24/05/2010

မြစ်

မြစ် ဖြစ်လာမှတော့လည်း

စီးဆင်းလိုက်ကြရုံပေါ့ကွယ်

ဆိုက်ကပ်ရာက ပင်လယ်လည်း ဖြစ်မယ်
My Downfall - Marcin Bera

ကျောက်ဆောင်လည်း ဖြစ်မယ်

(ဒါမှမဟုတ်)
အိပ်မက်လည်း ဖြစ်မယ်ပေါ့

ဒီရေအတက်အကျတော့
ရှိချင်မှ ရှိလိမ့်မယ်

ငါတို့မှာ လဆွဲအားရယ်၊ ဘာရယ်ညာရယ် မရှိသလို

အချစ်၊ အမုန်း၊ သံယောဇဉ်တို့ရဲ့ ဆွဲအားလည်း ရှိမှ မရှိတာပဲ. . . . ။

မြစ်ဆိုမှတော့လည်း ကန်ရေပြင်လို ဘယ်ငြိမ်သက်နိုင်ပါ့မလဲလေ

တနေရာရာကို. . .
အချိန်တိုင်း စီးဆင်းနေရမှာပဲ

အစုန်တွေ အဆန်တွေကို
ဘယ်သူမှမမြင်အောင် လျှို့ ဝှက်ရင်းနဲ့ . . .

ဝမ်းနည်းမှုနဲ့ သောကတွေကို
ဘယ်သူမှ မမြင်အောင် ဖုံးကွယ်ရင်းနဲ့. . .

ဘာပဲဖြစ်ဖြစ် တနေရာရာတော့

ငါတို့လမ်းဆုံး ဖြစ်လိမ့်မယ်

ပင်လယ်. . . ကျောက်ဆောင်. . . အိပ်မက်. . . တစ်ခုခု

ဒါပေမယ့် ငါတို့ ဘာကို မျှော်လင့်ခဲ့ကြသလဲဆိုတာ

ဘယ်သူမှ သိလိမ့်မယ် မဟုတ်ဘူး...။ ။


ဖိုးခွား

23/05/2010

စစ်မှန်သော ရှုံးနိမ့်ခြင်း

I Still Believe - Patrick Di Fruscia




မိမိခေါင်းငုံပြီး
ဝင်ခဲ့ရသည့် ကြိုးတန်းသည်
ထမီတန်း ဖြစ်ခဲ့ရင်
အမေ့ထမီသာ ဖြစ်ပါရစေ။

မိမိဝမ်းနည်းကြေကွဲပြီး
တိုးဝင်စရာ ရင်ခွင်ရှာခဲ့ရင်
အမေ့ရင်ခွင်သာ ဖြစ်ပါရစေ။

မိမိဒူးထောက်ရှုံးနိမ့်
ဝန်ချတောင်းပန်ခဲ့သည့်အချိန်မှာ
နားလည်းစွာ ရပ်တည်ပေးခဲ့သူသည်
မိခင်မှတပါး အခြားမရှိပြီ။

ဘိုမင်း

ကျိန်သံ

ပူနွေးရာကို ချီတက်နေတဲ့ အပြာကောင်ကြီးပေါ်မှာ ငါတို့နေတယ်
အတက်မျဉ်းပြနေတဲ့ လူဦးရေဇယားက ငါတို့ အမှတ်အသား
စစ်မြေပြင်၊ ပြုန်းတီးသစ်တောအောက်က ပျောက်ကွယ်သွားတဲ့
သားကောင်နဲ့ ကွဲထွက်လာတဲ့ ပူနွေးမှု
အမြင့်အောက်က ဆူပွက်နေတဲ့ပင်လယ်ရေ
ရွေ့သွားလမ်းကြောင်းပေါ်မှာ ပျောက်သွားတဲ့အသက်
ခြောက်ခမ်းသွားတဲ့ အင်းအိုင်
တိုက်ကိုက်ခိုက်ဆွဲ၊ တလွဲဆံပင်ကောင်း၊ အလစ်အငိုက်ချောင်း
လစ်ရင်နှိုက် မိရင်တိုက် ကောင်းတုန်း
တိရစ္ဆာန်လို အုပ်စုဖွဲ့နေတတ်တယ်
ဟေးလားဟားလားကြိုက်တယ်
အမှားတွေကို မှန်သလိုလုပ် ကွယ်ထားတတ်တယ်
အတွင်းက ပုပ်၊ ဟန်ဆောင်မိတ်ကပ်နဲ့ ခြယ်ထားတတ်တယ်

သွားမပြောနဲ့. .
ဘာသာတရားနဲ့ တွယ်ထားလိမ့်မယ်

Chess Art#1
အနောက်မှာလည်း ခွက်ပုံးတွမ်တတ်တယ်
လက်ဆွဲနှုတ်ဆက်ပြီးရင် လက်ကိုက်တတ်တယ်
မိတ်ဆက်ပြီးရင် မိတ်လိုက်တတ်တယ် (အတင်းအဓမ္မ)
မိရင် ပြန်ပေးတတ်တယ်

ရိုရင်.. ဟိုင်း! မရှိရင်.. ဒိုင်း!

Chess Art#2
မရှိတရှိဆိုရင်.. ဝှတ်(စ်)အပ်! အပိုဖောတတ်တယ်
အပိုမပြောဘူး ဟေ့ရောင်! မယုံရင် ဟိုကောင့်ကို မေးလို့ ပုံပြောတတ်တယ်
ကြမ်းပိုးကို လိပ်လုပ်၊ ဆင်သေကို ဆိတ်သားရေနဲ့၊ အဆိပ်ကို အချိုနဲ့ ဖုံးတတ်တယ်
ခေါင်းကလေးပါ ဆိုပြီး တကိုယ်လုံးနဲ့ ဝင်တိုးတတ်တယ်
ဆရာလာပါဆိုပြီး ခြေထိုးတတ်တယ်
'လဲသွားရင် ဆောရီး' ဆိုပြီး ပြန်နင်းတတ်တယ်
စားပြီး နားမလည်၊ အိုင်တွေ့ခြေဆေးတတ်တယ်
ဘုရား၊ တရားနဲ့ လက်ကားရားကို စွပ်ထားတတ်တယ်
မှောက်မှားတတ်တယ်၊ ဖောက်ပြားတတ်တယ်
မေထုန်၊ မုသား ကျန်ခြောက်ပါး မမေ့မမှား ဆောင်ထားတတ်တယ်။

Chess Art#3 - Ben Heine

A - နေပါအုန်း..နေပါအုန်း မောင်ရင်ကဘာကောင်တုန်း!
နိုင်ငံရေး စီပွာရေး ပညာရေး အလှအပ၊အနုပညာရေး၊ ကိုယ်သာရေး၊ ဘာသာရေး
ပြုပြင်ရေး၊ တကိုယ်ကောင်းစားရေး၊ သဘာဝပတ်ဝန်းကျင်၊ ကမ္ဘာ့ရေးရာ
လက်ဝဲ/ယာ၊ တယူသန်၊ အစွန်းရောက်. . . ?
B - မဟုတ်ပါဘူးခင်ဗျ၊ အရောင်မဲ့ပါပဲ။

