22/06/2010

ငါ့အိမ်ထဲက မင်းမကြိုက်တဲ့အစာတွေ

ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
ပြတင်းပေါက်တွေအကြောင်း
နွေညနေခင်းရဲ့ ကြွေရွက်ဝါတွေအကြောင်း
နေရောင်ခတဲ့ လက်ဖက်ရည်ဆိုင်အကြောင်း
ပဲ့တင်ထပ်နေဆဲ မင်းရယ်သံအကြောင်း
စံပယ်တစ်ခွက် အကြောင်း

 ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
ကောင်းကင်က ကြယ်တွေအကြောင်း
ဓါတ်မီးတိုင်တွေရဲ့ ညအကြောင်း
လူသွားလမ်းက အကင်ဆိုင်အကြောင်း
ဘဝနှစ်ခုကျသွားတဲ့ ဘီယာတစ်ခွက်အကြောင်း
ညက အိပ်မက်တွေ အကြောင်း။

ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
အချိန်တွေထဲက လူတွေအကြောင်း
မိုးရေစက်ထဲက အိမ်တွေအကြောင်း
ရေစိုနေတဲ့ လမ်းတွေအကြောင်း
မင်းနဲ့ မလိုက်တဲ့ မိုးကာဝတ်စုံအကြောင်း
ရေစိမ်နှုတ်ခမ်းတစုံ တိုက်တဲ့ရေစက်တွေအကြောင်း။
www.artyfactory.com

ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
ဆောင်းညကြယ်တွေ အကြောင်း
ဘုရားကျောင်းရဲ့ ခေါင်းလောင်းသံအကြောင်း
ရေခဲမှတ်ရဲ့ ညတွေအကြောင်း
နှစ်ကူးပွဲရဲ့ ဆုတောင်းသံအကြောင်း
ဆောင်းအိမ်မက်ရဲ့ ရေခဲမြစ်အကြောင်း။

ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
အချိန်ကာလနဲ့ နေရာဒေသတွေအကြောင်း
ယုံကြည်မှုရဲ့ မယုံကြည်နိုင်စရာတွေအကြောင်း
အလှမွေးငါးတစ်ကောင်ရဲ့ မှန်နံရံဘဝအကြောင်း
လှောင်အိမ်မလိုတဲ့ သံယောဇဉ်တစုံအကြောင်း
နိဂုံးမပါတဲ့ ကဗျာတစ်ပုဒ်အကြောင်း။

ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
ရေရောမထားတဲ့ သွေးစက်တွေအကြောင်း
ပလပ်စတစ် ရောင်းတမ်းဝင် အချစ်တွေအကြောင်း
ရေပန်းစားနေတဲ့ အောက်ဒိုး လက်ထပ်ပွဲတွေအကြောင်း
မျက်လှည့်ဆရာ ဦးထုပ်အောက်က ဌက်တကောင်အကြောင်း
နန်းစွန့်သွားတဲ့ Edward VIII အကြောင်း
သန့်စင်တဲ့ အတွေးတဆုပ်အကြောင်း
လှောင်ချိုင့်တွေအကြောင်း
ဟုတ်တယ်။ လှောင်အိမ်ထဲကဌက် ပြောနေတယ်။ ။

အူသောင်

No comments:

Post a Comment