25/07/2010

မာရီယာ

မင်းကိုယ်မင်း
ဒီခေတ်ကြီးရဲ့ နိမိတ်ပုံလို့
ပြောတတ်တဲ့ မာရီယာ။

ဘ၀အဖော် ဆိုတာ
ကျွန်မအတွက် ကွန်ဒုံးနဲ့ တားဆေး
ပါပဲဆိုတဲ့ မာရီယာ။

The Moon Woman -Jason Pollock
မင်းရဲ့ အပြုံးတစ်ချက်နဲ့
သံခဲတွေကိုတောင် အရည်ပျော်
စေနိုင်တဲ့ မာရီယာ။

မင်းဟာ ပထမဆုံး
ယောင်္ကျားတွေကို တရားဝင်
လူကုန်ကူးသူ မိန်းမလှပဲ။

ကလီယိုပါထရာဟာ
နိုင်ငံအတွက် သူ့အလှကို
အကြိမ်ကြိမ် အသုံးပြုခဲ့တယ်
မင်းကတော့၊ မင်းအတွက်မင်း
မင့်အလှကို အကြိမ်ကြိမ်
စတေးပစ်ခဲ့တယ်။

`ခန္ဒာကိုယ် တစ်ခုလုံးဟာ
ခံစားစရာချည်းပဲ
ခံစား စံစား ရမယ့်အရာမှန်သမျှ
ကျွန်မ တပ်မက်တယ်´၊ ဆိုပါလား။

မူးရင် မင်းငါ့ကို
ဖုန်းဆက်ပြီး လှမ်းခေါ်မယ်၊
အမြဲ ရှိနေစေချင်တယ်၊
မင်း ပြောတာပဲ။

ချစ်ခြင်းမေတ္တာ ဆိုတာ
နှုတ်ခမ်းနီတစ်တောင့်
ဖိနပ်တစ်ရံလောက်
အရေးမကြီးပါဘူး၊ ဟုတ်လား။

ကမ္ဘာပေါ်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ အားလုံး
အချစ်ကြောင့် ဖြစ်ခဲ့ပါတယ်ဆိုတာ
မင်းဘယ်လိုမှ မယုံနိုင်ဘူး ၊ မဟုတ်လား၊

ဟော. .
မင်း အခု အမူးပြေသွားတော့
ငါ့ကို ငါးညှီနံ့လောက်တောင် မသတီ
ပြန်ပါဘူးတဲ့။

(ဟား ဟား)

မင်းအကြောင်းတွေ မပြောချင်လို့
ပြောနေရပြီ
. . . . . . . . . `မာရီယာ´။ ။

ထွန်းနွယ်

နွေရာသီမှာပွင့်တဲ့ပန်း

တစ်နေ့ တစ်နေ့ လျှောက်လာလိုက်တဲ့ လမ်းတွေ
မြောင်းလည်းပေါက်ပြီ၊ ချောင်းလည်းပေါက်ပြီ

At Summer's End
ရေသာများ၍ ငါးမတွေ့ 
ကိုယ့်အခက်အလက်နဲ့ ကိုယ်တိုင်ကဝေေ၀ဆာဆာ
အရိပ်နေလည်း နေ၊ အခက်ချိုးလည်း ချိုး
နောက်တခေါက်မိုးကျရင် ငါက ပြန်ပွင့်ဦးမှာ
ဆေး. . . ဆေး. . . ဆေးကြောသန့်စင်
မင်း ဒီလိုအမှိုက်သရိုက်တွေကြား နေလာတာ ဘယ်လောက်ရှိပြီလဲ တဲ့ 
မင်းတို့ အမျိုးထဲမှာကော ဒီလို အမှိုက်သရိုက်တွေကြား
နေတဲ့သူ ရှိသလား တဲ့
ဒီရာသီထဲ ရုပ်ရော နာမ်ရော ကြွေကြွေပစ်နေရတာ
ရှိစေတော့ ရှိစေတော့
အမှန်က မနက်ဖြန် ဆေးရုံကဆင်းမှာ
မိမိသဘောနှင့် မိမိ ဆေးရုံကဆင်းကြောင်း လက်မှတ်ထိုးရမယ်
လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်
မြစ်တစ်ခုလုံး မျောသွားတဲ့အခါ
( လျှပ်စစ်မီးများခေတ္တဖြတ်တောက်ထားသည်)
. . . .
. . . .
. . . .
ရှာတွေ့ သလား အလင်းကို
မိုးလင်းရင် လမ်းတွေ ပြန်လျှောက်ဦးမှာပဲ
ဆေးရုံ ပြန်မတက်ဘူး၊ ပုလင်းကြီး မချိတ်တော့ဘူး
ငါ ယပ်တောင် တဖျပ်ဖျပ်ခတ်ရုံသာ တတ်နိုင်တော့တယ်။


