05/06/2010

သံယောဇဉ်

Child Development သင်ရတုန်းက John Bowlby ရဲ့ Attachment Theory ကို တီးမိခေါက်မိတယ်။

ကလေးက အမိဝမ်းက ကျွတ်ပြီ ဆိုကတည်းက မိခင် ရင်ငွေ့ကို နာရီပိုင်းလောက် ပေးလှုံရတယ်။ နောက်.. အမေ (သို့) အမေအစားထိုးတစ်ယောက် (သို့) တစ်ယောက်နှင့်အထက် နဲ့ Attachment ရှိရတယ်။ Attachment ဆိုပေမယ့် Secure Attachment ဖြစ်ရမယ်။ ဆိုးတဲ့ အကျိုးဆက်တွေပေးနိုင်တဲ့ Insecure Attachment ဆိုတာကလဲ ရှိသေးတာကိုး။

နောက် စိတ်ဝင်စားတာတစ်ခုက ကလေးကို Attachment ပေးတဲ့ လူကို Secure Base လို့ ခေါ်တာပဲ။ ကလေး ရဲ့ စိတ်ထဲမှာ 'ငါ ဘာဖြစ်ဖြစ် ဒီလူကတော့ ဒီမှာ ရှိနေလိမ့်မယ်' ဆိုတဲ့ အတွေးက သူစိမ်းလောကကြီးကို စူးစမ်းမယ့် သူ့ကို အများကြီး အထောက်အကူပြုတယ်။ အထင်ရှားဆုံးက ကျောင်းထားတဲ့အချိန်ပဲ။ ထားခဲ့ရင် အေးအေးဆေးဆေး နေခဲ့တယ်။ ခဏတော့ သူ မကြည်မလင် ဖြစ်မယ်။ ဒါပေမယ့် ခဏပဲ။ ပြီးရင် သူ့ဘာသာ Explore လုပ်မယ်။ အချိန်တန်လို့ အမေနဲ့ ပြန်တွေ့ရင် အေးအေးဆေးဆေးပဲ ပြန်လိုက်သွားမယ်။

Insecure Attachment ကတော့ ဒီလိုမဟုတ်ဘူး။ ရှုပ်ထွေးတယ်။ သူ့ရဲ့ Attachment Base က သူလိုအပ်တဲ့အချိန်မှာ ရှိမနေဘူး၊ နွေးထွေးမှု မပေးနိုင်ဘူး။ ရှိနေလိုက် မရှိနေလိုက်ဖြစ်နေတဲ့အခါ Secure မဖြစ်တော့ဘူး။ အဲဒီအခါမှာ ကလေးက သူ Attach ဖြစ်နေတဲ့လူကို မယုံတော့ဘူး။ မယုံတဲ့အတွက်.. မျက်စိအောက်က ပျောက်သွားမှာ အရမ်းဆိုးတယ်။ အရမ်းကပ်တယ်။ သူ့နားမှာ မနေဘူးဆိုရင် ငိုမယ်၊ ဂျီကျမယ်၊ အမျိုးမျိုးဖြစ်နိုင်တယ်။ ပျောက်သွားပြီးလို့ ပြန်တွေ့တဲ့အခါမှာလဲ အေးဆေးမဖြစ်နိုင်တော့ဘူး။ ၂ မျိုးဖြစ်နိုင်တယ်။ အရမ်း ဘာသိဘာသာ ရှောင်ဖယ်ဖယ်လုပ်နေတာမျိုး နဲ့ အရမ်းဂျီကျသောင်းကျန်းပြီး ငိုတာ။ ၂ မျိုးလုံးကတော့ Attention ရအောင်လုပ်တာလဲ ပါတာပေါ့။ ဒါကြီးက အသက်ကြီးတဲ့အထိ ပါနိုင်တယ်။

http://yogaofalignment.com/

အခုနောက်ပိုင်း စဉ်းစားမိတာက ဒါမျိုး Attachment က သမီးရည်းစားတွေ၊ အိမ်ထောင်သည်တွေ ကြားမှာလဲ လိုအပ်တာပဲလို့။

Relationship တစ်ခုကြားမှာ Secure Attachment တစ်ခုရှိနေခဲ့ရင် တစ်ယောက်နဲ့ တစ်ယောက် ဝေးနေလည်း ပျော်ဖို့ကောင်းမှာပါပဲ။ သူကလဲ သူ့အလုပ်လုပ်၊ ကိုယ်ကလဲ ကိုယ့်အလုပ်လုပ်နေပေမယ့် စိတ်ထဲမှာတော့ လုံခြုံနေတာပဲလေ။ ငါ့ကို ချစ်တဲ့... ငါ့အတွက် အဆင်သင့်ဖြစ်နေတဲ့၊ ငါ့ကို မျှော်လင့်နေမယ့် လူတစ်ယောက် လောကကြီးရဲ့ တစ်နေရာမှာ ရှိနေပါလား ဆိုတဲ့ အသိက ဘယ်လောက်လုံခြုံစေသလဲ။

Insecure Attachment ဖြစ်နေတဲ့ Relationship တစ်ခုကြားမှာ သာယာပျော်ရွှင်မှုက ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေမယ်ထင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတဲ့အချိန်မှာ စိတ်ပူနေတာမျိုး၊ သံသယဖြစ်နေတာမျိုး၊ ဖုန်းတဂီဂီဆက်နေမှာမျိုး။ ပြန်တွေ့ကြတဲ့အခါ စစ်လားဆေးလားမေးလားမြန်းလား နဲ့ စကားများကြရမှာမျိုး။ ဒါမှမဟုတ်လဲ.... စိတ်လုပ်ထားလို့၊ သံသယစိတ်တွေများထားလို့ ပြန်တွေ့တဲ့အခါ ကြည်လင်တဲ့စိတ်နဲ့ မကြိုဆိုနိုင်ပဲ... ခပ်ခွာခွာ ဘာသိဘာသာ နေမိတာမျိုး (သို့) တွေ့တာနဲ့ ဆီးပြီး ပြဿနာလုပ်တာမျိုးတွေ အမျာကြီး ဖြစ်နိုင်တာပဲ။

ကတိတစ်ခုပေးပြီး ခဏခဏ ဖျက်တတ်တဲ့အခါမျိုး၊ ရည်းစားဟောင်းနဲ့ ခုထိ အဆက်အသွယ်ရှိနေသေးမယ်၊ အသုံးအနှုန်းတွေကလဲ မပြောင်းကြဘူး။ ဒါမှမဟုတ်.. ယောကျာ်းလေး (သို့) မိန်းကလေးက 'မင်းကတော့ စိတ်ပျက်စရာကောင်းလာပြီ' လို့ ခဏခဏ ပြောခံရလာရမယ်။ ဒီကြားထဲကမှ တစ်ယောက်နဲ့ တစ်ယောက်ကလဲ တစ်နေရာစီ နေရဦးမယ်ဆိုရင် Secure Attachment က Insecure ဖြစ်လာနိုင်တယ် ထင်တာပဲ။ မလုံခြုံတော့ဘူးလေ။ မလုံခြုံတော့ဘူးဆိုမှတော့ တော်တော်ခက်ခဲလာပြီပဲ။


ရေနံ့သာ

No comments:

Post a Comment