာလဲ ။ ခဏလေးနဲ့ ပင်ပန်းပြီး ဘယ်သူမှ ဆက်တက်နိုင်မှာ မဟုတ်တော့ဘူး။ ဒါနဲ့ ဘီယာလေးသောက်ပြီး နေကျမဲ့အချိန်ကို စောင့်ကြတာပေါ့ ........။

နေအတော်လေး ကျသွားပြီ ဆိုတော့မှ ကျွန်တော်တို့တောင်ပေါ် စတက်ခဲ့ကြတယ် ။ စတက်ပြီးလို့ နာရီဝက်လောက်ကြာတယ် ဆိုရင်ပဲ တယောက်က စပြောပြန်တယ်......။
'' ငါတို့ ဒီလမ်းအတိုင်းပဲတက်မယ်ဆိုရင် ရောက်ဖို့အတော်ကြာအုံးမှာ.... ဒီတော့ တခြား ပိုနီးမဲ့လမ်း ရှိလိုရှိငြား
ရှာကြည့်ရင် ကောင်းမယ်ထင်တယ်... " ဒီလမ်းအပြင် တခြားလမ်းမရှိဘူးဆိုတာ အားလုံးကသိပေမဲ့ အထုပ်အပိုးတွေချ၊ အနီးအနားမှာ ဟိုရှာဒီရှာ လုပ်ကြတယ် ။ ဒီလိုနဲ့ နေဝင်ခါနီးအချိန်လဲ ရောက်နေပြီဆိုတော့ ကျွန်တော်တို့ အဲဒီနေရာမှာပဲ ညအိပ်စခန်းချဖို့ပြင်ဆင်ခဲ့ကြတယ်..........


နောက်နေ့မနက် နေထွက်ချိန်ရောက်တာနဲ့ ကျွန်တော်တို့လဲ ဆက်ပြီး တက်ခဲ့ကြတယ်။ အေးအေးဆေးဆေး
နားလိုက်တက်လိုက်ပါပဲ ။ ရှူခင်းကောင်းတဲ့ နေရာတွေရောက်ရင် ကျွန်တော်တို့တမေ့တမော ထိုင်ကြည့်ကြတယ်။ စမ်းချောင်းလေးတွေတွေ့ရင်လဲ ပျော်ပျော်ပါးပါး ရေဆင်းကူးကြတယ် ။ အရိပ်ကောင်းကောင်းတွေ့ရင် အားလုံးအထုပ်အပိုးတွေချ အနားယူရင်း စကားတွေပြောကြတယ် ။

ပြောတာတွေကတော့ တောင်ရောက်မြောက်ရောက် အစုံပါပဲ.........
'' ပျင်းရိခြင်းသည်ခွန်အား '' ဆိုတဲ့ ဆောင်းပါးနဲ့ နာမည်ကြီးသွားတဲ့ ကျွန်တော်တို့ကြိုက်တဲ့
စာရေးဆရာအကြောင်းပါတယ် ။ ကျွန်တော်တို့ ပြောကြတဲ့အထဲမှာ အဲဒီတုန်းက အော်စကာဆုရဖို့ ရေပန်းစားနေတဲ့ ''ကာလနဂါးနဲ့အပြိုင်အိပ်စက်ခြင်း '' ဆိုတဲ့ ရုပ်ရှင်အကြောင်းလဲပါတယ် ။ ကျွန်တော်ဆိုအဲဒီ ရုပ်ရှင်ကား ကိုကြိုက်လွန်းလို့ ပြန်ပြန်ကြည့်ခဲ့ရတာ အကြိမ်ကြိမ် ။ ပြီးတော့ ဟိုတလောက အသည်းကျွမ်းပြီး ဆုံးသွာတဲ့ ကဗျာဆရာ 'မက်မပြေ' ရဲ့ ကဗျာတွေ အကြောင်းလဲ ပါတယ် ။ သူရေးခဲ့တဲ့ ကဗျာတွေထဲမှာ '' ယမကာသည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် '' တို့၊ '' ဘယ်သူခွဲခွဲ တို့မကွဲ အမြဲသောက်အုံးမည် '' ဆိုတဲ့ ကဗျာတွေက ကျွန်တော်တို့ အသည်းစွဲတွေပဲ။ နောက်ပြီးတော့ တီဗွီအစီအစဉ်မှာ လွှင့်သွားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးပြသွားတဲ့ အကြောင်းတွေပြောကြတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အကြောင်းတွေ ဆိုရင်တော့ သိပ်မပြောဖြစ်ကြပါဘူး ။ အဲဒါတွေက ကျွန်တော်တို့နဲ့ မအပ်စပ်တဲ့ အရာတွေလို့ အားလုံးက ခံယူထားကြတယ်လေ..........

အာ....... အာ....... အာ.......
ထိုအချိန်တွင် ကျီးကန်းတစ်သိုက် ထောက်ခံသည့်အလား တအာအာ နှင့်အသံပြုရင်း ဖြတ် ပျံသန်းသွားကြလေသည်။

ဒီလိုနဲ့စကားဖြတ် တဖြည်းဖြည်းတက်လာလိုက်တာ သူများတွေထက်အတော်လေး နောက်ကျပြီးမှ
တောင်ပေါ်ကိုရောက်လာတော့တယ်။ ကျွန်တော်တို့ထက်အရင် စောရောက်နေကြတဲ့ အဖွဲ့တွေကတော့
ကျွန်တော်တို့ကိုဆီးပြီး သရော်ကြ၊ လှောင်ပြောင်ကြတယ် ..........။

'' မင်းတို့ဒီလို ပျင်းရိထိုင်းမှိုင်းနေပုံမျိုးနဲ့တော့ ဘယ်တော့မှ သူများရှေ့ကိုရောက်မှာမဟုတ်ဘူး။
သူများရှေ့ကိုရောက်ချင်ရင် သူများထက်ပိုပြီးကြိုးစား ၊ သူများထက်ပိုပြီး ဝီရိယထားရတယ်ကွ။ ဒီလိုမှမဟုတ်ရင်
အမြဲသူများနောက်ကချည်းပဲ နေရလိမ့်မယ် ။ အဲဒါ သေချာမှတ်ထား.........။ ''

ကျွန်တော်တို့လဲ ကိုယ့်ခြေထောက်နဲ့ကိုယ် တက်လာခဲ့ကြတာ သူတို့ကဒီလိုပြောတော့ ဒေါသထွက်ကြတာပေါ့။
အဲဒါနဲ့ကျွန်တော်က..........