A - ဟေ.. တရောင်ရွေးကွာ၊ ဒီမှာ ရောင်စုံရှိတယ်။
B - အရောင်မဲ့လည်း အရောင်ပဲဗျာ။ ဘာလို့ ရွေးရမှာလဲ။
အေးအေး သက်သာနေလို့ မရဘူးလား။
လူရာဝင်ရင် အသုဘမှာ လူစည်တာထက် ဘာပိုသေးလဲ။
တကိုယ်ကောင်းဆန်တယ်လို့ ဆိုချင်သေးလား။
ဆိုဆိုငိုငို တချိန်ချိန်တော့ သေခြင်းမှာ ဆုံရမှာပဲ။
နောက်ဘဝဆိုတာ. . . . နောက်မှ။
ကောင်းကင်ဘုံ/နိဗ္ဗာန်ဆိုတာ လူတွေရဲ့ပါးစပ်စကား။
ငရဲဆိုတာ. . . အခု မင်းရောက်နေတဲ့နေရာ၊ ရှစ်ထပ်ရှိတယ် မောင်!
မင်းအထပ် မင်းသိ၊ မိုးထိအောင် လှေကားထောင် မနေနဲ့။
ဟိုမှာ ပိုလှောင်တယ်လို့ ဟိုကောင်က ပြောတယ်။

A - နေပါအုန်း။ မောင်ရင်က ဘာကောင်တုန်း. . . ! ? ! ?
B - ပုထုဇဉ်ပါ။

A - ဘာ လာလုပ်တာတုန်း?
B - ပုထုဇဉ်တယောက်အနေနဲ့ ပုဂ္ဂလိကခံစားချက်တွေကို လာဖွင့်ထုတ်တာပါ

A - ဒါပဲလား?
B - ဟုတ်ကဲ့။ ဒါပုထုဇဉ်တယောက်ရဲ့ရပိုင်ခွင့်ဖြစ်ရမှာ အသေအချာပါပဲ

A - ဘာထပ်ပြီး ပြောချင်သေးလဲ?
B - မရှိတော့ပါဘူး။

A - ဒါဆိုရင် ဒီမှာ လက်မှတ်ထိုး!
ကဲ... နောက်တယောက်. . .။

အူသောင်

22/05/2010

ဗီလိန် ဂျိုကာ

တကယ့်ကောင်။

ဘာမှ လုပ်စရာ မလိုဘူး
ဒီတစ်ချပ် ကိုင်ပြီး ထိုင်စောင့်ရုံပဲ.. တဲ့။

Joker: Watch The World Burn
ဂျိုကာ မျက်နှာနဲ့ပဲ
ဘယ်မှာ ကပ်ကပ်
ဟုတ်သလို ရှိတယ်။

သူက ဦးဆောင်ပြီး ဘာမှ သုံးမရတာကလွဲလို့
ကြားဝင် တွဲတွဲ၊ အနောက်က ဝင်ဆွဲဆွဲ
ဖြစ်နေတာပဲ. . ။

ဒီမှာတင် မဟုတ်
ကမ္ဘာကြီးတောင် ပြောင်းပေးနိုင်တယ် ဆိုလား..

ဆယ်ပြားအဆင့်နဲ့ ပျော်ပြီး
ဂျိုကာရုပ်နဲ့ လာနောက်နေလေရဲ့..။

တကယ်တမ်းက
ကမ္ဘာ့အဆင့်မှီ
ဝိုင်းကြီးတွေမှာ
အဲ့ဒီ အကောင်ကို ဘေးထုတ်ရိုက်တာဗျ။

ရွေးပြီးတော့ကို ဖယ်ထုတ်ရသေးတာ...။

ချမ်းညီချို

တခန်းရပ်များ

မဆွတ်ခင်က ညွှတ်ကွင်းထဲ ဆင်း
နေရာတွေ ပြောင်း၊ လူတွေ ပြောင်း
အချိန်တွေ ပြောင်း . . .
ငါ. . . မဟောင်းသေးဘူး
ဋ္ဌာန်ကျကျ ကရိုဏ်းကျကျ
ဖိုလေးထိုးရင်း မီးလေးလှုံရင်း

တခါတလေ ပြောဖြစ်တယ်
ချိုပေါ့ကျ ဘဝများ၊
ပြဒါးကျဲနေသော ဘုံရန်သူများ၊
ကြိုးချည် ကြိုးဖြုတ်နဲ့. . .
ကြိုးခလုတ်များအကြောင်း

Give Me Colours - Ben Heine

ကဲ. . . ကျေးညီနောင်၊ ယုန်နဲ့ လိပ်လောက်နဲ့
ဘဝထင်ပြီး ဘဝင်ခွေ့နေတဲ့ အမောင်
ကာလနဲ့ ဒေသကို ပန်းပု မထုတတ်သရွေ့တော့
'ငါများလား မသိခြင်း' စည်တော်ကြီးတီး
ပြန် ပြန်မြည်ဟိန်းကြည့်။

မူးနေရင်လဲ ထူမ
မထူးတော့လဲ မထူးပြီမို့
မထူးရုပ်ကြီး အသက်သွင်းပြီး
မထူးဇာတ်ကြီး ခင်းကြစို့။



တားထားတဲ့စည်း၊ ပိတ်ထားတဲ့ တံခါး
လှမ်းမိတဲ့ ခြေလှမ်းများနဲ့
ရပ်ပိတ်နေသော ရုပ်ပြောင်းရုပ်လွဲများအား ချော့မြှူဖို့
ဋ္ဌာန်ကျကျ ကရိုဏ်းကျကျ
ဖိုလေးထိုးရင်း မီးလေးလှုံရင်းပေါ့။ ။


ယိုဒါရှီးမား

14/05/2010

သို့. . . ဖြစ်တယ်။

ဒီဘ၀ ဒီမှာ ပြီးပြီ။
ယနေ့လို မနက်ဖြန်များ
မနက်ဖြန်လို ယနေ့များ။
ရလို ခဲ့ပါတယ်
Forest Of Delights - Cathie Bleck
ရှင်လို ခဲ့ပါတယ်။
ငါဟာ ဘာမှ မထူးဆန်းတဲ့
လူထဲက လူ
တစ်ယောက်သာ ဖြစ်ခဲ့တယ်။

ပျော်ခဲ့ ရွှင်ခဲ့
နေခဲ့ သေခဲ့. .
ဟုတ်ပါတယ်. .
ဒုက္ခကိုပဲ
သုခလို့ ထင်၊ ငါ
တပ်မက် ခဲ့ရတယ်။
လာပါကွယ်။
ဟောဒီ ကမ္ဘာကြီးကို
စိန်စီ ပစ်လိုက်ရအောင်။

ပုံပြောသူ တစ်ယောက်တော့
မဟုတ်ခဲ့ပါ. . သို့ပေမယ့်
ပုံပြောနေခဲ့တယ်။

လင်းဝေ

မယုံကြည်ခြင်း

Suspicious Minds - Shasta Ray


သေခြင်းတရားက လွဲလို့
ဘာမှ ယုံကြည်စရာမရှိတဲ့ လောကကြီးမှာ
လက်တွေ့က ငရဲ ဖြစ်နေတာက လွဲပြီး
`တပ်မက်မှု´ဆိုတာ
လူသားရဲ့နိဗ္ဗာန် ပါ။

အသိတွေ၊ သတိတွေ
ဆင်ခြင်မှုတွေ

သွားစမ်းပါ!

