29/01/2010

ခေါင်းစဉ်တပ်ခြင်း



အကြံပြုနေတာလား..၊ တိုက်တွန်းနေတာလား။
အသိပေးနေတာလား..၊ သတိပေးနေတာလား။
ပြောပြတာလား..၊ ပြောချင်နေတာကြာပြီလား။
လက်တို့ပြီးပြောနေတာလား..၊ လက်တုပ်ပြီးပြောနေတာလား။

တွေးခေါ်စေချင်တာလား..၊ ကျက်မှတ်စေချင်တာလား။
မြင်စေချင်တာလား..၊ မျက်စိနောက်နေတာလား။
စေတနာလား..၊ အတ္တလား။ (ရှေ့တန်းတင်နေတာက...)
ဂရုဏာဒေါသလား..၊ ဒေါသပြီးမှ ဂရုဏာလား။
(သစ္စာနီကတော့ " ဂရုဏာနဲ့ဒေါသတွဲမနေဘူး..." တဲ့။)

ခင်တာလား..၊ ခင်းနေတာလား။
ပေးဆပ်နေတာလား..၊ မျှော်လင့်နေတာလား။
အခွင့်အလမ်းတွေပေးနေတာလား..၊ အခွင့်အရေးတွေယူနေတာလား။
ညီမျှခြင်းလား..၊ မျှညှိနေတာလား။

လိုအပ်နေတာလား..၊ လိုချင်နေတာလား။
ပိုင်ဆိုင်ချင်တာလား..၊ ပိုင်စိုးချင်တာလား။
သံယောဇဉ်လား..၊ ပြန်ရောချင်တာလား။
စွန့်လွတ်လိုက်တာလား၊ စွန်လွှတ်နေတာလား။

ဘာသာရေးလား..၊ ငါသာရေးလား။
နိုင်ငံရေးလား..၊ နိုင်ဖို့အရေးလား။
လူမှူရေးအရလား..၊ လူမူးဖို့အတွက်လား။ (မလွှဲသာလို့ပါဗျာ..။)
လွတ်လပ်ချင်တာလား..၊ လွတ်ထွက်ချင်တာလား။

ကကြီးလား..၊ ယပက်လက်လား။
ကြည့်နေတာလား..၊ မြင်နေတာလား။
အားနာနေတာလား..၊ 'အ' နေတာလား။
တစ်ဝက်ပြည့်နေတာလား..၊တစ်ဝက်လျော့နေတာလား...။

နေသာသလိုသာ နေပါ.. မောင်ကံ
ငါလည်း တရေးတမောလောက် အိပ်ချင်လို့ပါ......။ ။

မောင်ရင်ငဇေ

ကက်ကင်း




ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။

ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း....။

ပျော်လိုက်ကြသည်ဖြစ်ခြင်း....။



လွန်ခဲ့သည့် ( ၅ ) နှစ်ကျော်...နှစ်သစ်ကူးရက်များနှင့် ရုပ်ရှင် အနုပညာသည်များ၏ မှတ်တိုင်များ စိုက်ထူခဲ့ကြသည့်ည....။
အကယ်ဒမီည။
ထိုနေ့...ထိုညများသည် မိမိနှင့် မသက်ဆိုင်တော့။

ရုပ်ရှင်အနုပညာလောကနှင့် တဖက်သက် ကွားရှင်းပြတ်စဲ ပြီးစီးခဲ့သည်မှာ ၂ နှစ်ကျော် ၃ နှစ်ထဲသို့ ၀င်လာခဲ့ပြီ ဖြစ်သည်။

အကြောင်းရင်းစစ်သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ လုပ်ရိုးလုပ်စဉ်တစ်ရပ်ပေါ် အခြေခံသွားသည်။

မိမိသည် အော်ဟစ်ဆူပူသောင်းကျန်းမိသူ မဟုတ်။
မိမိသည် လက်သီးလက်မောင်းတန်းဖို့ နေနေသာသာ
လက်နှစ်ဘက်ကို မိမိပခုံးထက်ထိပင် မ မခဲ့။

ရှိစေတော့...ကိုယ့်ကံနှင့်ကို ကမ္ဘာမြေကြီးပေါ်ရှိ မြန်မာပြည်ကြီးထဲသို့ ရောက်လာခဲ့ပြီးကိုး။့
သို့သော် ကျေးဇူးတင်ပါသည် အမိမြန်မာပြည်။

ကျေးဇူးကြီးလှပါသည် ( အဘ ) ဘဘဦးသုခ။
မိမိ၏ပရိသတ်၊ မိမိ၏ကျေးဇူးရှင်များ၊ မိမိနှင့် ပါဝင်ပက်သက်ခဲ့ဖူးသော ခင်ပွန်းကြီး ( ၁၀ ) ပါး။
မိမိထက်နိမ့်ကျသူများ၊ မိမိထက်မြင့်မားသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာတူသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာမတူသူများ၊ မိမိလေးစား သည့်မိတ်ဆွေများ၊ မိမိရွံရှာခဲ့သော ရန်သူများနှင့် အမိမြန်မာ ပြည်သူပြည်သားများအပြင် နိုင်ငံရပ်ခြားမှ မိမိတို့ မြန်မာပြည်အတွင်းတွင် ဘ၀ပြောင်းသွားသောသူများ...အားလုံး ..အားလုံး...ငြိမ်းချမ်း လှပအဆင်ပြေမှုရှိအောင် အခမဲ့ အသုဘ ၀န်ဆောင်မှုဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော လူမှုရေးအသင်းအဖွဲ့ပေါ်ပေါက်လာအောင် စတင်ဖွဲ့စည်း မျိုးစေ့ချ ပေးခဲ့သော ဘဘ ဦးသုခ၏ကျေးဇူးနှင့် တရားသဘော (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)ကို လွယ်ကူစွာရှာဖွေ ဖော်ထုတ်ပေးခဲ့သော အမိမြန်မာပြည်၏ ကျေးဇူးတရားများပင်ဖြစ်တော့သည်။

“သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်။ ” ...... မဟုတ်ပါလား။
သို့သော်

အများအကျိုး ရွက်သယ်ပိုးက

ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း

မငဲ့မစောင်း ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့....။

ဟူသော ရွှေဟင်္သာဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ အတိုင်းပင်ဖြစ်ခဲ့သည်။

ဘဘ(ဦးသုခ)၏ ဖေးမမြှင့်တင်မှုစွမ်းအားနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ငွေအား၊ လူအား၊ဥာဏ်အားနှင့် ကိုယ့်ထမင်းကိုယ်စား ကိုယ့်စားရိတ်နှင့်ကိုယ်သွား၍ ပြည့်သူ့အကျိုး ထမ်းဆောင် မှုပြုကတည်းက...မိမိနှင့် ရုပ်ရှင်မရိုက်ချင်သော ကုမ္ပဏီများ၊ ဒါရိုက်တာများ၊ မင်းသမီးများ ထူးဆန်း အံ့သြဖွယ် ပေါ်ထွက်လာခဲ့သည်။ ပြည်သူကျွေးသောထမင်းကိုစားပြီး ပြည်သူ့အရေးကိစ္စကို မျက်ကွယ်ပြု၍ မိမိအား ရွံရှာသူ၊ မင်္ဂလာ မရှိသူ၊ လာဘ်ပိတ်သူအဖြစ် သတ်မှတ်အကျင်ခံခဲ့ရပါသည်။

လွန်ခဲ့သော (၂) နှစ်ကျော် အချိန်ကာလမှစ၍ ယခုလက်ရှိအချိန်တွင်တော့ မိမိ၏ အချို့သော အနုပညာ လောကသားများသည် မိမိအား တစိမ်းတစ်ယောက်၊ မမြင်ဖူးသောသူတစ်ယောက်၊ အန္တရာယ်ရှိသူ တစ်ယောက်၊ အဖက်မတန်သောသူတစ်ယောက်၊ရွံရှာဖွယ် ကြောက်ရွံ့ဖွယ် တစ်ယောက်ကဲ့သို့ ဖြစ်သွားပြန် ပါပြီ။ ယခင်က ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံကူညီဖေးမခဲ့သောသူများပင် လမ်းတွေ့လျှင် မခေါ်ရဲ၊ မခေါ်ချင်၊ မပြောရဲ၊ မပြောချင်၊ မမြင်ချင်ဟန် ဆောင်သွားကြသည်။ တယ်လီဖုန်းလေးပင်ဆက်၍ စကား ပြောဖော်မရှိတော့။

တော်လိုက်သည့် ......အနုပညာရှင်

ပြောင်မြောက်လိုက်သည့်.......... အနုပညာရှင်

ထူးချွန်လိုက်သည့် ........ အနုပညာရှင်များပင် ဖြစ်တော့သည်။

အရင်းစစ်သော်..ဖန်တီးရှင်၊ တန်ခိုးရှင်၊ ကံဇာတ်ဆရာကြီး၏ တန်ခိုးအာဏာ အစွမ်းထက်မှုကြောင့်ပင်ဖြစ်တော့သည်။

ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။

ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း....။

ပျော်လိုက်ကြသည်ဖြစ်ခြင်း....။



ယခင်နှင့်ယခု မတူတော့...။
ယခင် အနုပညာလောကမှာ လှုပ်ရှားမှုများက.......... အတ္တဟိတ။
ယခု လူမှုရေးလောကမှာ လှုပ်ရှားမှုများက.............ပရဟိတ။
ယခင်နှင့်ယခု ကွာခြားလှသည်.....။ မိမိ၏ ရင်ထဲ၊ နှလုံးသားထဲ၊ ဦးနှောက်ထဲ ယခုပေါ်ပေါက်လာသည့် ပီတိ၊ ရင်ခုန်မှုအပျော်တို့သည် မိုးနဲ့မြေဖြစ်ခဲ့ပါပြီ ဘဘဦးသုခပြောခဲ့ဖူးပါသည်။ ဆုံးမခဲ့ဖူးပါသည်။

မောင်ကျော်သူ.....မင်းအီတလီဝန်ကြီးချုပ်ကိုသိလား? (မသိပါ)
.....မင်းပြင်သစ်သမ္မတကိုသိလား? (မသိပါ)
......မင်းချာလီချက်ပလင်ကိုသိလား? (သိတာပေါ့)

အေး.....အဲ့ဒါပဲကွ..အနုပညာသည်ဆိုတာ လူတိုင်းသိတယ်။ စစ်မှန်တဲ့အနုပညာသည်ဆိုတာ လူတိုင်းလေးစားတယ်။
ဒါကြောင့်....အနုပညာသည်လုပ်တဲ့....အကျိုးပြုလုပ်ငန်းဆိုတာ..."အောင်မြင်ရမယ်" တဲ့။

ဘဘဦးသုခစကားသည်............
မိမိအတွက် အားဆေးတစ်ခွက်ပင်ဖြစ်တော့သည်။
ဒါကြောင့် ထိုအချိန်မှစ၍ မိမိသည်....အသက်မရှိသူတို့နှင့်သာ ပတ်သက်သွားတော့သည်။
မိမိသည်.....လူတိုင်းမသွားချင်သော သင်္ချိုင်းသုဿန်သို့ အမြဲသွားနေသည်။
မိမိသည်.....လူတွေမေ့ချင်ယောင်ဆောင်မှုကို သိလာသည်။
မိမိသည်.....လူတွေမသိသောအရာများကို မြင်လာသည်။

ထို့ကြောင့်- မိမိ၏ အနုပညာနှလုံးသားကို ငြိမ်းချမ်းမှုအတွက် စတေးပစ်လိုက်တော့သည်။
ဤတွင်....ကျေးဇူးရှင်ဘဘ (ဦးသုခ) ကမ္ဘာမြေပြင်မှမထွက်ခွါခင် မိမိအား ပြောကြားခဲ့သည့် နောက်ဆုံးစကားရပ်ကို ကြားယောင်မိပါသည်...။

“မောင်ကျော်သူ...မင်းနဲ့ဘဘက အကျိုးပေးတယ်...ကက်ကင်း” တဲ့
ဟုတ်ပေသားပဲ....
သုခ ၊ ကျော်သူ ။
(သောကြာ+တင်္နလာ) ၊ (တနင်္လာ+သောကြာ)

ကျော်သူ ၊ သုခ ။
(တနင်္လာ+သောကြာ) ၊ (သောကြာ+တင်္နလာ)။

ထိုအခါ...မိမိ၏ဦးနှောက်ထဲ ဖျတ်ခနဲပေါ်လာ၍ ဆတ်ခနဲပြန်ပြောမိသည်။
“ ဟာ..ဘဘ...ဒါဆို ကျနော်က သင်္ချိုင်းနဲ့လည်း အကျိုးပေးတာပေါ့...”
“ကျော်သူ၊ သင်္ချိုင်း။ သင်္ချိုင်း၊ကျော်သူ လေ”...။
“ မှန်လိုက်လေ...... ဟုတ်လိုက်လေ....မောင်ကျော်သူရယ်တဲ့..” တဲ့
ဟုတ်ပါတယ်.... မောင်မောင်(ကျော်ဝင်း) ဆိုတဲ့လူတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်လာပြီး “ကျော်သူ” ဟူသော အမည်နာမနှင့် ဘ၀ဘ၀တွေကို ဖြတ်သန်းကျော်ဖြတ်တဲ့ အချိန်မှစပြီး ပေးဆပ် လိုက်ရတဲ့ ပေးဆပ်မှုတွေ....“ကက်ကင်း”ကိုက်ပြီး သင်္ချိုင်းမြေနှင့် အကျိုးပေးခဲ့ရသည်မှာ ယနေ့တိုင်....။

မိမိပီတိဖြစ်လိုက်ရသည်............ဖြစ်ခြင်း။

မိမိရင်ခုန်လိုက်ရသည်..............ဖြစ်ခြင်း။

မိမိပျော်လိုက်ရသည်................ဖြစ်ခြင်း။

သို့သော်...အားလုံး..အားလုံး..အလုံးစုံတို့သည်...အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

တရားသိသလိုလို..တရားရှိသလိုလိုနဲ့
ဝင်လေထွက်လေရပ်ပြီး
ငါ့နောက်မလိုက်ခဲ့နဲ့။

ကျော်သူ
(၂၊ ၁၁၊ ၁၉၅၉) မှ (----- ၊----- ၊--------)

28/01/2010

ဘယ်လိုလဲ... အဆင်ပြေရဲ့လား?

