16/06/2010

ရှက်လိုက်တာ

ရှက်လိုက်တာ
မြင်းမိုရ်တောင်ဦးမက ကျူးတဲ့
သမိုင်းဟာ ဒီလိုပဲ နိဂုံးချုပ်ခဲ့ရတယ်။
The Life Giver

အငိုတိတ်စေတဲ့
ရင်ခွင်နဲ့ မေတ္တာတရားအတွက်
ကျေးဇူးမဆပ်နိုင်ခြင်းပဲ ကျန်တယ်။

ကျွေးမွေးသုတ်သင်ခဲ့တဲ့
လက်ချောင်းတွေအတွက်
တစ်ရှိုက်မှ မနမ်းနိုင်ခြင်းပဲ ကျန်တယ်။

နေမကောင်းတိုင်း ချော့တိုက်ခဲ့တဲ့ ဆေးခါးတွေအတွက်
နောင်တခါးခါးတွေပဲ ကျန်တယ်။

ချွေးတွေနဲ့ စိုစိုရွှဲ အိပ်ရာက လန့်နိုးတိုင်း
ပွေ့ဖက်သိပ်တတ်တဲ့ မျက်နှာတစ်ခုအတွက်
ငါ့မှာ မျက်နှာပူပူတစ်ခုပဲ ကျန်တယ်။

ရှက်လိုက်တာ။

ဟောဒီမှာ
တယုတယ တိုက်ခဲ့တဲ့ ဆန်ပြုတ်ချိုင့်လေးလောက်မှ
ဇောက်မနက်တဲ့ကောင် တစ်ကောင် ကျန်တယ်။

ချမ်းညီချို

(24-04-2010 တွင် ကွယ်လွန်သွားသော အဖွား ဒေါ်ခင်မြင့် အတွက် ရည်စူး၍ ဤကဗျာကို ရေးပါသည်။)

No comments:

Post a Comment