မျှော်လင့်ချက်နဲ့ သံသယ
ဘယ်တုန်းက ကင်းဖူးလို့လဲ။ ။



ထွန်းနွယ်

ငါတို့နှစ်ယောက်နဲ့ မန္တလေးညနေ

ငါတို့နှစ်ယောက်ဟာ မန္တလေးညနေထဲကို
ကဆုန်ပေါက်ပြီး ပြေးဝင်သွားကြတယ်
နန်းရှေ့က ကြံရည်ဆိုင်မှာ တစ်ခွက် ၂၀၀ ပေးပြီး သောက်လို့
ကျုံးထဲက ရေတွေကို ၂၆လမ်း ပလက်ဖောင်းကနေ ငုံ့ကြည့်လို့
သံသယဖိနပ်အစုတ် ကောက်တွေ့တယ်
ပြက္ခဒိန်အဟောင်း ကောက်တွေ့တယ်။

ငါတို့နှစ်ယောက်ဟာ မန္တလေးညနေထဲကို
ကဆုန်ပေါက်ပြီး ပြေးဝင်သွားကြတယ်
စက်မှုဇုန်ဆိုင်ကယ်ကို လီဗာဆွဲလို့
ဘီ၆၀၀ လေးဘီးကားတွေကို ကျော်တက်လို့
အပူထဲမှာ မိုးက ဖွဲဖွဲရွာတယ်
မျက်စောင်းတွေနဲ့ စိုရွှဲလို့
သက်ပြင်းချသံလေးတွေ စိုရွှဲလို့။

www.flickr.com
ငါတို့နှစ်ယောက်ဟာ မန္တလေးညနေထဲကို
ကဆုန်ပေါက်ပြီး ပြေးဝင်သွားကြတယ်
ကုသိုလ်တော်ဘုရားတွေကြား လမ်းအတူလျှောက်လို့
မန္တလေးတောင်လှေခါးတွေကို တစ်ထစ်ခြစ် ရေတွက်လို့
တဖွဖွပြောတဲ့ 'သိပ်ချစ်တာပဲ' ဆိုတဲ့ စကား
အိတ်စပိုင်းယားဖြစ်တာ ၁၂၄.၇၃ နာရီ
နွားနို့သည်ဆီ အကြွေး ၇၀၀၀၀၊ အတိုး ၅၆၀၀။

ငါတို့နှစ်ယောက်ဟာ မန္တလေးညနေထဲကို
ကဆုန်ပေါက်ပြီး ပြေးဝင်သွားကြတယ်
ဦးပိန်တံတားမှာ ငါးသေးသေးလေးကြော်တွေ စားလို့
မယ်ဇယ်ပင်ကြီးအောက်မှာ ဓါတ်ပုံတွေ ရိုက်လို့
ပရင့်ထုတ်ဖို့ မလို၊ အင်တာနက်မှတဆင့်
ဖေ့ဘုတ်ပေါ်တွင် ကြည့်ရှုနိုင်ပြီ
မွေးရာပါအရည်အချင်းနှင့် အထူးပြုလုပ်ထားသော
အပြုးလှလှများ ရောင်းရန်မဟုတ်၊
ဝင်ကြေးအခမဲ့။

မန္တလေးညနေဟာ
ငါတို့နှစ်ယောက်ဆီကို
ကဆုန်ပေါက်ပြီး ပြေးဝင်လာတော့တယ်။

ဖိုးခွား

13/05/2010

ခန္ဓာကို နေရာချခြင်း

Where Soul Meets Body - Asyd Rayn
ဒီနေရာမှာ ဖြစ်တည်မှုကြောင့်
ခန္ဓာကို ချထား။

အမှန်တရားက ဖုံးကွယ်
မှားတာတွေက ကျင့်သားရ။

ကြားရတာက တဖက်သတ်
မြင်ရတာက ယုံဖွယ်မရှိ။


အတွေးတွေက ပြောင်းပြန်
လုပ်ရပ်တွေက စည်းမရှိ။

ဖြစ်စဉ်တွေ ခဏထား...
စိတ်ကို အပြင်ခေါ် ခန္ဓာကို ပြန်ကြည့်။

ဒီစိတ်နဲ့ ခန္ဓာ တွဲမထားမှ အဆင်ပြေ
ခန္ဓာကို ပြန်ရွှေ့။

ရွှေ့. . . ရွှေ့. . .
အမှန်တရား အောင်ပွဲမခံသရွေ့
ဒီစိတ်နဲ့ ခန္ဓာ တွဲနေမြဲနေသရွေ့။ ။

ဖိုးစီ

အဆုံးမဲ့ ခရီး

ကြားလိုက်ရတဲ့ သတင်းစကား
တင်းထားတဲ့ အားအင်တွေ
www.myspace.com
ချည့်နဲ့စေခဲ့တယ်
အမှန်တရားကို
လက်ခံနိုင်မဲ့ အင်အား
ငါ့မှာ. . . . .
တကယ်ကို ခေါင်းပါးခဲ့ပြီလား။

မပြောပါနဲ့လား သူငယ်ချင်း. . . .
ငါမသိလို့ မဟုတ်ပါဘူး
မသိချင်တာပါ။
လက်မခံတာ မဟုတ်ပါဘူး
လက်ခံနိုင်မဲ့ အင်အားမဲ့ နေတာပါ။
မကြားတာ မဟုတ်ပါဘူး
ငါက နားတဖက်ပိတ်ပြီး
နားစွင့်နေမိတာပါ. . . . . ။

အချိန်တွေက ကုစားပေမဲ့လည်း
ငါက နာရီတွေပေါ်
ပြောင်းပြန်လျှောက်
အတိတ်မှာ ပျောက်နေသူဆိုတော့
လျှောက်သာလျှောက်လည်း
မရောက်နိုင်သေးတဲ့
ပန်းတိုင်မဲ့ ခရီးသွားပါ. . . . . ။

မောင်ရင်ငဇေ

11/05/2010

အပေးအယူ

အခန်းထဲ မှောင်မဲ
တစ်ယောက်တည်း အထီးကျန်ဖြစ်ရခြင်းနဲ့
စကားလုံးတွေ ပလုံစီ
လူတစ်သိုက်ကြား ငုတ်တုတ် အထီးတည်း ဖြစ်ရခြင်း..
အပုံကြီး ကွာတယ်။

ပြုခြင်းနောက်ကွယ်မှာ
မျှော်လင့်ခြင်းတွေ ကပ်ငြိလာရင်..
မစစ်မှန်တော့ဘူး...
ဆိုတဲ့ အတွေးအခေါ်အောက်မှာ..
ငါ့တုန်းက... ဆိုတဲ့ စကားလုံးတွေ ကွယ်ပျောက်... ။

Give or Take 2002 - Louise Bourgeois

ငါ Give& Take ပေါ်လစီ ကို မကျင့်သုံးတတ်ပါဘူး။

ဒါပါပဲ.. ဒါပါပဲ..
နောက်ဆုံးတော့လဲ..
ဒါတွေဟာ.. ဒါတွေပါပဲ။

ရေနံ့သာ

09/05/2010

ပွန်းစ်

"ငါ နောက်ဆုံးမှာနေတယ်။ မင်းတို့တက်. . ." ဆိုတော့လည်း တက်.. ဟေး
တယောက်တလှည့် ထိုးကျွေးမယ် ဆိုတော့လည်း ကျွေး ကျွေး.. ဟေး
သာသနာနဲ့ ဘုန်းကြီးအတွက် တက် ဆိုတော့လည်း တက် တက်.. ဟေး
ရထားဘီး ကျွံတော့လည်း ငါတို့ပဲ တွန်း တွန်း.. ဟေး
မြင်းနဲ့ လဲကျွေးတော့လည်း ငါတို့ပဲ သေ သေ.. ဟေး
ဘုရင်မကြီးကို လုပ်ကြံတုန်း "အသေခံ နေကျန်ခဲ့. . . မောင်မင်းတို့။" ဆိုတော့လည်း ကျန်.. ဟေး
ဘုရင်ကြီး စစ်ရှုံးလို့ အနောက်တံခါးက ထွက်၊
"တိုင်းပြည်ကို မင်းတို့ လက်အပ်ခဲ့မယ်။ သေတဲ့အထိ ခုခံခဲ့။" ဆိုတော့လည်း "မှနှ်ပါ့ဘုရား..!" ဟေး
ဘုန်းတန်ခိုးအရောင် နေလို တောက်တုန်းကတော့ တံခါးစောင့်
ထီးကျိုးစည်ပေါက်တော့လည်း နောက်ဆုံးမှ ထွက်ကြပေါ့။ တဲ့ လုပ်.. ဟေး

ငါနဲ့ပဲ စ. . . ငါတွေကပဲ တဖြုတ်ဖြုတ်ကြွေကျ.. ကျ..