'' နေစမ်းပါအုံး.... ခင်ဗျားတို့ကိုယ်ခင်ဗျား အတော်ဟုတ်နေကြပြီ ထင်နေကြလား။ ပန်းတိုင်ကို အမြန်ရောက်ချင်ဇောနဲ့ စထွက်ကတဲက တယောက်ကို တယောက် ကျော်ခွတက်ခဲ့ကြတယ် ။ လမ်းတလျှောက်လဲ ဘယ်အရာကိုမှ စိတ်ဝင်တစား မရှိခဲ့ကြဘူး ။ ခင်ဗျားတို့ခေါင်းထဲမှာ အပေါ်ကိုအမြန်ရောက်မှ လူရာဝင်မယ်ဆိုတဲ့စိတ်ကလွဲရင် ဘာမှမရှိဘူး.... ကျွန်တော်တို့ကို ကြည့်စမ်း. . . ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလဲ။ အရိပ်ကောင်းကောင်းတွေ့ရင်
ခဏဝင်ပြီး အပန်းဖြေကြတယ်။ ရှူခင်းအလှအပတွေ တွေ့ရင်လဲ အသေအချာ ခံစားကြည့်ကြတယ်။
စမ်းချောင်းလေးတွေဆီမှာလဲ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ကြတယ်။ ပန်းတိုင်ကို သွားနေကြတာချင်းတော့ တူတယ်။
ဒါပေမဲ့ ဒါကကျွန်တော်တို့လမ်းကြောင်း. . နှေးချင် နှေးမယ်. . မြန်ချင်. . မြန်မယ်. . ဝင်ပြီး ဆရာ မလုပ်ချင်ကြစမ်းပါနဲ့ဗျာ.......... ''

သူတို့လဲ ကျွန်တော့အပြောမှာ မျောသွားကြတယ်နဲ့တူတယ် ။ အားလုံးငြိမ်ပြီး မလှုပ်မရှား မျက်လုံးအပြူးသားတွေနဲ့ ကျွန်တော်တို့ကို ကြည့်နေကြတယ်။ ပန်းတိုင်ကိုတော့ ရောက်လာကြပြီ. . နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကို သူတို့စိတ်ဝင်တစားသိချင်နေကြတယ် ။ ကျွန်တော်တို့လဲ သူတို့ကို ကျောခိုင်းလိုက်ပြီး ဘာဆက်လုပ်မလဲဆိုတဲ့သဘောနဲ့ တယောက်ကိုတယောက် ကြည့်လိုက်ကြတယ်။

ကျွန်တော်တို့အကြည့်ချင်း ဆုံမိကြတဲ့အချိန်မှာပဲ ပါးစပ်ကဖွင့်မပြောပေမယ့် တယောက်ခံစားချက်ကို တယောက် ရင်ထဲကနေ တဆင့် သိလိုက်ကြတယ်. . .။
ဟုတ်တယ်လေ. . ။ ဒီလောက်ပင်ပင်ပန်းပန်း တက်လာခဲ့ကြရတာ ဘာဆက်လုပ်ရအုံးမှာလဲ ။ အေးဆေး အနားယူ သက်တောင့်သက်သာလဲလျောင်းဖို့ပဲရှိတော့တာပေါ့ ။ ဒါပေမယ့် သူတို့ထဲကတလှမ်းပြောလိုက်တဲ့စကားကြောင့် ကျွန်တော်တို့တတွေ စိတ်ဆိုးရအခက် ၊ ဒေါသထွက်ရအခက် ဖြစ်သွားကြတယ် . . . . . . . . .





''အင်းလေ အေးဆေးအိပ်ကြ။ မင်းတို့က အိပ်ရတာ ကြိုက်တယ်။ မောရင် ရေထသောက်. . . ပြီးတော့ဆက်အိပ်ပေါ့ . . . ဟုတ်ပြီလား ။ ပျင်းတယ်ဆိုတာ နာမည်သာ ဆိုးတာ တော်တော်ဇိမ်ရှိတဲ့ အလုပ်ကွ ။ အိပ်. . . အိပ်. . . ။ ''



ကံဂျီမူရာ

လေလွင့်ခြင်း


အကြောင်းတစုံတ၇ာမ၇ှိပဲ စိတ်လေတယ်။
တော်တော်အားနေလို့ ဖြစ်မယ်။
ဒါမှမဟုတ် . . . . .
တော်တော်ပျင်းစ၇ာကောင်းနေလို့ ဖြစ်မယ်။
ပျော်နေတာ မဟုတ်သလို
ထူးပြီးလဲ စိတ်ညစ်မနေဘူး။
၇ုပ်၇ှင်လဲ မကြည့်ချင်ဘူး။
ဂိမ်းလဲ မဆော့ချင်ဘူး။
စာအုပ်လဲ မဖတ်ချင်ဘူး။
ဘယ်မှ မသွားချင်သလို
ဘာမှလဲ မလုပ်ချင်ဘူး။
အဲ. . . လုပ်ချင်တာတစ်ခုတော့၇ှိတယ်။
သီချင်းပဲ အမြဲနားထောင်ချင်နေတယ် … … … … … … … … …

လေပြေ

18/02/2010

ဖြစ်နေကျ အချစ်ပုံစံ (၁)