ကွဲပြားသော ဖွဲ့စည်းမှု
ကွဲပြားသော အဖြေများအတွက်
မကွဲပြားသော မေးခွန်း။

သူဌေးတစ်ယောက်ရဲ့ ၁၀၀၀၀
လက်လုပ်လက်စားတစ်ယောက်ရဲ့ ၁၀၀၀၀
ပျံကျတစ်ယောက်ရဲ့ ၁၀၀၀၀
သူတောင်းစားတစ်ယောက်ရဲ့ ၁၀၀၀၀
တန်ဖိုးတူပေမယ့်
သတ်မှတ်ချက်ခြင်း ဘယ်လိုမှ မတူနိုင်။

ဝေးဝေးလျှောက်လိုက လျှောက်ကြ
နီးနီးလျှောက်လိုက လျှောက်ကြ
တောင်တက်လိုက တက်ကြ
ရပ်နေလိုက ရပ်ကြ။

ယခု စာလုံးများကိုလည်း
ဖတ်လိုက ဖတ်ကြ
တွေးလိုက တွေးကြ
ကဗျာ ခေါ်လိုက ခေါ်ကြ။

ဒီမေးခွန်းလေးကိုတော့
ရိုးရိုးသားသားဖြေစေချင်ပါတယ် မိတ်ဆွေ...
“ဘယ်လိုလဲ (ခင်ဗျား) အဆင်ပြေရဲ့လား”။ ။










ထွန်းနွယ်
(၁၄.၁၂.၀၉)

ကျွန်တော်နဲ့ ဘာသာတရား၊ ဘာသာစကား

လူတွေဟာ ကိုယ်လုပ်ချင်တာတွေက.. ကိုယ်ဖြစ်စေချင်တာတွေက.. ဘယ်လိုမှ မဖြစ်လာနိုင်ဘူး.. ဘယ်လိုမှ မလုပ်နိုင်ဘူးလို့..
ထင်လာတဲ့အခါ၊ ကိုယ်လုပ်ပြီးတဲ့ ကိစ္စ၊ လုပ်ရပ်တခုရဲ့ ပြင်းထန်တဲ့အကျိုးဆက်ကို ခံစားရတော့မယ့် အခါ၊
ပြန်ပြင်လို့ လုံးဝမရတော့တဲ့အခါ ဘာသာတရားကိုစပြီး တောင်းဆိုလာတယ်။ တနည်းအားဖြင့် ကိုးကွယ်မှု၊ ဆုတောင်း
ခြင်း စတာမျိုးကို စတင်ပြီး ယုံကြည်သက်ဝင်လာကြတယ်။ ဒီတော့ ဘာသာတရားဆိုတာကို ကျွန်တော်တို့ ခွဲခြမ်း ကြည့်
ဖို့ လိုလာပြီ။ သာသာတရားဟာ ဘာသာစကားနဲ့ တည်ဆောက်ယူထားတယ်။ အယူဝါဒ တစ်ခုကို ဘာသာစကားနဲ့
တည်ဆောက်ယူထားတာ ဖြစ်တယ်(တွေ့ကြုံရတဲ့ အတွေ့အကြုံတွေလဲပါတာပေါ့ဗျာ... ဒါကို ထည့်မပြောဘူး။ ဘောင်တွေနဲ့ စည်းတွေအကြောင်းပြောကြမှာ)။ ကဲ.. ဒီအဆို ဟုတ် မဟုတ် ကြည့်ကြည့်ရအောင်ဗျာ။

"ပုဂ္ဂိုလ်ခင်လို့ တရားမင်တာ"တဲ့။ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ အယူဝါဒကို အများလက်ခံအောင် ဘာသာစကားနဲ့ တည်ဆောက်
ထားတာပဲ။ အဲတော့ ကျွန်တော်တို့ ဘာသာတရားကိုစဉ်းစားကြမယ်ဆိုရင် ဘာသာစကားအကြောင်း အရင်စဉ်းစားကြည့်ရမယ်။ ခု ကျွန်တော်တို့ ဘာသာစကားကို မေ့ပြီး.. ချန်ထားပြီး.. စဉ်းစားကြည့်ကြပါစို့။ ဘာသာစကားမရှိခဲ့ဘူးဆိုရင်...
ဘာသာတရား ပေါ်လာနိုင်ပါ့မလား။ မပေါ်လာနိုင်ဘူး... လုံးဝ မပေါ်လာနိုင်ဘူးဗျ။

တခါ ဘာသာစကား ဖြစ်ပေါ်လာပုံကို စဉ်းစားမယ်။ ဒါဆို ဘာသာစကားဟာ လူတွေရဲ့ အတွေ့အကြုံပေါ်မှာ
တည်ဆောက်ယူတယ်။ တခါ ဘာသာစကားပေါ်မှာ လူတွေက အတွေ့အကြုံကို ပြန်တည်ဆောက်ယူကြတယ်။
ဒီလိုနဲ့ ဘာသာစကားဟာ လူတွေ ရှိမှန်းမသိ.. ဖြစ်မှန်းမသိတဲ့.. ၀တ်ရုံ ကြီး...။ တနည်းအားဖြင့် ဒြပ်သားကြီး ဖြစ်လာတယ်။
လူတွေဟာ အဲဒီဝတ်ရုံကြီးထဲမှာပဲ နေထိုင်ကြရတယ်၊ ရှင်သန်ကြရတယ်..။ ဒီဒြပ်သားကြီးထဲမှာပဲ ပျော်ရွှင်ကြရတယ်..
ခံစားကြရတယ်.. ကြေကွဲကြရတယ်။ ကျွန်တော်တို့ဟာ ဘာသာစကားရဲ့ နယ်နိမိတ်ရှိသလောက်ပဲ တွေ့ကြုံသိခွင့်
ရှိကြတယ်။

တကယ်လို့ ဘာသာစကားကိုသာ ဖယ်ထုတ်လိုက်မယ်ဆိုရင် လူတွေဟာ အိုင်ကျူမြင့်တဲ့ တိရိစ္ဆာန်တစ်မျိုးပဲ ဆိုတာ
ဝမ်းနည်းကြေကွဲစွာ တွေ့ကြရတယ်။ (ကျွန်တော်ပြောတာ သဘာဝတရားက သိပ္ပံသဘောတရားများ၊ အတွေ့အကြုံများကို မဆိုလိုပါ) သူတို့မှာ စိတ်မကောင်းခြင်း၊ စိတ်ညစ်ခြင်း ၀မ်းနည်းခြင်း... စတဲ့ အီမိုရှင်နယ်ခံစားမှုတွေ
မဖွဲ့စည်း မတည်ဆောက်နိုင်တော့ဘူး။ အတွေ့အကြုံကရတဲ့ အတွေ့အကြုံ သညာပဲရှိတော့မယ်ဆိုတာ သေချာတယ်။



ဒီတော့ စောစောက ဘာသာတရားကို အစပြန်ကောက်လိုက်ရအောင်။ သာသာတရားဟာ ဘာသာစကားနဲ့တည်ဆောက်တယ်... ဟုတ်တယ်မလား။ ဒီတော့ ဘာသာတရားဆိုတာ ဟာ သဘာဝကရှိနေတဲ့တရားလဲ ပါမှာပေါ့။ လူ့ဘောင်တစ်ခု၊ လူ့လောကတစ်ခုကို တည်ဆောက်ဖို့ အယူဝါဒတစ်ခုခုနဲ့ပေါင်းစပ်ပြီး တည်ဆောက်ယူထားတာဆိုတာ ရှင်းနေပြီ။ အယူဝါဒတစ်ခုပဲဆိုတာ ရှင်းနေပြီ။ ကျွန်တော်တို့ဟာ အဲဒီ
ကိုယ်ကြီးပြင်းရာ ပတ်ဝန်းကျင်၊ ဘာသာတရား၊ အယူဝါဒစတဲ့ ပေါင်းစည်းတည်ဆောက်မှု..။ တနည်းအားဖြင့်
ဘာသာစကား အသုံးချတည်ဆောက်မှုပဲ။ လူတစ်ဦးချင်းဆီမှာရှိတဲ့ ပြုမူလှုပ်ရှားဆက်ဆံမှုဆိုတာလဲ
အယူဝါဒတစ်ခု၊ ဘာသာစကားတစ်ခုပေါင်းစပ်တည်ဆောက်ထားတာပေါ့။

ကဲ.. ဒီမှာ ပြောချင်တာက ခုမှလာတာ။ ဘာသာတရားကို လူတွေတည်ဆောက်ခဲ့တာ။ တည်ဆောက်ယူခဲ့တာဟာ
ပိုမိုအေးချမ်းကောင်းမွန်တဲ့ လူ့ဘောင်ကို အလိုရှိကြလို့။ ဒါပေမယ့် သာသာတရားဟာ ဒီနေ့ခေတ် ကျွန်တော်တို့
ခေတ်မှာ အကောင်အထည်ကြီး အဖြစ်ရပ်တည်လာတယ်။ လူတွေရဲ့ ပေါင်းစပ်ဖွဲစည်း ဖြစ်တည်မှုဟာလည်း
အကြောင်းအရာ အများအပြား ပါဝင်လာပြီးတော့ လူတွေကိုယ်တိုင်က ဘာသာတရားဟာ ဘာသာစကားနဲ့
တည်ဆောက်ထားတာ သက်သက်ပါဆိုတာ မေ့နေကြပြီးတော့ စိတ်ဒုက္ခကြီးစွာ ခံစားခဲ့ကြရတယ်... ခံစားနေကြရတယ်...
ခံစားနေကြရအုံးမှာပဲ ။ လူတွေ လူ့ဘောင်ဆိုပြီး သတ်မှတ်ထားတဲ့ ဘောင်တွေ၊ စည်းတွေဟာ အကောင်အထည်
ကြီးမားလာပြီးတော့ လူတွေကို ပြန်လည် ချုပ်ချယ်တားစည်းလာကြတယ်။ လူတွေဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်
ပြန်ခြောက်တဲ့ အဖြစ်ကို မလွတ်လပ်စွာ ရှင်သန်နေထိုင်နေကြရတယ်။အမှန်တကယ် က လူတွေမှာ တကယ်ရှိတာ..
ကျွန်တော်တို့မှာ အမှန်တကယ်ရှိတာဆိုလို့ အိပ်စိတ်ရယ၊် ကာမစိတ်ရယ်၊ အစားစိတ်ရယ်ပဲ။ ကျန်တာတွေက
ဘာသာစကားက တည်ဆောက်ရယူထားတဲ့ ဘာသာစကားရဲ့ဒြပ်သားကြီးချည်းပဲ.. (လူတွေကို အဆင့်နိမ့်ပြောတာ
မဟုတ်ပါဘူး။ ဘာသာစကားရဲ့ တည်ဆောက်မှု အားကြီးတာပါ...။ ဒီဘာသာစကားကို လူတွေပဲ ထွင်ခဲ့ကြတာလေ။)

ကျွန်တော်ပြောချင်တာက လူဆိုတာ အခြားအခြားသော သတ္တ၀ါများလိုပဲ။ အဖေနဲ့ အမေက သ၀ါသ ပြု
ပေါက်ဖွားလာတယ်။ အိပ်တယ်.. စားတယ်.. အချစ်စိတ်တွေ ကွန့်မြူးကြတယ်။ ဇီဝခန္ဒာကိုယ် ဖြစ်ပျက်တဲ့အတိုင်း
အချိန်တန်သေကြတယ်။ မွေးဖွားလာတော့ ဘာသာစကားရဲ့ ဒြပ်သားတွေ ဖြစ်တဲ့ ပတ်ဝန်းကျင်၊ အယူဝါဒ၊
ဘာသာတရား၊ ဘာသာစကားရဲ့ပေါင်းစပ်ဖွဲ့စည်းမှု နဲ့ ခင်ဗျားတို့.. ကျွန်တော်တို့.. ဒီနေ့ ကိုယ်အဖြစ် ဖြစ်တည်လာတယ်။
အဲတော့ ကျွန်တော်ပြောချင်တာက အယူဝါဒတခုရဲ့ ဘောင်ခတ်စည်းတာမှုတွေ.. ဘာသာတရားတွေရဲ့ ခြောက်လုံး
လှန့်လုံးတွေကို.. ပြန်လည် သုံးသပ်စေချင်လို့ပါ။ မမေ့ပါနဲ့... ဘာသာတရားဆိုတာ ဘာသာစကားနဲ့ ဖွဲ့စည်းတည်ဆောက်
ထားတာပါ။

ကျွန်တော် ပြောချင်တာ များသွားပြီ။ ကျွန်တော်က ဘာသာတရားဟာ ဘာသာစကားပေါ်မှာ တည်ဆောက်ထားတာ။
လူဆိုတာ လဲ မွေးပြီးရင် သေကြမှာပဲ။ ဘာသာတရားဆိုတာ အယူဝါဒတခုကို ဘာသာစကားနဲ့ အသက်သွင်းထာတာ
သက်သက်ပ။ဲ (ကျွန်တော် ခုရေးနေတာကကော အယူဝါဒတခုကို ဘာသာစကားနဲ့ အသက်သွင်းနေတာပဲလား??) ခင်ဗျားဘာသာ ဘယ်အယူအဆပဲလက်ခံ လက်ခံ၊ ဘယ်ဘာသာတရားပဲခံယူ ခံယူ၊ ဘာတွေပဲလုပ် လုပ်၊
ဘာဘောင်ထဲမှာပဲပျော်နေ ပျော်နေ... ကျွန်တော်လည်း ဘာပဲပြောပြော၊ ဘယ်လိုပဲနေနေ၊ ဖြစ်ချင်ရာဖြစ်မှာပဲ
ပရမ်းပတာ ဆိုတာတောင် မရှိဘူး။ လောကက ဘာသာစကားသတ်သတ်ပဲ ရှိတာ။ ပြီးတော့ သေကြမှာပဲ။
ဘာလို့များ... သေကောင်သေလူကြီးကို ဖက်တွယ်.. ငြင်းခုန်.. မငြိမ်းချမ်း.. တိုက်ခိုက်နေကြရတာလဲဗျာ။
ကျွန်တော်တို့အားလုံးဟာ ဘာသာစကား ဒြပ်သားကြီးရဲ့ ဖြားယောင်းလှည့်စားမှုကို မသိဘဲ ပက်ပက်စက်စက်
နားကျည်းခံစားနေကြတာ မဟုတ်ကြဘူးလားဗျာ ။ ခင်ဗျားကိုယ်တိုင်ရော
ကျွန်တော်ကိုယ်တိုင်ရော အားလုံးဟာ ဘာသာစကားနဲ့ တည်ဆောက်ထားတယ်ဆိုတာ မမေ့စေလိုဘူး။

( အထက်ပါ စာများမှာ ကျွန်တော်၏ အမြင်သက်သက်သာဖြစ်ပါသည်။ ကောင်းကျိုးဆိုးပြစ်များမှာ
ကျွန်တော်နဲ့သာ သက်ဆိုင်ပါသည်။ ကွန့်မန့်ပေးလိုကလည်း ပေးကြပါ။ ဆွေးနွေးလိုကလည်း ဆွေးနွေးပါ။
လက်မခံလိုကလည်း လက်မခံပါနဲ့။ ငြင်းခုန်ပါ။ သို့သော် လက်တွေ့ကျကျပဲ ဖြစ်စေချင်သည်။
ဒဏ္ဋာရီလာများ.. လူပြောသူပြောကိစ္စများ.. ကိုတော့ မပြောပါနဲ့။ သို့သော် ပြောလိုကလည်း ပြောပါ။
ခင်ဗျားကိစ္စပါ။ )

ထွန်းနွယ်

အော်နေတယ်...