မင်းတို့ ကစားလို့ ဝပြီ ဆိုမှ ပြန်ထ ထ.. ဟေး
သံသရာမှာ သေမထူး နေမထူး ဖြစ်နေမှတော့
အမှန်နဲ့ အမှား၊ အဖြူနဲ့ အမဲ ကြိုက်ရာသာ ရွေးပါ

http://sphotos.ak.fbcdn.net/hphotos-ak-snc3/hs582.snc3/30716_1407860167448_1560768150_983781_2507910_n.jpg
ဘယ်ဘက်နေနေ ဘဝဟာ တိုက်ပွဲပဲမို့. . .
ကံကြမ္မာ စစ်တုရင်ခုံထက်မှာ နွှဲလိုက်အုန်းဟဲ့ နောက်တပွဲ ယောက်ဖရေ..! ဆွဲသာဆွဲ.. ဖြဲသာဖြဲ..! ဟေး


ဒီနေ့ လူ့ပြည်အတွက်. . . ! ! ! !
ငရဲကြီးရှစ်ထပ်နဲ့ ကောင်ကင်ဘုံကို စစ်ကြေငြာလိုက်ပါတယ် ဆိုတော့လည်း
မြင်းရိုင်းတွေလိုပဲ မီးတောက်လွင်ပြင်မှာ လေဟုန်နဲ့ ပြေး.. ပြေး.. ပြေး. . . ဟေး. . . ဟေး. . . ဟေး။ ။


အူသောင်

အပြာရောင် ဂြိုဟ်သားများ (၉)

ဖြစ်တတ်နေလိုက်ပုံများတော့
ရေစုန်မှာ အလျားသင့် မျောနေတာ
သောင်နဲ့ တိုက်မှ လန့်ပြီး
သဲတွေနဲ့ ပက်ရတာမျိုး။
http://www.dezeen.com

ဖြစ်တတ်နေလိုက်ပုံများတော့
အပြစ်တင်မှု ဖြစ်လာတိုင်း "လူ" တစ်ယောက်တော့
အနည်းဆုံး လိုအပ်နေသလိုလေ။

ဟုတ်တယ်၊
သူများကို အပြစ်တင်ချင်တဲ့ "ငါ"တော့ လိုတာပဲ။

ဖြစ်တတ်နေလိုက်ပုံများတော့
ကိုယ် မဖတ်ချင်တဲ့ စာကြောင်းက
ကိုယ့်/ဒီ စာကြောင်းရဲ့ နောက်မှာ။

ဘာလုပ်ရင် ကောင်းမလဲ။

ဤ နေရာတွင် ထိုင်းမှိုင်းရတယ်
ဤ နေရာတွင် တွေဝေရတယ်
ဤ နေရာမှ မည်သည့်နေရာကိုမှ မရောက်။


ဤ နေရာတွင်
ဘာလုပ်ရင် ကောင်းမလဲ။

ချမ်းညီချို

အပြာရောင် ဂြိုဟ်သားများ (၈)

ဒီလိုအချိန်မှာ
http://www.dezeen.com
အားလုံးက ကသုတ်ကယက်
ဖြစ်လာတဲ့ စက္ကန့်အတွင်းမှာ မောင်းတင်
ဖြစ်လာတဲ့ စက္ကန့်အတွင်းမှာ မောင်းဖြုတ်
ချစ်လှစွာသော ပန်းကလေးတွေက အစ
ခပ်မြန်မြန် နမ်းရှုံ့ဖို့ အားထုတ်ရတယ်။

ဆိုသောကြောင့်
ပစ္စုပ္ပန်ကို တည့်တည့်ရှု၊ မောင်းဖြုတ်
ဖြစ်လာတဲ့ စက္ကန့်ကလေးကို ထိတောင်ပစ်ဖို့။


ဖြစ်နိုင်ရင်
ကုသိုလ်စိတ်ကို ရွှေနဲ့ကြုတ်၊ မောင်းဖြုတ်
မြင့်မြတ်သော ဘုံဘဝ သို့အရောက်
ခြေတစ်လှမ်းစာ နောက်မကျစေဖို့။


ချမ်းညီချို

07/05/2010

ပြုံးကြည့်သွားပါဦးလား

သတိ!

အပြုံးနယ်မြေ
မပြုံးမနေရ။

Happy Water - Scott Cromwell


ပြုံးတယ်ဆိုတော့
အပြုံးမှာ အပြုံး ဘယ်လောက်သားပါလဲ
မဲ့ပြုံး ငိုပြုံး ရီပြုံး စာရင်းဇယားနဲ့ပြုံး စသဖြင့်ပြုံး
ပြုံးခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည်တဲ့
ပြုံး ပြုံး ပြုံး

အစွန်း လွတ်လွတ် ပြုံးဖူးအောင်ပြုံး

လူမျိုးဘာသာမရွေး ပြုံးနိုင်သည်။
ဦးရာလူ ကြိုက်ရာနေရာတွင် ပြုံးနိုင်သည်။
ပြုံးပေါ့ ပြုံးနိုင်သမျှသာ ပြုံး
သွားတိုက်ဆေး တိုက်ပြီး အပြုံးလှလှလေးပြုံး

အပြုံးတွေ ဒစ်စကောင့်ချနေပြီတဲ့
အပြုံးတွေ သက်သာတယ်တဲ့
အပြုံးတွေ ပွဲတော်နီးပြီတဲ့
စမ်းပြုံးလို့ ရတယ်လေ
ပြုံးကြည့်သွားပါလား (တစ်ပြုံး မှ ၂၀၀ရယ် ဘတ်စ်ကားခလောက်ပဲရှိတာ)
ပြုံးထား ဆရာရေ ပြုံးထား

ပြုံးနော် Say Cheese
ပြုံးထားလေကွာ မမှီသေးဘူး
အပြုံးစံချိန်မှီမှ ရိုက်သော ကင်မရာ
ပြုံး ပြုံး ပြုံး ပြုံးဟ

အပြုံး ရွေးကောက်ပွဲ
အပြုံး ပါတီများ မှတ်ပုံတင်ရန်
ပြည်သူလူထုအတွက်(ကျွန်တော်တို့) ပြုံးကြမှာ
နောက်ကျကျန်တဲ့ အပြုံးတွေ ကို တိုးတက်အောင်
အပြုံးအရင်းအမြစ်တွေ ဒီမှာအများကြီး

အများပြည်သူကျန်းမာရေးအတွက် မပြုံးသင့်သော အပြုံးများကို
အပြုံး ဦးစီးဌာနမှ ယနေ့ ထုတ်ပြန်လိုက်သည်။(စာမျက်နှာ ၈ ကော်လံ ၆)

