09/12/2011

ဒီလိုပါပဲ ထွေးညို

ဧရာဝတီမှာ ရေတွေ ကျသွားပြီလား။ ငါတို့ပြေးလွှားခဲ့တဲ့ခြေရာ ဒီနှစ်သောင်မှာ ဘယ်ကျန်တော့မလဲနော်။ ငါတို့ကစားခဲ့တဲ့နေကြာခင်းလို ငါတို့အရောင်တွေလည်း မတောက်ပကြတော့။ ဒီလိုပါပဲထွေးညို ။ အရောင်တွေ တဖြည်းဖြည်းမှိန်သွားတာလည်း ငါတို့ရဲ့ ရသတစ်ခုပါပဲ။ ဖြေတွေးပေါ့။ မိုးတွေ သဲသဲမဲမဲရွာတဲ့အခါ ကမ်းနားလမ်းတလျှောက် မင်းဘယ်သူနဲ့ ဆိုင်ကယ်တူတူလိုက်စီးသလဲ။ မိုးရေစိုဖို့က အဓိကဆိုရင်တော့လည်း ဟုတ်တာပေါ့။ ငါတို့နွေးထွေးဖို့ ပုဂ္ဂိုလ်စွဲတွေ မလိုဘူးမှတ်တယ်။ ဒါပေမယ့် နင်သူများခါးကိုတော့ မဖက်ပါနဲ့။ ငါကတော့ ဧရာဝတီရဲ့  ဘယ်နေရာက ရေပြင်ကို ထိထိ နင်ဘေးမှာစောင့်ကြည့်နေသလိုပဲ။ ဒီလိုပါပဲထွေးညို ။ မိုင်တိုင်သတ်မှတ်ချက်တွေ မရှိရင် ငါတို့ဝေးတယ် ဆိုတာဟာလည်း ဘာမှမပြောပလောက်ပါဘူး။ ခုဆို တမာရွက်တွေ နုနေမှာလား။ နင့်ခေါင်းပေါ် ကပ်နေတဲ့တမာရွက်ကို အခုဘယ်သူ ဖယ်ပေးသလဲ။ စိတ်တော့လည်း ပူစရာ မရှိပါဘူး။ လေခပ်ကြမ်းကြမ်းတိုက်ရင် လွင့်သွားမှာပဲကို။ ဟုတ်တယ်မဟုတ်လား။ စူပါကော်ဖီမစ်တွေ ဖျော်ဖျော်သောက်တုန်းပဲလား။ ဘယ်သူ့နားမှ သိပ်မကပ်နဲ့နော်။ ခုရာသီဥတု အိုက်စပ်စပ်နဲ့ဆိုတော့ နင်နေရခက်နေမှာစိုးတာ။ ဒီလိုပါပဲ။ ငါတို့ဟာ မသိစိတ်ထဲကနေ မလိုအပ်တဲ့အကြောင်းပြချက်တွေ ပေးပေးနေမိလျက်သားဖြစ်နေတာ။ လူထူထူ ဖုန်ထူထူနဲ့ဝေးခဲ့သူအဖို့ စိတ်ကတော့ ပါးပါးလျလျပဲ ကျန်တော့တယ်။ စိတ်သွားတိုင်း ကိုယ်မပါလို့ ပစ်ပစ်ချခဲ့မိတဲ့ အလွမ်းတွေ နင့်ဆီကိုရောက်ဖို့  ဧရာဝတီကို ဆန်တက်နိုင်ပါမလား။


Purple Haze - L.H.T

ငါလည်း နင့်လိုပဲ သနပ်ခါးထူထူလိမ်း ရှည်အကျီလက်ရှည်ဝတ်ပြီး စိတ်အေးလက်အေးနေကြည့်ချင်တယ်။ ဒီလိုပါပဲထွးညို။ ဂုဏ်သရေရှိအောင် အုတ်တံတိုင်းတွေအမြင့်ကြီးခတ်ပြီးမှာ အပြင်ကို ခြေဖျားထောက်ထောက်ပြီး ကြည့်နေရသလိုပဲ။ အပူမှာ နေသားကျပြီးသား ငါ မင်းနဲ့ဝေးတဲ့အခါကျမှ ချွေးပြန်တယ်။ ငါတို့ရောက်တတ်ရာရာ စကားတွေနဲ့ အဝေရာလမ်းထဲ ဖောင်ဖွဲ့ပြီးတော့မှာ ငါတို့ ကိုယ့်အတ္တကို ကိုယ်တိုက်မယ် ဆိုပြီး ဖောင်ဖျက်။ ဒီလိုပါပဲထွေးညို ။ ငါတို့ဟာ လိုချင်တာတစ်ခုအတွက် လိုချင်တာတွေအများကြီးလည်း ဆုံးရှုံးခဲ့ရတာပဲ။ အမှားတွေလည်း လုပ်မိနေကျ အမှန်တွေလည်းလုပ်မိနေကျ အသက်တွေကြီးလာလေ အမှန်တွေအမှားတွေနဲ့ နေသားကျလာလေ။ လုပ်သင့်တာတွေရော လုပ်ချင်တာတွေရော မလုပ်သင့်တာတွေရော မလုပ်ချင်တာတွေရောလုပ်ပြီး ငါတို့ရဲ့မထည်ဝါလှတဲ့ သမိုင်းစာအုပ်လေး ပိုပိုထူလာခဲ့တာပေါ့။ ဒီလိုပါပဲထွေးညို။ ငါတို့ဟာ ငယ်ငယ်တုန်းကလို အိမ်စာသင်ခန်းစာတွေ တွက်ရင်း စာအုပ်နောက်ကျောမှာပုံတွေခိုးဆွဲသလိုမျိုး ခဏခဏလုပ်မိကြတာပဲ။ လူလားမြောက်တဲ့အရသာကို စမြုံ့ပြန်ရင်းနဲ့ပေါ့။ နင့်နားသယ်အစပ်မှာ သနပ်ခါးဖတ်လေးတွေ ကပ်နေဦးမှာပဲ။ ငါမိုင်ရာချီဝေးပေမယ့် လှမ်းမြင်နေရသပေါ့။ နင့်ကက်ပ် အဖြူကြားထဲက ခေါင်းလျှော်ရည်နံ့လည်း မွှေးနေဦးမှာပဲ။ ငါအိပ်မက်မက်တဲ့အခါ ခိုးခိုးရှုနေမိပေါ့။ အာလူးကြော်တွေ သိပ်မစားပါနဲ့တော့လား။ နင်နည်းနည်းပိုဝလာမလားလို့ ငါတွေးမိလို့။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာကတော့ ၀လည်းမ၀တတ် ပိန်လည်းမပိန်တတ်ပါဘူးလေ။ ဒီလိုပါပဲ ထွေးညို။ နင်တစ်ချက်ချက်တော့ ငါ့ကို သတိရတယ်မဟုတ်လား။

10/08/2011

"စပရိန်"လူသား

      " လွယ်သလား ခက်သလား ရာမ. . .
                                                                           ရာမ. . . လွယ်သလား ခက်သလား ပြောစမ်း ငါ့ကို
                           ဟေ့. . ဒီမှာ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဒီလို ပစ်နိုင်မှ ဗိုလ်လုပ်လို့ရတာကွ. . . "

                                                                                                             ဗိုလ်အောင်ဒင် ဇာတ်ကားမှ

Painting By Sitt Nyein Aye (Source - MyanmarISP.com)

ဒီကနေ့ ငါတို့တွေ
ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ခရီးကြမ်း
၁၉၄၇ ဇူလိုင် ဆယ့်ကိုးက စခဲ့တယ်။     ။


စစ်မှန်တဲ့ မျိုးချစ်ခေါင်းဆောင်တွေကို
ရာထူးနဲ့ကာမ၊ အာဏာရမ္မက်ပြင်းထန်
မြင်းသမားညဏ်နဲ့ ဗိုလ်နေဝင်း
အတင်းအဓမ္မ ကြံစည်ခဲ့လေတော့
ခေတ်သစ်ဗမာ့သမိုင်းမှာ
ကိုယ့်လူမျိုးကိုယ်ပြန်သတ်
ငါတို့ရဲ့ ရင်ဘတ်တွေ
ပထမဆုံး သွေးချင်းချင်းနီခဲ့တယ်။    ။


နောက်တခါ
ကမ္ဘာမှာ ဗမာရယ်လို့ တင့်တယ်စေတဲ့
ဦးသန့်ရဲ့ ဂုဏ်သတင်း သင်းပျံ့လေခဲ့
အရင်းစစ်လိုက်တော့ ကိုယ့်ထက်သာ မနာလို
ပညာတတ်ဆို မျက်မုန်းကျိုးလို့
သမဂ္ဂကို ဗုံးဖောက်ခွဲ
ကျောင်းသားလဲ နားမလည်
မျိုးတုံးအောင်ကို ပစ်ခတ်သတ်ဖြတ်
၁၉၆၂ ဇူလိုင် ခုနှစ်ရက်မှာ
ငါတို့ရဲ့ ရင်ဘတ်တွေ
ဒုတိယံမ္ဘိ သွေးချင်းချင်းနီခဲ့တယ်။     ။


"စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်
ဘယ်တော့မှ မိုးပေါ် ထောင်မပစ်ဘူး "
အာဏာရူးကြီးရဲ့ နောက်ဆုံးစကား
လူထုအပေါ် စိမ်ခေါ်ကြိမ်းဝါးပြီး
၈၈ရဲ့ ဩဂုတ် ရှစ်ရက်က စလို့
စစ်သေနတ်သံတွေဝဲပျံ
နာကျင်ငြီးငြူသံတွေမိုးထိညံခဲ့
ငါတို့ရဲ့ ရင်ဘတ်တွေ
သွေးချင်းချင်းနီခဲ့ပြန်တယ်။     ။


နောက်ဆုံးမတော့
ဗိုလ်နေဝင်းရဲ့ ဆိုးကျိုးအမွေ
ငါတို့တွေ အခုထိခံရဆဲ
ဒင်းကတော့သေ
လူတွေသာပြောင်း
မူကတော့ မပြောင်းလဲပဲ
ငရဲပြည်မှာတောင်
ကိုယ်လုပ်မှ ကိုယ်ခံရတာ
ဗမာပြည်မှာတော့
နင်မဟုတ်ရင် နင့်အဖေ
နင့်အဖေမဟုတ်ရင် နင့်အမျိုးအဆွေ
ဒီလို. . . လက်ညှိုးတွေလည်း ထိုးတတ်တယ်
အဲဒီလက်ညှိုးတွေပဲ ကွေးတတ်ပုံများ
ပြည်သူနဲ့ကျောင်းသား
၂၀၀၇မှာ ဘုရားသားတွေပါ မနေရ
အဖိနှိပ်ခံ နင်းပြားဘဝပေမယ့်
ဟေ့. . . စစ်သားရေ
မင်းသိထားဖို့က
ဖိနှိပ်လေ ကုန်းထလေ
ဘယ်တော့မှ ကမ္ဘာမကြေ
ငါတို့ဟာ "စပရိန်"လူသားတွေဖြစ်တယ်။     ။


[သမိုင်းတလျှောက် ကျဆုံးခဲ့သော ကျောင်းသူကျောင်းသား ရဲဘော်များအား ဂုဏ်ပြု ဦးညွတ်ရင်း. . . . ]

သားခွန်

06/08/2011

စိတ်တိုင်းမကျခြင်းပြက်လုံး၏ ဖြားယောင်းမှုမှ လွန်မြောက်၍

မပြင်ဆင်လိုက်ရပဲ သစ်ပြန်ဆန်းသွားတဲ့ 
ငြင်းဆန်ခြင်းညှို့စွမ်းအားများနဲ့ လွန်ဆွဲ 
အနမ်းဘာသာဗေဒဟာ အရောင်အသွေး နက်ရှိုင်းလွန်းတယ် 
အရှေ့နဲ့ အနောက် 
ဘယ်ရောက်နေလဲ ။ ငါတို့က ဘာတွေလဲ. . ဘယ်မှာလဲ ငါက 
စည်းဘောင်တွေ ချိုးဖျက်. . . / ဘယ်မှာ ထည့်တွက်လဲ
လူမျိုး၊ အသားအရောင်၊ အသက်၊ ဘာသာ၊ 
လိင်၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ကျင့်ဝတ်ဓလေ့ 
အနိုင်အရှုံး တက်နှုန်း ကျနှုန်း နီဝါစိမ်း
နီစိမ်းပြာနဲ့ ဘုံကျတဲ့ ဖလမ်းဖလမ်းတွေ 
ရှဥ့်လျှောက်တဲ့နေ့တွေ ပျားလူးတဲ့ညတွေ 
ချားရဟတ်ကြီးအောက်ဝယ် ပါးပြင်ထက်ပေါ် 
တပတ်ပြီး တပတ်လည် တရစ်ပြီး တရစ်တိုး ။ 
ချဉ်ခြင်းလျှာဖျားနှစ်ခွခွဲတော့. . အရပ်မကူနဲ့ လူမဝိုင်းနဲ့ 
ဘာကို မျှော်မှန်းဆမှန်းမသိပဲ
အပြန်အလှန်ဝေမျှတဲ့ လမ်းခရီးမှာ
အရိပ်ကို အသက်သွင်းတဲ့
အိပ်မက်မျှားသူရဲ့ ခပ်ထွေထွေပြကွက် 
ကျွမ်းစားရင်း လွမ်းဆွတ်ပုံရိပ်ယောင်များ

Fiery Lights - L.H.T

မြိုမကျပင်ရဲ့ ရုပ်တုများ ထုထွင်းပူဇော်ရင်း
မရှိအရှိ ရှိ/ ဖြစ်/ လုပ်လေတော့ 
ရှိသင့်တာတွေ ဘယ်မှာ
ကဲရော့. . ဒါလေးက 
ယိုသူလည်း မရှက် မြင်သူလည်း မရှက် 
ငိုသူလည်း မျက်ရည်စ မတင်စေရမဲ့ 
တစ်ဆို့ဆို့ အလန်းလေး
ဒါဟာ အရင်းအနှီးလား
 သိတန်သလောက် သိအပြီး ချောင်းဆိုးချွဲကျပ် 
ယောင်ယောင်ယမ်းယမ်း ရောဂါတွေတက် 
အာရေဗျက ဟန်ရေးပြတဲ့ညများလို
တကောင်ကျရင် တကောင်တက်မြဲ
ဆက်တင်ဆိုတာ ပြောင်းရရွေ့ရလွယ်တာမှတ်လို့ 
ဒါပေမဲ့ မင်းမသေရဘူး 
ဪ. . ငါနဲ့ ငါတောင် အစေးမကပ်တာ 
ဘယ်သူ့ကိုများ ကပြသုံးတော်ခံရပါ့ 
ငါနဲ့ ငါတောင် အစေးမကပ်လို့ ငါက ငါ့ကို ဖြည်းလေးစွာဝါးမြို 
ဒိန်ခဲမြုံရင်း လျှောက်လှမ်းရတဲ့
အဲလစ်စ်ဥယျာဉ်ဟာ ခြောက်သွေ့ခဲ့ဖူးရင်
' ဒါပြီးရင်... မင်းသမီး ကမှာပါ ' နဲ့
မီးခိုးငွေ့ကြားက ညတွေဟာ 
နေရောင်နဲ့အတူ လွင့်ပြယ်သွားမှာပါ. . လား ။