အော်နေတယ်.. အော်နေတယ်..
သေနတ်တစ်လက် အော်နေတယ်...
မိုက်ကရိုဖုန်းတစ်လုံး အော်နေတယ်...
စုတ်တံတစ်ချောင်း အော်နေတယ်...
အော်နေတယ်.. အော်နေတယ်..
ခေတ်ပျက်ကြီး အော်နေတယ်..
မတရားစီရင်ခံရခြင်းတွေ အော်နေတယ်..
မင်းနဲ့ ငါနဲ့ အတူတူ အော်နေတယ်..
အော်နေတယ်.. အော်နေတယ်..
နှလုံးသားပါရင် ကြားရမယ်...
အော်နေတယ်.. အော်နေတယ်..
အားလုံး အားကုန် အော်နေတယ်။ ။


လူလင်း
၂၀၀၈၊ နိုဝင်ဘာ ၂၅
ည ၉း၀၀၊ ဖက်ဖူးရောင် ကဖီး

စာမေးပွဲ



မေးခွန်းမတိုးဘူးလို့ ပဲ ပြောရမလားပဲ..
ဒီမေးခွန်းကို ဘယ်လိုဖြေရမလဲ ကျွန်တော် နားမလည်ဘူး။
ဒီမှာရော့.. ခင်ဗျားပဲဖတ်ကြည့်တော့ဗျာ!

၁။ သင်၏ 'ပျော်ရွှင်မှု' အကြောင်း စာစီကုံးပါ။ (၂၅ မှတ်)
၂။ 'မသိခြင်းတွင်လည်း အပြစ်ရှိသည်' ဆိုသည်ကို မှန်ကန်ကြောင်း သက်သေပြပါ။ (၂၅ မှတ်)
၃။ 'ငွေသည် လက်တွေ့ အကျဆုံး ဘုရားသခင်' ဟူသောအဆိုကို ခိုင်လုံသောအထောက်အထားဖြင့် ငြင်းချက်ထုတ်ပါ။ (၂၅ မှတ်)
၎။ 'အချစ်' ကို အလှပဆုံး ဖွဲ့ နွဲ့ ပါ။ (၂၅ မှတ်)

တစ်ဘ၀လုံး ကျက်မှတ်ထားမိသမျှ ၀လုံးလှလှလေးတွေ အကုန်ဝိုင်းစက်နေအောင် ရေးပေးခဲ့တယ်။ ။


လူလင်း
၂၀၀၈၊ သာယာဝတီ

ပန်းသီး/ပဒိုင်းသီး ပုံပြင်




နှစ်ယောက်အိပ်ကုတင်ပေါ်မှာ
ခေါင်းအုံးနှစ်လုံး ခေါင်းနှစ်လုံး
ကိုယ်တွေကတော့ ယားယံမှုနဲ့ လူးလွန့် လို့ 
ဒါ....ကမ္ဘာဦးစိုက်ပျိုးရေးဆိုတာပေါ့
ပန်းသီးပင်စိုက်ပြီး ပဒိုင်းသီးသီးခဲ့သူနှစ်ယောက်
ပဒိုင်းသီးချိုချိုကို တစ်ယောက်တစ်ကိုက် မျှစားပြီး
မောမောနဲ့  သူတို့ အိပ်ပျော်သွားကြတယ်။ ။


လူလင်း
၂၀၀၈၊ နိုဝင်ဘာ ၁၄

အေဘီစီဒီမတတ်ပဲနဲ့ အရပ်ထဲကိုဝင် ( ၂ )

" လသာတုန်း ဗိုင်းငင်....
မိုးရွာတုန်း ရေခံ...
နွားရှေ့ ထွန်ကြူး... "

အဲ.... ဘာမှတော့မဆိုင်ဘူးပေါ့ဗျာ။ အထက်မှာ ဆိုခဲ့တဲ့ အတိုင်း ပီတာ စောင့်နေရတဲ့ လသာမဲ့ နေ့ကတော့ ရောက်ရှိလာပါပြီ။ ရလာတဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး ဖိနပ် ငင်ဖို့ပဲလိုတော့တယ်။ ကျွန်တော်တို့ ငယ်သူငယ်ချင်း ဖားလေး တစ်ယောက် နေကိုကိုးကွယ် တဲ့ ဂျပန်နိုင်ငံကို ပညာတော်သင်သွားရမယ်ဆိုတော့ ဒီနေ့ မှာ အလှူလုပ်မယ်။ ဒီတော့ ပီတာအတွက် လသာပြီပေါ့ဗျာ။

ဖားလေးခေါ်ထားလို့ ကျွန်တော်တို့လည်း ခပ်စောစောထဲက ဘုန်းကြီးကျောင်းကိုရောက်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေကြတယ်။ မိန်းကလေးအများစုထိုင်တဲ့ ဝိုင်းများတွင် "လိုက်ပွဲလေး ယူပါ ဦးလား"၊ "အအေးသောက်ပါဦးလား" စသော သကာရည်စမ်းထားသော စကားများနှင့် လောကွတ်ချော်ရင်း ဖြင့် လည်းကောင်း၊ အလှူကိုလာတဲ့ သူ့အမျိုးအဆွေတွေကို ကြည့်ပြီး "ဝတ်ထားတာ ပျံလန်နေတာပဲ၊ ဂုဏ်မက် တဲ့ ဟာတွေ" တို့၊ "လှူချင်လို့လုပ်တာမဟုတ်ဘူး၊ သူ့တို့သား နိုင်ငံခြားသွားတာ ကြွားချင် လို့လုပ်တာ" တို့ကဲ့သို့သော သာယာနာပျော်ဖွယ် စကားတွေနဲ့ အတင်းတုတ်ရင်း ယောင်ပေယောင်ပေ လုပ်နေကြတာပေါ့ဗျာ..။

ငယ်ပေါင်းကြီးဖော် အကြောင်းသိတွေဆိုတော့ ကျွန်တော်တို့အား နောက်မှစားဖို့၊ ဧည့်သည်တွေ အရင်ကြွေးဖို့ ဖားလေးက မာန်မဲထားတော့ ကျွန်တော်တို့လည်း မီးဖိုချောင်ထဲမှာ ခိုးစားလိုက် အရှေ့ ပြန်ထွက်လိုက် လုပ်နေရတယ်။ ဧည့်သည်နဲနဲပါးသွားမှ ကျွန်တော်တို့လည်း တရားဝင် စားကြရတယ်။ စောစောစီးစီး ဟိုနှိုက် ဒီနှိုက် စားထားတာကြောင့်မို့ ကျွန်တော်တို့ သိပ်မစားနိုင်ကျတော့။ ပီတာတစ် ယောက်ကတော့ သူ့ဘေးမှာထိုင်နေတဲ့ ဝကြီးနဲ့တီးတိုးတိုင်ပင်ရင်း ဖိနပ်ချွတ်ထားတဲ့ဆီကို ကွက်ကြည့် ကွက်ကြည့်နဲ့ သိပ်စားမဝင်ဘူး။ ဝကြီးက သူ့အကြောင်း ကောင်းကောင်းသိတယ်။ ဒီကောင် ဖိနပ်ကောင်းကောင်း အရမ်းလိုချင်တယ်။ တစ်ယောက်တည်းလည်း ဒါမျိုးကိစ္စ သူမလုပ်ရဲဘူးဆိုတာ သိနေတယ်။ အဲဒီ့တော့ သူတို့ ၂ ယောက် အတူတူလုပ်ကြမယ်လို့ တိုင်ပင်ထားကြတယ်။

ဝကြီးက ဒီနေ့မှ အိမ်ကကားယူလာတော့ စောစောပြန်ရမယ်။ အဲတော့ ပီတာက သူနဲ့ကားကြုံလိုက်မယ်ပေါ့။ အပြန်မှာ ဖိနပ်ကောင်းကောင်းရွေးစွပ်ပြီး ကားပေါ်တစ်ခါတည်း တက်ပြေးမယ်လို့ ကြံထားကြတယ်။ တိုင်ပင်နေတာတော့ အကွက်စေ့ ….. ဘဏ်ထဲဝင်ခိုးမဲ့ကောင်တောင် သူတို့လောက် အစီအစဉ်မကောင်း။ သိပ်မကြာဘူး ….. ဝကြီးက သူ့ကားကို မြန်မြန်ထွက်လို့ရမဲ့နေရာမှာ ပြောင်းရပ်ထားလိုက်တယ်။ လုပ်ငန်းစကြတော့မယ်ပေါ့။ ။

ပီတာကလည်း သူပစ်မဲ့သားကောင်ကို ရွေးပြီးသွားပြီ။ အသစ်စက်စက် ကတ္တီပါဖိနပ်ကလေး။ သူများမှားစီးသွားမှာဆိုးလို့ ပိုင်ရှင်က ထောင့်လေးမှာ ချွတ်ထားခဲ့ဟန်ရှိတယ်။ သိပ်မကြာဘူး ….. ဝကြီးက ပြန်မယ်ဆိုပြီး အချက်ပြလိုက်တော့ ၂ ယောက်စလုံး ဖိနပ်ချွတ်ဆီကို သွားကြတယ်။ စီစဉ်ထားတဲ့အတိုင်း ကိုယ်ရွေးထားတဲ့ဖိနပ်ကို စွပ်ပြီး ခပ်သုပ်သုပ်ကားဆီသို့ သွားကာ မောင်းထွက်မယ်ပေါ့။ ဒီတော့ ပီတာလည်း သူရည်ရွယ်ထားတဲ့ဖိနပ်ကို မင်သေသေနဲ့.. စွပ်လိုက်တယ်။

အဲ့မှာပဲ ….. မထင်မှတ်တာတွေ ဖြစ်တော့တယ်။ “ဝကြီး သစ္စာဖောက်ပြီ”။ “ပြေး ….. ပြေး” ဆိုပြီး ပီတာကို ခပ်တိုးတိုးပြောကာ သူက ကားဆီကို အရင်ပြေးတယ်။ ပီတာလည်း ဘာလုပ်ရမှန်းမသိ။ ခိုးထုပ်ခိုးထည်နဲ့ ဖြစ်နေတော့ ဝကြီးနောက် အမြန်လိုက်ပြီး ကားပေါ်တော့ ပြေးတက်လိုက်တယ်။ ကားလေးက စွေ့ကနဲ ဘုန်းကြီးကျောင်းဝန်းထဲက ထွက်ခွာသွားလေပြီ... ဘယ်သူမှတော့ သတိမထားမိလိုက်ကြဘူး။

ကားပေါ်ရောက်မှ ပီတာလည်း သက်ပြင်းချ အမောဖြေနိုင်တော့တယ်။ သူ့ဖိနပ်သစ်ကလေးကို ကြည့်ပြီး ဝမ်းသာလို့မဆုံး။ အဲ ….. ပြီးမှ ….. ဝကြီးကို ကြည့်လိုက်တော့ ….. သူစီးနေကျ ဖိနပ်အစုပ်နဲ့ပဲ တွေ့လိုက်ရတယ်။ “ဟင် ….. ဟေ့ကောင် ….. မင်းမလဲလာဘူးလား။ ပီတာအလန့်တကြား မေးလိုက်တယ်။“ ဝကြီးက “ငါဖိနပ်လဲခါနီးကျမှကွာ ….. ငါးပါးသီလ ယူထားတာ သတိရလို့ ကိုယ့်ဖိနပ်ပဲ ကိုယ်စီးလာခဲ့တော့တယ်။ အခုဟာက ခိုးသလိုကြီးဖြစ်နေတော့ ငါမလုပ်ချင်ဘူး။” ဝကြီး ညစ်ပတ်ပြီ။ သူ့တစ်ယောက်တည်း သူခိုးဖြစ်အောင် လုပ်ပြီ။

ပီတာလည်း ပေါက်တဲ့နဖူး မထူးတော့ဘူးလို့ ခံယူလိုက်ပြီး “အေး ပေါ့ကွာ ….. မင်းကြောက်ရင်လည်း မလုပ်နဲ့ပေါ့။ ငါကတော့ ဖိနပ်သစ်ကလေးနဲ့ လမ်းသလားလို့ ရပြီ” တို့ ဘာတို့ ပြောပြီး သူ့အိမ်ရောက်တော့ ဆင်းသွားလိုက်တယ်။

အလှူပြီးခါနီး အချိန်ကျမှ ဖားလေးတစ်ယောက် ခေါင်းကုတ်ပြီး ဟိုရှာဒီရှာ လုပ်နေရတယ်။ ကျွန်တော်လည်း အကျိုးအကြောင်း မေးကြည့်တော့မှ သူ့ဖိနပ်ပျောက်နေကြောင်း သိရတော့တယ်။ ကျွန်တော်လည်း သူ့ကို ကူရှာပေးတော့မှ ဘယ်လိုမှ မမှားနိုင်တဲ့ ပီတာရဲ့ ဖိနပ်အစုတ်ကို သွားတွေ့တော့တယ်။ “ဟေ့ကောင် ….. ဒီမှာ ပီတာဖိနပ်ကွ။ ဒီကောင် မင်းဖိနပ်ကို လဲစီးသွားပြီ။ ကျွန်တော်ပြောလိုက်မှ ဖားလေးလည်း လာကြည့်ပြီး သဘောပေါက်သွားတယ်” သူကလည်း အလှူရှိလို့ သူ့အဖေဝယ်ပေးထားတဲ့ ဖိနပ်အသစ်ကလေး ဝတ်လာတာကိုး။






မကြာပါ ….. ကျွန်တော်တို့ ပစ္စည်းတွေသိမ်းပြီး ဖားလေးအိမ်ရောက်တာနဲ့ ဝကြီးက ဖုန်းဆက်ပြီး ဇာတ်လမ်းစုံခင်းပေတော့တယ်။ သူ့အပြောအရတော့ သူ တားပါသေးတယ် ပေါ့။ ဟိုကောင်က မရ ….. အတင်းစီးပြီး ထွက်ပြေးသွားတာပေါ့။ ကျွန်တော်တို့လည်း ဘယ်လိုလုပ်ရမလဲ တိုင်ပင်ပြီး ….. ပီတာ့ကို ညနေလက်ဖက်ရည်ဆိုင်ထိုင်ဖို့ ချိန်းလိုက်တယ်။

ညနေလည်း ရောက်ရော ….. ပီတာတစ်ယောက် ဖိနပ်အသစ်ကလေးနဲ့ ရောက်လာပါလေရော။ ခရီးရောက်မဆိုက် ….. ဖားလေးက ကျွန်တော်တို့ ဇာတ်တိုက်ထားတဲ့အတိုင်း သူ့ကို ကောပါလေရော။ သူစီးသွားတဲ့ ဖိနပ်က ….. ဘုန်းကြီးကျောင်းက ဂေါပကလူကြီး ဖိနပ်ဖြစ်နေတဲ့အကြောင်း ….. သူစီးသွားတာကို မြင်လို့ နောက်ကလိုက်တဲ့အကြောင်း ….. မမီလိုက်လို့ ဖားလေးအဖေကို သွားတိုင်မယ်လုပ်လို့ ဖားလေးက စိုက်လျော်ပေးလိုက်ရတယ် ဆိုတဲ့အကြောင်း ….. ပြောပြီး ဖိနပ်ဖိုး ပြန်တောင်းလေတော့တယ်။

