23/02/2011

မျိုသိပ်ခြင်း (၃)









  နင်ရယ်. . .
  ဆေးလိပ်တွေရယ်. . .
  ဖြတ်ဖို့ခက်မှန်းသိသိနဲ့ ရှိုက်ခဲ့မိတဲ့ ငါရယ်. . .
  ပြာဖြစ်သွားတဲ့ အတိတ်တွေရယ်. . .
  အငွေ့ပျံသွားတဲ့ အိမ်မက်တွေရယ်. . .
  ထိုးချေခံလိုက်ရတဲ့ မျော်လင့်ချက်တွေရယ်. . .

  ပြီးတော့. . .  ဒီကဗျာ တစ်ပုဒ်ရယ်



  မောင်ရင်ငဇေ

21/02/2011

ဘလာရီ (Blurry)

သစ်ရွက်တွေ သစ်ရွက်တွေ. . . ဆောင်းတွင်းရောက်တဲ့အခါ. . . အရွက်တွေကြွေတဲ့အခါ. . . အိမ်ရှေ့မှာ အရွက်ကြွေတွေများနေတဲ့အခါ. . . . မနက်စောစောထ. . . တံမြက်စည်းလှည်း. . . စုပုံ. . မီးရှို့. . . မီးခိုးတွေ တလူလူ. . မြူမှုန်က တဝေေ၀. . . အညာစောင်လေးခြုံ. . . မီးပုံလေးနားထိုင်. . . အဖွားနဲ့စကားထိုင်ပြော. . . ခဏနေ မောင်လေးက နံပြားနဲ့ လက်ဖက်ရည်ဝယ်လာပေးချိန်မှာ နေရောင်လေးဖျဖျက ကျလာ. . စကားမစပ်.. အဲ့တုန်းက သစ်ရွက်မီရှို့ရင် သိပ်မွှန်ပဲ။

ဒါပေမယ့် မီးရှို့လိုက်လို့ မီးခိုတွေတလူလူတက်သွားတာ ကြည့်ရတာ အရသာပဲ။ မီးခိုးတွေကြားမှာ စက်ဘီးစီးရင်း အိမ်ရှေ့က ဖြတ်ဖြတ်သွားသူကို ကြည့်ရတာလဲ မျှော်လင့်ချက်တစ်ခုပဲ။ မောနင်းပက်ပေါ့။ အဲ့တုန်းက လက်ရှိမီးခိုးတွေကြားက လက်ရှိဘ၀ကို ကြည့်ခဲ့တယ်။ အခု. . မီးခိုးတွေ. . မင်သော်နံ့သင်းတဲ့ မီးခိုးတွေကြားကနေ အတိတ်ကို ပြန်မြင်နေရတယ်။ ဒီအတိတ်ကို ပြန်ပြန်သတိရတာကြီးကို မုန်းပါတယ်ဆို။ မီးခိုးတွေကြားကနေ ဂါဝန်စုတ်လေးနဲ့ကောင်မလေးကို တွေ့တယ်. . . . စက်ဘီးတ၀ီဝီနဲ့ကောင်မလေးကို တွေ့တယ်. . .  ရာစုသစ်တီရှပ်နဲ့ ဂျင်းဘောင်ဘီဝတ်ကောင်မလေးကို တွေ့တယ်. . နိုင်ငံခြားဘာသာနဲ့ ရေးထားတဲ့စာအုပ်တွေကို နားမလည်ပဲ ဖတ်နေတဲ့ကောင်မလေးကို တွေ့တယ်။

Japanese Apricot 2 - Chiho Aoshima

မီးခိုးတွေတန်ခိုးကြောင့် အဲ့ကောင်မလေးက ပြောချင်ရာတွေ ပြောတယ်။ ရေးချင်ရာတွေ လျှောက်ရေးတယ်။ ဘယ်သူမှ မနိုင်ဘူး။ ဘယ်သူမှ တားလို့မရဘူး။ အကြောင်းပြချက်ကောင်းကောင်း (မီးခိုးမွှန်တယ်လို့ ပြောချင်ပြောမယ်)နဲ့ မျက်ရည်တွေ တွေတွေကျတယ်။ ရယ်တယ်။ ဆောရီးပဲ ပြောတယ်။ ကိုယ်ထိလက်ရောက် သောင်းကျန်းတယ်။ မြင်ကွင်းတွေကြည်တော့ ပြန်ငြိမ်သွားပြန်ရော။ ဒီနေ့ကို ပြန်ရောက်သွားတယ်။ လုပ်နေကျ. . စာတစ်အုပ် ချိုင်းကြားညှပ်ပြီး ရေအိမ်ထဲဝင်သွားတယ်။ အားလုံးပြီးတော့ အပြာရောင် နာမည်ကြီး ပလုတ်ကျင်းဆေးရည်နဲ့ ပလုတ်ကျင်းပြီး  သူဘာမှမလုပ်သလို ခပ်တည်တည်ထိုင်နေလေရဲ့။