မဆိုင်တာတွေ မပြောနဲ့ဗျာ....။ ချစ်တယ်ဆိုတာ ...ဟို ...ဘာပြောမလဲ၊ အတူတူနေချင်ပဲ။ ဒီထက်မပိုဘူး။ အစဉ်အလာက အချစ်ကို ပုံကြီးချဲ့ခဲ့တာတွေ များလွန်းလို့ အမှန်ကို မမြင်တာ၊မှန်တယ်လို့ ထင်နေတာ။ ချစ်တယ်ဆိုတာကို တခမ်းတနားဖွဲ့နွဲ့ပြီး ချဲ့ကားပြောခဲ့ကျတာ ကြာပြီမဟုတ်လား။ အထူးသဖြင့်တော့ ခင်ဗျားတို့လို အနုပညာသမားတွေ။ ခင်ဗျားတို့လို အနုပညာသမားတွေဟာ စကားလုံးတွေရဲ့ ကျေးကျွန်တွေ၊ အဓိပ္ပာယ်တွေရဲ့ ကျေးကျွန်တွေ။ သဘာဝတရားကို စကားလုံးတွေ အဓိပ္ပာယ်တွေနဲ့ ဖော်ပြဖို့ကြိုးစားကြတယ်။ ခင်ဗျားတို့ မအောင်မြင်ဘူး။ယစ်မူးမေ့လျော့ဖွယ်ရာ နှင်းဆီခင်းထဲမှာ အနေပျော်သည်။ နံနက်ခင်းသည် မင်္ဂလာရှိစွာ ရောက်၍လာသည်။ ကောင်းကင်မှာ တိမ်ခိုးတိမ်ငွေ့များ လွင့်နေသည်။နှင်းခဲပျော်ရည် ရေအိုင်ငယ်နှစ်အိုင်၊ တိုးလျှိုပေါက် ကြည်လင်၍ အဆုံးမရှိနက်ရှိုင်းသည်။ သူကျွန်တော့်ကို ပြန်ကြည့်သည်။ ထိုအကြည့်၏ နောက်တွင် သူ့မျက်နှာနှင့် သူ့ကိုယ်ခန္ဓာ ပျောက်နေသည်။ကျွန်တော့်မျက်လုံးက ကျွန်တော်၏ အမိန့်ကို မနာခံတော့။ ခုချိန်သည် တောင်ပေါ်မှာ နှင်းတွေ ဝေနေသော နံနက်ခင်းတစ်ခု ဖြစ်လောက်၏။ ကျွန်တော်သည် ရှုခင်းကို ကြည့်ချင်သေးသည်။ ပြီးတော့ သူ့ကိုလည်း ပြချင်သေး၏။ ကျွန်တော့် တိမ်တွေသည် အချစ်အကြောင်းကို ဘယ်တုန်းကမှ မပြောခဲ့ကြ။သူ့ဘဝလေးဟာ အချိန်နာရီတွေ တွဲသီထားတဲ့ ပုတီးတစ်ကုံးလို ရိုးရိုးကလေးဟု ဆိုပါလျှင် သူ့ဘဝသည် ငှက်ငယ်တစ်ကောင်၏ ဘဝလို ရိုးရိုးနှင့် ထူးဆန်းပေလိမ့်မည်။ မနက်ခင်းမှာ တေးသီ။ တစ်နေ့လုံးပျံသန်း၊ ညနေချမ်းမှာ နွမ်းလျ။ သူ့နှလုံးသားသည် ငှက်ငယ်၏ နှလုံးသားလို ရိုးသားခေါင်းမာစွာ တစိုက်မတ်မတ်။ဆိုခဲ့ပြီးသည့်အတိုင်း အပြာရောင် ကောင်းကင်ကြီး၏ရှေ့မှ အနက်ရောင်မိုးသားများ ရွေ့လျားနေခြင်း အတွင်း ရံဖန်ရံခါ အပြာရောင်၏ အစအနများကို တွေ့လိုက်ရတတ်ချင်းတွင် ကျွန်တော့်အတွက် တစ်စုံတစ်ရာကိုမျှ ထူးခြားသွားစေခဲ့ခြင်း မရှိပါ။ဤသို့ဖြင့် ဆေးလိပ်ကို မီးခိုးမထွက်အောင် ခိုးသောက်ခဲ့ရသော အထက်တန်းကျောင်းသားတစ်ယောက်သည်လည်း သိပံ္ပပညာရှင်ကြီး တစ်ဦး ဖြစ်လာနိုင်ပါသည်။ ပေါင်မုန့်တွေကလည်း အကြီးကြီးတွေ၊ တိုက်တာကြီးတွေကလည်း အမြင့်ကြီးတွေဗျဟု စိတ်ကူးယဉ်ခဲ့သော မာယာကော့ဖ်စကီးတစ်ယောက် သူ့ကိုယ်သူ သေကြောင်းကြံသွားရာမှ အစပြု၍ လမ်းထိပ်ကဖေးဆိုင်မှ ပေါင်မုန့်များ တစ်စထက်တစ်စ သေးငယ်ကြုံလှီလာခဲ့ခြင်းပေလောဟု ခုတစ်လော သံသယဝင်နေသူမှာ ကျွန်တော် ဖြစ်သည်။ ကျွန်တော့်ကိုကျွန်တော် ရှာဖွေကြည့်၏။ မတွေ့ရ။ အစက်အပြောက်တစ်ခု အဖြစ်ပင် မတွေ့ရ။ အသံတစ်သံကြားရလျှင် ဘယ်သူ့ရဲ့အသံပါလိမ့်ဟု တွေးရန် အချိန်မဟုတ်တော့။ ကျွန်တော့်ရဲ့ အသံပဲဟု သတ်မှတ်ရန်လည်း မဖြစ်တော့။ ကျွန်တော်သည် တိတ်ဆိတ်မှု အစစ်အမှန်ထဲမှာ ကျွန်တော်မဟုတ်တော့ကြောင်း တိတိကျကျ သိနေရသည်။

အို .. အနာဂတ် ကျေးဇူးပြု၍ သင့်အဝတ်အစားတွေကို ချွတ်မပြပါနှင့်။ အမြဲတမ်း လမိုက်ညဖြစ်ကာ ချောက်ချားဖွယ်အတိပြီးသည့် အတွေးအခေါ်များ ကျွန်တော့်မှာ ရှိနေသည်။ ခွေးအူသံတွေ သင် မကြားဘူးလား။ တွေးခေါ်ပညာရှင် ရူးဆိုးရဲ့ ထောပတ်ရောင်လမင်းကို ခိုးယူပေးပါ။

ဤစာပိုဒ်သည် နိဒါန်းဖြစ်သည်။

ရွှံ့ရုပ်ကြီး ပင်လယ်ကို ဖြတ်လာခဲ့ပြီ။

ချမ်းညီချို
14-01-2010


အပိုင်းအစများ~
ဇော်ဇော်အောင် - ငါ့ဆီလာ၍ ပြန်ထွက်သွားသော အချစ်ဝတ္ထု
မြတ်သစ် - မျက်မှန်တပ်ထားသော ပင်လယ်
မြင့်သန်း - အစရှိသည်များနှင့် လွင့်ပြယ်စ အစိတ်အပိုင်းတို့၏ အကြောင်းအရာများ
နေမျိုး - ပင်လယ်ဖြတ်လာတဲ့ ရွှံ့ရုပ်ကြီး

ဖြစ်နေကျ အချစ်ပုံစံ


၁ + ၂ = သုံး

ချမ်းညီချို

17/02/2010

ပညတ်ချက်

အသက်က ခန္ဓာအိမ်ကို စွန့်ခွာသွားပြီဆိုရင်
တချိန်က သက်ရှိပါလို့ ပြောတာကို ယုံပါ့မလား. . . ?

အချစ်က နှလုံးအိမ်ကို စွန့်ခွာသွားပြီဆိုရင်
တချိန်က အရမ်းချစ်တတ်တာကို ယုံပါ့မလား. . . ?