လသာတုန်း ဖိနပ်ငင် ထားတဲ့ ပီတာ ….. မျက်နှာကြီး ချက်ချင်း လငပုပ် ဖမ်းသွားလေပြီ။ စားစရာမရှိ ….. လျော်စရာရှိဖြစ်ပြီ။ “ငါ မှားစီးသွားတယ်လို့ ပြောပြီး ပြန်လဲလို့ မရဘူးလားကွာ” ဆိုပြီး လေပြေသွေးရှာတယ်။ ဘယ်ရမလဲ ….. ဟိုလူက စိတ်အရမ်းဆိုးနေလို့ ….. ချက်ချင်း အသစ် ဝယ်ပေးလိုက်ရတယ် ဆိုပြီး ….. ပိုက်ဆံမရမက တောင်းရော။ သူ့ခင်မျာ ….. ရှိစုမဲ့စု ပိုက်ဆံလေး ပေးရှာပါတယ်။ ဖိနပ်ဖိုးက မပြည့်။ ဖားလေးက မရမက တောင်းရော။ နောက်ဆုံး သူ့ပိုက်ဆံအိတ်ကို ဖွင့်စစ်တော့ သူ့အစ်မ နိုင်ငံခြားက ပြန်လာတုန်းက မုန့်ဖိုးပေးခဲ့တဲ့ ဒေါ်လာကျပ်တန် ၂ ရွက်ကို တွေ့လို့ ဖားလေးက ဈေးနိမ်ပြီး ယူလိုက်တယ်။

ဖားလေးက ပိုက်ဆံလည်း ရရော ….. သူပြန်ယူလာတဲ့ ပီတာ့ ဖိနပ်စုတ်ကို “ဖုတ်ကနဲ” ပစ်ချလိုက်တယ်။ “ဟမ် ….. ငါက ဒီဖိနပ် ဘာလုပ်ရမှာလဲ။” ပီတာလည်း ပြဿနာပြီးသွားပြီ အထင်နဲ့ တအံ့တသြမေးတယ်။ “ဟ ….. ငါကလူကြီးကို မင်းမှားစီးသွားတာနေမယ် ဆိုပြီး တောင်းပန်ထားရတာ ….. ပြန်လဲပေးရမှာပေါ့ကွ” (မှားစီးတယ် ပြောရအောင်လည်း ပီတာ့ဖိနပ်နဲ့ ဟိုဖိနပ်သစ်က နံသာဆီနဲ့ အီး) သွားပြီ ….. ပီတာတစ်ယောက် ဖိနပ်မရ ….. ပိုက်ဆံဆုံးဖြစ်ပြီ။ သူမျိုးစုံဈေးစစ်တယ်။ မရ။ ဖားလေးက သူ့အဖေနဲ့ ကိုင်ပေါက်တယ်။ “ငါ့အဖေသိသွားရင် မလွယ်ဘူး” ပေါ့။ ဖားလေးအဖေက ပီတာတို့ကျောင်းက ဆရာလေ။ သိသွားလို့ ကျောင်းမှာပြန်တွေ့ရင် ပီတာအရှက်ကွဲမှာ..။ နောက်ဆုံးတော့ ပူပူနွေးနွေး ဖိနပ်အသစ်ကလေး ပြန်ပေးလိုက်ရရှာတယ်။ ဒါတောင်မှ ဖိနပ်က အသစ်ဆိုတော့ နည်းနည်းကျပ်ပြီး သိပ်မကျွတ်ချင်ဘူး။

ပီတာလည်း နောက်ဆုံး ဘာမှမတတ်နိုင်တော့ တောင်းပန်ပြီး သူ့အဖေမသိအောင် လုပ်ဖို့ပြောရှာတယ်။ ဖားလေးကတော့ ပြောရှာပါတယ်။ သူနဲ့ဂေါပကလူကြီး စကားများနေတဲ့အချိန် ….. သူ့ညီမကြားသွားပြီး ….. သူ့အဖေကို သွားတိုင်ထားလား မသိဘူးပေါ့ ….. သူအပြင်ထွက်ခါနီး သူ့အဖေက မှာလိုက်သေးတယ်ပေါ့ “အပေါင်းအသင်းပေါင်းတဲ့ကိစ္စ …. သားကို ပြောစရာရှိတယ်” ဆိုပြီး ခြောက်လိုက်တယ်။ ပီတာလည်း ဘာမှ ပြောချင်ဆိုချင်စိတ် မရှိတော့လောက်အောင် ….. စိတ်ပျက်လက်ပျက်နဲ့ သူ့ဖိနပ်စုတ်ကလေး စွပ်ကာ ပြန်သွားရှာရလေတော့တယ်။

ပြဿနာက ဒီမှာတင် မပြီးသွားဘူး။
ဖားလေး ဂျပန်သွားမဲ့နေ့.....။
အားလုံးလေဆိပ်ကို လိုက်ပို့ကျတော့ ….. ပီတာက မလိုက်ဘူးလုပ်တယ်။ အားလုံးကလည်း သူ့ကို ဖေးဖေးမမနဲ့ ဝိုင်းခြောက်တယ်။ မင်းတစ်ယောက်ထဲ မလိုက်ရင် ….. ဖားလေးအဖေက ပိုထင်သွားမှာပေါ့ ….. ဘာတို့ပေါ့ဗျာ။ နောက်ဆုံး ပီတာတစ်ယောက် ရှေ့မျက်နှာ နောက်ထားပြီး လိုက်ပို့ရှာတယ်။ (သူ့ဖိနပ်ကိုတော့ မမှတ်မိအောင် သဲကြိုးလဲထားလိုက်တယ်) လေဆိပ်မှာ ဖားလေးအဖေနဲ့ မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ငယ်သူငယ်ချင်းတွေ ဓာတ်ပုံစုရိုက်မယ်လုပ်တော့ ဖားလေးအဖေကို ရိုက်ခိုင်းလိုက်တယ်။ ဒီတော့ သူရှောင်လို့ မရတော့ဘူး။ ဒါပေမဲ့ ပီတာက လူလည် …… သူလုပ်ပုံကို နောက်ဆုံးဓာတ်ပုံထွက်လာလို့ ကျွန်တော်တို့ ပြန်ကြည့်တော့မှ တွေ့ရတော့တယ်။ ပီတာက သူငယ်ချင်း ၂ ယောက်ကြားမှာ ပုခုံးဖက်ပြီး သူ့ဖိနပ်ကို နောက်မှာဝှက်ပြီး ဓာတ်ပုံအရိုက်ခံထားတဲ့ ပုံလေ ……….

မောင်ရင်ငဇေ
26.01.10

26/01/2010

ကျွန်တော်မသိတဲ့ မူဆိုလီနီ

မနေ့ တစ်နေ့ကအထိ ကျွန်တော်သိခဲ့တဲ့ မူဆိုလီနီက စစ်လိုလားသူ၊ ဖက်ဆစ်ဝါဒီတစ်ဦး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့သူတစ်ဦးပဲ။ သမိုင်းမှာ ဒီလိုပဲ သင်ခဲ့ရတယ် ထင်ပါတယ်။

ကျွန်တော်မသိခဲ့တာတွေက မူဆိုလီနီဟာ ဂီတနဲ့အနုပညာကို ချစ်မြတ်နိုးသူ၊ ဂျာနယ်လစ်တစ်ယောက်၊ ရောမမြို့ထုတ် U.Popolod' Italia သတင်းစာကြီးရဲ့ အယ်ဒီတာ တစ်ယောက်ဆိုတာ မသိခဲ့ဘူး။ ကမ္ဘာကျော် စာရေးဆရာကြီးများ ဖြစ်ကြတဲ့ ဘားနဒ်ရှော၊ တီအက်(စ်) အီလီရော့၊ အီဇာ ရာပွန်၊ ကဗျာစာဆို ယိက်(ခ်) တို့ကလည်း မူဆိုလီနီကို ချီးမွမ်းခဲ့ကြတယ်။ ကမ္ဘာကျော် နိုင်ငံရေးသမားကြီးများ ဖြစ်ကြသော ဝင်စတန်ချာချီ၊ ချိန်ဘာလိန်၊ မက်ဒေါနယ်၊ မဟတ္တမဂန္ဒီကြီးတို့လည်း မူဆိုလီနီကို လေးစားကြည်ညိုသူများ ဖြစ်ခဲ့ကြတယ်။ နာမည်ကျော် လန်ဒန်တိုင်း(စ်) သတင်းစာကြီးဆိုရင်လည်း အမြဲတမ်း မူဆိုလီနီရဲ့ လှုပ်ရှားမှုတွေ၊ ဆောင်ရွက်မှုတွေကို ဦးစားပေး ဖော်ပြခဲ့ကြတာပေါ့။



မူဆိုလီနီတို့ အနုပညာဘယ်လောက် ချစ်မြတ်နိုးသလည်းဆိုရင် တစ်ခါတုန်းတဲ့ သူက နိုင်ငံတော်အကြီးအကဲဆိုတော့ တာဝန်နဲ့ ရောမမြို့ကနေ မိုင် ၂၈၀ ဝေးတဲ့နေရာမှာ ရောက်နေတာတောင် တဂိုးရဲ့ "အနုပညာ၏ အဓိပ္ပာယ်" ဆိုတဲ့ ပြပွဲကို တက်ချင်လွန်းလို့ ကိုယ်တိုင်ကားမောင်းပြီး တလေးတစား ရောမကို ပြန်လာတက်ဖူးတယ် လို့ ဆိုတယ်။ ဒီအကြောင်းကို လန်ဒန်တိုင်း(စ်) သတင်းစာကြီးကလည်း တလေးတစားနဲ့ ဖော်ပြခဲ့ကြတယ်။ မူဆိုလီနီဟာ တဂိုးရဲ့ ရှန်တိနိကေတန် ကျောင်းတော်ကြီးအတွက် အီတလီဂန္ထဝင်ဝတ္ထုကြီးများကို ပေးလှူခဲ့ပြီး နာမည်ကျော် အီတာလျှံ ဗုဒ္ဓကျမ်းစာပညာရှင် တုကျိ ကိုလည်း ခရီးသည်ပါမောက္ခအဖြစ် ရှန်တိနိကေတန်ကို စေလွှတ်ဖို့ သဘောတူညီခဲ့ပါတယ်။

မူဆိုလီနီကို ၁၈၈၃ ခုနှစ် အီတလီပြည်က ကျေးရွာတစ်ရွာမှာ မွေးဖွားခဲ့ပြီး အဖေဖြစ်သူက နိုင်ငံရေးဝါသနာပါသူ ပန်းပဲဆရာတစ်ဦးဖြစ်ပြီး အမေကတော့ ကျောင်းဆရာမတစ်ဦးပါ။ မူဆိုလီနီ ငယ်စဉ်အရွယ်မှာ အဖေက နိုင်ငံရေးမှာပဲ သံသရာလည်နေပြီး ဝင်ငွေနည်းပါးတဲ့ အတွက် အမေရဲ့ ဝင်ငွေပေါ်မှာသာ မှီခိုခဲ့ကြရတယ်လို့ ဆိုပါတယ်။ ၁၉၀၂ မှာ ဆွစ်ဇာလန်နိုင်ငံမှာ သွားရောက်နေထိုင်ခဲ့ပြီး လူဆန်းမြို့မှာ ရုရှားတော်လှန်ရေးကြီးကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတဲ့ ပြည်ပြေးနိုင်ငံရေး သမားများ၊ ပညာရှင်များနဲ့ တွေ့ဆုံရာမှ နိုင်ငံရေးကို စိတ်ဝင်စားလာခဲ့ပြီး ပထမ ကမ္ဘာစစ်ကြီးဖြစ်တော့ အီတလီနိုင်ငံကို မဟာမိတ်တွေဘက်က ဝင်ရောက်ပါဝင်တိုက်ခိုက်အောင် နှိုးဆော်ခဲ့သူတစ်ဦး၊ ကိုယ်တိုင် သာမန်စစ်သားတစ်ဦးအဖြစ် အမှုထမ်းခဲ့သူတစ်ဦး ဖြစ်လာပါတယ်။

ပထမ ကမ္ဘာစစ်ကြီးပြီးတော့ ရောမမြို့ထုတ် U.Popolod' Italia သတင်းစာကြီးရဲ့ အယ်ဒီတာ တစ်ယောက်ဖြစ်လာရာမှ လူသိများလာပြီး ၁၉၂၂ မှာ အာဏာရခဲ့ပါတယ်။ မူဆိုလီနီကို တစ်ကမ္ဘာလုံးမှ ခေါင်းဆောင်များ၊ ပညာရှင်များက အထူးလေးစားခဲ့ပြီး၊ အီတလီပြည်သူ အများစု လေးစားကြည်ညိုသူ တက်သစ်စ နိုင်ငံရေးသမားတစ်ဦးအဖြစ် မြင်ခဲ့ကြပါတယ်။ မူဆိုလီနီကို ထိုအချိန်က စစ်လိုလားသူ၊ ဖက်ဆစ်ဝါဒီ တစ်ဦးလို့ အများစုက မမြင်ခဲ့ကြဘူး။ သူ့ရဲ့ ဖက်ဆစ်ဝါဒကိုလည်း အန္တရာယ်လို့ မမြင်ကြပါဘူး။ ဒါပေမယ့် ၁၉၃၆ မှာ အီသီယိုးပီးယားနိုင်ငံကို ဝင်ရောက် ကျူးကျော်ခဲ့ရာမှ တစ်ကမ္ဘာလုံးက သူ့ကို ဆန့်ကျင်ခဲ့ကြပါတော့တယ်။ ဒုတိယ ကမ္ဘာစစ်ကြီးမှာတော့ မူဆိုလီနီ နဲ့ ခေါင်းဆောင် ဟစ်တလာတို့ဟာ ဥရောပမှာ ဇာတ်သိမ်းခဲ့ရပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့သူအဖြစ် သမိုင်းမှာ ကျန်ခဲ့ပါတော့တယ်။

အနုပညာ နှင့် နိုင်ငံရေး၊ အပြောင်းအလဲ နှင့် စိတ်သဘာဝ၊ လူတစ်ယောက်ကို လူတစ်ယောက်လို့ သတ်မှတ်နိုင်ဖို့ သူ့ဘဝရဲ့ အစ၊ အလယ်၊ အဆုံး သုံးပိုင်းမှာ ဘယ်အပိုင်းက အရေးအကြီးဆုံးလဲ ဆိုတာတွေကို စဉ်းစားနေမိလို့ ဒီ အက်ဆေးဆောင်းပါးလေးကို ရေးဖြစ်သွားပါတယ်။ မူဆိုလီနီကြီး အတွက်ကတော့ အဆုံး မကောင်းရှာဘူးပေါ့ဗျာ။