စကားမစပ်. . . မနေ့ညက မီးခိုးတွေက မမွှန်ဘူး။



ရေနံ့သာ

အလှူ

"အမေပေးတဲ့ လယ်တစ်ကွက်  ထွန်လို့ယက်လို့ ကောင်းပါ့ကွာ" တဲ့
မွေ့ယာထက်က အဝတ်ဗလာနဲ့ ငနဲက
အဆီပြန်နေတဲ့မျက်နှာမှ အားမနာ
ပါးစပ်အရသာခံတတ်သေးတယ်။

"ညီမလေးလိုလည်းချစ်ပါတယ်၊ ချစ်သူလိုလည်းချစ်ပါတယ်"
အစ်ကိုအရွယ်တစ်ယောက်ကလည်း အဝတ်အစားဝတ်ရင်း
သူ့ရည်းစားမှ အားမနာ သံယောဇဉ် အလျှော်ဇယားခင်းချင်သေးတယ်။။

"အစ်ကိုကြီးလို့ ခေါ်ကွာ"
အဖေအရွယ် အန်လကယ်ကြီးက အဖေမရှိတဲ့ ကျွန်မကို
သူ့အရွယ်ကြီးမှ အားမနာ သူငယ်ပြန်ပြနေသေးတယ်။

"ရှုပ်ရှုပ်ယှက်ယှက်နဲ့ ဇယား မရှုပ်နဲ့နော်"
ဒါက ကျွန်မတို့ရဲ့ ကျွေးမေမေ မာမီကြီးရဲ့
တခါခါ ကျွန်မတို့လို ဇယားဆိုသူတွေကို မှာတဲ့စကား။

"ဪသူကလဲ ရေမီးအစုံပါဆို "
ရေမလာ၊ မီးမရှိတဲ့ အရပ်မှာကြီးတဲ့
ကျွန်မပါးစပ်က တခါခါ ထွက်တတ်တဲ့ စကား။

Les Demoiselles - Pablo Picasso
"အကျော်ဇယားတော့ မခင်းနဲ့
အပျော်သမားတော့ ပျင်းသေးတယ်
ဒီမှာက အလျော်အစားတော့ ပြင်းတယ်"
ဒါမျိုးတွေပြောရတာ ကြာတော့ ကျွန်မပျင်းလာတယ်။

"တနေရာရာမှာ အေးဆေးသွားပျော်ရအောင်လေ"
ဒီလို စကားတွေမှာ အရည်မပျော်တတ်ပေမဲ့
ဝမ်းရေးလှမယ်ဆို ကျွန်မလည်း. . . အပျော်ပေါ့။

"ငါတို့လောကမှာ အချစ်မရှိဘူး"တဲ့
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းအချို့ရဲ့ အသံပါ၊
ကျွန်မကတော့ မိသားစုကို ဘဝနဲ့ရင်းပြီး ချစ်ခဲ့သူပါ။

တခါတခါ အထင်သေးတဲ့ မျက်လုံးတွေကို ပြောပြခဲ့ချင်ရဲ့
ကျွန်မလည်း မွေးအမေရဲ့ ကျေးဇူးကို
ဒီနည်းနဲ့ ဘယ်ဆပ်ခဲ့ချင်မှာလဲလို့. . . . ။

မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုလို့
ကျွန်မလေ တစ်ဘဝလုံးပါ လှူခဲ့ပါတယ်. . . . . ။



မောင်ရင်ငဇေ

၁း ၅၉

အိမ်မက်. .