သုခက ပျော်ရွှင်မှုမရှိတဲ့နေရာကို ပြောင်းရွှေ့သွားပြီဆိုရင်
တချိန်က ပျော်ရွင်ချမ်းမြေ့ခဲ့တယ်ဆိုတာကို ယုံပါ့မလား. . . ?

ဒုက္ခက နာကျင်ကိုက်ခဲမှုတွေသိမ်းဆည်းထားပြီး ထွက်ခွာသွားပြီဆိုရင်
တချိန်က ဒုက္ခရောက်ခဲ့တယ်ဆိုတာကို ယုံပါ့မလား. . . ?

အ မှန် လို့ ယုံကြည်သက်ဝင် ကိုးကွယ်လက်ခံ ပြောဆိုစည်းရုံး
တိုက်တွန်း နှိုးဆော် ကျင့်ကြံခဲ့တာတွေက
တက်တက်စင်အောင် မှားနေခဲ့ရင်ကော. . .

အ မှား ပါဆိုပြီး ပြစ်တင်ဆန့်ကျင် ဝေဖန်ရှုံ့ချ ပုတ်ခတ်
သွေဖီ တိုက်ခိုက် အမျက်ထွက်ခဲ့တာတွေက
တကယ့် အမှန်တရားတွေ ဖြစ်နေတယ်ဆိုရင်ကော. . . . .

အသေအရှင်၊ အမှန်အမှား၊ အပျော်အပျက်၊ အဆိုးအကောင်း
အကျိုးအကြောင်း၊ အတည့်အစောင်း၊
အလှည့်အပြောင်း၊ အရှက်နဲ့ အသက်တွေက
ပညတ်ချက် သက်သက်တွေသာ ဖြစ်နေတယ်ဆိုရင်တော့. . . . . .

ငါတို့အတွက် ရွေးစရာဘက်ဆိုတာ ရှိပါ့ဦးမလား. . . ?
ဆင်ကြီးပြောတဲ့ ရေစီးကြောင်းမဲ့သမုဒ္ဒရာထဲက
ငါးအုပ်တွေလို ဖြစ်ကုန်မယ် ထင်တယ်. . .

အဖေကတော့ ပြောဖူးတယ်။
' မင်းဘက်မဲ့ချင်ရင် တောထဲမှာသွားနေ... ' တဲ့။
ဒါပေမဲ့ အဖေရယ်.... ဘက်လိုက်ပြီး ကိုက်ပြန်တော့ကော. . .
တိရစ္ဆာန်တွေနဲ့ တူမနေပြန်ဘူးလား . . .?
လူလို့ ယုံကြည်လက်ခံထားတဲ့လူတွေအားလုံးဟာ တိရစ္ဆာန်တွေဖြစ်နေရင်ကော
တချိန်က လူတွေပါ လို့ ပြောတာကို ယုံပါ့မလား ။


အူကောင် (ဘေးမဲ့တော)

သြော်.. ဒုက္ခ

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုလား
တို့တွေ ကြားဖူးတယ်။

သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ ဆိုလား
တို့တွေ ကြားဖူးတယ်။

ဒီကိုရောက်တာ ၃ လပဲ ရှိပါသေးတယ် ဆိုလား
တို့တွေ ကြားဖူးတယ်။

အစာအိမ်ကို ညာလို့မရဘူး ဆိုလား
တို့တွေ ကြားဖူးတယ်။

သေခြင်းကို ထောင့်တစ်ထောင့်မှ ငြိမ်သက်စွာ စောင့်စားကြ ဆိုလား
တို့တွေ ကြားဖူးတယ်။

ပြီးတော့လည်း ပြီးသွားတာပါပဲ ဆိုလား
တို့တွေ ကြားဖူးတယ်။

တို့တွေ ကြားဖူးခဲ့တာ တယ်များလှ

ဒုက္ခဆိုတာ သိလာရ
သြော် ဒုက္ခ
........... ဒုက္ခ

သုခ ဆိုတာ သိပြန်ရ
သြော် ဒုက္ခ
............ ဒုက္ခ

အ၀ိဇ္ဇာ ၀ိဇ္ဇာ ဒုက္ခ သုခ
အာရုံငါးပါးဖြင့်
သိခြင်းသည် မျိုးစုံစွ
သြော်..
.......ဒုက္ခ။ ။

ထွန်းနွယ်
(ခေတ္တ-မော်လမြိုင်)

09/02/2010

နောင်တလား ?? ( အမွေပြတ်စွန့်လွှတ်ထားသည်။)

အဖေ
နေထိုင်ကောင်းပါရဲ့လား
မမြင်တွေရတာကြာပေမဲ့
အရင်တနေ့ကလိုပဲလို့..
စိတ်ထဲကမှတ်ထင်
အဖေ့ရုပ်သွင်ပြင်ကို
မှန်းဆကာ မြင်ယောင်နေမိတယ်။ ။

ဪ.....ဘုံးပေါလအော
ပေးနေလိုက်ကြတာ
နင်က ၉၃နှစ်၊ သူက ၁၀၆နှစ်
အရင့်အရင် ကင်ပေတိုင်ခေတ်နဲ.
ဒီဘက်ခေတ် နအဖရဲ့
တန်ဖိုးမဲ့ပိုက်ဆံတွေအလား
ပေါများလိုက်ပုံများ...
ဒီတယောက် ဟိုတယောက်
တယောက်ပြီး တယောက်
နိုင်ငံတော်ကိုပုန်ကန်တယ် ဆိုပြီး
သံတွဲ.. ကျောက်ဖြူ.. ပခုက္ကူနဲ့
ကလေး.. ခမ်းတီး.. ပူတာအို
ထိုထိုမည်တဲ့ ထောင်တွေတည်ရာ
အရှေ့အနောက်.. တောင်မြောက်ဖျားမှာ
'နားအေးပါးအေး ခင်ဗျားတို့သွားနေကြ' တဲ့ ။ ။


ဘာမှအများကြီး
မတောင်းဆိုထားပါဘူး
ကိုယ့်ကြမ္မ္မာ ကိုယ်ဖန်တီးနိုင်ဖို့အတွက်
အခြေခံကျတဲ့ လူ့အခွင့်အရေး
သာတူညီမျှ တိုင်းရင်းသားအရေး
စားပွဲမှာအတူယှဉ်ထိုင်ကာ
သုံးပွင့်ဆိုင် ဆွေးနွေးနိုင်အောင်
ဥပဒေဘောင်တွင်းက
ရရှိစေရန်ကြိုးပမ်း
ဘယ်တော့ပြီးမယ်မှန်း မသိတဲ့
ခရီးကြမ်းကို ဖြတ်ကျော်နေတာ
ငါးရာသီလည်း စွန်းခဲ့ပြီ။ ။