ဖိုးခွား

နင်လားဟဲ့ ယုံကြည်ချက်

Blu-Belief - Matthew Rice
ကဲ. . . အိပ်ပုတ်ကောင်ကြီး
ထတော့။

စီးဆင်းနေတဲ့ ရေစီးကြောင်းထဲ
မဆိုစလောက်၊ အနည်းအကျဉ်း နဲ့
ဖူလုံကျေနပ် အဟုတ်ကြီးမှတ်မနေနဲ့။

တကယ်တော့
မဆိုစလောက်၊ အနည်းအကျဉ်း ဟာ
ပုန်းအောင်းနေတဲ့ အများကြီးရှိသေးတယ်ဆိုတာ
ညွှန်ပြနေတဲ့ သက်သေအထောက်အထားဖြစ်တယ်။

ဝက်ခြံကို အနာလုပ်နေတာတွေ ရပ်လိုက်. . !
ကြားလား
သုခမိန်လှိုင်ရဲ့စကား. . .
"အဲဒီတုန်းကသာ ဒီငနဲတွေရှိရင်
ဗန်ဂိုးရဲ့ နေကြာပန်းတွေ
ပွင့်မှာ မဟုတ်ဘူးကွယ်" တဲ့။

ကဲ. . . အိပ်ပုတ်ကောင်ကြီး
ထတော့။  ။

ချမ်းညီချို

စိတ်ကျောင်းခြင်း

ရာသီဥတု လိုအပ်ချက်ကိုလား။
လူတွေ တင်ပြတဲ့ ပေါ်ပြူလာဖြစ်မှုကိုလား။
ပြောင်းလဲ တိုးတက်မှုကိုလား။
အရည်အသွေးကျဆင်းမှုကိုလား။
ရေရှည် စီမံကိန်းကိုလား။
ရေတို လျာထားချက်ကိုလား။
အချိန်ရဲ့လျော့ပေါ့ ရွှေ့ဆိုင်းခွင့် မပေးမှုကိုလား။
ဘဝရဲ့ ပြန်လည်ဖြေကြားခြင်း မရှိမှုကိုလား။
အမှားပြင်ဆင်ခြင်း သည်းခံခိုင်းတဲ့ အတိတ်ကိုလား။
လျာထားချက် မပြည့်မှီတဲ့ အနာဂတ်ကိုလား။
ဖွံဖြိုးမှု နေးကွေးနေတဲ့ လက်ရှိ အခြေအနေကိုလား။
တင်းမာနေဆဲ အရှေ့အလယ်ပိုင်းပြသနာကိုလား ။
ထိုးစစ်တိုးမြင့်ထားတဲ့ နေ့စဉ်ဘဝကိုလား။
မာနခံစစ်ကြောင်း ဖရိုဖရဲ ဖြစ်သွား/နေတာကိုလား။
ရှေ့တန်း လက်နက်ကိရိယာ ချို့တဲ့မှုကိုလား။
မသန်မစွမ်း စစ်ပြန်ရဲ့သန်သန်စွမ်းစွမ်း စိတ်ဓာတ်မျိုးကိုလား။
'ကျွဲကူး ရေပါရင်၊ ဤကို ကျွဲဖတ်' ကြတာကိုလား။
မဖွယ်မရာ နေထိုင်ပြုမူ ပြောဆိုဆက်ဆံခြင်းကိုလား။
စိတ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကိုလား။
စိတ်ရင်း ဆက်ဆံမှုတိုင်းမှာ အကာအကွယ်သုံးရတာကိုလား။
တစိတ်တဝမ်းစနစ် ကျင့်သုံးခိုင်းတာကိုလား။
စိတ်သွားတိုင်း ကိုယ်မပါတာကိုလား။
စိတ်ညိုး စိတ်ခြောက် စိတ်သေ စိတ်လွှတ်မြန်တာကိုလား။
စိတ်အားသန်/မြန်ဖို့ စိတ်အားတိုးဆေး ပုံမှန်သုံးရတာကိုလား။
စိတ်အားငယ် စိတ်ခြောက်ခြား စိတ်ဂနာမငြိမ်ခြင်းကိုလား။
စိတ်မပျော်ခြင်း စိတ်နုံးခြင်း စိတ်ပျို့အန်ခြင်းကိုလား။
လားပေါင်းများစွာဖြင့် လားစီးရင်း လမ်းပျောက်နေသော
အလိုမကျခြင်းစိတ်ကို စိတ်ရုံ/ ခြံ အတွင်း၌
စိတ်အထားအသို စိတ်အတပ်အဆင် စိတ်အပြုအမူ မှန်ကန်ပါမှ
စိတ်ပြုံးတီးမှု စိတ်ဖြုန်းတီးမှု စိတ်အလေအလွင့် နည်းမည်