ဆိုတာ မြူဆိုင်းနေတဲ့ မနက်ခင်း ဖြစ်ချင်ဖြစ်မယ်
ပူလောင် အိုက်စပ်နေတဲ့ ညနေခင်း  ဖြစ်ချင်ဖြစ်မယ်
လိင်ဆက်ဆံမှု တစ်ခု  ဖြစ်ချင်ဖြစ်မယ်
ခြောက်ခြားမှုတွေ ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်  ဖြစ်ချင်ဖြစ်မယ်
ကြောင်လိမ်လှေကားတစ်စင်း  ဖြစ်ချင်ဖြစ်မယ်
ရှုပ်ပွနေတဲ့ စိတ်အတွေး စတိုခန်း  ဖြစ်ချင်ဖြစ်မယ်
သွေးသံရဲရဲနဲ့ စိတ်ကူး သားသတ်ရုံ ဖြစ်ချင်ဖြစ်မယ်
မမြင်ဖူးတဲ့ ရှုခင်း မကြားဖူးတဲ့ ဂီတ ဒါမှမဟုတ်
နေရောင်အောက်က မြစ်ရေစီးဆင်းမှုမှာ အရှက်ကင်းမဲ့နေတဲ့ သင်ကိုယ်တိုင်  ဖြစ်ချင်ဖြစ်မယ်
သိစိတ်တွေက မသိခြင်း တပိုင်းတစကို ဖက်ရမ်း ငိုကြွေးနေတာ  ဖြစ်ချင်ဖြစ်မယ်
ဟန်ဆောင်ခြင်း အရေခွံ ဆွဲချွတ်တားတဲ့ အသီးတစ်လုံး ဖြစ်ချင်ဖြစ်မယ်
ခံစားချက်တွေ ရောမွှေနေတဲ့ စက်တစ်လုံး ဖြစ်ချင်ဖြစ်မယ်  
စကားလုံးတွေ ဗလုံးဗထွေး နဲ့  လည်ချောင်းဝမှာ တစ်ဆို့နေတာ ဖြစ်ချင်ဖြစ်မယ်
ပိတ်ဆို့နေတဲ့ ဝိညာဉ်တွေ ပြတင်းပေါက် မှန်က ချောင်းကြည့်နေတာလဲ ဖြစ်ချင်ဖြစ်မယ်
အပြင်က အမှောင်ထုကို. . .

Matthias Kulka
မြင့်မြတ်တဲ့ အတိတ်အကြောင်းအရာတွေထက်မှာ နေရောင်ခြည် ဖြာကျနေတာလဲ ဖြစ်ချင်ဖြစ်မယ်
အတ္တလန္တိတ်မြို့ရိုးကြီးကို လှမ်းမြင်ရသလို
အဆုံးမရှိတဲ့ ဟင်းလင်းပြင်ထဲမှာ နေရာ တစ်နေရာရဲ့အဓိပ္ပာယ်ကို ရှာနေတာမျိုး ဖြစ်ချင်ဖြစ်မယ်
ဘုရားသခင်ကို လူတွေက ဖန်ဆင်းခဲ့တာမျိုး
အချိန် နာရီ နေ့ရက်နဲ့ ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာတွေ
စက်တပ်ယာဉ်တွေ မိုးမျော်တိုက်တွေ အလောင်းကောင်တွေ နဲ့ ရယ်မောနေသူတွေ
စနစ်တွေ ဇယားတွေနဲ့ ဆေးပြားတွေ နေ့စဉ်အဖြစ်အပျက် ပုံသေနည်းဖြစ်စဉ်တွေ ကို
ကျော်လွန်ရင်း ဝတ်လစ်စလစ် အိမ်မက်တွေ နောက်မှာ သခင်မဲ့ အမဲလိုက်ခွေးတွေလို
သရေတမြားမြားနဲ့ လက်ဖျောက်သံ မကြားရလောက်အောင်ကို
လန့်နိုးချိန်မှ
ဟားး. . . ဒါ အိမ်မက်ပါလား ဆိုပြီး သက်ပြင်းချလိုက်တာလဲ အိမ်မက်တစ်ခု  ဖြစ်ကောင်း ဖြစ်နေမယ် 