ဒါပေမဲ့.....အဖေ
ဘယ်အရာတွေ ဘယ်လိုပင်ရှိနေပါစေ
ခိုင်မြဲတဲ့ ယုံကြည်ချက်
မယိုင်လဲတဲ့ စိတ်ဓာတ်
မြင့်မြတ်တဲ့ လုပ်ရပ်နဲ့
အဖေချစ်တာကို
လွိုင်ဆမ်ဆစ်ကသိတယ်
အဖေ့ရင်ဘတ်ကို
မြစ်သံလွင်ကသိတယ်
အဖေ့ရည်မှန်းချက်ကို
သျှမ်းတောင်တန်းကြီးသိနေပါတယ် အဖေ...။ ။


သားခွန်
09.02.2010

08/02/2010

အ ဝေး က ဖ ခင် သို့

အို.... ဖခင်
ဖခင်ရဲ့ရင်ထဲမှာ
ဘာတွေကိုခံစားကျိတ်မှိတ်
မျိုသိပ်နေရတယ်ဆိုတာ
ဖွင့်ဟမပြောပေမဲ့
သားတယောက်အနေနဲ့
သိနားလည်နေခဲ့ပါတယ်။

အို.... ဖခင်
ဖခင်ဟာ မယားတကွဲ
သားသမီးတကွဲနဲ့
ယုံကြည်မှုတခုအတွက်
ဘဝကို ရဲရဲကြီး ပေးဆပ်နေခဲ့တာ
သားတယောက်အနေနဲ့
မြင်တွေ့နေခဲ့ပါတယ်။

အို.... ဖခင်
ဖခင်ရဲ့မွေးနေ့မှာ
မိသားတစုဆုံတွေ့ရမဲ့အစား
ထောင်နံရံလေးဘက်ကြားက
သံတိုင်တွေကို ကိုင်ရင်းငေး
ဘာတွေကိုတွေးနေမလဲဆိုတာ
သားတယောက်အနေနဲ့
သိချင်နေခဲ့ပါတယ်။

အို.... ဖခင်
သေချာတာတခုက
တိုင်းပြည်အတွက်အကျိုးပြု
လူမျိုးစုဘက်ကရပ်တည်
တိုင်ရင်းသားညီနောင်တွေနဲ့
တကယ်စစ်မှန်တဲ့
ဖယ်ဒရယ်ပြည်ထောင်စုအဖြစ်
ရရှိရန်ရည်ရွယ်ရင်း
ဘယ်လိုပင် အကျဉ်းကျခံနေရပေမဲ့
ပြင်းပြတဲ့စိတ်ဓာတ်နဲ့
ဆက်လက်တိုက်ပွဲဝင်နေအုံးမယ်ဆိုတာ
သားတယောက်အနေနဲ့ရော
ပြည်သူပြည်သားတယောက်အနေနဲ့ပါ
ယုံ ကြည် နေ ဆဲ ပါ လေ...... ။




သားခွန်
11 September 2009

သတ်ကွင်း

ရန်သူ . . . ။

အပေါ်က ရန်သူကို အောက်သို့ရောက်လာအောင် ဖျားယောင်း၊ အောက်က ရန်သူကို အပေါ်သို့ရောက် လာအောင် မြူဆွယ်၊ အရပ် (၈) မျက်နှာက ရန်သူများကို တည်ကြက်လုပ်ပြီး ကျုံးသွင်း၊ စသဖြင့် . . . ဖျားယောင်းခြင်း၊ မြူဆွယ်ခြင်း၊ ကျုံးသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ချောင်ပိတ်ခြင်း၊ ထောင်ခြောက်ဆင်၍ ရန်သူကို အမိအရဖမ်းဆီးသတ်ဖြတ်ခြင်းတို့ လုပ်ရန် အချိန်ရောက်ပြီဖြစ်သည်။

ရန်သူတို့သည် ကျွန်တော်၏ ပစ်မှတ်အတွင်းသို့ ရောက်နေပြီဖြစ်သည်။ ကျွန်တော်နှင့် ကျွန်တော်၏ သွေးသောက်များ၏ အင်အားတစ်ရပ်ထဲနှင့် ထိုရန်သူတို့ကို နှိမ်နှင်း၍မရ။ အများအား၊ ပြည်သူ့အားနှင့် တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ သစ္စာသွေးသောက်ပြီး ရဲရဲတောက် နှိမ်နင်းမှရမည့် ရန်သူပင်ဖြစ်သည်။ ဤရန်သူသည် . . . မာယာများသည်။ ဤရန်သူသည် . . . ပရိယာယ်ကြွယ်ဝသည်။ ဤရန်သူသည် . . . ကလိမ်ကကျစ်ကျသည်။ ဤရန်သူသည် . . . အတ္တကြီးသည်၊ ရက်စက်သည်။ မိုးလုံးပြည့်မုသာဝါဒသုံးသည်၊ သွေးထိုးတတ်သည်၊ သပ်ရှိုတတ်သည်၊ အကောက်ကြံတတ်သည်။
လူမျိုးတုံးအောင် လုပ်မည့်ရန်သူ၊ အမျိုးဖျက်မည့်ရန်သူ၊ သာသနာဖျက်မည့်ရန်သူ၊ တစ်ကိုယ်ကောင်းဆန်သည့်ရန်သူ . . . မည်သို့သော ရန်သူဖြစ်စေကာမူ . . . ကျွန်တော်တို့စည်းလုံးမည်၊ စိတ်ဓာတ်ခိုင်မာမည်။ လက်တွဲမဖြုတ်၊ ကြံ့ခိုင်မှုရှိမည်ဆိုပါက ချေမှုန်းနိုင်မည်ဖြစ်သည်။

သတ်ဖြတ်ခြင်း၊ နှိမ်နင်းခြင်း၊ ဖမ်းဆီးခြင်း၊ ကျုံးသွင်းခြင်းစသည့် စကားလုံးများကို သုံးခြင်းမှာ ကျွန်တော်နိုင်ငံရေးလုပ်နေခြင်းမဟုတ်၊ နိုင်ငံရေးလှုံဆော်စာလည်း မဟုတ်၊ အရေးအခင်းဖြစ်အောင် လုပ်မည့်သူမဟုတ်၊ ဆူပူနှောက်ယှက်မည့်သူမဟုတ်။