ချမ်းညီချို
26-01-2010

ရောမမြို့နဲ့မလဲနိုင်ပါ

ရက်စွဲအတိအကျကို မမှတ်မိပေမဲ့ ကျီးမနိုးနေ့ပြီးနောက်နေ့မနက်အစောကြီးဆိုတာတော့
မှတ်မိနေတယ်။ အိမ်အပြင်ဖက်မှာ ရုတ်ရုတ်သဲသဲ၊ ဆူဆူညံညံ လူသံတွေကြားနေရတဲ့အချိန်...
သူကျွန်တော့်အခန်းထဲ ပြေးဝင်လာတယ်။ ကျွန်တော်က ဘာဖြစ်လို့လဲဆိုတော့ သူက " ညက ဘယ်ကောင်
လက်ဆော့သွားလဲ မသိဘူး... ငါတို့မြို့နဲ့ ရောမမြို့ကြီးကို နေရာလဲထားတယ်.." ။ ကျွန်တော်တို့ ချက်ချင်းပဲ
အပြင်ထွက်ကြည့်လိုက်ကြတော့... ဟုတ်တယ်..။ ရောမမြို့ကြီးက ကျွန်တော်တို့မျက်စေ့ရှေ့မှာ အရမ်းကို
ကြီးကျယ်ခမ်းနားလှပနေတယ်။ ကျွန်တော်တို့အားလုံး ရောမမြို့ဆိုတာကို စာထဲမှာသာ သင်ဖူးတာ၊ ဖတ်ဖူးတာ။
အခုလို မျက်ဝါးထင်ထင်မြင်လိုက်ရတော့ တမြို့လုံး အံ့ဩပျော်ရွှင်နေကြတယ်။
လူငယ်တွေကတော့ မြို့ကြီးကို စူးစမ်းလေ့လာကြဖို့ ဟိုတစု ဒီတစုနဲ့ အရမ်းကို
စိတ်အားထက်သန်နေကြတယ် ။




သိပ်မကြာခင်အချိန်မှာပဲ မြို့လူကြီးတွေနဲ့ တာဝန်ရှိသူတွေ ရောက်လာကြပြီး မြို့ကြီးရဲ့နေရာတိုင်းမှာ လုံခြုံရေးတွေ
ချထားလိုက်ကြတယ်။ တာဝန်ရှိသူတွေအပြောအရတော့ ဒီလိုမြို့ကြီးတိုင်းမှာ ဒုစရိုက်မှုတွေတအားများပြီး လူဆိုးသူခိုးတွေလဲ
အရမ်းပေါတယ်။ ဒါကြောင့် အခုဒီမြို့ကြီးနဲ့အတူ လူဆိုးတွေ ပါလာနိုင်တယ် ဆြိုပီး နေရာတိုင်းမှာ တွေ့ရာလူမရှောင်
စစ်ဆေးမှုတွေ လုပ်နေကြတယ် ။ ညနေပိုင်းရောက်တော့ သူတို့တလမ်းဝင် တလမ်းထွက် လိုက်အော်ကြတယ်။
ဘာမှသဲသဲကွဲကွဲမကြားလိုက်ရပါဘူး။ ပီပီသသဆိုလို့ နောက်ဆုံးကြေငြာသံတချက်ပဲ ကြားလိုက်တယ်။

"မြို့လုံခြုံရေးအတွက် ညနေခြောက်နာရီကျော်ရင် အပြင်မထွက်ရ..."


ကျွန်တော်တို့ အတော်လေး စိတ်ပျက်သွားကြတယ်။ ဒီလောက်ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးရလာပြီးမှ
ရောမမြို့ကြီးနား မကပ်နိုင်သလိုဖြစ်သွားပြီ။ မနက်ပိုင်းကျပြန်တော့လဲ လမ်းတိုင်းမှာလုံခြုံရေးအပြည့်နဲ့..
စစ်ကြဆေးကြနဲ့... မြို့ကြီးကို ဘယ်သူမှ လွတ်လွတ်လပ်လပ်ကြည့်ရှုလေ့လာခွင့် မရကြဘူး။
ဒီလိုနဲ့ ရက်ကနေ..လ၊ လကနေ..နှစ် ပြောင်းလာတယ်။ ကျွန်တော်တို့ကတော့ မြို့ကြီးနားကပ်လို့မရတဲ့အပြင်
်လမ်းပေါ်တောင် လွတ်လွတ်လပ်လပ်သွားလာလို့ မရတော့ဘူး ။ တနေ့တော့ မြို့အုပ်ချုပ်သူတွေ ဆိုင်းမဆင့်ဗုံမဆင့်ပဲ မြို့သူမြို့သားအားလုံးကို အသိပေးချက်ထုတ်ပြန်တယ်။

"ရောမမြို့ကြီးနဲ့ ကျွန်တော်တို့မြို့လေးကို ပြန်လဲတော့မယ်.."


မြို့လူကြီးတွေက မြို့နှစ်မြို့လဲလှယ်ပွဲကို အခမ်းအနားနဲ့ သေချာကျင်းပကြတယ်။ ရောမသံတမန်တွေက သူတိုမြို့ကြီးကို လှည့်ပတ်စစ်ဆေးကြတယ်။ မြို့ကြီးက ဘာမှပုံစံမပြောင်းဘူး... အရင်အတိုင်းပဲ။ ကျောက်ရေတံခွန်လေးတွေရှိတဲ့ဘက် ရောမမြို့ရဲ့တောင်ပိုင်းလမ်းပေါ်မှာတော့ ကွမ်းတံတွေးတွေ
နဲနဲပေနေတာတွေ့ရတယ် ။ ကျွန်တော်တို့ မြို့လူကြီးတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ပျာပျာသလဲတောင်းပန်တော့
့ သူတို့ကအေးအေးဆေးဆေးပါပဲ ။ 'ကိစ္စမရှိဘူး.. ရပါတယ်၊ ကွမ်းတံတွေးနဲ့မျက်နှာကို တက်ထွေးတာမှမဟုတ်ပဲ..' တဲ့။ ဒီလိုနဲ့ ရောမမြို့ကြီးကို လျောလျောရှူရှူပဲ ပြန်ပေးလိုက်နိုင်ခဲ့တယ် ။

သူတို့ ကျွန်တော်တို့မြို့လေးကိုပြန်ပေးတဲ့အခါမှာတော့ မြို့သူမြို့သားအားလုံး အံ့ဩသွားကြတယ်။
အချိန်တိုလေးအတွင်းမှာ သူတို့ဆီမှာရှိနေတဲ့ကျွန်တော်တို့မြို့လေးဟာ အရမ်းပြောင်းလဲသွားခဲ့တယ်။
အရင်အိမ်ဟောင်းကြီးတွေနေရာမှာ ရောမဗိသုကာလက်ရာတွေနဲ့ တိုက်အကြီးကြီးတွေ ဖြစ်နေပြီ။
မြေလွတ်မြေရိုင်းတွေပေါ်မှာလဲ စက်ရုံအလုပ်ရုံတွေနဲ့ ..။

ဒါပေမဲ့ မြို့လူကြီးရဲ့စကားကြောင့် အားလုံးအံ့ဩသွားကြတယ်။ "ကျုပ်တို့ဆီမှာ ဒီမြို့လေးရှိနေတုန်းက စိမ်းစိုနေတဲ့လယ်ကွင်းတွေ၊ ရှေးဟောင်းအနုပညာလက်ရာတွေနဲ့၊
အခုတော့ ခင်ဗျားတို့က စက်ရုံအလုပ်ရုံ အဆောက်အဦးသစ်ကြီးတွေ နေရာတကာ ဆောက်ခဲ့ကြတယ်။
ဒါဟာ ကျုပ်တို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကိုဖျက်ဆီးတာ ၊ ကျုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာ
ကိစ္စကိုဝင်ဖက်တာ ခင်ဗျားတို့မှာ အပြစ်ရှိတယ်။ အဲဒီအတွက်ကျုပ်တို့ကို လျော်ကြေးပေးရမယ်.." တဲ့။
ရောမသားတွေလဲ ပါးစပ်အဟောင်းသားနဲ့ အတော်ပဲအံ့ဩသွားကြတယ်။ နောက်တော့ ပြသနာ
မတက်ချင်လို့နဲ့ တူပါတယ်။ တောင်းတဲ့ငွေကို ပေးလျော်ပြီး ပြန်သွားကြတယ်။ ဒီလိုနဲ့ ကျွန်တော်တို့
မြို့သူမြို့သားတွေဟာ ရောမမြို့ကြီး ပြန်ယူသွားတာကို စိတ်မကောင်းကြီးစွာနဲ့ကြည့်ရင်း လေးလံတဲ့ခြေလှမ်းတွေနဲ့
အိမ်ပြန်ခဲ့ကြတယ်။ မြို့နှစ်မြို့လဲပြီးလို့ သိပ်မကြာခင်လများမှာပဲ ရည်ရွယ်ချက်ကြီးကြီးမားမားမရှိပေမဲ့ မြို့လေးကို
စွန့်ခွါပြီး တခြားတနေရာကို ကျွန်တော်ပြောင်းခဲ့တယ်။


အချိန်တွေ တရွေ့ရွေ့ပြောင်းလဲခဲ့ပြီးနောက် တစ်နေ့လမ်းမှာ သူနဲ့ပြန်ဆုံကြတော့
ကျွန်တော့်ကို ဝမ်းသာအားရနှုတ်ဆက်ပြီးတော့ ကျွန်တော်ချန်ရစ်ထားခဲ့တဲ့ မြို့လေးအကြောင်းကို ပြောပြတယ်။
''နောက်တစ်ကြိမ်မြို့လဲခံရမှာကို စိုးရိမ်ပြီး မြို့လူကြီးတွေတိုင်ပင်ကြပြီးတော့
မြို့ကိုနေရာပြောင်းခဲ့ကြတယ်။ မြို့တံခါးကို အမြဲတမ်းပိတ်ထားပြီး လုံခြုံရေးကိုလဲ တင်းတင်းကျပ်ကျပ်
ချထားလိုက်ကြတယ်လေ..''
ကျွန်တော်က '' ဒါဆို မြို့သူမြို့သားအားလုံး မျက်စိပိတ်နားပိတ် ပိတ်လှောင်ခံနေရတာပေါ့ " ဆိုတော့ သူက
''မင်းစဉ်းစားကြည့်လေ အန္တာရယ်ကင်းအောင် စည်းတားတယ်ဆိုတာ ကိုယ့်ပတ်ပတ်လည်ကို
စည်းဝိုင်းတားလိုက်ပြီး အဲဒီအထဲမှာ ကိုယ်ကနေနေရတာပဲ၊ ဒီတော့ စည်းတားတဲ့လူလဲ
ပိတ်မိနေတာပဲကွ.. ''


ကျွန်တော့်ကိုပြောပြီး သူထွက်သွားတယ် ။ နှုတ်ဆက်မိလား... နှုတ်မဆက်မိလားတောင် မမှတ်မိတော့ဘူး။
သူပြောတဲ့ စည်းအကြောင်းတော့ ဆက်တွေးနေမိတယ်...။

ကံဂျီမူရာ 26.01.10

25/01/2010

မိကျူး


မိကျူးသည် မကျော်အပ်တဲ့ စည်းတစ်ချောင်းဖြစ်သည်။
မိကျူးသည် မဟာဆန်သော နတ်ဆိုးမတစ်ပါးဖြစ်သည်။
မိကျူးသည် နွေးထွေးသော အရင်းနှီးဆုံးအဖော်ဖြစ်သည်။
မိကျူးသည် နေ့စဉ်သုံး အဘိဓမ္မာအတွက် လောင်စာဖြစ်သည်။
မိကျူးသည် ညှို့စားတတ်သော ရယ်သံလွင်လွင်တစ်ခုဖြစ်သည်။
မိကျူးသည် သံလွင်ခက်ချီလာသော ဂျိုးဖြူငှက်တစ်ကောင်ဖြစ်သည်။
မိကျူးသည် ငယ်စဉ်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ခိုင်ဖြစ်သည်။
မိကျူးသည် ရုပ်လုံးမပေါ်သော စိတ်ကူးလှလှများရဲ့ သခင်မဖြစ်သည်။
မိကျူးသည် အချိန်မမှန်သော မေ့ဆေးဆရာဝန်တစ်ယောက်ဖြစ်သည်။
မိကျူးသည် ကပွဲရုံဘေးမှ ထွက်ပေါ်လာသော စကားလုံးသံများဖြစ်သည်။
မိကျူးသည် အလုပ်ရှင်၏ တိတ်တိတ်ပုန်း မယားငယ်တစ်ယောက်ဖြစ်သည်။
မိကျူးသည် ချောက်ချားပြီးအိပ်မရသော ညတစ်ညရဲ့ အိပ်မက်ဆိုးဖြစ်သည်။
မိကျူးသည် ခပ်စိမ်းစိမ်းစိုက်ကြည့်တတ်သော သံသယဝါဒီတစ်ယောက်ဖြစ်သည်။
မိကျူးသည် သွေးသားတောင့်တမှုမဟုတ်တဲ့ ချဉ်ခြင်းသက်သက်တစ်ခုသာဖြစ်သည်။
မိကျူးသည် အရာခပ်သိမ်းငြိမ်းအေး(ခေတ္တ)စေသော စိတ်ငြိမ်ဆေးတစ်ခွက်ဖြစ်သည်။
မိကျူးသည် စကားဝိုင်းများတွင် ဖန်ရည်အိုးဖြေ့ပေးသော မိန်းမငယ်တစ်ယောက်ဖြစ်သည်။
မိကျူးသည် စာသင်ခန်းထဲတွင် ပျင်းရိစွာဝေသန်းနေသော ကျောင်းသူတစ်ယောက်ဖြစ်သည်။
မိကျူးသည် အရင်းရှင်ဝဲဂယက်ထဲမှ တဒင်္ဂပေါက်ဖွားလာသော တော်လှန်ရေးရေပွတ်ငယ်တစ်ခုဖြစ်သည်။