လုံခြုံရေးအရ အပြုံးများကို စစ်ဆေးမည်ဖြစ်ပါသဖြင့်
ပါဝင် ကူညီပေးကြပါရန်။

ထွန်းနွယ်

ပျင်းရိစွာ ရေးဖွဲ့ထားသော နေ့စွဲများ

ရယ်တော့ ရယ်ရသား
လူတွေဟာ ကိုယ့်အပေါ်မှာပဲ
People - Ivana Vostrakova
အာရုံကျလိမ့်မယ်လို့။
သောက်ချင်စိတ်သာ ရှိပြီး
သောက်လို့ မကောင်းတော့တဲ့
စီးကရက်တွေကလည်း. . ရယ်ရတယ်။
ဗာဒံပင် အောက်က
စားပွဲပုလေးမှာ ထိုင်ပြီး
ရှိရှိသမျှ လူအားလုံးကို. . သနားစရာလို့
ထင်မြင်ခဲ့တဲ့
ကောင်လေးတစ်ယောက်ကလည်း
သူ့ကိုယ်ပိုင် ကြွက်တွင်းလေးထဲ
အောင်းဆဲ။
ကိုယ့်နာကျင်မှုကိုမှ
နာကျင်မှုမှန်း သိအောင်
အော်ငိုပြချင်တဲ့
လူတွေပါလေ။
ဟာသပဲ
.. .. .. .. .. .. .. ..
ဆံပင်ကို လက်နဲ့ထိုးဖွ
မှန်ထဲက ပုံရိပ်ကို
တ၀ကြီး ငေးကြည့် ပလိုက်တယ်။

လင်းဝေ

06/05/2010

အလုပ်သင်ဆရာဝန်တစ်ဦး၏ နေ့ စဉ်မဟုတ်သော မှတ်တမ်း

ဒီဆေးရုံပေါ် တက်လာတဲ့ ခြေလှမ်းတွေကို ပြန်ပြီး ငုံ့ကြည့်မိတယ်
တစ်သက်နဲ့ တစ်ကိုယ် ဘာအတွက် လျှောက်နေမှန်းမသိတဲ့ ခြေလှမ်းတွေ
အခုမှ တစ်ကယ့်ကို အခုမှ ပြန်ငုံ့ကြည့်မိတယ်…

' တစ်ယောက်ယောက်က မင်း ဘယ်သွားနေသလဲ' လို့ မေးမှာကို သိပ်ကြောက်တယ်
အရင်က အားလုံး ရှိခဲ့တယ် ငယ်ငယ်လေးဟိုးတုန်းက အားလုံး ရှိခဲ့တယ်
ဘွဲ့ဝတ်စုံကြီး ရှိခဲ့တယ်၊ ခွဲစိတ်ခန်းသုံး ဓါးတစ်ချောင်း ရှိခဲ့တယ်
စာအုပ် အထူကြီးတွေ ရှိခဲ့တယ်၊ ကိုယ်တိုင် တက်ပြောတဲ့ ဟောပြောပွဲတွေ ရှိခဲ့တယ်
လူနာတွေ အများကြီး ရှိခဲ့တယ်၊ ဆေးတွေ အများကြီး ရှိခဲ့တယ်
ဝင့်ကြွားနေတဲ့ အမေ့မျက်နှာ ရှိခဲ့တယ်
ကျေနပ်နေတဲ့ အဖေ့မျက်နှာ ရှိခဲ့တယ်
ဖိုးခွား ဆိုတဲ့ကောင်မှာ ငယ်ငယ်တုန်းက အားလုံး ရှိခဲ့တယ်

တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ ငယ်ငယ်လေး
ဟိုးတုန်းက ရှိခဲ့တာတွေ မရှိတော့ဘူး

ငါသိဖို့ အများကြီး ကျန်သေးတယ်
ပြီးတော့ မသိချင်ယောင်ဆောင်ဖို့ အများကြီး ကျန်သေးတယ်

နှစ်တွေ အများကြီးကြာတဲ့အထိ
မျက်စိကန်းနေတဲ့ လူတစ်ယောက်
လမ်းကတော့ လျှောက်တယ် ဟိုလမ်းတွေ့ လည်း ၀င်တယ်
ဒီလမ်းတွေ့ လည်း ၀င်တယ်
ဘယ်ရောက်မယ်လည်း မသိဘူး တချို့တွေနဲ့ လက်တွဲလျှောက်တယ်
တချို့တွေနဲ့ လျှောက်ရင်း ရန်ဖြစ်တယ်
တချို့တွေနဲ့ အတူနားတယ်၊ တချို့တွေနဲ့ အတူစားတယ်
ဘယ်ရောက်မယ်လည်း မသိဘူး
ဘာတွေပြောနေကြတာလဲ ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ
' ရပ်နေရင်တော့ မင်းခွေးလုံးလုံးဖြစ်မှာပဲ ' လို့ ဘာလို့ လာပြောနေကြတာလဲ
ကျွန်တော် လျှောက်လာခဲ့တာ ခုနှစ် နှစ် ရှိပြီ
ကျွန်တော် ဘယ်ရောက်နေသလဲ နောက်တော့ ကျွန်တော်ဘယ်ဆက်ရောက်ဦးမှာလဲ
ခင်ဗျားတို့ သိသလား

ခင်ဗျားတို့ ဆူမယ် ဆဲမယ် အပုပ်ချမယ်
ဒီမယ်…. ခင်ဗျားကို ခင်လို့ တိုးတိုးလေးပြောခဲ့မယ်
လမ်းဆိုတာ အမြဲလျှောက်နေဖို့ ချည်းပဲ မဟုတ်ဘူး
တခါတရံ ကားကြုံ လိုက်ရတယ်
တခါတရံ ကုန်းပိုးခေါ်သွားတဲ့လူ ရှာရတယ်
ကျွန်တော် ခုနှစ် နှစ် လျှောက်ခဲ့ပြီးပြီ ခင်ဗျားလည်း နှစ် နှစ်ဆယ်လောက် လျှောက်ခဲ့ပြီးပြီ
http://obeygiant.com/

ခင်ဗျား ဘယ်ရောက်နေသလဲ ကျွန်တော် ဘယ်ရောက်နေသလဲ
ခင်ဗျားလည်း မသိဘူး ကျွန်တော်လည်း မသိဘူး
ခင်ဗျားပြောသလို ပစ္စုပ္ပန်ကျကျသာ နေခဲ့ရင်
ကျွန်တော့်ကိုယ်ပေါ်မှာ အ၀တ်အစားတောင်ပါမှာ မဟုတ်ဘူး

ကျွန်တော် တခါတရံ မသိချင် ယောင်ဆောင်တယ်
ကျွန်တော် တခါတရံ ဘာမှ မသိဘူး. . .
ဘာမှ မသိရတာ မသိချင် ယောင်ဆောင်ရတာထက် ပိုကောင်းတယ်

တခါတလေတော့ ကျွန်တော်တစ်ယောက်တည်း ငိုချင်တယ်
တခါတလေတော့ ခင်ဗျားတို့ကိုရီချင်တယ်
ငယ်ငယ်လေး ဟိုးတုန်းက ကျွန်တော့်မှာ အများကြီးရှိခဲ့တယ်
ခင်ဗျားသိလား
ပြီးတော့ ကျွန်တော် အများကြီး (အခုဆိုရင် အားလုံး) မရှိတော့ဘူး
ခင်ဗျားသိလား
ကျွန်တော် လာမယ့်လမ်းဟာ ခင်ဗျားရှိမယ့်နေရာ မဟုတ်ဘူး
ခင်ဗျားသိလား
ကျွန်တော် လာမယ့်လမ်းဟာ ဘယ်သူရှိနေတဲ့နေရာလဲ ကျွန်တော်လည်းမသိဘူး
ခင်ဗျားသိလား
လမ်းလျှောက်နေတဲ့ ကျွန်တော့်ကို ကျော်တက်သွားတဲ့ ကားတွေအကြောင်း
ခင်ဗျားသိလား
လမ်းလျှောက်နေတဲ့ ကျွန်တော့်ကို ၀င်တိုက်သွားတဲ့ ကားတွေအကြောင်း
ခင်ဗျားသိလား
ပန်းတိုင်ဆိုတာ ဘယ်လိုအရာကို ခေါ်သလဲ ခင်ဗျားသိလား