အိမ်မက်

ဆိုတာ




အူသောင်



16/02/2011

နယူတန်ရဲ့နိယာမ

Last Apple - Theo Dapore



မစားကောင်းတဲ့ အသီးမို့
မစားခဲ့တာလား နယူတန်. . . ။


အာဒံ နဲ့ ဧဝရဲ့ မျိုးဆက်
ကျွန်တော်တို့ အတွက်
ကမ္ဘာမြေရဲ့ ဆွဲအားကို
မျက်ရည်များက သက်သေပြခဲ့ပြီပဲ ။   ။





မောင်ရင်ငဇေ

ဌက်တောင်


သက်ဝင် လှုပ်ရှား
နေတဲ့
လက်ရှိ ဝန်းကျင် မှာ
အနှေး ရုပ်ရှင်ပြကွက်
တစ်ခုလို
သူ ဆန့်ကျင် လွင့်ပါးနေတယ်
ဝိတိုရိယ ခေတ်ဟောင်း
ဘုရားရှိခိုးကျောင်း
အမိုးစွန်းပါး
တစ်နေရာ
မှ
-
သို့

Birds Of A Feather - Beckman Art
  ည
အမှောင်
လရောင်
လေတိုက်နေတယ် ) သစ်ပင်
မီးရောင်
အသက်
ရှင်သန်မှု
အသက်ရှင်သန်မှု ( အရှင်
ရှိသော
သတ္တဝါ အမျိုးအစား
တစ်ခု / တစ်စု ၏
လေထု ဝန်းကျင် သို့
ဖြေးညှင်းစွာ ( သူ
တိုးဝင် ( ဆဲ
ဝင်ရောက် ( ဆဲ
ယဉ်ကျေးမှု ရှိ သော
တိရစ္ဆာန်များ
နေထိုင်
ရှင်သန် ကျက်စားရာ ဝန်းကျင်
မိတ်ဖွဲ့သံ ရယ်မောသံ
ကားသံ
စီကရက် မီးပွားများ လွင့်စင်သွားသော
လူသွား စင်္ကြန်
. . . . . .


အူသောင်

သွေး

ဒီကနေ အဖွားရဲ့အိမ်အထိ ရောက်ဖို့ဆိုရင် အနည်းဆုံး တစ်နာရီခွဲလောက် ကြာမယ်။ အခုလို နှင်းတွေကျပြီး ရေတွေခဲနေတဲ့အချိန်မှာ ပိုလို့တောင် ကြာနိုင်သေးတယ်။ နေမကောင်းလို့ မထနိုင်၊ မလှုပ်နိုင်ပဲ အေးစက်နေတဲ့ အိမ်အိုလေးအတွင်းက ခုတင်အပေါ်မှာ လှဲနေမယ့် အဖွားကို မြင်ယောင်မိတာကြောင့် သွားဖြစ်အောင် သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အမေပြုတ်တိုက်တဲ့ စွပ်ပြုပ်ပူပူနွေးနွေးကို သောက်အပြီး သားရေအနွေးထည်ကို တင်းတင်းရင်းရင်း လေမဝင်နိုင်အောင် ဝတ်ပြီး ဒါးမြှောင်ကို ခါးကြားမှာ အိပ်နဲ့ အသေအချာ ဝတ်လိုက်တယ်။ ဒီဓားက အဖေကိုယ်တိုင် သူအရွယ်ရောက်လာလို့ လက်ဆောင်ပေးထားတဲ့ ဓား။ မြေခွေးတွေရဲ့ ရန်က ကာကွယ်နိုင်အောင်လို့ပေါ့။ သူတို့ အိမ်နဲ့ အဖွားရဲ့ အိမ် သွားရာ လမ်းမှာ တောအုပ်တစ်ခု ရှိတယ်။ အဲဒီတောအုပ်ထဲမှာ မြေခွေးတွေလည်း ရှိတယ်။