ယိုဒါရှီးမား


18/07/2011

ငါတို့အားလုံးရဲ့ အိမ်

YGR& W

အိမ်အသစ်တစ်လုံးကို သုံးလနဲ့ ဆောက်ရတာကလွယ်ပါတယ်။ ဒါပေမယ့် အားလုံးနီးပါးခြစားနေတဲ့ အိမ်တစ်လုံးကို သုံးလနဲ့အပြီးပြင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ တစ်နည်းရှိတော့ရှိတယ်။ ဖြိုပစ်လိုက်ဖို့ပဲ။ ဖြိုပစ်လိုက်ရုံနဲ့ပြီးလားဆိုတော့ မပြီးပြန်ပါဘူး။ အိမ်ရဲ့တိုင်တွေကခြစားတာလား ဒိုင်းတွေကခြစားတာလား နံရံတွေကခြစားတာလား။ ခြမစားပဲကျန်နေတဲ့ သစ်ကောင်းလေး တစ်ချပ်တစ်ပြားလောက်ရှိမလား။ သွပ်တွေကပေါက်နေသလား။ ဖာလို့ ရသလား။ အချပ်လိုက်လဲရမလား။ ခြတောင်ပို့ကဘယ်မှာလဲ။ ခြတွေကဘယ်မှာလဲ။ ကျွန်တော်တို့အိမ်ကို ကျွန်တော်တို့ မဖြိုရက်ကြပါဘူး။

ကျွန်တော်တို့ အိမ်ကြီးက ဟိုးအရင်တုန်းက တကယ်အိမ်ကြီးအိမ်ကောင်းပေါ့။ ဘေးအိမ်တွေဆို ကျွန်တော်တို့လို အိမ်မျိုးဆောက်ချင်လို့ လာလေ့လာကြတယ်။ တစ်ချို့အိမ်ထောင်ဦးစီးတွေက တစ်နေ့ကြရင် ငါတို့တွေ ဟိုဘက်အိမ်လိုမျိုးဆောက်နိုင်ရမယ်ကွလို့ ကြုံးဝါးကြတယ်။ ကျွန်တော်တို့အိမ်မှာ စာလာသင်ကြတယ်။ ကျွန်တော်တို့အိမ်စီးပွားရေးတွေ လာလေ့လာကြတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အိမ်ကြီးထဲမှာခြတောင်ပို့ကြီးတစ်ခုရှိနေတာ သတိမထားမိလိုက်ကြဘူး။ ကျွန်တော်တို့အိမ် တိုင် တစ်နေရာ ခြစားလာတယ်။ ပြီးတော့ နောက်တစ်တိုင် နောက်တစ်တိုင်. . ။ ခုအိမ်ကြီးက ပြိုတော့မယ် နဲ့နဲ့လေးပဲ ကျန်တော့တယ်။

ကျွန်တော်တို့အိမ်ကြီးခြစားလာတာ နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီပြီး ရှိလာပါပြီ။ ဒီတိုင်တစ်လုံးမကောင်းရင်   နောက်တိုင်တစ်လုံးလဲဖို့ အဆင်သင့်ရှိသလား။ သွပ်တစ်ချပ်ခွာပြီးရင် နောက်ထပ်သွပ်တစ်ချက်အဆင်သင့်ရှိလား။ ရှိပါတယ်။ ဒါပေမယ့် ခုလောလောဆယ်ဆယ်မဟုတ်ဘူး။ အကောင်းမြင်သမားတစ်ယောက်မို့လို့ တစ်သက်လုံးပြင်ဖို့ စိတ်မကူးလာခဲ့တဲ့အိမ်ကြီးကို ထပြင်မယ်ဟေ့ ဘာဟေ့ လုပ်တာကိုပဲ ၀မ်းသာမိပါတယ်။ သွပ်အသစ်တွေလဲဖို့ အဆင်သင့်မဖြစ်သေးလို့ သွပ်အဟောင်းတွေထည့်ထားတာကိုလည်း နားလည်ပေးပါတယ်။ သွပ်အဟောင်းတွေကို ဖာလို့ရတန်သလောက်ဖာ ခြစားနေတဲ့တိုင်တွေ နံရံတွေကို ခြလေးဘာလေးရှင်း။ ခုတော့ လောလောဆယ်ဆယ် ဆေးသုတ်နေကြတယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘာမှမလုပ်တာထက်စာရင် ဆေးသုတ်တာလေးတစ်ခုကလည်းမဆိုးလှပါဘူး။ ဒါပေမယ့် ဆေးသုတ်ဖို့ထက် အရေးကြီးတာတွေ အများကြီးကျန်နေသေးတယ်ထင်တာပဲ။

ကျွန်တော်တို့ အိမ်ကြီးကို အသစ်လွင်ဆုံးဖြစ်အောင်လုပ်ဖို့ အချိန်တစ်ခုရှိပါတယ်။ ကျွန်တော်တို့ သွပ်တွေအချပ်လိုက်လဲဖို့ တိုင်တွေအလုံးလိုက်လဲဖို့ အဆင်သင့်ဖြစ်လာတဲ့ အချိန်တစ်ခုရှိပါလိမ့်မယ်။ ကျွန်တော်တို့နေတဲ့အိမ်ကို ဒီဇိုင်းလှလှလေးနဲ့ ဒီကိုရေးရှင်းကောင်းကောင်းလေးနဲ့ ပရိဘောဂစုံစုံလေးနဲ့ နေချင်ကြပါတယ်။ တစ်ချို့ကတော့ ခြစားနေတဲ့အိမ်ကြီးကို ဖြိုပစ်ပြီး အသစ်ပြန်ဆောက်မယ်ဆိုတဲ့ စိတ်ကူးမျိုးရှိကြပါတယ်။ သူတို့စိတ်ကူးမှန်တယ် မမှန်ဘူး ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့အိမ်ကြီးပြိုသွားရင် နေစရာမရှိတော့မယ့် မိသားစုတွေကိုပဲစိုးရိမ်မိပါတယ်။ အိမ်ကြီးပြိုသွားရင် မိုးဒဏ်လေဒဏ်ဘယ်လိုခံနိုင်မလဲ စားဖို့ သောက်ဖို့ ဘယ်နေရာမှာလုပ်ကြမလဲ ဒါတွေအတွက် ကျွန်တော်တို့မှာ အဖြေမရှိပါ။
သံချေးတက်တဲ့ သွပ်နဲ့ ပေါက်နေတဲ့သွပ်ဆိုရင် ပေါက်နေတဲ့သွပ်ကို အရင်လဲရပါတယ်။ ပေါက်နေတဲ့သွပ်ကို လဲပြီးတဲ့အခါကျမှ သံချေးတက်တဲ့ သွပ်တွေကိုဆက်လဲရပါတယ်။ အသစ်စက်စက်အရည်အသွေးကောင်းတဲ့သွပ်တွေ ကို တစ်ပြိုင်တည်း အချပ်ပေါင်းများစွာရဖို့က ဘယ်လိုမှ မဖြစ်နိုင်လို့ပါပဲ။ တိုင်တွေဆိုလည်း ဒီအတိုင်းပါပဲ။ အိမ်သာနဲ့ ရေချိုးကန် ရေချိုးခန်းတွေကိုလည်း တဖြည်းဖြည်းချင်းပြင်ယူရပါတယ်။ နေဖို့ထိုင်ဖို့ စိတ်ချလုံခြုံရတဲ့ အချိန်ရောက်တဲ့အခါ အိမ်ကို ဒီဇိုင်းပြန်ဆင်ရမှာဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ သွပ်တွေ ပျဉ်တွေကိုလဲပြီးသွားတဲ့အခါမှ အလှဆင်တဲ့အပိုင်းကို ရောက်ပါမယ်။ ကျွန်တော်တို့အိမ်ကို ကြည့်လိုက်တာနဲ့ ကျက်သရေရှိ ခေတ်မှီပြီး စိမ်းစိုနေတာကိုပဲ ကျွန်တော်တို့ အားလုံးမြင်ချင်ပါတယ်။ အိမ်ကြီးကောင်းသွားတဲ့အခါကျတော့ ကျွန်တော်တို့ခြံထဲမှာ ပျိုးထားတဲ့ပန်းပင်တွေ သီးပင်စားပင်တွေပွင့်လာတာနဲ့ အံကိုက်။

ပြီးတော့ ရေကန်လေးတူး ရေတံခွန်လေးဆောက်။ ပြီးတော့မှ ဟောင်းနွမ်းနေတဲ့ပရိဘောဂတွေကို သစ်လွင်ပြီး နေသာထိုင်သာရှိတဲ့ ပရိဘောဂတွေနဲ့ အစားထိုးလဲလှယ်ရပါတယ်။ ကံကောင်းတာတစ်ခုက အိမ်ပြင်ရန်မှာ လိုအပ်တဲ့ပစ္စည်းနဲ့ လက်သမား၊ပန်းရံတွေကို အခကြေးပေးဖို့အတွက် ကျွန်တော်တို့ အိမ်ကြီးရဲ့နောက်မှာ သီးပင်စားပင်တွေဖွံ့ဖြိုးတဲ့ ခြံကြီးတစ်ခြံရှိပါတယ်။ ဒါပေမယ့် တချို့တွေက ဒီခြံထဲက အသီးတွေကို ယူပြီဖွက်ထားကြတယ်။ တချို့တွေက ဒီခြံထဲကအသီးတွေကို ဘေးအိမ်ကို ခိုးရောင်းကြတယ်။ ဒီအသီးခိုးတဲ့ကိစ္စကို စည်းကမ်းတကျတားမြစ်နိုင်ရင် ကျွန်တော်တို့အိမ်ကြီးကိုပြင်ဖို့ အကောင်းစားသွပ်တွေ၊ အကောင်းစားပျဉ်တွေ၊ ဘိလပ်မြေတွေ အုတ်တွေဝယ်နိုင်ဖို့ မခဲယဉ်းပါဘူး။ ကျွန်တော်တို့အိမ်သားတွေ အားလုံးသာညီညွတ်ရင် ခြစားနေတဲ့တိုင်တွေကိုလည်း ရှင်းပစ်နိုင်မှာပဲ။ ပေါက်နေတဲ့သွပ်တွေကိုလည်း ခွာထုတ်နိုင်မှာပဲ။ သီးပင်စားပင်တွေ ပန်းတွေကိုလည်း ဒီထက်ပိုပြီးစိုက်နိုင်မှာပဲ။ အသီးခိုးရောင်းတဲ့သူတွေကိုလည်း ဖမ်းနိုင်မှာပဲ။ ကျွန်တော်တို့အိမ်ကြီးကနေ ထွက်သွားပြီး ဘေးအိမ်တွေမှာ အလုပ်သွားလုပ်နေရတဲ့ အိမ်သားတွေရှိတယ်။ ကျွန်တော်တို့အိမ်မှာ ကိုယ်ပိုင်စီးပွားရေးတော့ရှိပါတယ်။ လုပ်ငန်းကိုင်ငန်းလည်း မဆိုးလှပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အိမ်သားတွေအားလုံး ၀င်လုပ်လို့ မရဘူး။ လူသုံးလေးယောက်ကပဲ ကျွန်တော်တို့အိမ်စီးပွားရေးကို အုပ်ချုပ်ထားတယ်။ ပိုက်ဆံတွေဘယ်ရောက်သွားလဲဆိုတာလဲမသိရဘူး။ ပြီးတော့ ကျွန်တော်တို့ အိမ်က ကလေးတွေတော်တော်များများ ဘေးအိမ်တွေမှာ စာသွားသင်ကြတယ်။ တချို့ဆို ဘေးအိမ်ကစီးပွားရေးပဲ ၀ိုင်းလုပ်ဝိုင်းစားပြီး ကျွန်တော်တို့အိမ်ကို ပြန်မလာကြဘူး။

ဒါပေမယ့် ကျွန်တော်သိပါတယ်။ သူတို့ဟာ ကျွန်တော်တို့အိမ်မှာမနေချင်လို့ ဆင်းသွားကြတာမှ မဟုတ်တာ။ ကျွန်တော်တို့အိမ်က စုတ်လို့ပါ။ သူတို့တွေဟာ ကျွန်တော်တို့နဲ့အတူတူ နေချင်ကြပါတယ်။  ခြံကြီးထဲမှာ ဆော့ကစားချင်ကြတယ်။ အပင်တွေ ၀ိုင်းစိုက်ချင်ကြတယ်။ ကျွန်တော်သိတယ်။ ကျွန်တော်တို့အိမ်ကြီး အသစ်ဖြစ်သွားရင် သူတို့တွေ ပြန်လာကြမှာ။ သူတို့ပြန်မလာခင် ကျွန်တော်တို့ ခြတောင်ပို့ကြီးကို တွေ့အောင်ရှာမယ်။ သွပ်အပေါက်တွေအဆွေးတွေ တွေ့အောင်ရှာမယ်။ ပိုက်ဆံတွေစုပြီး သွပ်တွေ ပျဉ်တွေ လဲထားမယ်။ ဆေးသုတ်တဲ့အခါကျတော့ သူတို့ကို ၀ိုင်းသုတ်ခိုင်းမယ်။ အဲ တစ်ခုရှိတာက ခြတောင်ပို့ကြီးလာဘ်ကောင်းတယ်ဆိုပြီးတော့ အမွှေးတိုင်ထွန်း သပြေခက်ကပ်တာတို့ မလုပ်ကြနဲ့ပေါ့။ ခြံထဲမှာစမ်းချောင်းလေးတွေပေးစီးမယ်။ ကလေးတွေကို စာကောင်းကောင်းသင်ပေးမယ်။ စိတ်ကူးယဉ်ကြည့်တာ. . .  နောက်ဆို ဘေးအိမ်ကကလေးတွေကိုပါ စာခေါ်သင်ပေးမယ်။ ကျွန်တော်တို့အိမ်ရဲ့စီးပွားရေးမှာ တစ်ယောက်တည်း ကောင်တာထိုင်နေတဲ့လူတွေကို ဖယ်ပစ်ရမယ်။

ခုချိန် ဆေးမသုတ်သင့်သေးဘူး။ ဆေးသုတ်လိုက်ရင် ဘယ်နေရာဆွေးလဲ ဘယ်နေရာခြစားလဲ ကောင်းကောင်းမမြင်ရဘူး ဖြစ်သွားမှာပေါ့။ ဒီမှာရှိတဲ့လူနဲ့ အိမ်ကြီးကို ပြန်ပြင်ကြမယ်။ ဖြိုတော့ မဖြိုလိုက်ကြပါနဲ့။ ဒီအိမ်ကြီးကိုတော့ မဖြိုပစ်လိုက်ကြပါနဲ့။ အိမ်ကြီး သစ်သစ်လွင်လွင် ခမ်းခမ်းနားနား ဖြစ်သွားတဲ့အခါ နင်တို့တွေ ပြန်လာကြမယ်မဟုတ်လား။ ငါတို့အိမ်ကြီးက အကျယ်ကြီးပါ။ နင်တို့တွေ ပြန်ရောက်လာတဲ့အခါကျတော့ ငါတို့ပန်းခြံထဲမှာ လိပ်ပြာလေးတွေဖမ်းရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြရအောင်။                       ။



ဖိုးခွား

တွေ့ဆုံကြုံကွဲ

တွေကြမယ်လေ
ဆုံ ကြရအောင် 

ကုံ ပဲ ကြုံနိုင်လွန်းတယ်
 

တွေ ဆုံက ကွဲ 

ဒီလို နေ့စွဲတွေနဲ့ပဲ 

ဘဝက ချာချာလည် နေတယ်။ 

 

**- မောင်ရင်ငဇေ -**

 

07/07/2011

မြိန်ရှက်စွာယှက်ဖြာယက်ကူးခြင်း

ကိုယ့်လူ
အေးခဲနေတဲ့ ပုံစံခွက်အချစ်မျိုးနဲ့
ကမ်းလေးကူးချင်ရင် တံတားလေးထိုးရတယ် တဲ့
အတွေးမြမြနဲ့. . . ရှုအုံး ရှိုက်အုံး
သူမရဲ့ ဝမ်းဗိုက်အောက်ကို
တခါတခေါက် ပြန်သွား မခစားမီ
ယူပါအုံး. . မြိုက်ပါအုံး
Green Machine - L.H.T

ဒါနမြောက်တော့ သီလပေါက်ခဲ့ရသလို
ပိန်းပိတ်မှောင်တဲ့ ဒီလေထုသားကြား
တစုံတယောက်နဲ့ / သို့မဟုတ်
တစုံတရာဟာ အခင်းဖြစ်ပွါးရာတိုင်း
မသိတသိ အချိန်မှာ. . .
လိုအပ်/ တပ်မက်မှုနဲ့ ပိုင်ဆိုင်မှုကို
ကြီးမြတ်တဲ့ အငြိုးနံရံပါးပါး အပျော်တမ်းခြားလို့
သိသိမိမိ အချက်ထိုးသံ ၂၃း၄၅

စိတ်ကို လာပုတ်ရင် လုပ်သာလုပ်
ကိုယ့်သက်လုံတော့ ကိုယ်သိပစေ
မမှတ်မိရင်တော့ စည်းချက်ညီညီလေး
(တိုင်ပင် မအောက်ရအောင်)
ခေါင်းထဲက ထုတ်လိုက်ပေါ့

ကန်တော့ဆွမ်းနဲ့ ကိုယ်ရေးကောင်းသူရဲ့
နေမြင့်မှ အရူးရင့်ရတဲ့ ရှု-နာ-ရှိုက်-ကုန်းဋီကာတွေ
ကာလာတင်ရင်း အရောင်ရောခဲ့တဲ့
အားတုံ့အားနာ အာမေဍိတ်သံတွေ
အသားကွဲမှ အသည်းစွဲမယ့်သူရဲ့
အရှုပ်အရှင်း မဟုတ်တဟုတ် သရုပ်မှန် လုပ်ကြံ

ပါတာရော ကျန်တာရော ရောခြင်းဖောခြင်း
ရယ်ခြင်း ငိုချင်း လွမ်းချင်းနဲ့ ဖျော်ဖြေရေးအစီအစဉ်
သိလိုက်ရတဲ့ နိုင်းချင်းနိုင်နိုင်နဲ့ ကစဉ်ကလျားတွေ
အင်လား. . အော်လား. . ထားပါ ထားပါ
လှော်ထားတဲ့. . . 'မျိုးခြားမျိုးကွဲသိခြင်းများ
သားကူးပွါးရေးစမ်းသပ်မှု' အဆင့်က ဘယ်လောက်. . ? ?