ဒါပေမယ့် ကျွန်တော် တစ်ခုတော့ သိတယ်
ခင်ဗျား အားလုံး သိတယ် ပြီးတော့ အားလုံးကို မသိချင်ယောင်ဆောင်တယ်
ခင်ဗျား အဲ့လို နေရတာ မပင်ပန်းဘူးလား
အဲ့လိုကြီး မသိချင်ယောင်ဆောင်ပြီး လူတတ်ကြီးလုပ်နေရတာ
မရှက်ဘူးလား
မင်းကြီးတာကထွက်တဲ့ ရွှေသမင်ကို မဖမ်းနိုင်ဘဲ
ဒီခွေးအတောထဲ အမဲလိုက်ရတာ မရွံရှာဘူးလား

ခင်ဗျားလောက် ဆင်ခြင်တုံတရားမရှိတဲ့ လူတွေကို အဘခေါ်ပြီး ခင်ဗျားထက် ဆင်ခြင်တုံတရားရှိတဲ့သူတွေကို နလပိန်းတုန်းတွေ လို့  ပြောနေရတာ စိတ်မပျက်ဘူးလား

ဘာပဲဖြစ်ဖြစ် ခင်ဗျားတော်တယ် ဘာမှမသိတဲ့ ကျွန်တော့်နားမှာ ပုံစံမပျက် မသိချင်ယောင်ဆောင်နိုင်တဲ့  ခင်ဗျားကို ကျွန်တော် လေးစားတယ်
လေးစားတဲ့အထိမ်းအမှတ်ကလေးအနေနဲ့ . . .
ကျွန်တော့်ရဲ့အိပ်မက်ကလေးတွေ အချဉ်ရည်နဲ့ တို့စားသွားပါဦးလား။


ဖိုးခွား

မျက်ရည်

ပြောင်း . . .

ဒေါသတွေလဲ. . . . . . . . . . . . . . မျက်ရည် အဖြစ် ပြောင်း
စိတ်မခံမရပ်နိုင်ဖြစ်မှု့တွေလဲ. . . . မျက်ရည် အဖြစ် ပြောင်း

ဝမ်းနည်းမှု့တွေလဲ. . . . . . . . . . . . .မျက်ရည် အဖြစ် ပြောင်း
ပျော်ရွှင်မှု့တွေလဲ. . . . . . . . . . . . .မျက်ရည် အဖြစ် ပြောင်း

အိမ်လွမ်းနာလဲ. . . . . . . . . . . . .မျက်ရည် အဖြစ် ပြောင်း
အချစ်နာလဲ. . . . . . . . . . . . .မျက်ရည် အဖြစ် ပြောင်း

ကျရှုံးမှု့တွေလဲ. . . . . . . . . . . . မျက်ရည် အဖြစ် ပြောင်း
အောင်မြင်မှု့တွေလဲ. . . . . . . . . . မျက်ရည် အဖြစ် ပြောင်း

ပျော့ညံမှု့လဲ. . . . . . . . . . . . .မျက်ရည် အဖြစ် ပြောင်း
အိပ်မပျော်ခြင်းလဲ. . . . . . . . . . .မျက်ရည် အဖြစ် ပြောင်း


http://www.beautifulandes.com/gallery

မကြာခင်. . ငါလဲ. . . . . . . . . . . မျက်ရည် အဖြစ် ပြောင်း။

စိမ့်ဝင် . . .

အငွေ့ပျံ . . . .

ခြောက်ခမ်း . . . . .

ကွယ်ပျောက် . . . . . . ။




ရေနံ့သာ

05/05/2010

အခန်း

ဝင်ချင်ဝင် ထွက်ချင်ထွက်. . ။ နေချင်နေ ပြန်ချင်ပြန်. . ။ အပြစ်ပဲ မြင်မြင်. . အချစ်ပဲ ဝင်ဝင်
အညက်အသော.. အငြိုအငြင်.. အညှာအတာ.. ဘာလာလာ ပါ။

နေနဲ့ လတောင် အလင်းနဲ့ အမှောင်ကို လက်ဆွဲလို့. . . ဝင်လိုက် ထွက်လိုက်နဲ့
နေ့နဲ့ ညတောင် ခွေးနဲ့ ကြောင်လို ပြေးတလှည့် လိုက်တလှည့်. .
အတွေးကမ္ဘာကြီးလည်း. . . 'အမေးကမ္ဘာ တွေးစရာ' က မော်ဒယ်မမတွေ လို
တက်တလှည့် ဆင်းတလှည့်နဲ့ တောင်ကုန်းလား၊ ပေါင်လုံးလားတောင်. . . မကွဲပါဘူး။

" ဆန်းပြားတဲ့ လောကဇာတ်ခုံကြီးပဲလေ. . . . "

သူတို့လည်း ဘာသားနဲ့ ထုထားလို့လဲ။ ။
လူသားနဲ့ ပါပဲ. . ။ ကိုယ်လို သူလိုပါပဲ. . ဟုတ္တိပတ္တိပါပဲ. . ။ ပေါ်လိုက် မြုပ်လိုက်ပါပဲ။

Life Summarised In 4 Bottles

လောကကြီးကလဲ ဒီရေလို ပါပဲ။ မောင်းတင်လိုက်ရင်း. . . ခလုတ် မဖြုတ်ရဲလိုက်ရင်း. . .
သံသရာမှာ ငိုလိုက်ရင်း. . . ရီလိုက်ရင်းနဲ့။ ရေတိုက်စားသလို တတိတိနဲ့. . . သတိသာ မထားမိတာ
တော်တော်တောင် ပါသွားပြီကော. . . ။ မီးညှိလိုက်ရင်း ထိုးချေလိုက်ရင်းနဲ့။

အနှစ်အကာ၊ အကျိုးအပြစ်၊ အတုအစစ်ကို အတ္တကြိုး ကျစ်ကျစ်ပါအောင် ဆွဲလို့
သူ့ဘက်ကိုယ့်ဘက် မဲအသာပဲ မဲလာလိုက်တာ. . . ရွေးကောက်ပွဲ လိုပဲ။
ပြီးသာ ပြီးသွားမယ်။ အဖြူအမဲက ကွဲမလာတော့ ဆဲသာဆဲကွာ!
ရွဲကာမှ ရွဲရော. . . သေသွားရင် ဒါပဲ ပါသွားမှာ။ ( -ီး ပဲ ကွာ ! )

ငယ် ငယ် က နှေး လို့ ရိုက် ခွဲ ခဲ့ တဲ့ နာ ရီ တောင်
အ ခု လိုက် ဆွဲ တော့ . . . လှည့် တောင် ဆဲ သွား သေး တယ် မ မှီ လိုက် ဘူး ဆ ရာ ။


အမောဖြေလိုက် ပြန်ပြေးလိုက်နဲ့ ကိုယ်သာ မုဆိုး၊ ကိုယ်သာ သားကောင် ကိုယ်ပဲ မင်းသား၊ ကိုယ်ပဲ လူကြမ်း
နား မယောင်နဲ့ ဟေ့ရောင်. . . ! မင်းဘဝနဲ့ မင်း၊ မင်းအရှုပ် မင်းရှင်း၊ မင်းလမ်း မင်းခင်း၊ မင်းအကောင်/တောင် မင်းနိုင်ပစေ။ ။

နတ်ပြောပြော၊ ငရဲပြောပြော၊ ခွေး၊ တိရစ္ဆာန်၊ ပြိတ္တာပြောပြော. . . 'ရှမ်းကြိုက်တော့ နွားချောသတဲ့. . .' ။