အပြင်ကိုရောက်တော့ တိုက်နေတဲ့လေက ရေခဲဓားနဲ့ တဖြည်းဖြည်းချင်း လှီးဖြတ်နေသလိုပါပဲ။ အကျီနဲ့ လွတ်နေတဲ့ နေရာတိုင်းဟာ အေးပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်စေတယ်။ တောအုပ်အစပ်ကိုရောက်တော့ အရင်ထက်ပိုပြီး အရာရာကို သတိထားပြီး နေမိတယ်။ အဖွားအိမ်ကိုရောက်ဖို့ သိပ်အဝေးကြီး မလိုတော့ပါဘူး။ နောက်ထပ်နှစ်မိုင်လောက်ဆိုရင် ရောက်ပါပြီ။ တိတ်ဆိတ်နေတဲ့သစ်ပင်ကြီးတွေနားက ဖြတ်လျှောက်လာတုန်း နားထဲမှာ အသံတစ်ခုကြားမိတယ်လို့ ထင်တယ်။ လက်တစ်ဖက်က ဓားရိုးပေါ်မှာရှိနေပြီး ပုံမှန်ပဲ အရှိန်မပျက် ဆက်လျှောက်နေလိုက်တယ်။ ဟုတ်ပါတယ်၊ သူ့နောက်မှာ တစ်ယောက်ယောက် လိုက်လာနေတယ်။ တစ်ယောက်ယောက် မဟုတ်ပဲ တစ်ကောင်ကောင်လည်း ဖြစ်နိုင်တယ်။ ဓားရိုးပေါ်တင်ထားတဲ့ လက်ဟာ ချွေးစေးတွေ ပြန်လာတယ်။ သူ့ ရင်ခုန်နှုန်းဟာ ခုနကထက် ပိုပြီး မြန်လို့လာနေတယ်။

သူ့နှာခေါင်းထဲကို သွေးနံ့လိုလို၊ အပုပ်နံ့လိုလို အနံ့တစ်ခုဝင်လာတဲ့အချိန်ကျတော့ ဒါဟာ မြေခွေးတစ်ကောင်ပဲ၊ သူ့နောက်ကို လိုက်လာတာဟာ မြေခွေးတစ်ကောင်ပဲ ဆိုတာ ကျိန်းသေသွားပြီ။ အမှန်တကယ်တော့ သူ့အဖွားရဲ့ အိမ်ကလည်း သိပ်မဝေးတော့ဘူး။ အကူအညီလိုရင်လည်း ရွာထဲက လူတွေရှိတယ်။ ကလေးသာသာအရွယ်ဆိုပေမယ့် တောထဲမှာကြီးပြင်းလာသူပီပီ သူ မြေခွေးတွေကို မကြောက်ပါဘူး။ ဒါပေမယ့် အားကြီးတဲ့ မြေခွေးဆိုရင်တော့ သူ့အနေနဲ့ ယှဉ်ပြိုင်ရ သိပ်ခက်လိမ့်မယ်။ ဒါတွေအတွက် စဉ်းစားချိန်တောင် မရလိုက်ပါဘူး။ ဝေါင်းဆိုတဲ့ အသံနဲ့ သူ့ဆီ အနောက်ကနေ ခုန်ဝင်လာတဲ့ မြေခွေးကို မျက်လုံးထောင့်မှာ ရိပ်ကနဲ တွေ့လိုက်ရတယ်။ ဓားရိုးပေါ်တင်ထားတဲ့လက်ဟာ ဓားကိုတခါတည်း ဆွဲထုတ်ပြီးသား ဖြစ်သွားတယ်။ ကိုယ်ကို တစ်ပတ်လှည့်ပြီး ခုန်ဝင်လာတဲ့ မြေခွေးရှိရာဘက်ကို ဓားကဆွဲမွှေ့အပြီး လူကလည်း လမ်းပေါ်မှာ တစ်ဖက်ကို လှိမ့်ရှောင်ပြီးသား ဖြစ်သွားတယ်။ သူ ကံကောင်းပါတယ်။ ဓားအသွားက ခုန်အုပ်လိုက်တဲ့ မြေခွေးရဲ့ လက်တစ်ဖို့ကို ဖြတ်လိုက်ပြီးသား ဖြစ်သွားပြီး သူလည်း မြေခွေးရဲ့ အစွယ်တွေနဲ့ ဝေးရာဘက်ကို ရှောင်ပြီးသား ဖြစ်သွားတယ်။ မြေခွေးရဲ့လက်က သွေးတွေဟာ နှင်းတွေပေါ်မှာ ရဲကနဲ ပဲ။ မြေခွေးကတော့ နာကျင် ဆိုးရွားစွာ အော်ဟစ်ပြီး တောထဲ ဝင်ပြေးသွားလေရဲ့။ သူလည်း ပါလာတဲ့ အဝတ်စနဲ့ ပြတ်ကျန်ခဲ့တဲ့ မြေခွေးရဲ့ လက်တစ်ဖက်ကို ထုတ်ယူလာပြီး သိပ်မဝေးတော့တဲ့ အဖွားအိမ်ကို ဆက်လျှောက်လို့လာခဲ့လိုက်တယ်။