နေ့နေ့ညည ဒီလိုဟိုပုံ. . . .
ဒီည ဒီနေ့. . ဟိုည ဟိုနေ့. . . .  ဒီလိုလို ဟိုလိုလို
ဗြုတ်စဖျင်းတောင်းတိမ်ထူထပ်ရင်း
မိုးမရွာခဲ့ပါ။           ။





ယိုဒါရှီးမား

10/05/2011

ကြက်သွန်

Red Onion - Sarah Berry


ငါ့အတွက်မငိုပါနဲ့. . . .
ငါ့ရင်ကို ခွဲ
ငါ့ဘဝကို အစိတ်စိတ် အမွှာမွှာဖြစ်အောင်လုပ်ပြီးပြီပဲ
အသွေးအသားကို ပါးပါးလှီး
ငါ့ကို အမြည်းလုပ်ခဲ့
ငါ့အရေခွံလည်း ကွာကျခဲ့ရပြီ
ငါ့အငွေ့အသက်တွေက
အရိပ်လို လိုက်လာမှာ မကြောက်ပါနဲ့
မင်းကိုမင်း ဆေးကြောသန့်စင်ပြီး
ငါ့ကို ကျော့ကျော့လေး စားသုံးသွားလိုက်ပါ
ငါ့အတွက်တော့ မငိုပါနဲ့
ငါ့အတွက်နဲ့တော့ မင်းဘယ်တော့မှ
မျက်ရည်မကျပါနဲ့. . . . . ။


မောင်ရင်ငဇေ

တစ်ယောက်တစ်ခြမ်း

More Than Halfway Down This Path
Gerald Shepherd

လက်ဟာ ဓါတ်လိုက်သလို တဆတ်ဆတ်တုန်လို့ တစ်ရက်ဆိုတာ ဘာကြာလိုက်တာမှတ်လို့
ဘ၀ဟာ ခါးတယ်ဆိုတာနဲ့ သကြားတွေဈေးတက် မငယ်တော့ဘူးဆိုတဲ့ မှတ်ချက်မှာ ရမ္မက်ဟာ အလွှာထပ်ပိုး
တစ်ယောက်ကို တစ်ယောက်ပါးပါးလေးလှီးမယ် ကုန်ရောင်းကုန်ဝယ် ငယ်သူ ကြီးသူ လူငယ် လူလတ် ကလေးများမကျန်
လိုတယ် မလိုဘူး ဘယ်သူဆုံးဖြတ်မလဲ စကားစဟာ ပြောရင်းနဲ့ ပြတ်ပြတ်သွား ဓါးကဘယ်နားက ထွက်လာသလဲ
ကြားလား ကြားလား နာရီသံ သူငယ်နာ သူငယ်တွေနာတယ် နာရင်နာတယ်မှတ် မှတ် မှတ်
တမလွန်ကို ခရီးဝေးသလား တစ်ယောက်တစ်ခြမ်း ဘယ်သူခွဲတမ်းပိုများများ
စက်ကိုနှိုးလိုက်တော့ စက်ကိုနှိုးလိုက်တော့ လိုအပ်သမျှကိုသာ စားသောက်အန်ထုတ်
ဘာကြောင့်ငိုငို လမ်းဘေးချငို တစ်ချိန်မှာ အားလုံးကိုထားပစ်ခဲ့ မီးရှို့ပစ်ခဲ့
တစ်ချက်တည်းကျင်းဝင်ရုံနဲ့ ခေါင်းလေးမော့တော့မော့တော့ မရတော့ဘူးဆိုရင် မကယ်နဲ့တော့
စကားကိုကုန်အောင်မပြောနဲ့ အစားကိုလည်းကုန်အောင်မစားနဲ့ သေနတ်ကိုမောင်းတင် မျက်နှာကိုခပ်တင်းတင်းထား
ကမ္ဘာပေါ်တွင် အငတ်ဘေးရင်ဆိုင်နေရသူ ဘယ်နှစ်သန်း ပြန်ပြန်အန်ထွက်ရင် ကြည့်ရရုပ်ဆိုးလို့
ကတိတည်မလား မတည်ဘူးလား တစ်ခွန်းပဲပြော နှစ်ဆယ့်လေးနာရီ ဖြတ်သန်းသွားလာနိုင်တယ် အိပ်ရေးတော့အပျက်မခံနဲ့
ဗေဒင်လက္ခဏာ နက္ခတ် စုန်း ရေမန်း ဆီမန်း ခင်ဗျားဘာကိုမန်းလဲ ပျောက်လာ ပျောက်လာ ပျောက်လာ ပျောက်လာ ပျောက်သွား
ရာသီဥတု ပူပြင်း အေးစိမ့် ဖောက်ပြန် ဆိုးရွား ဘယ်ကြားထဲမှာပုန်းသလဲ တစ်ယောက်ကိုတစ်ယောက်ဘယ်စာချုပ်နဲ့ အငှားချ
စကားလုံးတွေကို ပန်းလိုသီ ပန်းလိုသီ မျက်စောင်းပြန်ထိုးကြည့်တော့ ပန်းလိုသီ ပန်းလိုသီး စကားလုံးတွေ။





ဖိုးခွား

02/05/2011

မဟာဝီရ

လူသား
ဘုရင်တစ်ပါး
သက်ရှိအရာအားလုံးထက်မှာ သူ့မေတ္တာတရား ဝပ်စင်းနေတယ်
ခြင်္သေ့ ဒါမှမဟုတ် အဝါရောင် သိုးတစ်ကောင်
ရောင့်ရဲတင်းတိမ်ခြင်း ကိုယ်ရုံ
အဆုံးစွန်ထိ ပေးဆပ်ခြင်း ခြေနင်း
ဖြူစင်ခြင်းရဖို့ အသိတရားကို အကြိမ်ကြိမ်လျှော်ဖွတ်. . . .

Enlightenment - Roxy

သန့်စင်ခြင်း ကြည်လင်ခြင်း သည်သာ သူ့/ ဘဝ ရဲ့ အဓိကအစိတ်အပိုင်း
မရပ်မနား သွားနေတဲ့ အချိန်စက်ဝိုင်းရဲ့ လက်ရှိ အုပ်ထိန်းသူ
ကိုယ်ပိုင်နံပါတ် နှစ်ဆယ့်လေး၊
သူက " နိဗ္ဗာန်ကိုသွားတဲ့ ခရီးမှာ
ဘုရားမလိုဘူး ၊ တရားသည်သာ ငါ. . . ငါ့ရဲ့တေးသံ ! ! "
နောက်လိုက်တွေအတွက်တော့ သူဟာ သူသာအမြင့်ဆုံး သူရဲကောင်း
သူ့မှာ
အဝတ်မပါ ခြေဗလာ ။

 

အူသောင်

စပျစ်သီးတွေ ချဉ်ရင် ပြုံးပြ မြိုချတုန်းပဲလား

ကျွန်တော့်မျက်လုံးက ကျွန်တော်အမိန့်ကို မနာခံတော့ဘူး

အလင်း ၅၀% ၊ အမှောင် ၅၀% နဲ့ ကမ္ဘာကြီးက

ခုတော့ ချဉ်တဲ့ စပျစ်သီးတွေကို သိမ်းဝှက်တတ်လာကြပြီ

အချိန်တွေက အစစ်အမှန်တစ်ခုလို အချိန်မှန် ပြန်ရောက်လာတယ်

Dots& Dashes - L.H.T

ဘဝတွေဟာ ဘယ်ပုံဘယ်နည်း ရှင်သန်မလဲဆိုတာ

ဘယ်သူ့ဆီက ဘာ ထောက်ခံချက် ယူရမှာလဲ ဒီလို

ဟန်ဆောင်မှုတွေကြားထဲ အရသာတွေ တခုချင်းစီ ပျောက်ကွယ်လာချိန်မှာ

နောက်ကျောကနေ နာမည်ခေါ်သံကြားရင် လန့်မနေဖို့ပဲ ကြိုးစားမိတယ်။



+++ ချမ်းညီချို +++

တိုက်ရိုက်ထုတ်လွှင့်ရန် မနေ့ကတည်းက ကြိုတင်ပြင်ဆင်ရိုက်ကူးခဲ့သော

Mandalay Icon Apr '11

CO2 ဓါတ်ငွေ့အမျိုးမျိုး
လေဖြတ်၍ သင့်ဘ၀ မသေစေရ
အခမဲ့ သွင်းယူနိုင်ပါသည်
မိမိနှင့်သင့်လျော်သောအမျိုးအစားများ
အထုပ်ဒီဇိုင်းအသစ်များနှင့်
(၈) ကြိမ်ပြည့်လျှင် (၁)ကြိမ် အခမဲ့
ဝိနည်းတော်နှင့်အညီ ချုပ်လုပ်ထားသော
သင်တန်းသူလက်ခံသည်
ကမ္ဘာသူ ကမ္ဘာသားအားလုံး ပျော်ရွှင်ချမ်းမြေ့
နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်
ဆိုင်ဖွင့်နိုင်သည်အထိ ကျွမ်းကျင်အောင်
ရန်ကုန်အထိ သွားစရာမလိုတော့ဘူး
ဖိနပ်စစ်စစ်များကိုသာရောင်းချပါသည်
ဖုန်းဆစ်ချက် ဆက်လိုက်ရုံနှင့်
မြန်မာနှစ်သစ်ကူး အခါသမယတွင်
အသားအရည်အဖြူအမည်း မညီသည်များကို
မင်းမရှိရင် အိပ်မပျော်ဘူး
----------------------------------------------------------------------------
----------------------------------------------------------------------------
-- လူ့လောဘ အတွက် ကြေငြာများ အုံလိုက်ကျင်းလိုက် ------
လူ့လောဘကို ----- ငါတို့---- ဘယ်လို ----  ကြေငြာမလဲ ----- ။


ဖိုးခွား


စာကိုး။ Mandalay Icon Magazine 2011 April မှ ကြေငြာများ

20/03/2011

ငါ မျှားခြင်း

အသွားနဲ့အပြန်
အလျားနဲ့အနံ
ဟပ်မိတာလည်း ဒီနှစ်ယောက်တည်း
အားရပါးရဆွဲဟေ့ သံသရာသားတွေချည်းပဲ
သံသရာကြီးထဲမှာ တဖျတ်ဖျတ်နဲ့
တလူးလူး တလွန့်လွန့်နဲ့
ရုန်းကန်နေလိုက်ရတာများ
အသက်ရှင်ဖို့. . တဲ့။

Lure(2004) - Elliott Hundley
အတင်းနဲ့အလျော့
အပြင်းနဲ့အပျော့
ခေါင်းနဲ့ပန်း တစ်ခုရွေးပါ
ဘဝ/ခန္ဓာတစုံ အဖြစ်/အပျက်တစုံ
အချစ်/အမုန်းတစုံ ထဆုံတော့
ဟုတ်လိုက် ဖုတ်လှိုက်
ဟုတ်တော့မလိုလို လုပ်လိုက်
လက်မထောင်ပြလိုက်
လက်ခလယ်ထောင်ပြလိုက်
ရင်ကော့ပြလိုက်
ခါးကုန်းပြလိုက်
မျက်စပစ်ပြလိုက်
မျက်စိမှိတ်ပြလိုက်နဲ့
ငါ့ကျောက ခြေရာတွေ တွေ့တော့ မှ
ငါလည်းမငယ်တော့ဘူးဟ လှတော့လှသား. . . ဟပ်
အားရပါးရဆွဲဟေ့ ဇရာသားတွေချည်းပဲ
မနေ့ကမှဝင်လာတဲ့ ဖဝါးလက်နှစ်လုံး
မနက်ကမှထွက်သွားတဲ့ မရဏရဲ့အပြုံး
ဘာတွေတုန်းဟ ကဗျာကလို့မပြောသေးနဲ့
သေချာကြည့်
နှစ်ခုလုံးမှာမျက်ရေစတွေနဲ့။ ။



အူသောင်

19/03/2011

အညိုရောင်နယ်မြေ


The Grey Area

တစ်နေ့တစ်နေ့ ဒီလိုပဲခွာခွာချ
လူများသမုတ်သလိုပဲ အဲ့ဒီကောင်ဟာ အခေါက်ထူ
အဲ့ဒီကောင်ဟာ အရည်ရွှမ်း အဲ့ဒီကောင်ဟာ အမြစ်ကိုခြစား
လူတစ်ယောက်အန်ချတဲ့စကားတွေကို လေးဘက်ထောက်စားတဲ့သူ
တစ်နေ့တစ်နေ့ ဒီလိုပဲ ငိုက်စိုက်စိုက်
အဲ့ဒီကောင်ဟာ နေ့မသိ ညမသိ လမသိ ရက်မသိ
အရင်းမသိ အမြတ်မသိ အတိုးမသိ အကြွေးမသိ
သူမသိဘူးဆိုတာတွေကိုတောင် တစ်ဝက်လောက်ပဲသိတဲ့ သူ
မီးများ မီးနိုင် ရေများရေနိုင်
မသိတသိတွေများတော့ သိတာကလည်းမနိုင် မသိတာကလည်းမနိုင်
အဲ့ဒီကောင်ဟာ ကြိုးဝိုင်းပေါ်တက်ပြီးစိန်ခေါ်လို့ ခပ်တည်တည်
ပ၀ါမကူ ရေမရှုကြေး ဟိုက်ရော ဟိုက်ရော
လခမောင်းခတ်နေရင်းကပဲ ဓါတ်လိုက်သေဆုံး
တောင်ကြောင်မဟုတ်တော့ တောမီးလည်းမလောင်ဘူး
သူ့ရဲ့ဆံပင်နီကျင်ကျင်တွေလောင်တယ်
ဖနောင့်မှာ အ၀ိုင်းပေါက်နေတဲ့ ကြက်ပေါင်ဖိနပ်ကလေးလောင်တယ်
သူစုပြီးသိမ်းထားတဲ့ ချစ်ချစ်ယိုစုံထဲက ထက်ထက်မိုးဦးပုံတွေလောင်တယ်
သူ့ရဲ့ကြံတိုင်းအောင်လွယ်အိတ် အစုတ်ထဲက ခြောက်လုံးပြူးကော်သေနတ်လောင်တယ်
ရေများပေမယ့်လည်း လောင်တာက
မီးမဟုတ်တော့ မငြိမ်းနိုင်ခဲ့ပြန်ဘူး
အဲ့ဒီကောင်ဟာ အရည်ရွှမ်း/အဲ့ဒီကောင်ဟာ လေးဘက်ထောက်စား/ ငိုက်စိုက်စိုက် ထက်ထက်မိုးဦးကို ယူပြီးရင်
သူ့ရဲ့ခြောက်လုံးပြူးတစ်လက်နဲ့ ဒီမြို့ကိုသိမ်းပိုက်ပြမယ်တဲ့
အားလုံးဟာ ရယ်ရင်းမောရင်း စရင်းနောက်ရင်း ဟားတိုက်ရင်း လပြည့်ညမရောက်ခင် သုံးရက်အလို
သေနတ်သံ ဒိုင်းခနဲ ကြားလိုက်ရတယ်
မြို့ဟာ ပြားပြားကိုဝပ်လို့။