ကျွန်တော် . . . နိုင်ငံရေးသမား မဟုတ်။
ကျွန်တော် . . . လူမှုရေးသမား။
ကျွန်တော် . . . နိုင်ငံရေးကို မသိ။
ကျွန်တော် . . . လူမှုရေးသာ သိသည်။

သို့သော် . . . နိုင်ငံရေးကောင်းလျှင် လူမှုရေးသမားများသက်သာမည်၊ နိုင်ငံရေးညံ့လျှင် လူမှုရေးသမားများ ပင်ပန်းမည် ဖြစ်သည်။

နိုင်ငံရေးဆိုသည်မှာ လှည့်စားတတ်သည်။
လူမှုရေးဆိုသည်မှာ ရိုးစင်းသည်။ ဖြူစင်သည်။
ဖြောင့်မတ်သည်။ ငြိမ်းချမ်းသည်။


သို့သော် . . . ဖြူစင်ဖြောင့်မတ်၊ ရိုးသား၊ တည်ကြည်၊ ငြိမ်းချမ်းသော လူမှုရေးလုပ်ငန်းကို အမဲဆိုး၊ (အနက်ရောင်ဆိုး) မည့် ဒိဋ္ဌိအယူဝါဒသမား၏ ဖျက်ဆီးမှု၊ တိုက်ခိုက်မှု၊ နှောက်ယှက်မှုများရှိနေသည်။
သူတို့ . . . သူတို့သာလျှင် ငြိမ်းချမ်းမှုကို ဖျက်ဆီးမည့် ဘုံရန်သူဖြစ်တော့သည်။

ကျွန်တော်ပြောခဲ့ဖူးပါသည်။ ကျွန်တော်ရေးခဲ့ဖူးပါသည်။ ကျွန်တော်ရိုးသားစွာ အဖြူထည် လူမှုရေး၊ လုပ်ငန်းစဉ်များကို တင်ပြခဲ့ဘူးပါသည်။ ကုသိုလ်ယူရမည့် ကိစ္စရပ်များ၊ ကိုယ်ချင်းစာစိတ်များပွားများရေး၊ ဗြဟ္မစိုရ်တရား (၄) ပါးလက်ကိုင်ထားရေး၊ သီလလုံရေး၊ အယူသည်းမှုပပျောက်ရေး၊ မိစ္ဆာဒိဋ္ဌိအယူရှိသူများအကြောင်း . . . များစွာ၊ များစွာ ပြောခဲ့ဖူးပါသည်။

(ဥပမာအားဖြင့် . . . တဏှာ့ကျွန်မခံပြီ၊ အခမဲ့ ကိုယ်ထည်၊ ရိက္ခာ၊ ခုတ်မယ် . . .ထစ်မယ် . . .ပါးပါးလှီးမယ်၊ နယ်ကျွန်ထွက်ပေါက်၊ သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည်၊ လှူမယ် တန်းးမယ် သာသနာပြုမယ်၊ မသေဆေးစားကြသူများ . . . စသဖြင့် နောက်ဆုံး . . . (အမွေ၊ ကတ်ကင်း၊ နှင့် ရှင်းတမ်း) တို့ဖြစ်ကြသည်။

မြန်မာပြည်တွင်းရှိ ပြည်သူပြည်သားများနှင့် ပြည်ပရောက် မြန်မာလူမျိုးတော်တော်များများသည် မိစ္ဆာဒိဋ္ဌိ အယူဝါဒသမား၏ အယူစွဲ၊ အမှားစွဲ၊ အယူသည်းမှုများကို သိရှိပြီးဖြစ်ကြသည်။



ထို့ကြောင့် ကျွန်တော်တို့၏ ရန်သူကို မြင်နေရပြီဖြစ်သည်။ ထိုရန်သူတို့၏ ပရိယာယ်ကြွယ်မှု၊ သပ်ရှိုမှု၊ ဖြားယောင်းသွေးဆောင်မှု၊ လက်တွင်းသို့ မရောက်အောင် ကျွန်တော်တို့ အထူးသတိထားရမည်။ စိတ်ဓာတ် တို့ကို ကြံ့ကြံ့ခိုင်ကာ ရဲရဲရင့်ရင့်တွန်းလှန် တိုက်ဖျက်ရတော့မည်။ ရန်သူအား အမြစ်ပါမကျန် တိုက်ခိုက်ရတော့မည်။ ပစ်မှတ်ကို သိလျှင် ထိအောင်ပစ်ဖို့က မိမိတို့ တာဝန်ပင်ဖြစ်တော့မည်။ မိမိတို့၏ ကိုယ်တွင်းကိုယ်ပ မှာရှိတဲ့ ကိလေသာဟူသော မိစ္ဆာဒိဋ္ဌိအယူဝါဒ ရန်သူတို့ကို ပြည်တွင်းပြည်ပမှာရှိသည့် မြန်မာပြည်သူ ပြည်သားများက စည်းလုံးညီညွတ် လက်တွဲမဖြုတ် စိတ်ဓာတ်ခိုင်ခိုင်၊ တွန်းလှန်တိုက်ခိုက်ရန် အချိန် ရောက်ပြီ ဖြစ်ပါသည်။ ဒါမှ . . . “ကမ္ဘာမှာ မြန်မာဟေ့” ဟု ရင်ကော့၍ မော်ကြွားနိုင်မည် ဖြစ်သည်။

ကျွန်တော် လူမှုရေး လုပ်ကိုင်ပါသည်။
အများကတော့ ကျွန်တော်သည် ကုသိုလ်တွေ အများကြီးရနေပြီဟု ထင်ကြပါသည်။ သို့သော် . . . ကျွန်တော်သည် ကုသိုလ်တစ်ပဲ . . . ငရဲတစ်ပိဿာရနေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော် လုပ်နေသည့် လုပ်ငန်းဆောင်ချက်များသည် အများအကျိုးအတွက် ထမ်းရွက်လုပ်ဆောင်သည်ဟု ဆိုသော်လည်း ဤကောင်းမှုလုပ်ငန်းကြီးတွင် နှောင့်ယှက်သူ၊ ဟန့်တားသူ၊ တားမြစ်သူ၊ ဖျက်ဆီးသူမှန်သမျှကို လေလှိုင်းမှ တစ်ဆင့်သော်လည်းကောင်း၊ စာပေထက်မှသော် လည်းကောင်း၊ FACEBOOK မှသော်လည်းကောင်း၊ ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့် ပြန်လည်ဖြေရှင်း တုန့်ပြန်မှုများကို လုပ်ခဲ့ရသည်ဖြစ်၍ အကုသိုလ်များပင် ရခဲ့သည်။ အပယ်သို့ လားတော့မည်လား . . . မသိ။

သို့သော် ကျွန်တော်တို့၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူလူထုအား ပြောကြားထားသော စကားစုအရ . . .