Mind Uploading

သို့ကြောင့်. . . . .
စိတ်ကို လေကောင်းလေသန့်နှင့် နေရောင်ရသော နေရာတွင် ထားပါ
စိတ်လိုက်မာန်ပါလုပ်ခြင်း စိတ်အလိုမကျဖြစ်ခြင်း
စိတ်တိုစိတ်ဆိုးခြင်း စိတ်မရှည်ခြင်း စိတ်မချခြင်း
စိတ်ပူပန်ခြင်း စိတ်မကြည်လင်ခြင်းများကို ရှောင်ပါ
စိတ်ကိုပုံပါအတိုင်း စနစ်တကျ ထုပ်ပိုးပါ
စိတ်ကိုမီးနှင့်ဝေးရာတွင် အညွှန်းအတိုင်းထားပါ
တဆိတ် တအိတ် လုပ်ခြင်းများကို သတိပြုပါ
ရာသီဥတု သမမျှတလျှင် ကွင်းကျယ်ကျယ်
မြက်ကောင်းကောင်း၌
ရက်အနည်းငယ်ခန့် လွှတ်ကျောင်း၍
ခြောက်သွေ့သွားအောင်လုပ်ခြင်းဖြင့်
စိတ်ကိုတာရှည်ခံထား စားသုံးနိုင်ပါသည်။    ။

အူသောင်

24/07/2010

အဓိပ္ပါယ်မဲ့ ကဗျာ

အမှတ်မထင် တွေ့ရှိရန်
. . . . . . . . လုံလောက်သော
ပစ္စုပ္ပန်တွင်. .

 A Meaningless Moment Through A Meaningless Process

အနာဂါတ်ကို သတိရပါ။
အတိတ်ကိုကောင်းအောင်ဖန်တီးပါ။
ယနေ့သည် မနေ့ဖြစ်လိမ့်မည်။
မနက်ဖြန်မှ အကြောင်းများကို
မေ့ပစ်ပါ။

' 9/11 တုန်းက
နားချိန် ကော်ဖီသောက်နေတာ
လေတောင်ချွန်လိုက်သေး။ ´
(အတိတ်တွင် ပြောကြားမည်ဖြစ်သော
စကားများ။)
နာရေးကြော်ငြာတွင် နာမည်ကင်ပွန်းတပ်ပါ။
လူပီသဖြင်းဖြင့် ဆာလောင်ပါ။
ဂုဏ်ယူခြင်းဖြင့် နေထိုင်လိုက်ပါ။

အသက်ရှင်ဖို့မလို အသေရှင်ရန်လိုသည်။ (ငိုပါဟ၊ များများ)
လူဖြင့် ဘာသာစကားကို တည်ဆောက်သည်။
ဘာသာစကားဖြင့် ဘာသာတရားကို တည်ဆောက်သည်။
ဘာသာတရားဖြင့် အသိဥာဏ် တည်ဆောက်သည်။
အသိဥာဏ်ဖြင့် ၀ါဒများ ကွဲလွဲသည်။
ဝါဒများ ကွဲလွဲရာတွင် လူရှိသည်။
` လူရှိသည် ´ တွင် လူမရှိပါ။
` လူမရှိပါ ´ တွင် လူ အမှန်တကယ် (တကယ်) မရှိပါ။
ဒီတစ်ကြောင်းတော့ အဓိပ္ပါယ် ရှိမည် ထင်ပါသည်။
သို့သော်၊ မထင်ပါ။ ။