ဖိုးခွား

အိမ်အပြန်မှာ စံပယ်တွေက ဖွေးလို့မွှေးလို့




စကားထဲမှာ အဆဲတစ်ခွန်းပါလိုက်ရုံနဲ့ ထပ်ပြောရဲပြောကြည့်စမ်း ပါးကို တွယ်ချိတ်နဲ့ ထိုးခံရမှာနော်လို့ ခြိမ်းခြောက်လေ့ရှိတဲ့ မိဘတွေနဲ့ ကြီးပြင်းလာတဲ့ ကျွန်တော်ရယ်၊ စကားပြောတိုင်း စောက်တစ်ခါ၊ Fuck တစ်ခါ ထည်လဲသုံးတတ်တဲ့ သူမရယ်၊ ပြီးတော့ မသောက်ပဲ မှာထားတဲ့ လိမ္မော်ရည်နှစ်ခွက်ရယ် ညနေဆည်းဆာလှလှအောက်မှာ တဖြေးဖြေးချင်း အရည်တွေပျော်လို့ လိမ္မော်ရည်ဟာ လိမ္မော်ရောင် မပေါက်တော့ဘူး။ အရသာလည်း ပေါ့နေလိမ့်မယ်၊ ဒါပေမယ့် ဆည်းဆာကတော့ လှနေတုန်းပဲ။


မဟုတ်ဘူး၊ ဆည်းဆာက မလှပါဘူး။ အိမ်မှာ အမေ အသည်းအသန် ဖြစ်နေတယ်လို့ ပြောလိုက်တာကို သူမ ကြားပုံမပေါ်ဘူး၊ ဖိနပ်ကို တမင်ပွန်းတောင် ခြေထောက်အောက်ကလမ်းနဲ့ ဆက်ပွတ်နေတယ်။ အမေက နေရာတကာ သူ့စိတ်ချည်းပဲ၊ ကြာတော့ စိတ်ကုန်လာပြီလို့ သူမ ပြောတော့ ကျွန်တော့်မှာအမေ့ကို ဆပ်စရာ အကြွေးတွေ အများကြီးရှိနေသေးပါလားဆိုတာ သူမ မေ့သွားပြန်ပြီလား၊ ကျွန်တော်စဉ်းစားနေတုန်း ဘေးဆိုင်က ညှော်နံ့က နှာခေါင်းထဲကို ထောင်းကနဲ ဝင်လာလို့လိမ္မော်ရည်ခွက်ကို လှမ်းယူလိုက်တော့ ရေခဲတွေက အရည်ပျော်ပြီးသွားလို့ လိမ္မော်ရည်ဟာ လိမ္မော်ရည် မဟုတ်တော့သလို ဖြစ်နေပြီ။ ပြီးတော့ ဒီလမ်းတွေကို လျှောက်ဖို့ မိဘတွေက ချွေးနဲ့ ဆင်ထားတဲ့ ဖိနပ်ကလေး တမင်ပွန်းအောင် လုပ်နေတာကို ရပ်စေချင်ပြီ။


မရပ်ဘူး၊ ဖိနပ်ကလေးက အတော်ပါးလာနေပြီ။ ကျွန်မက ရှင့်အတွက် အရာရာမှာ ပထမဦးစားပေး ဖြစ်ရမှာနော်၊ မိဘတွေ မောင်နှမတွေ မသိဘူး ပြောတော့ ဆိုင်က ကောင်လေးက Men Always Remember Ladies Because Of Romance Only လို့ (တစ်ခါတစ်လေမှာ) ဘာသာပြန်တတ်တဲ့ Marlboro တစ်ပွဲ လာချတယ်။ ဪ ဒါလား၊ ဟုတ်တယ် အဲဒါ အဆိပ်တွေ။ ကျွန်တော့် ကိုယ်ထဲကို အဲဒီ အဆိပ်တွေ တရှိုက်မက်မက် စုပ်သွင်းခဲ့တာ ကြာပေါ့။ တစ်လိပ်ယူပြီး မီးညှိလိုက်တော့ အမေရေ ခဏနေဦး၊ ဒီမှာ သားရည်းစားနဲ့ မအားလို့ လို့ ပြောလိုက်တုန်းက မြင်လိုက်တဲ့ အမေ့ရဲ့အပြုံးနဲ့ ဆေးလိပ်ကို ကြိုက်လို့ သောက်တာပါ အမေရယ်၊ မဖြတ်ပါရစေနဲ့ဦး လို့ ပြောလိုက်တုန်းက မြင်လိုက်တဲ့ အမေရဲ့အပြုံး တူသလိုရှိတယ်လို့ တွေးမိတယ်။

မတူဘူး။ လူတော်တော်များများအတွက် တစ်သက်မှာ အမေတစ်ယောက်ပဲ ရှိတတ်ကြတာမို့ အမေသီချင်းခွေတွေ ရောင်းမကောင်းတာနဲ့ တစ်ယောက်ထက်ပိုရှိနိုင်လို့ ချစ်သူများနေ့ သီချင်းခွေတွေ ရောင်းကောင်းတာနဲ့ မတူသလိုပေါ့ လို့ ပြောတော့ လိမ္မော်ရည်ခွက်ထဲကို ယင်ကောင်တစ်ကောင် ပြုတ်ကျလာတယ်။ ဟာ စောက် ဒီယင်ကောင်ကတော့ လုပ်ပြီ၊ Fuck! ဒီမှာ သောက်မလို့ စဉ်းစားနေတာလို့ သူမက ပြောတော့ ခွက်ထဲမှာလည်း ပိုးလောက်လန်းတစ်ချို့ တွေ့တယ်လို့ ပြန်ပြောလိုက်တော့ ဪ. . ကြားဖူးတယ် မဟုတ်လား၊ 'ပိုးလောက်လန်းတွေကို စစ်နေရတာထက်စာရင် အချစ် သွန်ပစ်လိုက်ရတာ ကောင်းတယ်' တဲ့။ အဲဒါနဲ့ပဲ လိမ္မော်ရည်တွေကို သွန်ပစ်၊ ဆေးလိပ်ကို မီးသတ်ပြီး သူမနဲ့ လမ်းခွဲလိုက်တယ်။ လမ်းပေါ်မှာ ပိုးလောက်လန်းတွေနဲ့ လိမ္မော်ရည်တွေက စီးကျနေတုန်း၊ ယင်ကောင်လေးလည်း အသက်ငင်နေတုန်းပေါ့။

Raison D'Etre - L.H.T



ဒါပေမယ့် ဆည်းဆာကတော့ လှနေတုန်းပါပဲ၊ ပြီးတော့ စံပယ်တွေဖွေးနေတဲ့ လမ်းကလေးအတိုင်း ကျွန်တော် အိမ်ကို ပြန်လာခဲ့တယ်။



ချမ်းညီချို

ချောင်လည်ပါတယ်

ကားတွေကလည်း ကျပ်လို့
ရှေ့မတိုး နောက်မဆုတ်သာ
ဖုန်းလိုင်းတွေကလည်း ကျပ်လို့
တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောနိုင်
ငွေရေးကြေးရေးကလည်း ကျပ်လို့
မသုံးနိုင် မဖြုန်းနိုင်
နေရတော့လည်း ကျပ်တည်းလို့
မလူးသာ မလွန့်သာ

Faces Of Spirals - Mary Lou

ကျက်မှတ်လိုက်ရတဲ့
ဘဝသင်ခန်းစာတွေရယ်
နီးတကျက်ကျက် ဝေးတကျက်ကျက်
ချစ်သူတစ်ယောက်ရယ်
ရင့်ကျက်နေပါပြီဆိုတဲ့
ကျွန်တော်ရဲ့ စိတ်ထားရယ်
အမြီးကျက် အမြီးစားတတ်တဲ့
လောကသားတွေရယ် ကြားမှာ
လောကဓံရဲ့ ထိုးနှက်ချက်တွေကို
ကြပ်ပူထိုးနေတုန်း
ခင်ဗျားတို့ လာ လာကြပ်နေတာနဲ့
ဒီမှာ. . . . အသက်ရှုကျပ်ပြီး
ဦးနှောက်တွေ ချောင်နေပြီ။



မောင်ရင်ငဇေ

16/03/2011

တော

တောင်တက်လမ်း၊ တောသွားလမ်း
ရွေ့နေတဲ့ တိမ်တွေ အောက်က တိတ်ဆိတ် ငြိမ်သက်ခြင်း မြေလမ်း
သဘာဝတရား လဲလျောင်း အနားယူရာ၊ အချိန်အတိုင်းအဆ မဲ့
နေ့အလင်းရောင်
အောက်က လျှို့ဝှက်သိပ်သည်းခြင်း
အစိမ်းရောင် သီးသန့်ကမ္ဘာ

ကြားလား ) ရေစိုသစ်ရွက်တွေရဲ့ နှလုံးခုန်သံ၊
သေချာနားထောင်( ကြားလား အဝေးကဌက်ခေါ်သံ

တောင်ကျချောင်း ရဲ့ ပဲ့တင်သံ ( ကြားလား
စကားလုံးတွေ တဖြေးဖြေး နဲ့ စီးဆင်းနေသလို
လွမ်းလွမ်းဆွတ်ဆွတ် နဲ့ ပြောပြနေတယ်
ဒဏ္ဍာရီတစ်ပုဒ် လို ၊
ကျောက်စရစ်ခဲတွေ ရဲ့ အကြောင်း ၊

Abstract Green

ပျောက်ဆုံးသွားတဲ့ သူတွေအကြောင်း
လူတွေအကြောင်းမှု
တူညီတဲ့ နွေဦး နေ့လည်ခင်းတိုင်း အတွက်
နေရောင်လှဲကျင်းထားခြင်း မြက်ခင်း. . ဒါမှမဟုတ်
ရှေးအကျဆုံး လေးချိုးတစ်ပုဒ်
ဆက်လက်ရှင်သန်နိုင်စွမ်း သည်သာ
အဓိက ဥပဒေသ
သဘာဝ ရဲ့ သဘော
ကြီးမြတ်သော ရိုးရှင်း မျှတမှု ၊
အခြေခံကျသော
ဖြစ်တည်မှု ဖြစ်စဉ်

ရိုင်းစိုင်းခြင်း ထွန်းကားရာ သဘာဝနန်းတော်
ခြားနားသော သက်ရှိတရား ကိန်းအောင်းရာ ခုတ်မောင်းရာ
လက်တွေ့ ကောင်းကင်ဘုံ ၊

တော. , ,
ရှင်သန်ခြင်းက သေဆုံးဖို့ပဲ ဆိုရင် သစ်ပင်တွေ ဘာပြောမလဲ



အူသောင်

တဖန်

အဆင်မသင့်တာတွေ အစဉ်တကျဖြစ်ပေါ်လာသဖြင့်

အဆင်လှလှ ချော်လဲတတ်ရန် လိုတယ်။

အိပ်မက်ထဲက အိပ်မက်ကို လိုက်မျှားရန်

ရေချိုး ခေါင်းလျှော် မျက်မှန်လဲ အဝတ်လဲပါ

အမိရဲ့ သားကောင်းတဖြစ်လဲ၊

ခရီးများရဲ့ ခရီးသွားတစ်ဦး။

သို့ပေမဲ့လည်း

ခွင့်ပြုရန်အလို့ငှာ ခွင့်ပြုချက် တောင်းခံပါ။

တိုးရင်း ပေါင်းလား၊ တိုးရင်း ဆုံးလား မသိတဲ့

အတိုးလှလှနဲ့ အဖိုးလှလှအတွက်

သက်တန့်များ. .

နွေအလှများ. . .

မျက်စိတစ်မှိတ် လျှပ်တစ်စင်းအပြက်မှာ။

(ခလုတ်မှန်မှန် သရုပ်မှန်မှန် ဆွဲတတ်ခဲ့ရင်ပေါ့)

The Deception Of Perception - Lish-55

ငြင်းဆန်ရင်း တောင်းခံရင်း

ကမ်းခြေတစ်ခုမှ ကမ်းခြေတစ်ခုဆီသို့

ထွက်ပေါက်လား ဝင်ပေါက်လား မသေချာစေတဲ့

ခြေရာတွေနောက် ခြေရာခံလိုက်ရင်း

တပတ်ရစ်ပြုံးများတပ်ဆင်လို့။

(သုံးတတ်ရင် အဆိပ်ပြင်းဆုံး လက်နက် ဆိုပဲ)

တခါတခါ မီးတောင်ဝနား

အသက်ရှုမှားနေတဲ့ သတ္တဝါတစ်ကောင်လို

တခါတခါ သားကောင် အမှားစောင့်နေတဲ့

ကောင်းကင်က သိမ်းငှက်တစ်ကောင်လို

ဖြားယောင်းခြင်းကလည်း ဖြားယောင်းမှု မမည်တော့တဲ့

ရှင်သန်ခြင်းတေးတစ်ပုဒ်။






ယိုဒါရှီးမား

12/03/2011

ပျောက်ဆုံးခြင်း

Composition With Head - Arshile Gorky





အတွေးများ
အမြင်များ
အိပ်မက်များကို
အတ္တဥခွံထဲမှာ
သေချာစွာ သိမ်းဆည်းထားခဲ့။

ကြာတော့. . .
တခါ တခါ
ငါ့ကိုယ်ငါတောင်
ပြန်ပြန်ရှာနေရရဲ့။


ယောနက်သန်

09/03/2011

အစရှိသည်များနှင့် အဲ့ဒါဘာလဲ ပိတောက်ပန်းလေ မမှတ်မိတော့ဘူးလား

ရှိနေတဲ့ အပူချိန်ဟာ ကျွန်တော့်အတွက် မဟုတ်ဘူး အမေ
ကြယ်လွဲမိုးတွေကို လွမ်းတယ်
ပိတောက်မြေကို လွမ်းတယ်။
I Wish You Well - Pin Pals


အမေနဲ့ ကမ္ဘာ ဘာနဲ့လဲမလဲ. . . ။
(ဘယ်သူ့ရဲ့ ကမ္ဘာလဲ. . .   . . )
ရေကြည်နောက်လိုက်ရင်း ရေပျောက်ခဲ့ရခြင်းတွေ
မပြောခင်
သူများနှာခေါင်းနဲ့ အသက်ရှုရင် ကောင်းမလား အမေ. .
ဒီမှာ
အသက်ရှုလည်း လေယူလေသိမ်းက သိပ်မမှန်တော့လို့. .
ကိုယ့်မြင်းကိုယ်စိုင်းရင်း
ရောက်ခဲ့တဲ့ စစ်ကိုင်းတွေ မနည်း
ဒါတောင် ဘဝက အက်ရှင်ကားလို
သူရဲကောင်းဆန်ဆန်တွေပဲ ရိုက်ချင်သေးတယ်။


ဂုဏ်ယူတယ်အမေ ခုချိန်ထိတော့
ဒင်္ဂါးသံတဝဲဝဲနဲ့ ကျွန်တော်မပြောတတ်သေးဘူး
ကလိန်စေ့တွေနဲ့ ငြမ်းမဆင်တတ်သေးဘူး။


အဆိုးဆုံးကတော့ လူတွေကို ချစ်နေတတ်ခြင်းပဲပေါ့. . .