ဘာပဲပြောပြော. . . ကောင်းကင်ကို အမိုး၊ လေကို အကာ မြေမှာ ဖောင်ဒေးရှင်း ချထားတာ
ဒီအခန်းက ငါ့တို့လည်း တဝတ်ဆိုင်တယ်ကွ. . ။ နေသာသလို နေစမ်းပါ။ ။


အူသောင်

04/05/2010

ထယျန်း

အခုနောက်ပိုင်း လူတွေ ထယျန်း (Trend) ပြောင်းလာတယ်။

ကိုယ်ဟာ ဘာကောင်မှ မဟုတ်ပါဘူး။ ကိုယ်ဟာ အသုံးမကျပါဘူး..။
ကိုယ်ဟာ ဘာမှလုပ်နိုင်တဲ့ကောင် မဟုတ်ပါဘူး. .။ ကိုယ်ဟာ ဟိုယောင်ဒီယောင် လုပ်နေတဲ့ကောင်ပါ လို့. .
အမှန်တရားလိုလို သော်လည်းကောင်း. . . . နှိမ့်ချခြင်းလို သော်လည်းကောင်း. . . .
ရိုးသားချင်လို သော်လည်းကောင်း. . . . ကိုယ့်ကိုယ်ကို သိမြင်ခြင်းလို သော်လည်းကောင်း. . . ကိုယ်မကောင်းကြောင်း ကိုယ်ဝန်ခံရဲတဲ့ ရဲရင့်သူလို သော်လည်းကောင်း. . . လုပ်နေတဲ့ သူတွေကို အားပေးလာကြ၊ လေးစားလာကြ၊ သဘောကျလာကြတယ် ထင်တယ်လို့။

တကယ်တော့ လူမိုက်အားပေးလုပ်နေတယ်လို့ ခံစားမိသလို. . ကြိုးစားချင်စိတ်ဖြစ်ပေါ်အောင် တွန်းအားပေးတယ်လို့ မထင်ဘူး။

http://www.fluxtrends.com/

တခါတခါ. . အမှန်တရားကို ၀န်ခံရဲသလိုလိုနဲ့ လှည့်ဖြားနေတဲ့ လူတွေ အများကြီးရှိတယ်လို့ ထင်တယ်။

ဒါမှမဟုတ်လဲ. . . .
လူတိုင်း ဒီလိုပဲ ခံစားနေရလို့. . ထုတ်ပြောတဲ့ ကောင်ကို ၀ိုင်းအားပေးကြတာလား။
တလောကလုံး တိတ်တိတ်ပုံးနဲ့ ပေါ်တင် ငပျင်းတွေကြီးပဲ ရှိတာများလား။ ဒါဆိုရင်တော့ ၀မ်းသာစရာပေါ့နော့. . . . . . . . . . . ။

ရေနံ့သာ

ငါ မလင်းတဲ့အခါ

ကိုယ်တိုင်သာ
တစ်နေ့ထက် တစ်နေ့ မှောင်နေရတယ်

ထမင်းဆီဆမ်းက တစ်ပွဲသုံးရာ
ဖိုးလမင်းက ရွှေလင်ပန်းက တစ်ဗန်း ဆယ့်ငါးသိန်း
ဖိုးလမင်းကရော ဘယ်လောက်ပေးရ. . .
မျက်နှာပြင် အနာအဆာရှိတဲ့အတွက် ပွဲခနှုတ်တယ်။

မှောင် နေ တယ်. . .
မှောင် နေ တယ် . . .

တစ်ယောက်ယောက်က
မင်း လင်းပစ်လိုက်စမ်းပါ လို့ 
အားမလို အားမရ ပြောလာတဲ့အခါ. . .
ငါကိုယ်ငါ ဖွင့်ကြည့်တယ်
သော့တွေ တစ်ချောင်းပြီး တစ်ချောင်းနဲ့ 
ငါ့ရုပ်ငါ ပြန်ဆွဲတယ်
စုတ်တံ တစ်ချောင်းပြီး တစ်ချောင်း
ကင်းဗတ် တစ်စပြီး တစ်စ။

မီး မလာဘူး
မီး မလာဘူး
အဲ့လို အော် အော်မနေနဲ့။
ငါက မှောင်နေရတဲ့အတွက်
မီးလာလည်း. . .
သိပ်တော့ မထူးခြားလာပါဘူး။

http://www.care2.com/c2c/groups/disc.html?gpp=5116&pst=872738

အားလုံးကို သိမ်းဆည်းလိုက်တော့. . .
အမှိုတ်တစ်စမှ မကျန်တော့အောင်။
အမှောင်ကို အကာအကွယ်ယူပြီး
ရာဇ၀တ်မှုများ ကျူးလွန်ကြသည် လို့
စွပ်စွဲမခံနိုင်တဲ့ အတွက်ကြောင့်။

မနေ့က ဟင်းအိုးတွေ သွန်ပစ်ပါ။
သိုးသည်ဖြစ်စေ မသိုးဘူးဖြစ်စေ။

ပန်းအိုးမှာ နှင်းဆီပန်း မထိုးရ။
အခြား နှစ်သက်ရာ ထိုးနိုင်သည်။

ဖိနပ်ချွတ်ပြီး ၀င်ပါ။
ခေါင်းငုံ့ပြီးဝင်ပါ။ ( ထုပ်တန်းနိမ့်သည်)
ကြွက်ရောင်းရန် မရှိပါ။
ညအိပ်ဧည့်သည် လက်မခံ။

လူလည်း လာပါ
ပြသနာလည်း လာပါ။
ပြီးရင် အားလုံး ပြန်သယ်သွားကြပါ။


ငါကိုယ်တိုင်က မှောင်တယ်။
ငါ့ပါတ်ဝန်းကျင်ကလည်း မှောင်တယ်။
နောက်ပြီး အချိန်နောက်ကျသွားရင်. . .
ပို ပိုပြီး မှောင်တော့မယ်။

စည်းကမ်းများကို လိုက်နာပါ။

ကျွန်တော်ဟာ
အမျိုးသားရေးကိုလည်း သစ္စာမဖောက်ဘူး။
အမျိုးသမီးရေးကိုလည်း သစ္စာမဖောက်ဘူး။
ကိုယ့်ကိုယ်ကိုက လွဲရင်. . .
ဘယ်သူ့ကိုမှ သစ္စာမဖောက်။

ငါ ဆက်ပြီး မှောင်မယ်. . .
ဆက်မှောင်မယ်။
တစ်ကယ်လို့. . . . . .
ငါ ဆက်မမှောင်နိုင်တော့တဲ့အခါ
ငါ့သား ငါ့မြေးတို့အား ဆက်မှောင်စေရန် မှာခဲ့ကြပါ။


ဖိုးခွား

ထိုနေ့

ထိုနေ့က အေးစိမ့်ကြည်လင်၍ လန်းဆန်းသော နံနက်ခင်း ဖြစ်သည်။
ထိုနေ့က ပုံစံခွက်တွေထဲက နေ့တနေ့ ဖြစ်သည်။
ထိုနေ့က အမေချက်သော ကျွန်တော်ကြိုက်သော သျှမ်းခေါက်ဆွဲ ဖြစ်သည်။
ထိုနေ့က ကျောင်းစိမ်းဝတ်စုံတစုံနှင့် ကျော်သူတယောက်ကို ခေါ်ပြီးသွားတော့
လမ်းအဆုံက ရီသံတစုံကို ဆင်မြန်းထားသည်။
ထိုနေ့က စကားများသည်။
သို့သော် စကားနည်းသော ကျော်သူနှင့် ညီအကိုရင်းမျှ ပေါင်းလာသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ပြီ။
ထိုနေ့က လန်ဒန် တယောက်တလိပ်ခဲ၍ ကွမ်းဝါးကြသည်။