250110
ယိုဒါရှီးမား

22/01/2010

လွမ်းတသသ အချမ်းည

အေးစက်စက်လမ်းကြားများအတွင်းမှ သူ ဖြတ်လျှောက်လာချိန်တွင် ကောင်မလေးကို တစစ်စစ် လွမ်းနေခဲ့သည်။ လက်နှစ်ဖက်ကို အင်္ကျီအိတ်ထဲ ထည့်ပြီး ခပ်ကုပ်ကုပ် လျှောက်နေသော သူ့ကို အေးစိမ့်စိမ့် ပင်လယ်လေတို့က နောက်ပြောင်ကျီစယ်ကြသည်။ ဒီအချိန်ဆို ကောင်မလေးတစ်ယောက် ဘာတွေလုပ်နေမလဲ။ မပြေလည်တာတွေ ပယ်ဖျက်လိုက်ပါ။ သီချင်းသံပြိုင် သီဆိုကြရအောင်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာပြာ၊ မြက်ခင်းစိမ်းစိမ်းပေါ်မှ ကျောင်းစိမ်း ဝတ်စုံဖြူ။ ထူးအိမ်သင်ကို သီချင်းအဆိုခိုင်းစမ်းပါ။ ပင်လယ်ဘက်ဆီမှ သီချင်းတွေနှင့်အတူ သူတို့လာနေသည်။ ရင်ခုန်ဘက်သို့ တမ်းချင်း။ သစ်ရွက်တွေ လေချွန်တတ်သည်။ ကောင်မလေးလည်း လေချွန်တတ်သည်။ ကောင်မလေး ကြိုက်တတ်သော အစိမ်းရောင်လွင်လွင် ဧည့်ခမ်းနှင့် အပြာနုဖတ်ဖတ် အိပ်ခန်းတို့ကို သတိရသည်။ ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေးရဲ့ တာရာမင်းဝေကိုလည်း သတိရသည်။ ကိုရွှေဘုန်းလူတစ်ယောက် အဆင်မှပြေပါစ။ တို့တတွေလည်း ဆုံကြရမှာပါ ကောင်မလေးရေ။ ချစ်သူတွေ ဆုံကြတာ လောက ဓမ္မတာတစ်ခုပဲ မဟုတ်လားကွာ။ လောကကြီးက တို့တွေကို ကောင်းချီးပေးတယ်။ မုန်းသူတွေ တိုးလာမယ့်အစား ချစ်သူတွေ တိုးလာတာ မင်္ဂလာတစ်ပါးပေါ့တဲ့။ သီချင်းတွေ ဆိုကြပါ။ လက်ခုပ်တီးကြပါ။ အချစ်ဆုံးသူငယ်ချင်းများလည်း ပါမည်။ အချစ်ရဆုံး သူငယ်ချင်းမလည်း ပါမည်။ ပုသိမ်က သူငယ်ချင်းတစ်ယောက် အရက်ဖြူတစ်လုံး ဆွဲလာမည်။ နှစ်သစ်မှာ သဒ္ဒါအသစ်တွေ၊ ဝါကျအသစ်တွေ သုံး၍ ကဗျာအသစ်တွေ ရေးဖွဲ့ကြမည်။ ဝတ္ထုတို၊ ရှည်များကို မေ့ထား၍ အက်ဆေးများ ရေးကြမည်။ ကောင်မလေး အကြောင်း၊ လွမ်းဆွတ်ခြင်းများ အကြောင်း၊ ချစ်သူငယ်ချင်းများ အကြောင်း၊ သီချင်းတွေ အကြောင်း အက်ဆေးများ ရေးကြမည်။

ချမ်းညီချို

ဖြစ်နေကျနှစ်ဟောင်း



သစ္စာနီက ပြောတယ်။

"ဟေ့.. သူငယ် ပြက္ခဒိန်ကိုဆုတ်
စက္ကူလှေ မလုပ်လိုက်ပါနဲ့ " တဲ့...။

ဒီကဖြင့် မြုပ်သွားပြီ။



ချမ်းညီချို

အေဘီစီဒီမတတ်ပဲနဲ့ အရပ်ထဲကိုဝင် (၁)

"ထီးနဲ့ဖိနပ်မပါရင် နွေခါမှသိ၊ ဒါနနဲ့သီလမပါရင် သေခါမှသိ..."

ဒီစကားပုံလေးကိုတော့ လူတိုင်းလိုလို သိကြပါလိမ့်မည်။ သီလနဲ့ဒါန အရေးကြီးပုံကို နွေခါမှာ ဖိနပ်မပါ၊ ထီးမပါနဲ့ ပူပူလောင်လောင်ဖြစ်သလိုမျိုး တင်စားပြထားတာပါ။ ကျွန်တော်ကတော့ ဒီနေရာမှာ သီလနဲ့ဒါနအကြောင်းပြောမှာ မဟုတ်ဘူး ဆိုတာ အားလုံးသိကြမှာပါ။ ကျွန်တော်ပြောချင်တာကတော့ ထီးနဲ့ဖိနပ်ပဲဗျ။ ဒီထီးနဲ့ဖိနပ်တောင်မှ ထီးက သိပ်ပြသနာမရှိ။ ကျွန်တော်တို့တွေက ငယ်ငယ်ကတည်းက အခုအထိ ထီးဆောင်းလေ့မရှိ။ မိုးရွာရင်လည်းလွယ်အိတ်လေး ခေါင်းပေါ်တင်ပြီး ပြေးလိုက်တာပဲ။

ထီးကဆောင်သွားလည်း ပျောက်တာနဲ့.. ထီးကြီးတကိုင်ကိုင် လုပ်ရမှာရှက်တာနဲ့... ဘယ်တော့မှ ထီးကိုအရေးကြီးတယ်လို့ မထင်ခဲ့မိဘူး။ အဲ… ဖိနပ်ကတော့ မရှိမဖြစ်ဗျ။ ခင်ဗျားတို့လည်း ဖိနပ်မပါပဲနဲ့တော့ အပြင်မှာ သွားသွားလာလာ လုပ်ကြမှာ မဟုတ်ဘူး။ ဒီတော့ ဖိနပ်က နွေခါမှမဟုတ်ဘူး။ ဥတုသုံးပါးစလုံး အရေးကြီးတယ်။ အဲဒီဖိနပ်ကပဲ ကျွန်တော်တို့ကို ငယ်ငယ်ကတည်းက ဒုက္ခပေးခဲ့တာ။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အ၀တ်အစားအတွက် သိပ်မပူရ။ မိဘက ၀ယ်ပေးဆင်ပေးတော့ သူ့ဟာနဲ့သူ အတန်အသင့် ကောင်းကောင်းမွန်မွန်တော့ ၀တ်ရသည်။ ကျွန်တော်တို့ကလည်း အ၀တ်အစား ၀ါသနာမပါတော့ သိပ်ကိစ္စမရှိ။ ကိစ္စရှိတာတော့ ဖိနပ်ဗျ..ဖိနပ်။ ကျွန်တော်တို့ သူငယ်ချင်းတွေက ရှစ်တန်းလောက်ကစပြီး ရော့ခ်ဂီတကို တော်တော်လေး နှစ်ခြိုက်လာတယ်။ နိုင်ငံခြားက အဖွဲ့တွေပေါ့ဗျာ။ အဲဒီတော့ အခွေဝယ်ရ၊ ရီးယားဘွတ်(ခ်) ဆိုတဲ့စာအုပ်တွေဝယ်ရ... နံရံကပ်ပိုစတာတွေဝယ်ရနဲ့ ပိုက်ဆံသိပ်ကုန်တယ်။ မိဘကလည်း မုန့်ဖိုးကို လခနဲ့ပေးတော့ သိပ်အလျင်မမီ။ အဲဒီတော့ အပိုဝင်ငွေ အကုန်ရှာ ရတော့တာ ပေါ့ဗျာ။ ကျူရှင်လခပိုတောင်းတာတို့။ ဘုရားစင်က ပိုက်ဆံတွေချေးပြီး ပြန်မဆပ်တာတို့ (ဘုရားတော့ စိတ်ဆိုးမယ်မထင်)။ အဖေအမေပိုက်ဆံအိတ်ထဲက လစ်ရင်လစ်သလိုနှိုက်တာတို့၊ ညသန်းခေါင်မှ အဖေ့ကားထဲက ဓာတ်ဆီခိုးထုတ်ပြီး ပြန်ရောင်းစားတာတို့၊ အို… နည်းမျိုးစုံပေါ့ဗျာ။

ဒါပေမဲ့ဗျာ... တခုပြီးတခု မိဘကသိသွားတော့ နောက်ပိုင်း သိပ်အနေမချောင်တော့ဘူး။ သို့သော်ငြား အချိန်အတော်ကြာ အပိုဝင်ငွေရနေတာကတော့ ဖိနပ်ဖိုးပိုက်ဆံပဲ။ ဖိနပ်ကျတော့ မိဘကအပြင်ကဝယ်လာပေးလို့မရ။ အတိုင်းမတော်တာနဲ့... ကိုယ်မကြိုက်တာနဲ့...ဇာတ်လမ်းရှုပ်တယ်။ အဲဒီတော့ မိဘက ကိုယ့်ကိုပိုက်ဆံပေးပြီး ကိုယ့်စိတ်ကြိုက် ကိုယ်နဲ့တော်တာကို ဝယ်ခိုင်းရတာ။ ဒီတော့ ဖိနပ်က သိပ်မဝယ်ဖြစ်တော့ဘူး။

အဲဒီပိုက်ဆံက အခွေဖိုးထဲ ရောက်ကုန်ရော။ ရလဒ်ကတော့ ကျွန်တော်တို့ ဖိနပ်တွေက အမြဲတမ်းသဲကြိုးဖွာ၊ နောက်ပွါး၊ ရှေ့လန်... နှစ်ပြားမတန် ပေါ့ဗျာ။ ပုံမှန်တော့ ကိုယ်က ဂရုမစိုက်ပေမယ့်၊ အလှူတွေဘာတွေ သွားရင်တော့ နည်းနည်းဒုက္ခရောက်တယ်။ အလှူရှင်တွေဘာတွေက ကိုယ့်ဖိနပ်ကြည့်လိုက်တာနဲ့ လမ်းဘေးက အပေအတေတကောင်အထဲမှာမဖိတ်ပဲနဲ့ဝင်တီးနေပြီ လို့ထင်မှာ။

ဒီလိုနဲ့ တစ်နေ့ကျတော့ ကျွန်တော်တို့သူငယ်ချင်းကေကြီးက ဘုန်းကြီးကျောင်းမှာ အလှူဖိတ်တယ်။ အလှူ ဆိုတာကလည်း ဟိုးအရင်တုန်းကလို ချက်ပြုတ်စရာမလိုတော့ဘူး။ ကျသင့်သလောက် ပိုက်ဆံလှူလိုက်ရုံပဲ။ ဘုန်းကြီးကျောင်းက အကုန်ချက်ပြုတ်ထားတယ်။ ဒီလိုနဲ့ အလှူနေ့ရောက်တော့ မိရွှေကေကြီးက ဖီးလိမ်းပြင်ဆင်ပြီး ဘုန်းကြီးကျောင်းကို ကော့တော့ကော့တော့နဲ့ ထွက်သွားလေရဲ့ပေါ့ဗျာ။ ကျွန်တော်တို့လည်း တရားနာပြီးမဲ့အချိန်လောက်ကိုမှန်းပြီး ချီတက်သွားကြတာပေါ့။

မနက်ထဲက အလှူရှိတယ်ဆိုပြီး လက်ဖက်ရည်လောက်သောက်ပြီး အစာခံထားတာ၊ အလှူရောက်မှ ဒုက္ခလှလှတွေ့ရော။ ဘုန်းကြီးကျောင်းက အလှူကိုရက်ရွေ့ထားတာ ကေကြီးတို့အိမ်ကမသိလိုက်ဘူးဆိုလား၊ ကေကြီးတို့ အမှတ်မှားတယ်ဆိုလားပဲဗျာ၊ သူများအလှူကြီး ဖြစ်နေတယ်။ ကေကြီးခင်မျာလည်း မျက်စိပျက်၊ မျက်နှာပျက်နဲ့ လာသမျှလူကိုတောင်းပန်ပြီး ပြန်လွှတ်နေရတယ်။ အတော်များများကတော့ ကိစ္စမရှိ၊ အေးအေးဆေးဆေးပြန်သွားကြတယ်။ ကိစ္စရှိတာ၊ မအေးဆေးတာက ကျွန်တော်တို့။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ …. မနက်ကတည်းက ဘာမှမစားရသေးတော့ ဗိုက်ကဆာ၊ ဒေါသကထွက်နဲ့ပေါ့။ ကေကြီးကိုလည်း ပက်ပက်စက်စက်ဝိုင်းပြောကြတယ်။ နင် ဒီလိုနမော်နမဲ့လုပ်ရမလားပေါ့။ ပြန်လျော်ပေါ့ (လျော်ရအောင်လည်း ပြောမဲ့သာပြောရတာ၊ သူက ကိုယ့်ဆီကတစ်ပြားတစ်ချပ်မှ ယူထားတာမဟုတ်)။




အဲဒီ့မှာပဲ ကျွန်တော်တို့ရုတ်ရုတ်ဖြစ်နေတာ အလှူရှင်ကမြင်ပြီး သူ့အလှူမှာပဲဝင်စားသွားဖို့၊ ကိစ္စမရှိကြောင်း ပြောပါတော့တယ်။ ကျွန်တော်တို့လည်း … ရပါတယ်၊ ရပါတယ်နဲ့ အထဲကို ဘယ်လိုရောက်သွားမှန်းတောင်မသိဘူး။ အသားကုန်ဝင်တီးကြတာ လျှာတောင် ကြွက်တက်မလားအောက်မေ့ရတယ်။ ထုံးစံအတိုင်း စားပြီးသောက်ပြီးသွားတော့ ကျွန်တော်တို့လည်း ချက်ချင်းထပြန်ဖို့ပြင်တယ်။ ပြန်ရင် အလှူရှင်နှုတ်ဆက်နေရမှာစိုးတာနဲ့ သူအလုပ်ရှုပ်နေတဲ့အချိန်မှာ သုတ်သုတ်နဲ့ အပြေးတပိုင်းထပြန်ကြရော။ အဝင်တုန်းက စားရပြီးရောဆိုပြီး ကိုယ့်ဖိနပ်ကိုယ်ဘယ်ချွတ်ခဲ့မှန်းမသိတော့ ကျွန်တော်ဒုက္ခရောက်ရော၊ ကျန်တဲ့ကောင်တွေကြည့်လိုက်တော့လည်း ကိုယ့်ဖိနပ်ကိုယ်စီးပြီး စထွက်နေကြပြီ။ ကျွန်တော်တစ်ယောက်ထဲလည်း ကျန်ခဲ့လို့မဖြစ်၊ အဲဒါနဲ့ပဲ ရှေ့မှာတွေ့တဲ့ဖိနပ်အသစ်တစ်ရံပဲစွပ်ပြီး ဟိုကောင်တွေနောက် အပြေးလိုက်သွားလိုက်တယ်။ ဖိနပ်ကတော့ ဆင်ခြောက်ကောင်တဲ့........။

ဒီလိုနဲ့ မောင်ပေါက်ကျိုင်းဘုရင်ဖြစ်သွားသလိုမျိုး ကျွန်တော်လည်းဖိနပ်အသစ်တစ်ရံ ရလိုက်တယ်။ အဲဒီ့နေ့ကစပြီး လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါတို့... သူငယ်ချင်းတွေစုကြတဲ့အချိန်တိုင်းမှာ ဖိနပ်အသစ်ဘယ်လိုရခဲ့လဲဆိုတာကို၊ အာပေါင်အာရင်းသန်သန်နဲ့ (ငတက်ပြား ဘုရင့်ဓားတက်ခိုးတဲ့အလား) အပိုစာသားတွေနဲ့ပြောနေတဲ့ ကျွန်တော့်အသံကို မကြားချင်မှ အဆုံးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်ဇာတ်လမ်းကိုနားထောင်ပြီး ကျွန်တော့်ဖိနပ်အသစ်ကလေးကို ကြည့်ကာ အားကျနေသူတစ်ယောက်တော့ သူငယ်ချင်းထဲမှာရှိတယ်။ ပီတာလေ … ပီတာ။ အခုအချိန်မှာတော့ သူ့ဖိနပ်က အားလုံးထဲမှာ အစုတ်ဆုံး။