နေကောင်းပါစေ အမေ. . .
မြင်းမိုရ်တောင်ဦးမက ကျူးတဲ့
သမိုင်းဟာ ဒီလိုပဲ နိဂုံးချုပ်လို့တော့ မရဘူး
အမေ့ကိုချစ်တဲ့ သားတစ်ယောက်လုံး ဒီမှာရှိနေသေးတယ်. . ။



ချမ်းညီချို

04/03/2011

ငါ. . မသိကိန်းနှင့် ပိုလက်တစ်များ

နီယွန်ပြကွက်ရဲ့ ကိန်းဂဏန်းတွေကြား
ကြည့်ရင်းလေ မမြင်တော့
မှော်တတ်ဆန်းပြားနဲ့ ကြင်နာဒီရေအကျ
မထွာပဲ တိုင်းမိတော့
အလင်းအမှောင်က
မှား မြဲ. . . ဆက်. . . မှား

အို. . . . . . ငါ့ရဲ့ နာကျင်ကျွန်းများ     

Horde - Erik Mansson
အလင်းတန်းရဲ့ဆုံမှတ်တစ်ခု. . .
နောင်တတစ်ခု. . . တဲ့လား
စိတ်တံခါးဝမှ ကျူးကျော်ဝင်ရောက်သော်
အနက်ရှိုင်းဆုံးသို့. . ထွေးပိုက်သိမ်းယူလိုက်ပါ
ဂျွန်ပေါရဲ့ ဖာတီမာနတ်သမီးကို ဆောင်ရင်း. .
အချစ်. . . ကြယ်ကြွေများနှင့် ငါ့အတွက် စစ်ခင်းပါ။         ။




ယိုဒါရှီးမား

03/03/2011

ဖြစ်နေကျ အချစ်ပုံစံ (၁၆)

Unfinished Business - Sophia Elise

လူ့ဘဝဆိုတာ အဲသလောက်ကို မမြဲဘူး၊ အပ်ချည်ကြိုးလေးတစ်ချောင်းနဲ့ ချည်ထားသလို
ကံကြမ္မာက လက်သန်းနဲ့ တစ်ခါတောက်ရင် ထောက်ကနဲ ပြတ်သွားတတ်တယ်
ခလုတ်တိုက်အလဲမှာ အသည်း ဟက်တက်ကွဲတယ်၊ နာမည်တစ်ချို့ မေ့သွားတယ်
စနစ်တကျ ရူးသွပ်ခဲ့တယ်၊ အရက်ပြင်းပေါ် သံသယဝင်တယ်
သီချင်းတွေနဲ့ မျက်နှာကို ခေါင်းအုံးပေါ် ဖိချတယ်
ဆုတောင်းသံ တစ်ဝက်တစ်ပျက်နဲ့ စေတီခြေရင်းမှာ
ခဲဖျက်တစ်ခုလို ရယ်မောတယ်၊ အမာရွတ်ဟောင်းတစ်ခုလို ပွတ်ကြည့်တယ်
ကြိုးတမ်းပေါ် လမ်းလျှောက်တာ သွားကြည့်တယ်
အောင်ချိမ့်လို 'ကိုကို့မှာ တိုက်ပုံအကျီမရှိဘူးကွယ်' လို့ ပြောတယ်
သစ္စာနီရဲ့ 'သတို့သားဝတ်စုံအဟောင်းလေးများ ရှိရင် စွန့်ကြဲပါ' ဆိုတဲ့ အရူးကို လိုက်ရှာတယ်
ဒီလိုပဲ
တအားရှင်းနေတော့လည်း အဖြေရှာရခက်ပြန်ရော. . . ။



ချမ်းညီချို

ဇာတ်ညွှန်းမဟုတ်သော ဖြစ်ရပ်

အချိန် - ည ၁၂ နာရီ။
သူ. . ခေါင်းငုံ့ပြီး (ခေါင်းငိုက်စိုက် မဟုတ်ပါ) လမ်းလျှောက်လာနေသည်။
အမည်းရောင်အပေါ်ဝတ်အကျီဝတ်ထားပြီး လိမ္မော်ရောင်ဂစ်တာကို လွယ်ထားသည်။

နောက်ခံ - ပတ်ဝန်းကျင်သည် မြူမှိုင်းမှိုင်းဖြင့် လှနေသည်။ အေးသော်လည်း သိပ်မချမ်းလှပါ။
ရန်ကုန်နှင့်ခြားနားစွာ လမ်းမီးတိုင်တိုင်း အ၀ါရောင်မီး လင်းနေသည်။

နေရာ - မြို့တစ်နေရာ။ သူ လူကူးမျဉ်းကျားကို ဖြတ်ကူးသည်။
တစ်စုံတစ်ရာကို တီးတိုးရွတ်ဆို လိုက်သလို နှုတ်ခမ်းရွရွလှုပ်သွားသည်။

သူ. . ရထားဘူတာကို ကွေ့ပတ်လျှောက်လာပြီး လမ်းကူးလိုက်သည်။ ခေါင်းကတော့ ဆက်ငုံ့ထားဆဲ။ ပလက်ဖောင်းပေါ်တွင် ပိုင်ရှင်မဲ့အပြာရောင် ဂတ်စ်မီးခြစ်တစ်လုံး လဲလျောင်းလျက်။ သူ. . တစ်ချက်ကြည့်ပြီး ကျော်လျှောက်သွားသည်။ ခြေလှမ်း ၃ လှမ်းလောက် လှမ်းအပြီးတွင် တုံ့ခနဲ တစ်ချက်ရပ်ပြီး မီးခြစ်ရှိရာ ပြန်လျှောက်သွားသည်။ မီးခြစ်ကို တစ်ချက် စိုက်ကြည့်ပြီး အားရပါးရ ကန်လိုက်သည်။ သူပြုံးသည်။ မီးခြစ်ကို ဆက်ကန်သည်။ ဆက်ကန်သည်။ ဆက်ကန်သည်။ ဆက်ကန်သည်။ လမ်းဘေးဆိုင် တစ်ဆိုင်ကို သွားမှန်သည်။ ဒေါင် ဟု မြည်သော အသံသည် ကားသံ တဝေါဝေါမှလွဲ၍ တိတ်ဆိတ်နေသောညအတွက် ဂီတသံပမာ ဖြစ်နေသည်။ ဆက်ကန်သည်. . .

A Muted Scene - L.H.T

လမ်းဘေးတွင်ရပ်ထားသော ကားတစ်စီးအောက် ထောက် ထောက် ထောက် နှင့် မီးခြစ်ဝင်သွားသည်။
သူ. . တစ်ချက်ရပ်ကြည့်. . . ခေါင်းမော့. . တစ်ချက်ပြုံးပြီး ဆက်လျှောက်သွားလေသည်။
(စိတ်တင်းကြပ်နေသောအချိန်. . . . တစ်စုံတစ်ခုကို အားဖြင့် စိတ်လွတ်လက်လွတ် ကန်လိုက်ခြင်းသည် စိတ်ကို ဒီလောက်ထိ သက်သာစေမှန်း သူမသိခဲ့။ ဇာတ်လမ်းထဲတွင် စိတ်ညစ်နေသော မင်းသားလမ်းလျှောက်ရင်း ဟိုကန် ဒီကန်လုပ်သည်ကို ခံစားတတ်ပြီဟု သူတွေးကြောင်း. . ဘယ်သူမှ မသိခဲ့။)



ရေနံ့သာ

ပကတိ (၁၅ )

Your Fears Are Worth A Fortune - Debora Warner



ခင်ဗျားနေကောင်းလား
စားပြီးပြီလား
ကျုပ်တို့ ဘယ်တော့စားရမလဲ
ပိုပြီးဝလာသလိုပဲ

( မလိုတဲ့စကားတွေဟာ အချိန်တိုင်းလိုအပ်လို့ )

ခင်ဗျား မနေ့ကထက်တော့ သေဖို့နီးလာပြီနော်
တိုးတိုးလေးပဲ ရေရွတ်လိုက်တော့တယ်။


ဖိုးခွား

23/02/2011

မျိုသိပ်ခြင်း (၃)









  နင်ရယ်. . .
  ဆေးလိပ်တွေရယ်. . .
  ဖြတ်ဖို့ခက်မှန်းသိသိနဲ့ ရှိုက်ခဲ့မိတဲ့ ငါရယ်. . .
  ပြာဖြစ်သွားတဲ့ အတိတ်တွေရယ်. . .
  အငွေ့ပျံသွားတဲ့ အိမ်မက်တွေရယ်. . .
  ထိုးချေခံလိုက်ရတဲ့ မျော်လင့်ချက်တွေရယ်. . .

  ပြီးတော့. . .  ဒီကဗျာ တစ်ပုဒ်ရယ်



  မောင်ရင်ငဇေ

21/02/2011

ဘလာရီ (Blurry)

သစ်ရွက်တွေ သစ်ရွက်တွေ. . . ဆောင်းတွင်းရောက်တဲ့အခါ. . . အရွက်တွေကြွေတဲ့အခါ. . . အိမ်ရှေ့မှာ အရွက်ကြွေတွေများနေတဲ့အခါ. . . . မနက်စောစောထ. . . တံမြက်စည်းလှည်း. . . စုပုံ. . မီးရှို့. . . မီးခိုးတွေ တလူလူ. . မြူမှုန်က တဝေေ၀. . . အညာစောင်လေးခြုံ. . . မီးပုံလေးနားထိုင်. . . အဖွားနဲ့စကားထိုင်ပြော. . . ခဏနေ မောင်လေးက နံပြားနဲ့ လက်ဖက်ရည်ဝယ်လာပေးချိန်မှာ နေရောင်လေးဖျဖျက ကျလာ. . စကားမစပ်.. အဲ့တုန်းက သစ်ရွက်မီရှို့ရင် သိပ်မွှန်ပဲ။

ဒါပေမယ့် မီးရှို့လိုက်လို့ မီးခိုတွေတလူလူတက်သွားတာ ကြည့်ရတာ အရသာပဲ။ မီးခိုးတွေကြားမှာ စက်ဘီးစီးရင်း အိမ်ရှေ့က ဖြတ်ဖြတ်သွားသူကို ကြည့်ရတာလဲ မျှော်လင့်ချက်တစ်ခုပဲ။ မောနင်းပက်ပေါ့။ အဲ့တုန်းက လက်ရှိမီးခိုးတွေကြားက လက်ရှိဘ၀ကို ကြည့်ခဲ့တယ်။ အခု. . မီးခိုးတွေ. . မင်သော်နံ့သင်းတဲ့ မီးခိုးတွေကြားကနေ အတိတ်ကို ပြန်မြင်နေရတယ်။ ဒီအတိတ်ကို ပြန်ပြန်သတိရတာကြီးကို မုန်းပါတယ်ဆို။ မီးခိုးတွေကြားကနေ ဂါဝန်စုတ်လေးနဲ့ကောင်မလေးကို တွေ့တယ်. . . . စက်ဘီးတ၀ီဝီနဲ့ကောင်မလေးကို တွေ့တယ်. . .  ရာစုသစ်တီရှပ်နဲ့ ဂျင်းဘောင်ဘီဝတ်ကောင်မလေးကို တွေ့တယ်. . နိုင်ငံခြားဘာသာနဲ့ ရေးထားတဲ့စာအုပ်တွေကို နားမလည်ပဲ ဖတ်နေတဲ့ကောင်မလေးကို တွေ့တယ်။

Japanese Apricot 2 - Chiho Aoshima

မီးခိုးတွေတန်ခိုးကြောင့် အဲ့ကောင်မလေးက ပြောချင်ရာတွေ ပြောတယ်။ ရေးချင်ရာတွေ လျှောက်ရေးတယ်။ ဘယ်သူမှ မနိုင်ဘူး။ ဘယ်သူမှ တားလို့မရဘူး။ အကြောင်းပြချက်ကောင်းကောင်း (မီးခိုးမွှန်တယ်လို့ ပြောချင်ပြောမယ်)နဲ့ မျက်ရည်တွေ တွေတွေကျတယ်။ ရယ်တယ်။ ဆောရီးပဲ ပြောတယ်။ ကိုယ်ထိလက်ရောက် သောင်းကျန်းတယ်။ မြင်ကွင်းတွေကြည်တော့ ပြန်ငြိမ်သွားပြန်ရော။ ဒီနေ့ကို ပြန်ရောက်သွားတယ်။ လုပ်နေကျ. . စာတစ်အုပ် ချိုင်းကြားညှပ်ပြီး ရေအိမ်ထဲဝင်သွားတယ်။ အားလုံးပြီးတော့ အပြာရောင် နာမည်ကြီး ပလုတ်ကျင်းဆေးရည်နဲ့ ပလုတ်ကျင်းပြီး  သူဘာမှမလုပ်သလို ခပ်တည်တည်ထိုင်နေလေရဲ့။

စကားမစပ်. . . မနေ့ညက မီးခိုးတွေက မမွှန်ဘူး။



ရေနံ့သာ

အလှူ

"အမေပေးတဲ့ လယ်တစ်ကွက်  ထွန်လို့ယက်လို့ ကောင်းပါ့ကွာ" တဲ့
မွေ့ယာထက်က အဝတ်ဗလာနဲ့ ငနဲက
အဆီပြန်နေတဲ့မျက်နှာမှ အားမနာ
ပါးစပ်အရသာခံတတ်သေးတယ်။

"ညီမလေးလိုလည်းချစ်ပါတယ်၊ ချစ်သူလိုလည်းချစ်ပါတယ်"
အစ်ကိုအရွယ်တစ်ယောက်ကလည်း အဝတ်အစားဝတ်ရင်း
သူ့ရည်းစားမှ အားမနာ သံယောဇဉ် အလျှော်ဇယားခင်းချင်သေးတယ်။။

"အစ်ကိုကြီးလို့ ခေါ်ကွာ"
အဖေအရွယ် အန်လကယ်ကြီးက အဖေမရှိတဲ့ ကျွန်မကို
သူ့အရွယ်ကြီးမှ အားမနာ သူငယ်ပြန်ပြနေသေးတယ်။

"ရှုပ်ရှုပ်ယှက်ယှက်နဲ့ ဇယား မရှုပ်နဲ့နော်"
ဒါက ကျွန်မတို့ရဲ့ ကျွေးမေမေ မာမီကြီးရဲ့
တခါခါ ကျွန်မတို့လို ဇယားဆိုသူတွေကို မှာတဲ့စကား။

"ဪသူကလဲ ရေမီးအစုံပါဆို "
ရေမလာ၊ မီးမရှိတဲ့ အရပ်မှာကြီးတဲ့
ကျွန်မပါးစပ်က တခါခါ ထွက်တတ်တဲ့ စကား။

Les Demoiselles - Pablo Picasso
"အကျော်ဇယားတော့ မခင်းနဲ့
အပျော်သမားတော့ ပျင်းသေးတယ်
ဒီမှာက အလျော်အစားတော့ ပြင်းတယ်"
ဒါမျိုးတွေပြောရတာ ကြာတော့ ကျွန်မပျင်းလာတယ်။

"တနေရာရာမှာ အေးဆေးသွားပျော်ရအောင်လေ"
ဒီလို စကားတွေမှာ အရည်မပျော်တတ်ပေမဲ့
ဝမ်းရေးလှမယ်ဆို ကျွန်မလည်း. . . အပျော်ပေါ့။

"ငါတို့လောကမှာ အချစ်မရှိဘူး"တဲ့
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းအချို့ရဲ့ အသံပါ၊
ကျွန်မကတော့ မိသားစုကို ဘဝနဲ့ရင်းပြီး ချစ်ခဲ့သူပါ။

တခါတခါ အထင်သေးတဲ့ မျက်လုံးတွေကို ပြောပြခဲ့ချင်ရဲ့
ကျွန်မလည်း မွေးအမေရဲ့ ကျေးဇူးကို
ဒီနည်းနဲ့ ဘယ်ဆပ်ခဲ့ချင်မှာလဲလို့. . . . ။

မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုလို့
ကျွန်မလေ တစ်ဘဝလုံးပါ လှူခဲ့ပါတယ်. . . . . ။



မောင်ရင်ငဇေ

၁း ၅၉

အိမ်မက်. .