“သုဂတိသွားရာ တံခါးပေါက်သည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ ယမမင်း၏ ခွေးရည်ပုရပိုက်၌ ငါ၏အပြစ်တွေ မည်မျှပင် ရေးမှတ်ထားသည် ဖြစ်စေ ငါကားဂရုမပြု” ဟူသောစာပိုဒ်သည် ကျွန်တော့်အတွက် မဟာအားဆေးတစ်ခွက်ပင် ဖြစ်တော့သည်။

ထို့ကြောင့် ကျွန်တော်တို့၏ ဘုံရန်သူဖြစ်သော အယူမှား၊ အစွဲမှား၊ ဒိဋ္ဌိဝါဒများအား သိရှိပြီးသည်နှင့်အညီ ကျွန်တော်တို့၏ သတ်ကွင်းထဲသို့ ဝင်ရောက်နေသော ရန်သူတို့ကို ဇွဲရှိရှိ၊ သစ္စာရှိရှိ ဥမကွဲ၊ သိုက်မပျက်၊ စည်းလုံးညီညွတ်စွာ တိုက်ခိုက်တွန်းလှန် ဟန့်တားကြမည်ဆိုပါက ငြိမ်းချမ်းသာယာ စိုပြည်လှပသော လူ့ဘုံတစ်ရပ် ပျော်ရွှင်ဖွယ်၊ နေချင်ဖွယ် ကမ္ဘာကြီးတစ်ခု တည်ဆောက်နိုင်တော့မည် ဖြစ်ပါကြောင်း . . . ။

ကျော်သူ

သိုင်းကား

သိုင်းတတ်ပြီဆိုပြီး တောင်ပေါ်က ဆင်းလာလိုက်တာ...
လူတွေအားလုံးလဲ သိုင်းသမားတွေပါလား။
ကိုယ့်သိုင်းကျမ်းနဲ့ကိုယ်တော့ ဟုတ်နေကြတာပဲလေ.........
"သိုင်းရူးနေကြတာလား?? " လို့သွားမေးရင်တော့.......
"သိုင်းလောကထဲက မင်းထွက်သွား...! ! " လို့ပြောကြမှာပဲ။

သိုင်းဖလှယ်ဖို့ပြောကြည့်တော့ အရက်တအိုးတိုက်ပြီး....
သူတို့သိုင်းကျမ်းကိုကျင့်ဖို့ ဆွယ်သူကဆွယ်...
ဂိုဏ်းကိစ္စနဲ့နွယ်ပြီး တွယ်သူကတွယ်...
ကိုယ့်ဟာကိုယ်မင်းသား ဆိုပြီး ကယ်သူကကယ်...
အဆင့်မဲ့သိုင်းသမား ဆိုပြီး ပယ်သူကပယ်...
ကိုယ့်သိုင်းတက်ဖို့တခုထဲနဲ့ လည်သူကလည်...။

နေပါအုန်း................။
ဘာကြောင့် အတွင်းအားတွေကို နေရာတကာမှာ သုံးကြရတာလဲ..? ?
အဟွာဆိုင်က ပေါက်စီတလုံးကြောင့်လား..? ?
ရွှေမင်းသမီးရဲ့ အနမ်းတပွင့်ကြောင့်လား..? ?
ဒါမှမဟုတ်..
ဂိုဏ်းချုပ်နေရာရမယ် ဆိုလို့လား..? ?
နိုင်ပွဲတွေဆက်နေရင်ကော.....
အဆိပ်ခတ်ခံရမှာလား...? ?
ရှုံးသွားရင်ကော.....
ဂူပိတ်ပြီး သိုင်းကျင့်ဖို့လိုလား...? ?

ငါ ယုံကြည်ခဲ့ဖူးတဲ့ သိုင်းလောကဆိုတာ...
ဒါပဲလား..? ?
နဂါးနိုင်ဓါးရရုံ.. သိုင်းစွမ်းပြကြရုံ..
နိုင်ထက်စီးနင်းလုပ်ရရုံနဲ့..
သိုင်းလောကကြီးက ပြည့်စုံပြီလား...? ?

"အရူးသိုင်းကျင့်နေတာလား.....? " တဲ့။ မဟုတ်ပါဘူး..! !
"ဒါဆို အကြောဖွင့်ပေးမယ်..." တဲ့။
နေသာသလိုနေပါ.. သိုင်းသမားတို့ရယ်။


သိုင်းလောကကြီးက ဒီလိုသာ တကယ်ဖြစ်ပျက်နေပြီ ဆိုရင်တော့....
လမ်းဘေးမှာ တယောထိုးပြီးပိုက်ဆံတောင်းတဲ့ အဖိုးကြီးပဲဖြစ်ပါရစေ...။

အူသောင်
ဟွာစန်းတောင်ခြေ

07/02/2010

ရှုထောင့် (၁)

" ဆရာက ၁၀၀% အကောင်းမွန်ဆုံးသောပို့ချမှုပေးနေရင်တောင် အထူးချွန်ဆုံးကျာင်းသားက စိတ်ဝင်စားစွာနဲ့စူးစိုက်သင်ယူနေလဲ ရာနှုန်းပြည့် မရရှိဘူး... " တဲ့။
လမ်းမှာ အဖိတ်အစင်ရှိသွားတဲ့သဘော......၊ ဘာသာပြန်ခြင်းမှာ လမ်းပျောက်သွားတဲ့သဘော.......၊
ကြားခံနယ်ရှိရင်(အတိုင်းအတာအားဖြင့် အပိုင်းအစလေးပဲဖြစ်ဖြစ် ) ပိုပြီးဖြတ်သန်းရခက်သွားတယ် ဆိုတဲ့ ရူပဗေဒသဘော........။ ရိုးသားစွာဝေငှသောဆရာသည် တစ်ဝက်သာပြည့်သော ခွက်တစ်ခွက်လဲဖြစ်နိုင်တဲ့သဘော...........။