သူ့ဖိနပ် ဘာလို့ဒီလောက်စုတ်ပြတ်သွားရလဲဆိုတော့ မိုးဒဏ်ရေဒဏ်ခံရလို့တော့မဟုတ်၊ ဘောလုံးကန်လို့ဖြစ်ရတာ။ အဲ … ဘောလုံးကန်တယ်ဆိုတာကလည်း တကယ့်ဘောလုံးနဲ့ ကွင်းထဲမှာကန်တာမဟုတ်။ တီဗွီဂိမ်းထဲမှာ ကန်တာပါ။ အဲဒီ့အချိန်တုန်းက ကျွန်တော်တို့က ပြားကြီးအိမ်မှာစုပြီး တီဗွီဂိမ်းဘောလုံးကန်ကြတယ်။ အဲဒီ့မှာ ပီတာက ဘယ်ကဘယ်လိုနည်းတွေရလာလဲ မသိဘူး၊ ကွင်းလယ်ကတစ်ယောက် ကန်တင်လိုက်၊ ပြီးရင်ခေါင်းတိုက်သွင်းလိုက်ရင် ဂိုးနေရော...။ ဒီတော့ သူပဲတောက်လျှောက်ကန်နေရတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ဝိုင်းညစ်ကြတယ်။ မသိသလို၊ သိသလိုနဲ့ … သူဘောလုံးကန်နေတုန်း သူ့ကိုနောက်ကဖြတ်ကန်သွားတာတို့၊ သူ့ဖင်ကိုမီးရှို့တာတို့မျိုးစုံပေါ့ဗျာ။ ဒါပေမဲ့ … မရ။ သူကဘယ်တော့မှ မထွက်ရဘူး။

နောက်ဆုံး... ဘယ်လိုမှနိုင်အောင်မကန်နိုင်တော့ ပြားကြီးမီးဖိုချောင်ထဲက ဓားမယူပြီး၊ အိမ်ရှေ့ဖိနပ်ချွတ်တဲ့ နေရာမှာ ချထားလိုက်တယ်။ ရှုံးလို့ထွက်လာရတဲ့သူက အိမ်ရှေ့လာပြီး ဓားမနဲ့ သူ့ဖိနပ်ကို တစ်ချက်နှစ်ချက်ခုတ်ပြီး စိတ်ဖြည်လိုက်တယ်။ သူလည်း မရိပ်မိအောင်၊ သဲကြိုးအောက်တို့ဘာတို့ကို ဓားနဲ့လှီးတာတို့၊ အောက်ခံဆိုး(လ်)ပြားကို ဓားနဲ့ခုတ်တာတို့၊ ဖိနပ်ရှေ့နဲ့ နောက်က အောက်ခံဆိုး(လ်)ကွာအောင် ဓားနဲ့ ဂလန့်တာတို့လောက်ပေါ့ဗျာ။ ကြာတော့ သူ့ဖိနပ်လည်း ဘာသားနဲ့ချုပ်ထားတာမို့လို့လဲ။ ခွေးဝါးထားတဲ့ ဖိနပ်လို စုတ်ပြတ်နေတော့တာပေါ့ဗျာ။ ဒီတော့ သူလည်း ကျွန်တော့်လို ဖိနပ်အသစ်ကလေးနဲ့ ကိုက်ပေးကြမ်းချင်တာတော့ မဆန်းပါဘူး။ ဒီလိုနဲ့ပဲ သူ့အိပ်မက်တွေအကောင်အထည်ပေါ်မည့်ရက်ကို ရောက်ရှိလာပါတော့တယ်။


~ဆက်ရန်~
မောင်ရင်ငဇေ

21/01/2010

သတင်းကျိုးနှင့် မှတ်ချက်များ

သတင်းကျိုး(Breaking News)
~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တို့ဇာတ်လိုက်ကြီး ကံဂျီမူရာတစ်ယောက် ထုံးစံအတိုင်းဘတ်စ်ကားခိုးစီးရာ လက်မှတ်စစ်နှင့်တိုး၍ ၂၅ပေါင် ဒဏ်ဆောင်လိုက်ရသည်။ ဤသတင်းထည့်မည်ဆိုသောအခါ ဒဏ်ဆောင်ရမည့်ငွေ သူ့တွင်အလုံအလောက်ရှိသောကြောင့် တခါတည်းပေးဆောင်လိုက်နိုင်ကြောင်းသတင်းကိုပါ ထည့်ရေးပေးရန် မေတ္တာရပ်ခံလာပါသည်။




သတင်းနှင့် ဆိုင်ရာမှတ်ချက်များ(Comments)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပထမလူ - ကံဂျီမူရာတော့ ဘီယာနှစ်ကတ်စာ waste ဖြစ်သွားပြီ :D
ဒုတိယလူ - လက်မှတ်စစ်ကို ရီ(ရယ်)ပြလိုက်ချိန်မှာ ပိုဆိုးသွားတယ် ထင်ပါတယ်။ =)
တတိယလူ - ဖြစ်မှဖြစ်ရလေ...မောင်ကံ။ ဒါဘယ်နှကြိမ်မြောက်တုန်း..??
စတုတ္ထလူ - ဒီကောင်က နှစ်ချို့နေအောင်ခိုးစီးလာတာဆိုတော့ ဒီလောက်လေးတော့ ရီတာပေါ့။ ရီတော့မှ ပြသနာကစတာ :P
ပဉ္စမလူ - ပြောလိုက်တာမဟုတ်ဘူး..ပိုက်ဆံမပါလို့ မဟုတ်ဘူး..လက်လှမ်းရမှာပျင်းလို့  တစ်ကက်မကပ်တာလို့ ..တစ်ခါစီး၂၅ ပေါင်ပေးနိုင်တာပ. ဘောစ့်လေ.
ဆဌမလူ - ဒီကောင်စတန့်ထွင်ပြန်ပြီ။ ကလေးလေးက အဆန်းလေးဗျ...
သတ္တမလူ - ကလေးလေးက အဆန်းလေးတင်မကဘူး အနှမ်းလေးပါဖြစ်နေပြီဟ....:P
အဌမလူ - နှမ်းတာက...ကုလို့ရတယ်။နှံ့သွားရင်...ခုတ်ပစ်ရမှာ! !

ဒီလိုတွေ အမေးလေး.. အတွေးလေး.. အထေ့လေး.. အငေါ့လေးများ ဇာတ်လိုက်ကြီးတယောက်မှ သိပါလေစ။ ဪ.. ကံဂျီမူရာနဲ့ ကျော်ဟိန်းထပ်တူကျသွားခြင်းပေါ့။ ။

တင်ကို

20/01/2010

ကလေးအတွေး

ကျွန်တော်၏ကလေးဘဝအကြောင်း ပြန်လည်ပြောဆိုသောအခါ မြန်မာတူရိယာပစ္စည်းတစ်ခုအကြောင်း မမေ့မလျှော့ ထည့်သွင်းပြောရပါမည်။ ကျနော်တို့ ရပ်ကွက်ထဲသို့ ခဏခဏလာရောက်၍တောင်းစားတတ်သော သူတောင်းစားကလေးငယ် ကိုင်ဆောင်သော ဝါးဆစ်ပိုင်း ဖြစ်ပါသည်။ (ကျနော့် အထင် ဖြစ်ပါသည်။) ထိုတူရိယာသည် လက်ဖြင့်ကိုင်၍ ကတ္တရာလမ်းဖြင့်ဆောင့်ရင် တုံ.. တုံ.. ဟု အသံထွက်သည်။ (ဤနေရာတွင် ဘာ့ကြောင့် ကလေးသူငယ်များ သူတောင်းစား ဖြစ်ရသလဲဆိုသော အချက်ကို ဆွေးနွေးမည် မဟုတ်ပါ။)

သူတို့ဆိုသော သီချင်းအများစုမှာ ဂန္တဝင် ဟုသတ်မှတ်ထားသော သီချင်းများသာဖြစ်လေ့ရှိပါသည်။ ပမာအားဖြင့် "
နေညိုချိန် တိမ်တောက်တဲ့အခါ.. ရွာလမ်းနဘေးမှာ.. စာဥတို့သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ.." အဆိုပါသီချင်းမျိုး။ (မြန်မာပြည်တွင် သူတောင်းစား အများစုသည် ဖျော်ဖြေရေး အစီအစဉ်မပါ၊ ဒီအတိုင်းသာ လက်ဖြန့်တောင်းကြပါသည်။ လန်ဒန်တွင် ဂစ်တာတီး၍ သော်လည်းကောင်း၊ အကော်ဒီယံတီး၍သော်လည်းကောင်း တောင်းရမ်းလေ့ရှိရာ၊ မြန်မာပြည်မှ ဝါးဆစ်ပိုင်းဖြင့်တောင်းသူသည် အတော်အသင့်ခေတ်မှီသည်ဟု ဆိုနိုင်ပါသည်။)

ညနေချိန်တွေမှာ ကြားနေကျ တုံ.. တုံ.. ဆိုသောအသံနှင့် 'စာဥရေ.. ငါအရောက်ပြန်ခဲ့မှာ..' ဆိုသောသီချင်းသံသည် ကျနော်၏ စူးစမ်းချင်စိတ်များကို အမြဲ နှိုးဆွနေခဲ့ပါသည်။ (အနုပညာသွေးများသည် ကျနော့်ကိုယ်ထဲတွင် ငယ်စဉ်ကပင် ခုန်နေခဲ့သည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။) တစ်ညနေတွင် ကျနော်သည် ထိုသူတောင်းစားကို ပြားငါးဆယ်ပေး၍ ကိုယ်တိုင်ကိုယ်ကျပါဝင် ဆင်နွဲခဲ့ရာ သီချင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။



"ရွှံ့တွေ ကပ်စီး ကပ်စီး ပုတီးလုပ်ကာ သုံးရပါသနော်♪ ♫
ဒေါ်လာပြားက ဆယ့်ငါးပြားလောက် စွဲချင်တာ
♪ ♫ ကိုကိုများက မြောက်စားပေမဲ့
ဟိုတုန်းကလောက် မပျော်ပါ ..♪ ♫ " ဟူ၍ ဖြစ်သည်။
(မာမာအေး၏ အာယားမ အခွေထဲကဖြစ်မည် ထင်ပါသည်၊ ကောင်းစွာ မမှတ်မိတော့ပါ။)

အမေသည် ကျနော့အား အိမ်ထဲသို့(မမှတ်မိနိုင်လောက်အောင်)စိတ်ဆိုးဆိုးဖြင့် ဆွဲခေါ်သွားပါသည်။ ဘာ့ကြောင့် ကျနော်ဒီလို ဝါးဆစ်ပိုင်းကို တီးပြီး သီချင်းဆိုရသလဲ။ ကျနော်တီးချင်၍၊ ဆိုချင်လွန်း၍သာ ဖြစ်ပါသည်။ (တစ်ခါတစ်ရံ လူကြီးတွေနားလည်အောင် ပြန်ပြန်ရှင်းပြနေရတာ ကလေးတွေအတွက် စိတ်မောစေတယ်။) ဘာပဲဖြစ်ဖြစ် ထိုအခါမှစ၍ နောင်တစ်ချိန်တွင် အဆိုတော် ဖြစ်လာနိုင်ဖွယ်ရှိသော ကျနော့၏နောင်ရေးတစ်ခုကို စွန့်လွှတ်လိုက်ရပါတော့သည်။


ချမ်းညီချို

လွမ်း၍

တစ်ခါက "ဒယ်" ဟုခေါ်သော မမ တစ်ယောက် ကောက်ရဖူးသည်။ သူမတွင် တစ်ခါတစ်ရံ ကွန်ပြူတာခလုတ်များကိုနှိပ်၍၊ တစ်ခါတစ်ရံ ကျွန်တော့်ကို ဆိတ်ဆွဲတတ်သော၊ တစ်ခါတစ်ရံ ထမင်းခွံ့ကျွေးတတ်သော၊ ဘုရားသွားလျှင် ကျွန်တော့်ဖိနပ်ကိုကိုင်ပေးတတ်သော၊ ကားလမ်းကူးလျှင် ကျွန်တော့်လက်မောင်းကိုစိုးရွံ့တကြီးကိုင်ထားတတ်သော လက်ချောင်းဖြူဖြူကလေးများ ရှိပါသည်။ အလွန်အပျင်းထူသောကျွန်တော်တစ်ယောက် သူမဆီဖုန်းဆက်ဖို့မေ့သွားခဲ့လျှင်၊ အရက်အများကြီးသောက်ပြီး ကြုံရာနေရာတွင်ကျွန်တော်ဝင်အိပ်နေခဲ့သည်ကို သိသွားသောအခါမျိုးတွေမှာ စိတ်ဆိုးပြီးစူထားတတ်သော နှုတ်ခမ်းထူထူများ ရှိပါသည်။ သူမကိုချစ်သောကျွန်တော်သည် ထိုလက်ချောင်းဖြူဖြူများနှင့် နှုတ်ခမ်းထူထူများကို ချစ်ပါသည်။


လက်ဖက်ရည်ဆိုင် အတူထိုင်ချိန်များတွင်မှာတော့ (တကယ်တမ်းတော့ သူမသည် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကို လုံးဝ အားမပေးပါ။) ထိုလက်ချောင်းဖြူဖြူများဖြင့် လက်ဖက်ရည်ကိုမွှေပေးပြီး၊ နှုတ်ခမ်းထူထူများဖြင့် ကျွန်တော်လုပ်ခဲ့သမျှကို ထိုင်၍ဆူနေလေ့ရှိပြီး ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်မှဖွင့်ထားသော အင်္ဂလိပ်သီချင်းကိုသာ စိတ်ဝင်တစားနားထောင်နေလေ့ ရှိပါသည်။ အမြဲဆူပူနေသောအကြောင်းအရာများမှာ အသုံးမဝင်(သူမအထင်)သော ကျွန်တော်ငှါးဖတ်နေကျ လစဉ်ထုတ်မဂ္ဂဇင်းများ၊ လခထုတ်ပြီးတိုင်းဝယ်လေ့ရှိသော ဗမာလိုရေးထားပြီး(သူမ နားမလည်သော)ဝထ္ထုစာအုပ်များ နှင့် နာမည်ကြားဖူးရုံဖြင့် စမ်းဝယ် နားထောင်ကြည့်သော အင်္ဂလိပ်ကက်ဆက်ခွေများအကြောင်းသာ ဖြစ်လို့နေခဲ့ပါသည်။ လက်ချောင်းဖြူဖြူ နှုတ်ခမ်းထူထူများကို ချစ်သော်လည်း သူမ၏ ဦးနှောက်ဖြူဖြူများကို မချစ်တတ်ခဲ့သောကျွန်တော်သည် သူမအတွက်တော့ အဝေးကို ပျံထွက်သွားသော ငှက်ငယ်တစ်ကောင်သာ ဖြစ်ခဲ့ပါသည်။ လူသားနှစ်ဦး ပေါင်းဖက်ဖို့အရေးတွင် လက်ချောင်းဖြူဖြူ၊ နှုတ်ခမ်းထူထူများထက် ဦးနှောက်ဖြူဖြူများက ပိုအရေးကြီးသည် ဟုထင်ခဲ့သောကျွန်တော်သည် တစ်ခါတစ်ရံ သူမကို လွမ်းပါသည်။ တကယ်တမ်းတော့ သူမသည် ကျွန်တော်လွမ်း၍မတမ်းတသော လက်ချောင်းဖြူဖြူ၊ နှုတ်ခမ်းထူထူ တစ်ခုသာ ဖြစ်ပါသည်။