ဆိုတာ မြူဆိုင်းနေတဲ့ မနက်ခင်း ဖြစ်ချင်ဖြစ်မယ်
ပူလောင် အိုက်စပ်နေတဲ့ ညနေခင်း  ဖြစ်ချင်ဖြစ်မယ်
လိင်ဆက်ဆံမှု တစ်ခု  ဖြစ်ချင်ဖြစ်မယ်
ခြောက်ခြားမှုတွေ ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်  ဖြစ်ချင်ဖြစ်မယ်
ကြောင်လိမ်လှေကားတစ်စင်း  ဖြစ်ချင်ဖြစ်မယ်
ရှုပ်ပွနေတဲ့ စိတ်အတွေး စတိုခန်း  ဖြစ်ချင်ဖြစ်မယ်
သွေးသံရဲရဲနဲ့ စိတ်ကူး သားသတ်ရုံ ဖြစ်ချင်ဖြစ်မယ်
မမြင်ဖူးတဲ့ ရှုခင်း မကြားဖူးတဲ့ ဂီတ ဒါမှမဟုတ်
နေရောင်အောက်က မြစ်ရေစီးဆင်းမှုမှာ အရှက်ကင်းမဲ့နေတဲ့ သင်ကိုယ်တိုင်  ဖြစ်ချင်ဖြစ်မယ်
သိစိတ်တွေက မသိခြင်း တပိုင်းတစကို ဖက်ရမ်း ငိုကြွေးနေတာ  ဖြစ်ချင်ဖြစ်မယ်
ဟန်ဆောင်ခြင်း အရေခွံ ဆွဲချွတ်တားတဲ့ အသီးတစ်လုံး ဖြစ်ချင်ဖြစ်မယ်
ခံစားချက်တွေ ရောမွှေနေတဲ့ စက်တစ်လုံး ဖြစ်ချင်ဖြစ်မယ်  
စကားလုံးတွေ ဗလုံးဗထွေး နဲ့  လည်ချောင်းဝမှာ တစ်ဆို့နေတာ ဖြစ်ချင်ဖြစ်မယ်
ပိတ်ဆို့နေတဲ့ ဝိညာဉ်တွေ ပြတင်းပေါက် မှန်က ချောင်းကြည့်နေတာလဲ ဖြစ်ချင်ဖြစ်မယ်
အပြင်က အမှောင်ထုကို. . .

Matthias Kulka
မြင့်မြတ်တဲ့ အတိတ်အကြောင်းအရာတွေထက်မှာ နေရောင်ခြည် ဖြာကျနေတာလဲ ဖြစ်ချင်ဖြစ်မယ်
အတ္တလန္တိတ်မြို့ရိုးကြီးကို လှမ်းမြင်ရသလို
အဆုံးမရှိတဲ့ ဟင်းလင်းပြင်ထဲမှာ နေရာ တစ်နေရာရဲ့အဓိပ္ပာယ်ကို ရှာနေတာမျိုး ဖြစ်ချင်ဖြစ်မယ်
ဘုရားသခင်ကို လူတွေက ဖန်ဆင်းခဲ့တာမျိုး
အချိန် နာရီ နေ့ရက်နဲ့ ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာတွေ
စက်တပ်ယာဉ်တွေ မိုးမျော်တိုက်တွေ အလောင်းကောင်တွေ နဲ့ ရယ်မောနေသူတွေ
စနစ်တွေ ဇယားတွေနဲ့ ဆေးပြားတွေ နေ့စဉ်အဖြစ်အပျက် ပုံသေနည်းဖြစ်စဉ်တွေ ကို
ကျော်လွန်ရင်း ဝတ်လစ်စလစ် အိမ်မက်တွေ နောက်မှာ သခင်မဲ့ အမဲလိုက်ခွေးတွေလို
သရေတမြားမြားနဲ့ လက်ဖျောက်သံ မကြားရလောက်အောင်ကို
လန့်နိုးချိန်မှ
ဟားး. . . ဒါ အိမ်မက်ပါလား ဆိုပြီး သက်ပြင်းချလိုက်တာလဲ အိမ်မက်တစ်ခု  ဖြစ်ကောင်း ဖြစ်နေမယ် 

အိမ်မက်

ဆိုတာ




အူသောင်



16/02/2011

နယူတန်ရဲ့နိယာမ

Last Apple - Theo Dapore



မစားကောင်းတဲ့ အသီးမို့
မစားခဲ့တာလား နယူတန်. . . ။


အာဒံ နဲ့ ဧဝရဲ့ မျိုးဆက်
ကျွန်တော်တို့ အတွက်
ကမ္ဘာမြေရဲ့ ဆွဲအားကို
မျက်ရည်များက သက်သေပြခဲ့ပြီပဲ ။   ။





မောင်ရင်ငဇေ

ဌက်တောင်


သက်ဝင် လှုပ်ရှား
နေတဲ့
လက်ရှိ ဝန်းကျင် မှာ
အနှေး ရုပ်ရှင်ပြကွက်
တစ်ခုလို
သူ ဆန့်ကျင် လွင့်ပါးနေတယ်
ဝိတိုရိယ ခေတ်ဟောင်း
ဘုရားရှိခိုးကျောင်း
အမိုးစွန်းပါး
တစ်နေရာ
မှ
-
သို့

Birds Of A Feather - Beckman Art
  ည
အမှောင်
လရောင်
လေတိုက်နေတယ် ) သစ်ပင်
မီးရောင်
အသက်
ရှင်သန်မှု
အသက်ရှင်သန်မှု ( အရှင်
ရှိသော
သတ္တဝါ အမျိုးအစား
တစ်ခု / တစ်စု ၏
လေထု ဝန်းကျင် သို့
ဖြေးညှင်းစွာ ( သူ
တိုးဝင် ( ဆဲ
ဝင်ရောက် ( ဆဲ
ယဉ်ကျေးမှု ရှိ သော
တိရစ္ဆာန်များ
နေထိုင်
ရှင်သန် ကျက်စားရာ ဝန်းကျင်
မိတ်ဖွဲ့သံ ရယ်မောသံ
ကားသံ
စီကရက် မီးပွားများ လွင့်စင်သွားသော
လူသွား စင်္ကြန်
. . . . . .


အူသောင်

သွေး

ဒီကနေ အဖွားရဲ့အိမ်အထိ ရောက်ဖို့ဆိုရင် အနည်းဆုံး တစ်နာရီခွဲလောက် ကြာမယ်။ အခုလို နှင်းတွေကျပြီး ရေတွေခဲနေတဲ့အချိန်မှာ ပိုလို့တောင် ကြာနိုင်သေးတယ်။ နေမကောင်းလို့ မထနိုင်၊ မလှုပ်နိုင်ပဲ အေးစက်နေတဲ့ အိမ်အိုလေးအတွင်းက ခုတင်အပေါ်မှာ လှဲနေမယ့် အဖွားကို မြင်ယောင်မိတာကြောင့် သွားဖြစ်အောင် သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အမေပြုတ်တိုက်တဲ့ စွပ်ပြုပ်ပူပူနွေးနွေးကို သောက်အပြီး သားရေအနွေးထည်ကို တင်းတင်းရင်းရင်း လေမဝင်နိုင်အောင် ဝတ်ပြီး ဒါးမြှောင်ကို ခါးကြားမှာ အိပ်နဲ့ အသေအချာ ဝတ်လိုက်တယ်။ ဒီဓားက အဖေကိုယ်တိုင် သူအရွယ်ရောက်လာလို့ လက်ဆောင်ပေးထားတဲ့ ဓား။ မြေခွေးတွေရဲ့ ရန်က ကာကွယ်နိုင်အောင်လို့ပေါ့။ သူတို့ အိမ်နဲ့ အဖွားရဲ့ အိမ် သွားရာ လမ်းမှာ တောအုပ်တစ်ခု ရှိတယ်။ အဲဒီတောအုပ်ထဲမှာ မြေခွေးတွေလည်း ရှိတယ်။


အပြင်ကိုရောက်တော့ တိုက်နေတဲ့လေက ရေခဲဓားနဲ့ တဖြည်းဖြည်းချင်း လှီးဖြတ်နေသလိုပါပဲ။ အကျီနဲ့ လွတ်နေတဲ့ နေရာတိုင်းဟာ အေးပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်စေတယ်။ တောအုပ်အစပ်ကိုရောက်တော့ အရင်ထက်ပိုပြီး အရာရာကို သတိထားပြီး နေမိတယ်။ အဖွားအိမ်ကိုရောက်ဖို့ သိပ်အဝေးကြီး မလိုတော့ပါဘူး။ နောက်ထပ်နှစ်မိုင်လောက်ဆိုရင် ရောက်ပါပြီ။ တိတ်ဆိတ်နေတဲ့သစ်ပင်ကြီးတွေနားက ဖြတ်လျှောက်လာတုန်း နားထဲမှာ အသံတစ်ခုကြားမိတယ်လို့ ထင်တယ်။ လက်တစ်ဖက်က ဓားရိုးပေါ်မှာရှိနေပြီး ပုံမှန်ပဲ အရှိန်မပျက် ဆက်လျှောက်နေလိုက်တယ်။ ဟုတ်ပါတယ်၊ သူ့နောက်မှာ တစ်ယောက်ယောက် လိုက်လာနေတယ်။ တစ်ယောက်ယောက် မဟုတ်ပဲ တစ်ကောင်ကောင်လည်း ဖြစ်နိုင်တယ်။ ဓားရိုးပေါ်တင်ထားတဲ့ လက်ဟာ ချွေးစေးတွေ ပြန်လာတယ်။ သူ့ ရင်ခုန်နှုန်းဟာ ခုနကထက် ပိုပြီး မြန်လို့လာနေတယ်။

သူ့နှာခေါင်းထဲကို သွေးနံ့လိုလို၊ အပုပ်နံ့လိုလို အနံ့တစ်ခုဝင်လာတဲ့အချိန်ကျတော့ ဒါဟာ မြေခွေးတစ်ကောင်ပဲ၊ သူ့နောက်ကို လိုက်လာတာဟာ မြေခွေးတစ်ကောင်ပဲ ဆိုတာ ကျိန်းသေသွားပြီ။ အမှန်တကယ်တော့ သူ့အဖွားရဲ့ အိမ်ကလည်း သိပ်မဝေးတော့ဘူး။ အကူအညီလိုရင်လည်း ရွာထဲက လူတွေရှိတယ်။ ကလေးသာသာအရွယ်ဆိုပေမယ့် တောထဲမှာကြီးပြင်းလာသူပီပီ သူ မြေခွေးတွေကို မကြောက်ပါဘူး။ ဒါပေမယ့် အားကြီးတဲ့ မြေခွေးဆိုရင်တော့ သူ့အနေနဲ့ ယှဉ်ပြိုင်ရ သိပ်ခက်လိမ့်မယ်။ ဒါတွေအတွက် စဉ်းစားချိန်တောင် မရလိုက်ပါဘူး။ ဝေါင်းဆိုတဲ့ အသံနဲ့ သူ့ဆီ အနောက်ကနေ ခုန်ဝင်လာတဲ့ မြေခွေးကို မျက်လုံးထောင့်မှာ ရိပ်ကနဲ တွေ့လိုက်ရတယ်။ ဓားရိုးပေါ်တင်ထားတဲ့လက်ဟာ ဓားကိုတခါတည်း ဆွဲထုတ်ပြီးသား ဖြစ်သွားတယ်။ ကိုယ်ကို တစ်ပတ်လှည့်ပြီး ခုန်ဝင်လာတဲ့ မြေခွေးရှိရာဘက်ကို ဓားကဆွဲမွှေ့အပြီး လူကလည်း လမ်းပေါ်မှာ တစ်ဖက်ကို လှိမ့်ရှောင်ပြီးသား ဖြစ်သွားတယ်။ သူ ကံကောင်းပါတယ်။ ဓားအသွားက ခုန်အုပ်လိုက်တဲ့ မြေခွေးရဲ့ လက်တစ်ဖို့ကို ဖြတ်လိုက်ပြီးသား ဖြစ်သွားပြီး သူလည်း မြေခွေးရဲ့ အစွယ်တွေနဲ့ ဝေးရာဘက်ကို ရှောင်ပြီးသား ဖြစ်သွားတယ်။ မြေခွေးရဲ့လက်က သွေးတွေဟာ နှင်းတွေပေါ်မှာ ရဲကနဲ ပဲ။ မြေခွေးကတော့ နာကျင် ဆိုးရွားစွာ အော်ဟစ်ပြီး တောထဲ ဝင်ပြေးသွားလေရဲ့။ သူလည်း ပါလာတဲ့ အဝတ်စနဲ့ ပြတ်ကျန်ခဲ့တဲ့ မြေခွေးရဲ့ လက်တစ်ဖက်ကို ထုတ်ယူလာပြီး သိပ်မဝေးတော့တဲ့ အဖွားအိမ်ကို ဆက်လျှောက်လို့လာခဲ့လိုက်တယ်။


ထင်ထားတဲ့ အတိုင်းပါပဲ။ သူရောက်တော့ အဖွားရဲ့ အိမ်ကလေးဟာ အေးစက်ပြီး ရုတ်တရက်ဆိုရင် လူမနေဘူးလို့တောင် ထင်ရတယ်။ အနံ့ကလည်း မကောင်းဘူး၊ ညှီစို့စို့ နဲ့။ "အဖွားရေ .. အဖွား" သူ အသံပြုလိုက်တော့ အခန်းထောင့်က အဖွားရဲ့ ညည်းသံလိုလို အသံပြုသံတစ်ချက်ကို ကြားရပါတယ်။ အဲဒါနဲ့ပဲ အရင်ဆုံး မီးဖိုကို မီးတောက်လာအောင် လုပ်လိုက်ပြီး အဖွားအတွက် စွပ်ပြုပ်လုပ်ဖို့ ရေတွေ၊ ပဲတွေ၊ အာလူးတွေကို စားပွဲပေါ်မှာ နေရာတကျ ချတယ်။ ခုတင်ပေါ်က အဖွားဆီက ညည်းသံ တစ်ချက်တစ်ချက်ကြားရတယ်။ ထင်းတွေရဲ့ မီးတောက်အရှိန်ကြောင့် အိမ်ကလေးဟာ လင်းလင်းချင်းချင်းနဲ့ နွေးနွေးထွေးထွေးလည်း ရှိလာပါတယ်။ ခုနက တောထဲမှာ သူခုတ်ဖြတ်ခဲ့တဲ့ မြေခွေးရဲ့ လက်တစ်ဖက်ကို ထည့်ထားတဲ့ အဝတ်စကို ဖြည်လိုက်တော့ အစွယ်ကောက်ကောက်တွေနဲ့ ညစ်ထေးထေး မြေခွေးလက်တစ်ဖက်ကို တွေ့ရမယ့်အစား လူတစ်ယောက်ရဲ့ လက်ဖြစ်လို့နေပါတယ်။ အသေအချာ ပြောရရင် မိန်းမတစ်ယောက်နဲ့ လက် ဖြစ်လို့နေပါတယ်။ လက်အပြတ်ရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ လက်ထပ်လက်စွပ်တစ်ကွင်းတောင် ဝတ်ထားပြီး သူ ဒီလက်စွပ်ကို မြင်ဖူးတယ်လို့ ထင်နေပါတယ်။ ဒီလက်စွပ်က အဖွားရဲ့ လက်ထပ်လက်စွပ်ပဲလေ။ အဖွားကို လှမ်းကြည့်လိုက်တော့ ခုတင်ပေါ်က အဖွားကလည်း သူ့ကို ပြန်စိုက်ကြည့်နေပါတယ်။ အခုမှပဲ မီးရောင်ကြောင့် ကြမ်းပြင်ပေါ်က သွေးစက်တွေကို သူ မြင်ရပြီး သွေးတွေက အဖွားရဲ့ ကုတင်ခြေရင်းမှာ ဂိတ်ဆုံးနေတယ်။ အဖွားခြုံထားတဲ့ စောင်ပေါ်မှာလည်း သွေးကွက်တစ်ချို့ နဲ့၊ သွေးစတစ်ချို့နဲ့။ အဖွားက ဘာမှ မပြောပဲ သူ့ကို စိုက်ကြည့်လို့နေပါတယ်။ သူ့ရဲ့ လက်က ဓားရိုးပေါ် ပြန်ရောက်သွားတယ်၊ သူ့ရဲ့ ရင်ခုန်နှုန်းတွေကလည်း မြန်လို့ လာနေပါတယ်၊ ပြီးတော့ သူဟာ ငိုချလိုက်ချင်အောင်ကို ဝမ်းနည်းလို့လည်း လာပါတယ်။


http://ny-image2.etsy.com



ချမ်းညီချို


 မှီး**  Angela Carter's The Werewolf

21/01/2011

အပိုင်းအစများ

Music Is Math - Tatiana Plakhova


အရာအားလုံးကို သေချာချင်ပေမယ့်
သေခြင်းတရားကိုတော့
မသေချာချင်သေးဘူး။
ကြံနေမယ်။
ကျန်ခဲ့မယ်။ မြန်နှုန်းမြင့် ကွန်ယက်များ။