ထိုနေ့ ကျောင်းအဝင်လမ်းက စိမ်းလန်းစိုစွတ်သည်။
ထိုနေ့က အစိမ်းရောင်ကျောင်းတံခါးဝကို ပုဆိုးမပြီး ဖြတ်ခဲ့သည်။
ထိုနေ့က ခပ်တည်တည်ရပ်နေသော သောက်ရေကန်အနီးမှ ဖြတ်ခဲ့သည်။
ထိုနေ့က တအုံးအုံးစည်နေသော မုန့်ဆိုင်အနီးမှ ဖြတ်ခဲ့သည်။
ထိုနေ့က စာသင်ခန်းနှင့် မလှမ်းမကမ်းသို့ ရောက်နေပြီ။
ထိုနေ့က ကျောင်းသူချောချောတစု စကားပေါက်ပေါက် ဖောက်နေသည်။

ထိုနေ့က တကြိမ်တခါမှ မမြင်ဖူးသော တစုံတရာကို မြင်သည်။
ထိုနေ့က တကြိမ်တခါမှ မခုန်ဖူးသော ရင်က အကြိမ်တစ်ရာမက ခုန်သည်။

လှသည်. . . ယဉ်သည်။
ထိုနေ့ထက် ပိုလှသည်။
ထမင်းချိုင့်လေး ကိုင်ထားသည်၊ ကျောပိုးအိတ်လေး လွယ်ထားသည်။
ဒယ်မီမိုးလို ဆံပင်ညှပ်ထားသည်၊ လှပသောမျက်နှာပေါ်တွင် ချိုသောအပြုံး ဆင်ထားသည်။
အရောင်လဲ့နေတဲ့ မျက်ဝန်းတစုံနဲ့ တိုက်မိတော့. . . . . လောကကြီးက အရောင်မဲ့သွားသည်။
အသံမဲ့သွားသည်. . . . အလင်းမဲ့သွားသည်. . . . . . အချင်းနှင့်. . . . . အဆင်းတို့ မဲ့သွားသည်။
အသက်မဲ့သွားသည်ဟု ဆိုလျှင် ပိုလွန်းသည်ဟု ထင်မည်။
လိုသေးသည် ဆိုလျှင်ကော အပြစ်တင်မည်လား။

http://www.darcynorman.net/2005/11/04/flickr-faves-2005-11-04/

ထို. . . . . . . . . . နေ့. . . . . . . . . . . . က. . . . . . . . . . . . . .
ဘုရားသခင် မနှင်ထုတ်သော ပါရာဒိုက်(စ်)မှ ကိုယ့်သဘောနဲ့ကိုယ် ရင်ကော့ပြီး ထွက်ခဲ့သည်။
ထို. . . . . . . . . . . . . . . . . . . . . . . . နေ့ . . . . . . . . . . . . . . . . . . . . . . . . . က. . . .
ဘုံကြိုးပြတ်သွားတဲ့ နတ်သမီးတပါး လူ့ပြည်ကို ကတ္တီပါဖိနပ်စီးပြီး ဆင်းလာသည်ကို မြင်ခဲ့သည်။


အူသောင်

ဖြစ်နေကျ အချစ်ပုံစံ (၁၀)

http://galadarling.com/article/things-i-love-thursday63
အချစ်တဲ့. . . ။

ရည်ရွယ်ချက် မရှိလဲ
လက်တွဲလို့ လျှောက်ခဲ့ဖူးတယ်။

အလှတရားကို မျက်လုံးနဲ့ပဲ ခံစား
ဟောင်းလောင်းဖြစ်တဲ့/မယ့်
အစာအိမ်တွေ အကြောင်းလည်း
မေ့မေ့ပျောက်ပျောက်ပဲ။

ဒီလိုနဲ့. . .
သံယောဇဉ်တွေကို သားဆက်ခြား
ဈေးကြီးပေး အကြွေးစနစ်နဲ့
ဝယ်ယူပြီးကာမှ
ကျွဲပခုံးနဲ့ ကျားကန်ထားရတာလည်း
အချစ်ပါပဲ. . . တဲ့။

ဟုတ်တယ်. . . ။
နည်းနည်းပါးပါးပဲ ဖြစ်ဖြစ်
(ငါတို့) ပျော်ခဲ့ရဖူးတယ်။ ။

ချမ်းညီချို

02/05/2010

မြို့ပြဆိုက္ကားဆရာ

ဘယ်တစ်ဖက် အကြွမှာ
ညာတစ်ဖက် အချ. . .
ချွေးစက်ဟာ ကျတော့ကျတယ်။
တခါတရံ ခြေမ
တခါတရံ လက်မ
ကုန်းတက်မှာ အားစိုက်
ကုန်းဆင်းမှာ လေညှင်းခံ
ဘ၀ရဲ့ အနိမ့်အမြင့်ဆိုတာ
ငါ့အတွက် ဒါပဲလား. . .
http://picasaweb.google.com/nyinyi

တစ်ရက် အသပြာ
တစ်ရက် ဗလာ
ဘ၀ဆိုတာ ညနေပေးရမယ့်. . .
အုံနာကြေး တစ်ထောင့်ငါးရာ
အကြီးမ မုန့်ဖိုး ငါးရာ
အငယ်မ မုန့်ဖိုး သုံးရာ
တခါတရံတော့. . .
ဘကြီးလက်ဖွဲ့ တဲ့ ငါးဆင့်ချိုင့်က
ပေါင်စရာ နှံစရာ
နောက်နှစ်တော့ ကျူရှင်တက်ချင်တယ် အဖေ

မကြားချင်ယောင်ဆောင်တာ
မကြားတာမဟုတ်ဘူး
ငါကျန်းမာရေး အကောင်းကြီးရှိသေးတယ်


ဇယားလေး တစ်ယောက်လောက် ရှာပေးပါ
ရီဝေေ၀တွေကြားမှာ
ကျွန်တော် ဒါတွေ စိတ်မ၀င်စားဘူး
အခု ပါလာတာလေးတွေ ရလား
ဟာ. . . . . . .
ဒီကောင်. . . . .
ဒေါသစိတ်. . .တဲ့
အချုပ်မှာလည်း တစ်ညအိပ်လိုအိပ်။

ဟူး. . . .
ကိုဘသန်းရေ
ပင်လယ်ဘီင်္အီးတစ်စိတ်နဲ့
သုခိတာတစ်လိပ်
သံပရာသီးလေးလည်း ထူထူစိတ်ခဲ့။


ဖိုးခွား

01/05/2010

ဂွ

Longlife Milk တဲ့။
တချိန်မှာ. . .
ချဉ်ပုပ်ရမှာ သေချာနေတာကြီးကိုများ။

စိတ်ထားလေးက နူးညံ့လိုက်တာ တဲ့။
အိပ်မက်ထဲ လူသတ်နေရင် ဘယ်သူသိမှာ မှတ်လို့။
http://mayang.com/textures/

သူက လူတွေမျက်နှာကို ဖတ်တတ်တယ်နော် တဲ့။
ဒါ skill တစ်ခုလား . . . .
သူများမျက်နှာပဲ ကြည့်နေရတဲ့ဘ၀မို့ ဖတ်တတ်တာလား။


ရိုးရှင်းလိုက်တာ တဲ့။
သပွတ်ခြုံကို 'ခြုံ' တစ်ခုအနေနဲ့ ခြုံကြည့်ရင်လဲ ရိုးရှင်းပါတယ်။

ချစ်တတ်လိုက်တာ လွန်ပါရော. . .
အကယ်ဒမီရှော့တွေလား။

ဘာလဲ. . . ဂွ ကျလှချည်လား လို့ ပြောမလို့လား။
လောကကြီးကိုက ဂွ ကျနေတာကိုများ။

ရေနံ့သာ။