ထင်ထားတဲ့ အတိုင်းပါပဲ။ သူရောက်တော့ အဖွားရဲ့ အိမ်ကလေးဟာ အေးစက်ပြီး ရုတ်တရက်ဆိုရင် လူမနေဘူးလို့တောင် ထင်ရတယ်။ အနံ့ကလည်း မကောင်းဘူး၊ ညှီစို့စို့ နဲ့။ "အဖွားရေ .. အဖွား" သူ အသံပြုလိုက်တော့ အခန်းထောင့်က အဖွားရဲ့ ညည်းသံလိုလို အသံပြုသံတစ်ချက်ကို ကြားရပါတယ်။ အဲဒါနဲ့ပဲ အရင်ဆုံး မီးဖိုကို မီးတောက်လာအောင် လုပ်လိုက်ပြီး အဖွားအတွက် စွပ်ပြုပ်လုပ်ဖို့ ရေတွေ၊ ပဲတွေ၊ အာလူးတွေကို စားပွဲပေါ်မှာ နေရာတကျ ချတယ်။ ခုတင်ပေါ်က အဖွားဆီက ညည်းသံ တစ်ချက်တစ်ချက်ကြားရတယ်။ ထင်းတွေရဲ့ မီးတောက်အရှိန်ကြောင့် အိမ်ကလေးဟာ လင်းလင်းချင်းချင်းနဲ့ နွေးနွေးထွေးထွေးလည်း ရှိလာပါတယ်။ ခုနက တောထဲမှာ သူခုတ်ဖြတ်ခဲ့တဲ့ မြေခွေးရဲ့ လက်တစ်ဖက်ကို ထည့်ထားတဲ့ အဝတ်စကို ဖြည်လိုက်တော့ အစွယ်ကောက်ကောက်တွေနဲ့ ညစ်ထေးထေး မြေခွေးလက်တစ်ဖက်ကို တွေ့ရမယ့်အစား လူတစ်ယောက်ရဲ့ လက်ဖြစ်လို့နေပါတယ်။ အသေအချာ ပြောရရင် မိန်းမတစ်ယောက်နဲ့ လက် ဖြစ်လို့နေပါတယ်။ လက်အပြတ်ရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ လက်ထပ်လက်စွပ်တစ်ကွင်းတောင် ဝတ်ထားပြီး သူ ဒီလက်စွပ်ကို မြင်ဖူးတယ်လို့ ထင်နေပါတယ်။ ဒီလက်စွပ်က အဖွားရဲ့ လက်ထပ်လက်စွပ်ပဲလေ။ အဖွားကို လှမ်းကြည့်လိုက်တော့ ခုတင်ပေါ်က အဖွားကလည်း သူ့ကို ပြန်စိုက်ကြည့်နေပါတယ်။ အခုမှပဲ မီးရောင်ကြောင့် ကြမ်းပြင်ပေါ်က သွေးစက်တွေကို သူ မြင်ရပြီး သွေးတွေက အဖွားရဲ့ ကုတင်ခြေရင်းမှာ ဂိတ်ဆုံးနေတယ်။ အဖွားခြုံထားတဲ့ စောင်ပေါ်မှာလည်း သွေးကွက်တစ်ချို့ နဲ့၊ သွေးစတစ်ချို့နဲ့။ အဖွားက ဘာမှ မပြောပဲ သူ့ကို စိုက်ကြည့်လို့နေပါတယ်။ သူ့ရဲ့ လက်က ဓားရိုးပေါ် ပြန်ရောက်သွားတယ်၊ သူ့ရဲ့ ရင်ခုန်နှုန်းတွေကလည်း မြန်လို့ လာနေပါတယ်၊ ပြီးတော့ သူဟာ ငိုချလိုက်ချင်အောင်ကို ဝမ်းနည်းလို့လည်း လာပါတယ်။


http://ny-image2.etsy.com



ချမ်းညီချို


 မှီး**  Angela Carter's The Werewolf