ထွန်းနွယ်

ပထမဆုံးနှင့် နောက်ဆုံး ရည်းစားစာ

လူတစ်ယောက်ဘဝအတွက် အချစ်ကိစ္စသည် တိုက်ရိုက်သော်လည်းကောင်း၊ ကွေ့ဝိုက်သွယ်ပတ်၍သော်လည်းကောင်း တွေ့ကြုံခဲ့ကြရဖူးသည်။ ကျွန်တော့်ဘဝ၏ ပထမဆုံးအချစ်သင်ခန်းစာသည် ကွေ့ပတ်၍ လာသည်။ သူငယ်ချင်းတစ်ယောက်က အားကိုးတကြီးနှင့် ရည်းစားစာရေးပေးရန် အကူအညီ တောင်းခံလာခြင်း ဖြစ်ပါသည်။ (ငြင်းဆို၍ မကောင်း။) စာပေရေးရာတွင် လက်စလက်နရှိကြောင်း၊ ဤသို့ အကူအညီတောင်ခံလာခြင်းကို ကြည့်၍ ခန့်မှန်းနိုင်လောက်ပါသည်။ (လက်စလက်နရှိသည် ဆိုရာတွင် သူတစ်ပါးထံမှ စာအုပ်ငှါးပြီး ပြန်မပေးပဲ ထားခြင်း၊ မိမိကြိုက်နှစ်သက်ရာ စာမျက်နှာများကို ဆုတ်ဖြဲယူထားခြင်းမျိုး မဟုတ်ပါ။ စာပေအနုပညာပစ္စည်းတစ်ခု ဖန်တီးနိုင်စွမ်း ရှိခြင်းကို ဆိုလိုပါသည်။ ဤနေရာတွင် ရည်းစားစာသည် အနုပညာပစ္စည်းတစ်ခု ဖြစ်မဖြစ်ကို ဆွေးနွေးမည် မဟုတ်ပါ။)

(အကယ်စင်စစ် ကလေးဘဝအတွေ့အကြုံများမှာ ပြန်ပြောရန် အတော်ပင် အားယူရပါသည်။)

ကျွန်တော်၏ ပထမဆုံးဖန်တီးမွေးထုတ်လိုက်သော ရည်းစားစာသည် စာမျက်နှာအားဖြင့် လေးမျက်နှာနီးပါးရှိသည်။ အပြောင်မြောက်ဆုံး စာသားအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

"မင်းရဲ့ နံဘေးက ပိုးဟပ်တစ်ကောင် အာဖရိကသို့ ထွက်ခွါသွားခြင်းကို ဝမ်းနည်းနေမည် မဟုတ်ပါ။"

"ငါ့ရဲ့အချစ်တွေ ပယ်မထုတ်လိုက်နဲ့
မိုးပေါ်က ကိုမာ. . . ငါ့အပေါ်
ဝုန်းဒိုင်းကြဲပြီး ပြိုကျလာမှာ စိုးလို့ပါ။"

"အရက်တွေမူးပြီး ဝုန်းဒိုင်းကြဲ ရန်မူဖို့ ပြေးဝင်လာတဲ့ ဆဒ္ဒါန်ဆင်ကြီးဟာ ဘုရားရှင်ရှေ့ရောက်တော့ ချက်ချင်းငြိမ်သက်ကျသွားခဲ့ရသလို၊ ဝုန်းဒိုင်းကြဲတုန်ယင်နေတဲ့ ကိုယ့်အသည်းနှလုံးတွေဟာ မင်းရှေ့အရောက်မှာတော့ ရုတ်တရက် ဆွံ့အ ထိုးရပ်သွားခဲ့ရတော့တယ်။"
(အောင်ခြင်းရှစ်ပါးထဲမှ - 'ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ' ဆိုသော ဇာတ်ကွက်ကို အခြေခံ၍ ရေးဖွဲ့ခြင်း ဖြစ်ပါသည်။)