အင်း...ဘာဖြစ်ဖြစ် ထားပါလေ။ ။ ဒီညတော့ ညောင်းကိုက်နေတဲ့ အတွေးနဲ့ ဖျားနာနေတဲ့ ခန္ဓာအတွက် စောစောအိပ်တန်းတက်ခဲ့တယ်။ ဘာသာပြန်လမ်းမှာ ဖိတ်စင်သွားတဲ့ အပိုင်းအစကြားခံနယ်လေးကြောင့် ရာပြည့်ခွက်ကြီးကိုင်ပြီး တဝက်.. တဝက်.. လို့ဟစ်တိုင်ရင်း လမ်းပျောက်ကြတဲ့ ချစ်သူတွေ... မိဘတွေ... သားသမီးတွေ... ဇနီးတွေ... ခင်ပွန်းတွေ... အထက်အရာရှိတွေ... လက်အောက်ငယ်သားတွေနဲ့ . . . . . ပိုပြီးဖြတ်သန်းသွားလာရခက်တဲ့ ကမ္ဘာမြေကြီးကို " အကောင်းမွန်ဆုံးသော မင်္ဂလာညပါ... " လို့ ခပ်ပြုံးပြုံးလေး နှုတ်ခွန်းဆက်ရင်း.......။







တင်ကို
07022010

04/02/2010

လက်ဖက်ရည်ဆိုင်ထိုင်ခြင်း

ဖုတ်တာကြာတော့.. တင်းလာတယ်
ရှုပ်တာကြာတော့.. ရှင်းလာတယ်
ပြောစရာမရှိတဲ့.. အကြောင်းကိုက
ပြောစရာ ဖြစ်နေတယ်။

အီရတ်မှာ၊ အာဖဂန်မှာ
ကမ္ဘာအေးမှာ၊ ဖက်ဖူးရောင်မှာ
တိုက်ပွဲသံတွေ ထန်ပြင်းလာပြီ။

ရန်ကုန်မြို့ကြီးသည်လည်း
အင်ဂျင်သံတွေ တဂျုံးဂျုံး.. တဂျိန်းဂျိန်းနဲ့
ပုံနှိပ်စက်က စာရွက်တွေ ထွက်သလို
တရွက်ပြီး.. တရွက်
တခွက်ပြီး.. တခွက်
အကြောင်းအရာက စုံတယ်
ဒေါ်စုကြည်နဲ့ ဦးအောင်ကြည် တွေ့တာကနေ
ခြေရင်းအိမ်ကကြွက် အဆမတန်ကြီးတာထိပါတယ်
“မ” ရဲ့ နဖူးလေး လှတာကနေ
“မ” ရဲ့ ထမီစကပ်ရောင်စုံလေးတွေ အထိပါတယ်
ဗုဒ္ဒ၀င်ပါတယ်..
ကဗျာယဉ်ကျေးမှုပါတယ်..
နိုက်ကလပ်ယဉ်ကျေးမှုပါတယ်..
ကျေးဇူးတင်လွှာတွေပါတယ်..
ဝမ်းနည်းကြောင်းတွေပါတယ်
ကြေငြာတွေပါတယ်
မပါတဲ့အရာတွေလည်းပါတယ်။

ဘာတွေပဲပါပါ
နောက်ဆုံးမှာတော့..
နောက်ဆုံးသတင်းဟာ ပါတာပါပဲလို့
ကောက်ချက်ချလိုက်မိတော့
ခွက်ထဲက“ကျစိမ့်”ကိုပဲ
အရသာခံပြီး ဇိမ်ယူလိုက်ကြတော့တယ်။ ။

လမှိန်အိမ်
(၁၇.၁၀.၀၉)

အိပ်မက်ထဲကမြို့


လန့်နိုးမှာစိုးလို့..
မင်းကို ငါချော့သိပ်နေတယ်။
မင်းရဲ့အိပ်စက်ခြင်းက ငါ့ရဲ့မြို့ဝင်လမ်းပဲ။
ပူလောင်မှုအရေခြုံထားတဲ့မင်း
လဲလျောင်းနေခဲ့တော့..
ငါတောင်ပေါ်ပြန်တက်ပြီ။
တာဝန်နဲ့ဝတ္တရားတွေမသယ်နိုင်လို့
မင်းဘေးနားမှာငါချထားခဲ့တယ်
နိုးရင်ပြန်ယူဖို့ မမေ့နဲ့အုန်း..

ငါလား....? ?
အပေါစားဝီစကီတွေမူးပြီးလဲနေတဲ့..
မြို့လယ်လမ်းကိုခေါ်..
ဆေးမှိန်းနေတဲ့အိမ်တွေကြားမှာ..
သီချင်းမှိန်မှိန်လေးထ္ပန်းပြီးတော့..
အရင်တခါအရမ်းမူးတုန်းက..
ကျကျန်ခဲ့တဲ့အတိတ်ကို..
ပြန်ရှာရအုန်းမယ်။

3.2.2010
အူသောင်

ပုံမှန်


ငယ်ငယ်ကတော့..
ပုံမှန်ထက် ပိုပိုထူးခြားချင်တယ်
ပုံမှန်ထက် ပိုပိုထင်ပေါ်ချင်တယ်
ကြီးကြီးလာတော့ ထူးဖို့လုပ်ရင်း
ထူးထူးသွားတာက.. နည်းနည်း
ရူးရူးလာတာက.. များများ
တွေ့တွေ့လာရတော့..
ပုံမှန်ပဲ ပိုပိုဖြစ်ချင်မိတော့တယ်။ ။

ယိုဒါရှီးမား
040210

01/02/2010

ဖြစ်ကြောင်းကုန်စင်

ဘောင်ခတ်ခြင်းနဲ့ အဆင်မပြေဘူး..
လိုက်လျောခြင်းနဲ့ အဆင်မပြေတပြေပဲ..
ရိုးသားခြင်းနဲ့တော့ အဆင်ပြေတယ်။

နှစ်ဘက်လှပြုံးတွေနဲ့ အဆင်မပြေဘူး..
ရန်သူနဲ့ အဆင်မပြေတပြေပဲ..
သင်ယူခြင်းနဲ့တော့ အဆင်ပြေတယ်။

တင်းတိမ်ခြင်းနဲ့ အဆင်မပြေဘူး..
ဘာသာတရားနဲ့ အဆင်မပြေတပြေပဲ..
အတိတ်နဲ့တော့ အဆင်ပြေတယ်။

တကိုယ်တည်း အဆင်မပြေဘူး..
တရွာလုံးနဲ့ အဆင်မပြေတပြေပဲ..
ဖြတ်လျှောက်ဘဝတော့ အဆင်ပြေတယ်။

အမုန်းနဲ့ အဆင်မပြေဘူး..
အချစ်နဲ့ အဆင်မပြေတပြေပဲ..
အနမ်းနဲ့တော့ အဆင်ပြေတယ်။

ဒီလို..ဆူသံပူသံညံနေချိန်
အသံတိတ်ကျပျောက်သွားခဲ့တာ
ယုံကြည်ချက်...။

ယိုဒါရှီးမား
170210