ချမ်းညီချို
16.01.2010

လူပြောများတဲ့ ပုံပြင်


အချစ်ဆိုတာ.. ဆပ်ပြာပူဖောင်းလေးလိုပဲ
အရောင်စုံလှတယ်..
သူ့ကို သွားထိလိုက်ပြန်တော့
ဟော... ဖောင်းကနဲ ပေါက်သွားရော။

အချစ်ဆိုတာ.. ဖယောင်းတိုင်မီးလေးလိုပဲ
အလင်းရောင်ရတယ်..
လေအဝှေ့မှာ ဟုတ်ကနဲ ငြိမ်းတတ်သလို
သူ့ကို သွားထိလိုက်တော့ ပူပြန်ရော။

အချစ်ဆိုတာ.. ပန်းချီကားတစ်ချပ်လိုပဲ
တစိမ့်စိမ့် ခံစားကြည့်နေလို့ရတယ်
သူ့ကို ပိုင်ဆိုင်ချင်လာရင်တော့..
မထိရ၊ ရောင်းရန်မဟုတ်
နိုင်ငံခြားငွေဖြင့်သာ ရောင်းသည် နဲ့
ရောင်းပြီးတွေ ရှိလာပြန်ရော။။

ချမ်းညီချို

17/01/2010

မိုးခေါင်အိမ်မက်




မြေကြီးနဲ့ ဂဟေဆက်ထားတဲ့လက်တစုံ

ကောင်းကင်ဘုံဆီက. .
အရာတခုခု
ငတ်ငတ်မွတ်မွတ်တောင်းခံနေ၏. . .

ဆီလီကွန်အိပ်မက်များဟာ
အချိုကုန်သွားလျှင် ဝါးကောင်းတဲ့. .
ChewingGumများ မဟုတ်တာ
အဓိကပြဿနာပင်။

သို့ပေမဲ့..လိုလိုမယ်မယ်သုံးရန် ဆေးသကြားပါ၏. . .

အနှောင်အဖွဲ့တွေကို
ထပ်နှောင်ဖွဲ့ချင်ရင်
စနစ်တကျတန်းစီပါ။
(လိုသလောက်မှာယူသုံးဆောင်နိုင်ပါသည်~)

သတိ* လောဘဇောကို အတ္တအောရင်း လူများနေရာလုတတ်ကြ၏။ ။

စာကြွင်း ။ ။ မိုးခေါင်အိမ်မက်သည် လေယာဉ်တစ်စင်း၊ ကြိုးများနှင့်    ရေစိုခဲ့သောရောင်စုံစက္ကူလေးများပေါ် ယုံကြည်သက်ဝင်ခဲ့ပါသည်။


ယိုဒါရှီးမား

မိမိကိုယ်ကိုအားတင်းခြင်း

  ဪ...ဩကာသလောက
  မရေရာမှုတွေများစွာ(ငါ့အတွက်)
  မှိုလိုပေါက်ပွလာလဲ
  ရှုပ်မိခဲ့တဲ့အရှုပ်ထုပ်တွေ
  တစ်ထုပ်ပြီး...တစ်ထုပ်လိုက်ဖြေရင်း
  လမ်းဆုံးရောက်အောင်တော့
  လျှောက်အုံးမယ်ကွာ။ ။

  ယိုဒါရှီးမား

16/01/2010

လ္ဘက်ရည်

ရုံးမှာ အလကားရတဲ့ အင်္ဂလိပ်တီးကို နှစ်ထုပ်ဆင့်ထည့်ပြီး သောက်နေရင်းက......
ချက်နို့ဆီနဲ့ဖျော်ထားတဲ့ လ္ဘက်ရည်ကိုလွမ်းတာ........
အလကားရတာကိုတန်ဖိုးမထားတတ်တဲ့ သဘောလား ?
မရနိုင်တာကိုမှ လိုချင်တဲ့လူ့ရဲ့စိတ်လား ?
ဒီလ္ဘက်ရည်နဲ့ကြီးပြင်းခဲ့လို့ ဒါကိုပဲစွဲလန်းနေတာလား ?
မြန်မာပြည်က လ္ဘက်ရည်ကပဲ တကယ်ပိုကောင်းနေလို့လား ?
သို့မဟုတ် ဆေးလိပ်လေး မဖွာရလို့လား ?
လားပေါင်းများစွာနဲ့ လ္ဘက်ရည်တစ်ခွက်တော့ကုန်သွားခဲ့
ငါလည်း အောက်ဆင်းပြီး ဆေးလိပ် သောက်လိုက်ဦးမည် ................


မောင်ရင်ငဇေ
၁၁ နာရီ ၂၅ မိနစ်
၁၃၊၀၁၊၂၀၁၀

ရှေ့နောက် တစ်ရုပ်ထဲ


လက်ထောင်တဲ့ ဓာတ်ပုံရဖို့
ရုံးရှေ့ မှာတန်းစီ..
အခုတော့
ရုံးနောက်မှာ တန်းစီ..

တန်းစီတယ်ဆိုမှတော့
ငါမပြောလဲမင်းသိတယ်
တစ်ခုခု လိုချင်လို့ပေါ့..

ဒါပေမဲ့
အဲ့ဒါ တစ်ရုပ်ထဲ။

ဖိုးစီ (11/01/10)

ပြည့်စုံမှု

လူတိုင်းလိုရာဆန္ဒ
ပြည့်ဝစေလိုသော်လည်း
ဆန့်ကျင်ဘက်နှစ်ခုကို
ဆုတောင်းနေသူတွေတော့
မပါနိုင်ပါဘူး။

ဖိုးစီ(21/05/09)

ပူပန်မှု


တစ်ခါတလေမှာ
ရှေးကလက်ခံလာလို့
မှန်တယ်ပြောတယ်။
တစ်ခါတလေမှာ
ပတ်ဝန်းကျင်ကလက်ခံနေလို့
မှန်တယ်ပြောတယ်။
တစ်ခါတလေမှာ
ကိုးကွယ်ယုံကြည်မှုကြောင့်
မှန်တယ်ပြောတယ်။
တစ်ခါတလေတော့လည်း
အမှန်တွေအချင်းချင်း
မတိုက်ဆိုင်တာတွေရှိမှာ
စိတ်ပူမိတယ်။

ဖိုးစီ(21/05/09)

တလမ်းမေါင်း

ဥပဒေမရှိတဲ့နေရာမှာ
ချစ်ခြင်းမေတ္တာဆိုတာ
အဖိနှိပ်ခံတွေဆီမှာပဲပေါ့။

ဖိုးစီ (04/05/09)

ပြတင်းပေါက်နဲ့ပန်းသီး


သူအရင်က
ပြတင်းပေါက်နားမှာ အမြဲရှိတယ်။
ဟိုးအဝေးကို လှမ်းကြည့်ရင်း
ဖြတ်သွားတဲ့မိတ်ဆွေတွေကိုလည်း နှုတ်ဆက်ပေါ့။

သူအခုတော့
ပန်းသီးတစ်လုံးပါ ကိုင်ထားတယ်။
မိတ်ဆွေတွေကိုလည်ဲး မနှုတ်ဆက်တော့ဘူး။

ပြတင်းပေါက် မပိတ်ပါစေနဲ့
နေကောင်းပါစေ၊၊ ၊၊ ၊၊ ၊

ဖိုးစီ (22/05/09)

သေမိန့်မှီတဲ့ဆန္ဒ

သေဒဏ်ကျခံပြီးသူသာ
သေရမဲ့အချိန်သိနေတာပါ။
တို့အားလုံးလဲ
အချိန်မသိတာကလွဲလို့
သေမိန့်ကျပြီးသားပဲ။
ကိုယ့်သေမိန့်က
အရင်ထင်လို့
ဖြစ်ချင်တဲ့ဆန္ဒကို
ရှေ့တန်းတင်နေတာပါ။
တကယ်လို့များ
ကိုယ့်သေမိန့်က
နောက်ကျတယ်လို့ ယူဆရင်
တစ်ပါးသူဆန္ဒကို
ဦးစားပေးနိုင်မလား.....? ?

ဖိုးစီ (14/01/10)

တခွန်းအတွေး

ညမွေးပန်းနံ့စိမ်းလန်းတဲ့
အဖော်မဲ့ခွေးအည
အဆုတ်တခု သိပ်အလုပ်မလုပ်ပဲ
ဘာတာစနစ်ဆင်ဖြူလုပ်
အပျော်စုပ်နေရဲ့။

မောဟအမှောင်ဖုံးနေတဲ့စိတ်
လတ်တလော လောဘနောက်
သိပ်မလိုက်တော့ပါ...
ပိန်တယ်..ဖောင်းတယ်..ဆိုတာ
မမြဲခြင်းတရားလို့ မှက်ယူရင်း။

ကိုယ်တူးးတဲ့တွင်း
ကိုယ်ကိုယ်တိုင် မသိတသိနဲ့..
တလှမ်းချင်းတိုးတော့...
ဘေးလူ လက်လှမ်းတို့တယ်။

အကျွန်ုပ်...
ကြွက်တက်ရှိငြား
ရေကူးတတ်၏။
သို့သော် ဗလာမဲ့တွင်းမှာ
နှာခေါင်းဖော်၍ ဇီဝိန်ခြွေချင်သည်။ ။

190809


ယိုဒါရှီးမား

ကျွန်တော်အရူးပါ

ကျွန်တော်ကသူတို့ကို ပြောပြတယ်.."နေဆိုတာအလုံးကြီး"လို့။
သူတို့က "မဟုတ်ဘူး နေဆိုတာအဝိုင်းကြီး..ကမ္ဘာကြီးကမှလုံးတာ"တဲ့ ။
အဲဒီတော့ ကျွန်တော်ကပြောတယ်.. "ဘောလုံးကလဲ အလုံးပဲ" ဆိုတော့ မဟုတ်ပြန်ဘူး။
"ဘောလုံးဆိုတာ လေမထိုးထားရင် အပြားကြီး၊ လေထိုးလိုက်မှ ဖောင်းလာတာ"တဲ့။
အဲဒါဆို..."ကိုယ်ဝန်ဆောင်မမိန်းမတွေရဲ့ဗိုက်က ဖောင်းနေတာပါပဲ"ဆိုတော့...
သူတို့က "မဟုတ်ပါဘူး၊ အဲဒါဗိုက်ပူနေတာ..."တဲ့ 
"ဖောင်းတယ်ဆိုတာက အလျှော့အတင်းလုပ်လို့ရတယ်"တဲ့ ။
ကျွန်တော်လဲ အမြင်ကပ်လာတာနဲ့ ပြန်အော်လိုက်တယ်
"ဘီယာသောက်လဲ ဖောင်းတာပါပဲဗျာ"ဆိုတော့ ဘယ်သူမှလက်မခံကြဘူး ။
သူတို့ ရှူးရှူးရှားရှား ဖြစ်သွားကြပြီး...ကျွန်တော့ကိုပြန်ပြောကြတယ် "ဟေ့ကောင်.. မသေမချင်းမှတ်ထား။ အဲဒါ ဗိုက်ရွှဲတာကွ..ဗိုက်ရွှဲတာ"

ပြီးတော့ပြောသေးတယ် ...
"မင်းဟာခေတ်အမြင်မရှိတဲ့ကောင်၊ ရှေးရိုးစွဲကောင်၊ 'အတွေးအခေါ်မရှိတဲ့အကောင်၊ အရူး"တဲ့။
ဒီတော့ သူတို့နဲအမြင်မတူတဲ့ကျွန်တော်က အလိုလိုနေရင်း အရူးဖြစ်သွားရော။
အင်းလေ အများနဲ့တစ်ယောက် အနစ်နာခံပြီး ကျွန်တော်ပဲအနစ်နာခံပြီး အရူးလုပ်လိုက်ပါတော့မယ် ။ ဟုတ်ပါတယ်....ကျွန်တော်အရူးပါဗျာ..................................................... ။




ကံဂျီမူရာ

အတွင်းကြွေ( ကျိတ်ကြွေ)

တနေ့ ကျွန်တော်ဇိမ်နဲ့ "Hotel California'' သီချင်းကိုဖွင့်ပြီး နားထောင်နေတုန်းမှာ ရုတ်တရက် သူက

'' ကဲ...ပြော မင်းဘာစောက်သုံးကျတာရှိလဲ ၊ ပြောစမ်းပါ မင်းဘာအသုံးကျလဲ ဘာမှဖြစ်မလာဘူး ''x x x x x

'' အဲဒီကောင်က လူတွေကိုသာဖျော်ဖြေနေတာ တကယ်တမ်းက လူမိုက်၊ သူ့ရဲ့အမာရွတ်တွေတောင် မင်းမြင်လိမ့်မယ် ''x x x x x x

'' အဲဒီတော့ မင်းဘာလုပ်မှာလဲ၊ ဒီလိုပဲကလေးတွေကို လက်ပိုက်ကြည့်နေတော့မှာလား ''x x x x x x x

'' အင်းလေ.. ကိုက အတင်းကြီး မတိုက်တွန်းပါဘူး၊ ကလေးလေးဆန္ဒရှိမယ်ဆိုမှပါ ''x x x x x x x

'' ဒီမှာ ငါပြောတာအရင်နားထောင်၊ လောကကြီးမှာ ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်ဖို့ဆိုတာ ရည်မှန်းချက်..
...x x x x x x x x

" Freaking Baaaaastard! Let me tell you first . . . Don't F**K with me, Blah.. blah.. blah..! !" ဟုအစရှိသဖြင့်....





ဟင်း ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

ကျွန်တော်သက်ပြင်းရှည်ကြီးကိုပဲ ပိုရှည်အောင်ချလိုက်မိတယ်..
ကျွန်တော်တို့အားလုံး ပေးဆပ်သူကြီးတွေ ဖြစ်နေကြပြီလား....??
ကျွန်တော်တို့ဘဝမှာ တယောက်နဲ့ တယောက် ဖြစ်စဉ်တွေ မတူညီကြပေမဲ့ အားလုံးရဲ့ရင်ထဲမှာတော့....
အတွင်းကြွေ ကြွေမိခဲ့ကြတယ် ..........................

ကံဂျီမူရာ
15.01.2010