ငါတို့ဟာ
"ခြင်တွေကို ဒီိလိုနည်းနဲ့တော့ အနိုင်ယူလို့မရဘူး"
ဆိုတော့လည်း
အစမသိ။ အဆုံးမရှိ။

ဟုတ်ကဲ့။
ကျွန်တော် ယဉ်ကျေးခဲ့ပါတယ်
ပုဆိုးနဲ့ တိုက်ပုံနဲ့တော့  မဟုတ်ခဲ့ပါ။



လင်းဝေ

အရှက်ဟာ (တကယ်ဆို)

Personal Works - Grant Coghill




ရမ္မက်နတ်စိမ်းများအား. . .
အရှက်သွေးသားများနဲ့ ယာဇ်ပူဇော်
တခါသုံးယဉ်ကျေးမှုပြယုဂ်များ အရည်ပျော်
အရှက်ခေါင်ရှားလို့ အရှက်ကန္တာရတွေ ထွန်းပေါက်
အရှက်ကာဗွန်မွန်အောက်ဆိုဒ်တွေ သိပ်သည်း. . . 
ဟိုကဒီက ရုပ်သေးရုပ်လေး ကြိုးပြတ်လို့ . .
နောက်ကြည့်မှန် မပါတဲ့ အရှက်ကမ္ဘာကြီး ပူနွေးလာ
ဒါ. . . အရှက်ပြဒါးတိုင်ရဲ့ စိုးရိမ်မှတ် ။       ။

တကယ်ဆို. .
အရှက်မီးကြောင့် သင်မလောင်ပါစေနှင့်။
သင့်အရှက်ကြောင့် မီးမလောင်ပါစေနှင့်။
သင့်ကြောင့် အရှက်မီးမလောင်ပါစေနှင့်။
သင့်အရှက်ကြောင့် အရှက်မီး သင်မလောင်ပါစေနှင့်။
 
တကယ်ဆို. .
ဇာတ်က အရှက်နဲ့ တွေ့၊ အရှက်နဲ့ ကြိုက်
အရှက်နဲ့အတူ ငိုပြလိုက်၊ ရယ်ပြလိုက်နဲ့
အရှက်လိပ်ပြာတွေ ပျံဝဲရင်း
အရှက်ဒုက္ခတွေ ကျော်ဖြတ်ရင်း . .
အဆုံးတော့ အရှက်နဲ့ ညားတဲ့ အရှက်ဇာတ်မြူးလေး။

တကယ်ဆို. .
အရှက်က သိက္ခာတင်ပြီးပြီ။
အရှက်ကို ရေရောခြင်း သည်းခံပါ။
အရှက်ကို ရေလဲပါ၊ ခြေမသုတ်ပါနဲ့။
အရှက်ဆိုတာ တစ်နေ့ ရွှေဥတစ်လုံး ဥပေးတဲ့ ငန်းပျိုဖြူ။




တကယ်ဆို. .
အရှက်ဆိုတာ တစ်နှစ်သုံးသီးစားပင်ကြီး။
အရှက်ကို ပူနွေးနေစဉ်အတွင်း အားရပါးရ သုံးဆောင်ပါ။
အရှက်သည် လျှာပေါ်တွင် အလွယ်တကူ ပျော်ဝင်နိုင်ပါသည်။
အရှက်ဆိုတာ နောက်ဆုံးပေါ် အန်တီဗိုင်းရပ်စ် ဆော့ဖ်ဝဲလ်။


ယုံပါ. . 
တကယ်ဆို. . 
အရှက်တစ်ခုပဲ လိုတယ်။        

ယိုဒါရှီးမား

ရက်လွန်သီး

Electric Poutine's "Forest Demon" - Jthree


ပြီးသွားတော့လည်း ပြီးသွားတာပဲ
မမှီနိုင်ခဲ့တဲ့ စပျစ်သီးလည်း မချဉ်ခဲ့ပါ။
ထွေးပြီးသား တံတွေး ပြန်မြိုဖို့
ရောဂါတွေ စစ်မနေနဲ့
ရက်လွန်နေတဲ့ နို့တစ်ခွက်က
ဘယ်တော့မှ အားဆေးတခွက် မဖြစ်ခဲ့သလို
လွတ်သွားတဲ့ ငါးအတွက်
ပိုကြီးတဲ့ ငါးမျှားချိတ် တစ်ချောင်းလည်း အသုံးမဝင်ပါ။  ။

ရောင်စုံသက်တန့်ကလေး လှဖို့အတွက်
မိုးတပေါက် ရွာခဲ့ပြီးပြီပဲ
နှင်းဖွေးဖွေးတွေက ကြည့်လို့တော့လှပါရဲ့
ဘယ်လောက်ကြာကြာ ဆုပ်ကိုင်ထားနိုင်မလဲဆိုတာက
ပိုအဓိက ကျခဲ့တော့. . . .
အလကားရလို့ ချခဲ့တဲ့ သက်ပြင်းတွေက
ကမ္ဘာမြေကို ပိုပြီး ပူနွေးစေခဲ့တယ်။


မောင်ရင်ငဇေ

20/01/2011

လူကြီးလူကောင်းများဖတ်ရန်ကဗျာ

လူကြီးလူကောင်းများဖတ်ရန်အတွက် ကဗျာမှာ စကားလုံး အလုံးရေကန့်သန့်ချက်ရှိတယ်။ ဒီကဗျာမှာပါတဲ့ စကားလုံးအရေအတွက်ဟာ လူကြီးလူကောင်းဖတ်ဖို့အတွက် သတ်မှတ်ချက်ပဲ။ လူကြီးလူကောင်းများဖတ်ဖို့ ဖြစ်တဲ့အတွက် ဒီကဗျာထဲမှာ အနိမ့်စားတွေပါမှာမဟုတ်ဘူး။ အားလုံးဟာ လန်ထွက်နေမယ် ပြန်ထွက်နေမယ်။

American Dream - Pat Kuleta

ဒီကဗျာဟာ ချမ်းသာတဲ့ကဗျာ အဖူးအညွှန့်တွေ ခူးစားနိုင်တဲ့ကဗျာ. . လက်လုပ်လက်စားများဖတ်ခွင့် မရှိတဲ့ ကဗျာ. . ပင်လယ်ဘီအီးနဲ့ ရောသောက်လို့မရတဲ့ ကဗျာ. . ဖက်ကြမ်းဖွာပြီးဖတ်လို့ မရတဲ့ ကဗျာ။ ဒီကဗျာထဲမှာ နေ့ပြန်တိုးနဲ့ ဈေးရောင်းနေတဲ့ ဟင်းရွက်သည်မပါဘူး။ ငါးဆယ်တန်ဘတ်စ်ကားမပါဘူး. . . အို ရှင်းရှင်းပြောမယ် နှစ်ရာတန်အထူးကားလည်း မပါဘူး။ တက္ကသိုလ်ဘွဲ့ကို ဘ၀နဲ့လဲပြီးယူတဲ့ သူဆင်းရဲမလေးတွေ မပါဘူး။ ဆန်ကြမ်း မပါဘူး။ ဘေထုပ်သည် မပါဘူး။ မာဆက်လည်း မပါဘူး. . မာစွပ်လည်းမပါဘူး။ ဆဲရေးတိုင်းထွာတာ မပါဘူး။ ကလူ၏သို့ မြူ၏သို့ မပါဘူး။ ဟစ်ဟော့ပ်သီချင်း မပါဘူး။ မော်ဒန်ရော့ခ် မပါဘူး။ လုံးဝအသန့် လူကြီးလူကောင်းတွေ အတွက်။

American Dream - Pat Kuleta
ဆိုတော့က. . . သည်ကဗျာကိုဖတ်ဖို့ ခင်ဗျားစစချင်း လက်အုပ်ကလေးချီရမယ်။ ဖိနပ်ချွတ်ရမယ်။ ဒီကဗျာထဲခင်းထားတဲ့ ကော်ဇောက သိန်းငါးဆယ်လောက် တန်တယ်။ အနွေးထည်ထူထူ ၀တ်ဖို့ လိုမယ်. . သည်ကဗျာထဲက လေအေးပေးစက်က တအား အေးတယ်။ ခင်ဗျား ခြေဖျားမထောက်နဲ့. .  အမျိုးသမီးဆိုရင် ထောက်မြင့်ဖိနပ် မစီးနဲ့။ ကဗျာထဲမှာ လေယာဉ်ပျံတွေက နိမ့်နိမ့်ကလေးလည်း ပျံလေ့ရှိတယ်။ သည်ကဗျာထဲမှာ အီးမပေါက်နဲ့။ ကွမ်းတံတွေးမထွေးနဲ့။ ဆေးလိပ်မသောက်နဲ့။ ဂျင်းဘောင်းဘီအပြဲ မ၀တ်နဲ့။ ဒူးမနန့်နဲ့။ လိင်မဆက်ဆံနဲ့။ ကဗျာထဲမှာ စားစရာတွေ တွေ့တဲ့အခါ လက်နဲ့ ကောက်မစားနဲ့။ အကျီစနဲ့ လက်မသုတ်နဲ့။ ကဗျာထဲကို လာမယ်ဆိုရင် တက်ခ်စီနဲ့ မလာနဲ့. . ဆိုက်က္ကားနဲ့ မလာနဲ့. . လမ်းလျှောက်ပြီးမလာနဲ့။ တိုက်ပုံဝတ်ပါ။ ရင်ထိုးတပ်ပါ။ ပုဆိုးချက်ပြုတ်မ၀တ်ရ။ လယ်ကတုံးကြယ်သီးမှာ အနည်းဆုံးစိန်တစ်လုံးပါပါစေ။ လက်ကိုင်ဖုန်းတွေ ပိတ်ထားပါ။ ဒီကဗျာအ၀င်ဝမှာ အလံရောင်စုံသေးသေးလေးတွေ ထောင်ထားတယ်။ အမှိုက်တွေရှင်းထားတယ်။ တွေ့သမျှအပင် ထုံးသုတ်ထားတယ်။ ယာဉ်ထိန်းရဲတွေအများကြီးရှိတယ်။

American Dream - Pat Kuleta
ကဗျာဟာ စကာင်္ပူကို နေ့ချင်းပြန် သွားချင်သွားမယ်. . ဒါ့ကြောင့် ငွေလုံလုံလောက်လောက်ယူခဲ့ဖို့ လိုမယ်။ ကဗျာဟာ ချမ်းသာလွန်းတော့ သူ့ကိုယ်သူတောင် ကွန်ကရစ်တွေ ခင်းပြစ်ချင် ခင်းပြစ်လိမ့်မယ်။ ကဗျာဟာ လန်ဘိုဂီနီ စီးချင်စီးမယ် ရိုးရွိုက်စ် စီးချင်စီးမယ်။ ဘဏ်တွေ ဆီဆိုင်တွေ ကောက်ဖွင့်ချင်ဖွင့်မယ်။ ကျွန်းတွေခုတ်ချင်ခုတ်မယ်။ ဘာမှ ၀င်မပြောနဲ့. . .
ဒါဟာ. . . လူကြီးလူကောင်းဖတ်ရန်အတွက် ကဗျာ။ ဒါပေမယ့် စိတ်မကောင်းစရာ. . . တကယ့်ကို စိတ်မကောင်းစရာ။ သည်ကဗျာကိုဖတ်ရန်အတွက် လူကြီးလူကောင်းဟာ လွန်ခဲ့သော နှစ်အတော်အသင့်က ကံတော်ကုန်ရှာပြီလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် ကဗျာမှာ လူကြီးလူကောင်းမျာဖတ်ရန်အတွက် စကားလုံး အလုံးရေ ကန့်သန့်ချက်ရှိတယ်။ ခင်ဗျားဘက်က သည်ကဗျာကို အထက်ပါအချက်အလက်များနဲ့ ကိုက်ညီအောင်မဖတ်နိုင်ဘူးဆိုရင် ပြစ်ဒဏ်အနေနဲ့ တံတွေးတစ်ချက်တော့ ထွေးခဲ့ဖို့ လိုမယ်။ ကဗျာရဲ့ နောက်ဆုံးစာကြောင်းပုဒ်မ ဘေးမှာ. . . 
ခင်ဗျားအပါအ၀င် ရဟန်းရှင်လူများထွေးရန် စိန်စီသော တံတွေးခွက်။





ဖိုးခွား

18/01/2011

လက်ဆောင်. . . . ( XVIII )

တောက်တောက် ပပ
ယုယု ယယ
အမြတ်တနိုး
ထုပ်
ပိုး
ထား
တယ်. . . စည်း နှောင် မှု
တစ် ခု
တစ် ထောင့်
တစ် ည ပုံပြင် တစ်ပုဒ် လို
လိုတရ မီးခွက် တစ်လုံး လို
အာရေဗျ ည တစ်ည့လို
သဲ နာရီ ထဲ မှာ
လိုတရ ခြင်း တွေ ထည့် ထားတယ်

. . . . ( ဆန္ဒ ပြု ဖို့ မမေ့ပါ နဲ့


ဝမ်းနည်းမှု
ကြေကွဲမှု
နာကြည်းမှု
နဲ့
ရောဂါဘယ တွေ
မျက်ရေ ကျဆင်းခြင်း တွေ
ပြန် ) သိမ်းဆည်းဖို့
ပန်ဒိုရာ သေတ္တာ တစ်လုံး
ပါ လိမ့်
မယ်
. . . . (မျှော်လင့်ခြင်း တွေ
ထုတ်ယူထား ဖို့ မမေ့ပါ နဲ့

လေညှင်း တွေ
ပန်းပွင့် တွေ
နှင်းစက် တွေ
နဲ့
နှစ်သစ်ကူး ညတွေ
ကြယ်ရောင် တွေ
. .
ချ
ထားတဲ့
ကမ်းခြေကို
လှိုင်းတွေ ခတ်နေတယ်

. . . . (တိတ်ဆိတ်ခြင်း ကို
ရှုရှိုက် ဖို့ မမေ့ပါ နဲ့


အတိတ်
ပစ္စုပ္ပန်
အနာဂတ်
တွေ
ရပ်တန့်နေတဲ့

အရည်ပျော် နာရီ တစ် လုံး ) ဒါမှမဟုတ် ( အချိန် စက်ဝိုင်းပြတ် တစ်ခု 

နှုတ်ဆက်ခြင်း / ခွဲခွာခြင်း မရှိသလို
ဝင်ရောက်ခြင်း / ထွက်ခွာခြင်း လည်း မရှိဘူး

နောက် )
အတိုင်းအတာ မဲ့
အခေါ်အဝေါ် မဲ့
ငွေကြေး
ယူနစ် မဲ့
ပေါက်ဖွားမှု
မျိုးပွားမှု
အသွင်ကူးပြောင်းမှု မဲ့
အဆင့်အတန်း ( ခွဲခြားမှု မဲ့
နေ
တဲ့ -

ထိတွေ့
လိုက်တိုင်း--
ထိတွေ့
မှုတိုင်း အသက်ဝင်နေတဲ့ အလယ်ခေတ် ကမ္ဘာ
လောင်စာဆီ မပါ (တဲ့)
ဘဝ ယန္တရား
လက်
ဆောင်

. . . . ( ရှေးခေတ် အဆောက်အဦး များရဲ့ နုပျိုချိန်ကို
မိန်းမောဖို့ မမေ့ပါနဲ့

ရိုးရာ
ဓလေ့
ထုံးတမ်း စဉ်လာ
စည်းမျဉ်း စည်းကမ်း မဲ့

ဘာသာ
လူမျိုး
ကာရံ ကာလ မဲ့

ပုံသေနည်း မဲ့ သက်မှတ်ချက် မဲ့
လွတ်လပ်မှု
နဲ့
တဂိုး
ရဲ့ ကဗျာ တွေသာ
လေထု မြေထု
ထက်က သာယာတဲ့ ညနေခင်း
နေရောင်
. . .
ချ
ခင်းထားတဲ့ မြက်ခင်းရဲ့ နွေးထွေးမှု
ဂီတရဲ့လေတိုးသံ

ဘဝ ) ဒါမှမဟုတ် ( အိမ်  

. . . . ( ဆုတောင်းမှုတိုင်းဟာ ကဗျာတစ်ပုဒ် ဆိုတာ မမေ့ပါနဲ့

ပေးပို့သူ
ဆိုတဲ့
နေရာ ( ကွက်လပ် မှာ

ရိုးသားတဲ့
မိစ္ဆာတစ်ကောင် ရဲ့
လက်ဆောင်
ရောမ
အက္ခရာ
XVIII . . . .

( အတွက် )





အူသောင်

ဖြစ်နေကျ အချစ်ပုံစံ (၁၅)

ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။

သူမကြောင့်ပင် ဖတ်သူမရှိသောကြောင့် စကားလုံးများအဖြစ်သို့ မရောက်ရှိနိုင်ခဲ့သည့် "နင့်ကို ငါ ချစ်တယ်" ဆိုသော စာလုံးများကို ကျွန်တော် ပြန်လည် ဆွဲထုတ်လာခိုက် ကောင်းကင်တွင် ကြယ်အစင်းတစ်ရာ ကြွေကျမသွားပါ။ နေသည်လည်း အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်သို့ ဝင်သွားပြီး ညရောက်သောအခါ ပတ်ဝန်းကျင်သည် မှောင်မှောင်မဲမဲရှိလာပါသည်။ "ဒါ ရှေးဘဝက ရေစက်ပါလို့ပဲ သိလား" ဟု သူမဆိုသောအခါ ကျွန်တော် ပြုံးမိပါသည်။ ဘာကြောင့် ပြုံးလိုက်မိသလဲ ကျွန်တော် မသိပါ။ ပြုံးချင်၍ ပြုံးလိုက်ခြင်းသာ ဖြစ်ပါသည်။ သို့သော် သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသောကြောင့် ဘာရယ်မဟုတ် ပြုံးချင်၍ ပြုံးလိုက်ခြင်းသာဖြစ်ကြောင်း အဆောတလျှင် ရှင်းပြမိပါသည်။ "မယုံဘူးပေါ့လေ ဟုတ်လား" ဟု ဆိုသောအခါ "အဲလိုလည်း မဟုတ်ပါဘူး" ဟု ခပ်ပေါ့ပေါ့ ပြန်ဖြေမိပါသည်။ ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။

The Swing - George Gallant

ကျွန်တော် ကြိုက်သော သီချင်းအမျိုးအစားများ၊ အဆိုတော်များကို သူမ မကြိုက်သလို သူမကြိုက်သော သီချင်းအမျိုးအစား၊ အဆိုတော်များကို ကျွန်တော် မကြိုက်ပါ။ သို့သော် သူမ ကြိုက်သော သီချင်းများ၊ အဆိုတော်များအကြောင်း သူမ ပြောသောအခါ နားထောင်ပေးရုံတင်မဟုတ်ပဲ ကျွန်တော်ပါ သူတို့အကြောင်း ပြောလို၍ သူမ ကြိုက်သော သီချင်းအမျိုးအစားများကို ကျွန်တော် လိုက်နားထောင်ဖြစ်၊ အဆိုတော်များအကြောင်းကို လိုက်ပြီး လေ့လာဖြစ်ပါသည်။ အံ့ဩစရာကောင်းသည်မှာ သူမလည်း ကျွန်တော်ကြိုက်သော သီချင်းများကို လိုက်နားထောင်၊ အဆိုတော်များအကြောင်းကို လိုက်ပြီး လေ့လာနေသည်ကို မျှော်လင့်မထားပဲ သိလိုက်ရပါသည်။ ဒီလိုကိစ္စများသည် လူတော်တော်များများအတွက် အရေးမကြီး၊ အရေးမပါသော ကိစ္စများ ဖြစ်နိုင်သော်လည်း ကျွန်တော်တို့နှစ်ယောက်အတွက်မူ ကြည်နူးစရာကိစ္စတစ်ခု ဖြစ်လို့နေပါသည်။ တစ်ယောက်ကြိုက်သော သီချင်းများ၊ အဆိုတော်များအကြောင်း တစ်ယောက်ကလည်း သိနေခြင်းမှာ ကျွန်တော်နှင့်သူမကို ပိုပြီး နီးကပ်သွားအောင် ဆွဲစေ့လိုက်သလိုရှိသည်ဟု ကျွန်တော် ထင်သည်။ အနည်းဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် ပြောစရာစကားမရှိ ဖြစ်နေခြင်းမျိုးမှ ကင်းဝေးစေပါသည်။

"လက်ထပ်ဖြစ်ရင် ဧည့်ခံပွဲ မလုပ်ချင်ဘူး သိလား။ အဲဒါလုပ်ဖို့ ကုန်မယ့် ပိုက်ဆံကို လိုအပ်နေတဲ့သူတွေ၊ လှူသင့်တဲ့နေရာတွေမှာ လှူလိုက်ချင်တယ်" ဆိုသော သူမ၏ စကားတစ်ခွန်းသည် ကျွန်တော့်ကို အတော်ပင် ပျော်ရွှင်စေခဲ့ပါသည်။ ထိုစဉ်က သူမကို ကြည့်သောအကြည့်တွင် အချစ်သာမက လေးစားမှုပါ ပါတယ်လို့ သူမထင်ကြောင်း ပြောသောအခါ ဟုတ်မှန်ကြောင်း ကျွန်တော် ဝန်ခံခဲ့ပါသည်။ မိန်းမတစ်ယောက်ဖြစ်နေလို့၊ ကိုယ့်ထက် အသက်ငယ်နေလို့၊ ကိုယ်ချစ်တာ လေးစားတာသိပြီး အနိုင်ယူမှာစိုးလို့ စသည်ဖြင့် ဘာဘာညာညာ တွေးမိပြီး ခံစားချက်အမှန်ကို ဝန်မခံတာမျိုး ကျွန်တော် မလုပ်ခဲ့ပါ။ ကိုယ်ချစ်သော မိန်းကလေးတစ်ယောက်ကို လေးစားမိခြင်းသည် အပြစ်မရှိဟု ထင်ပါသည်။ ကျွန်တော့်ထံမှ အချစ်သာမက လေးစားမှုပါ ရသောကြောင့် ပိုပြီး ပျော်တယ်လို့ သူမက ဆိုပါသည်။ အဲလို ပွင့်ပွင့်လင်းလင်း ဝန်ခံတတ်တဲ့ ကျွန်တော့်ကို ပိုပြီး ချစ်မိလာတယ်ဟု ဆိုသောအခါ ကျွန်တော်လည်း ပျော်ပါသည်။

တကယ်တမ်းတော့ အချစ်ဆိုတာကို ကျွန်တော် သေသေချာချာ နားမလည်သေးပါဘူးဟု ထင်မိသောကြောင့် ကျွန်တော်သူမကို ချစ်တာ တကယ်မှ ဟုတ်ရဲ့လားလဲ စဉ်းစားမိပါသည်။ ကျွန်တော် သူမကို တော်တော် သဘောကျ၊ တော်တော် ကြိုက်နှစ်သက်သည်ကတော့ သေချာပါသည်။ သူမရဲ့ အသံ၊ ဆံပင်အရောင်၊ သူမကြိုက်တဲ့ အစားအသောက်တွေ၊ မကြိုက်တဲ့ အစားအသောက်တွေ အကုန်လုံးကို ကျွန်တော် အလွတ်ရ မှတ်မိနေပြီး အားလုံးကို ကျွန်တော်သဘောကျပါသည်။ သူမကို ကြိုက်တဲ့ အဆင့်ကနေ ချစ်တဲ့အဆင့်ကို ရောက်သွားပြီလား။ "ချစ်တယ်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲ ကျွန်တော် သေသေချာချာမသိပါ။ ချစ်တယ်ဆိုရင် ဘာတွေလုပ်ရမလဲ။ ချစ်တယ်ဆိုတာ အချိန်တော်တော်များများမှာ သူမကို သတိရနေခြင်းတွေလား။ အမြဲတမ်း အနားမှာ ရှိနေစေလိုတာတွေလား။ သူမ ရယ်မောပျော်ရွှင်နေတာကို မြင်လိုက်ရတိုင်း ကျွန်တော်ပါ ပျော်ရွှင်လာတာတွေက အချစ်လား။ သူမကို အမြဲပဲ စိတ်ချမ်းသာအောင် ထားလိုတဲ့ ဆန္ဒတွေကပဲ အချစ်ဆိုတာကြီး ဖြစ်နေမလား။ ဒီလောက်လေးနဲ့တော့ အချစ်ဟု မခေါ်နိုင်သေးဘူး ထင်ပါသည်။ သူမကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့ သူမ မကြိုက်သော ဆေးလိပ်သောက်သည့်အကျင့်ကို ဖြတ်ပစ်လိုက်ခြင်းများကိုလည်း ထည့်သွင်းပြောရမည် ထင်သည်။ သူမကို တစ်ယောက်တည်း ထားခဲ့ပြီး သူငယ်ချင်းများနှင့် တစ်နေကုန် လျှောက်သွားမိခဲ့လျှင် သူမကို မချစ်ဘူးဟု ဆိုလိုရာ ရောက်ပါသလား။ လျှောက်သွားမိသော ကျွန်တော့်ကို အပြစ်တင်နေသော သူမကို ဒေါသထွက်မိလျှင် သူမကို မချစ်ဘူးဟု ဆိုလိုရာ ရောက်ပါသလား။ သူမရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေ တကယ်လက်တွေ့မှာ ဖြစ်လာနိုင်ဖို့အတွက် အကူအညီပေးနေခြင်းတွေကပဲ အချစ်လို့ ခေါ်ရပါမည်လား။ သူမ ကူညီစောင့်ရှောက်ချင်သော မိသားစုတွေ၊ ဆွေမျိုးတွေကို ကျွန်တော်ကပါ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခြင်းတွေဟာ အချစ်တွေပဲလား။ ဒါမှမဟုတ် ဒါတွေက လုပ်သင့်လို့ လုပ်နေတဲ့ လူမှုရေးကိစ္စတွေများလား။

ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆံပင်ကို အရှည်ထားစေလိုခြင်းနှင့် လက်သည်းနီဆိုးတာကို မကြိုက်ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆံပင်ကို အရှည်ထားလိုက်ခြင်းနှင့် လက်သည်းနီ မဆိုးတော့ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆေးလိပ်မသောက်စေလိုခြင်းနဲ့ ဆေးလိပ်မသောက်တော့ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် အရက်အများကြီး မသောက်စေလိုခြင်းနဲ့ အရက်အများကြီး မသောက်တော့ခြင်းများ ပါသည်။ သူမ၏ ကျွန်တော့်အတွက် အချစ်ဆိုတာထဲတွင်မတော့ မနက် အိပ်ရာထချိန်တွင် သွားတိုက်ဆေး ထည့်ထားပြီးသား သွားတိုက်တံတစ်ချောင်းနှင့် အသင့်ပြင်ပြီးသား မနက်စာလည်း ပါလေ့ရှိသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် သွားရင်းလာရင်း သူမနှင့်လိုက်မည့် အဝတ်အစား အသုံးအဆောင်များ တွေ့ပါက လက်ဆောင်အဖြစ် ချက်ချင်း ဝယ်လာခြင်းများ ပါသည်။ စနေ၊ တနင်္ဂနွေ သူမ တစ်နေကုန် ဈေးဝယ်ထွက်သည့်နောက်ကို မငြီးမငြူ အထုပ်ဆွဲရင်း ပိုက်ဆံလိုက်ရှင်းသည်များ ပါသည်။ တစ်ခုခု စားခါနီးတိုင်း သူမအကြိုက် ဆိုင်ကို ရွေးဖို့ ဦးစားပေးခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် ကျွန်တော်ကြိုက်သော ရုပ်ရှင်များကို မပျင်းရိဟန်ဆောင်၍ အတူတူ လိုက်ကြည့်ပေးခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် ကျွန်တော်ကြိုက်သော ဟင်းများကို မနက်အစောကြီးထ၍ အဝေးကြီးအထိသွားပြီး ဝယ်ယူ ချက်ပြုတ်ခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် မလိုအပ်ပဲ ကက်ဆက်အကောင်းစားကြီးဝယ်၍ အသံစနစ် အကောင်းစားကြီး တပ်ဆင်များကို မငြုစူ အပြစ်မတင်ခြင်းများ ပါသည်။ ကျွန်တော် ဘောလုံးပွဲကြည့်ဖို့ တီဗီအကြီးကြီး ဝယ်တာကို မငြုစူခြင်းများ ပါသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် အိမ်ကို သူမအကြိုက် ဆေးရောင်ပြောင်းသုတ်ပေးခြင်းများ ပါသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် သူမဟင်းချက်သောအခါ ဝိုင်းကူလုပ်ပေးခြင်းများ ပါသည်။ တကယ်တမ်းတော့ အချစ်ဆိုတာကို ကျွန်တော်တို့ သေသေချာချာ နားမလည်သေးဟု ထင်ပါသည်။

Tru Luv - George Gallant

သူမက "ကလေးမလိုချင်ဘူး၊ အချစ်တွေ ခွဲပေးရမှာစိုးလို့" ဟု ဆိုသောအခါ "အင်း သဘောပဲလေ" ဟု ဖြေမိခြင်းသည်လည်း အချစ်ပဲလား။ သူမက အဲလို စိတ်ကူးရှိပေမယ့် ကျွန်တော်လိုချင်ရင်တော့ ယူမှာပေါ့ ဆိုတာကရော အချစ်ပဲလား။ အိပ်ခါနီးတိုင်း ကျွန်တော့်ကို ရှိခိုးပြီးမှ အိပ်တာကရော အချစ်ပဲလား။ ကျွန်တော်မရှိတော့ရင် လောကကြီးထဲမှာ သူမတစ်ယောက်တည်း မျက်နှာငယ်ပြီး ကျန်မနေရအောင်လို့ အလုပ်တွေလုပ်ပြီး ပိုက်ဆံစုနေတာဟာ ကျွန်တော်ရဲ့ သူမအပေါ်မှာ ရှိတဲ့ အချစ်လား။ ဒီတစ်သက်မက နောက်ဘဝတွေ ဘဝတွေမှာလည်း ကျွန်တော်နဲ့ ဒီလို ပေါင်းဖက်ရပါစေလို့ ဘုရားရှိခိုးပြီးတိုင်း ဆုတောင်းနေတာဟာ သူမရဲ့ ကျွန်တော့်အပေါ်မှာ ရှိတဲ့ အချစ်လား။ ကျွန်တော် အချစ်ဆိုတာကို သေသေချာချာ နားမလည်သေးဘူး။ ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။



ချမ်းညီချို