ဤနေရာတွင် ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းသည် ဘွင်းဘွင်းကြီးပေါ်လာသည်။ အမှားအယွင်းသည် ကျွန်တော်ညံ့ဖျင်းကြောင်း အထင်အရှားပင် ပြသကြပါသည်။ (ဤစာကို လူကြီးများအားပြသခဲ့လျှင် ဤအမှားမျိုး ကြုံတွေ့ရမည် မဟုတ်ပါ။) အမှားအယွင်းသည် ထင်ထင်ရှားရှားပေါ်လွင်နေသည် ဆိုရခြင်းမှာ ဆင်တစ်ကောင်လုံး မှားယွင်းခဲ့သောကြောင့် ဖြစ်ပါသည်။ အရက်မူးပြီး ဘုရားရှင်အား ရန်မူရန်ကြိုးစားသော ဆင်ကြီးမှာ နာလာဂီရိဆင်ဖြစ်၍ ဆဒ္ဒါန်ဆင်မင်း မဟုတ်သောကြောင့် အမှားအယွင်းမှာ မြင်သာသည်ဟု ပြောရခြင်းဖြစ်ပါသည်။ (ဤအတွေ့အကြုံသည် လေ့လာမှုအားနည်းခြင်း၊ မသိပဲနှင့် ပြောဆိုခြင်း၊ လူကြီးများနှင့် တိုင်ပင်ဆွေးနွေးမှု မရှိခြင်း စသည့်အချက်များကြောင့် ရခဲ့သည်ဟု ဆိုချင်ပါသည်။)

ကောင်မလေးမှာလည်း အတော်ပင် ဒုက္ခရောက်သွားသည်။ ကျွန်တော် ဘာတွေရေးထားမှန်း သူအကုန် နားမလည်။ 'အနုပညာဟူသည် ပင်ကိုယ်က ခက်ခဲထွေပြားသည်တွင် အလွန်လျှင်မြန်သော အပြောင်းအလဲများနှင့် ပြည့်နှက်နေသည်' ဖြစ်ရာ ကျွန်တော်ဖန်တီးလိုက်သော အနုပညာပစ္စည်းတစ်ခုကို နားမလည်ခြင်းမှာ သဘာဝကျပါသည်။

သို့သော် အနုပညာ၏တန်ဖိုးသည် ကြည်နူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်း စသည့် ရသများကို ပေးစွမ်းနိုင်ခြင်းဖြစ်ရာ ကျွန်တော်ဖန်တီးသော အနုပညာတစ်ခုကို နားမလည်ဟုဆိုသောကြောင့် အောင့်သက်သက်တော့ ဖြစ်ရပါသည်။ အနုပညာ၏ ပထမ အဓိကတန်ဖိုးသည် ရသတန်ဖိုးသာ ဖြစ်သည်။ ကျွန်တော့်စာကို နားမလည်လျှင် မဖတ်ပါနှင့် သို့မဟုတ် နားလည်အောင်ကြိုးစားပါဟု ဆိုချင်ပါသည်။ (ထို့ပြင် အနုပညာ၏ အသုံးတန်ဖိုး၊ လူမှုရေးတန်ဖိုး၊ နိုင်ငံရေးတန်ဖိုး တို့ကို ရှေ့တန်းတင်၍ အဓိကဖြစ်လေဟန် ပြောနေကြသော 'ခပ်ကြောင်ကြောင်' လူတွေလည်း ရှိနေပါသေးသည်။ ထားတော့။)
Anouk Kruithof
မည်သို့ပင်ဖြစ်စေ ကလောင်သွားကား အစွမ်းထက်လှလွန်း၍ ကောင်မလေးမှာ မိဘမောင်ဘွားအစုံအလင်ဖြင့် ကျွန်တော့် သူငယ်ချင်းအိမ်သို့ ရောက်ရှိသွားပါတော့သည်။

တစ်မျိုးမတွေးစေချင်ပါ။ ရည်းစားစာ အပေးခံရမှုနှင့် ပတ်သက်၍ တိုင်ကြားခြင်းသာ ဖြစ်ပါသည်။ ကျွန်တော့်သူငယ်ချင်းမှ တဆင့် ကျွန်တော့်မိဘများထံ ရောက်လာပါသည်။ ကျွန်တော့်ထံရောက်လာခြင်းမှာ ဘာတွေရေးထားသလည်း သိချင်ရုံ သက်သက်သာ ဖြစ်ပါသည်။ တိုင်ကြားရန် မဟုတ်ပါ။ ထိုအခါကျွန်တော့်မှာ ပြန်၍ ရှင်းပြရပါတော့သည်။ (ရှင်းပြချင်စိတ် မရှိပါ။) အဘယ့်ကြောင့်ဆိုသော် အနုပညာ ပစ္စည်းတစ်ခုသည် စာရေးသူ ကိုယ်တိုင် ရှင်းလင်းစေကာမူ မူလကပေးချင်သော ရသကို ရချင်မှ ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ရှင်းလင်းချက်တစ်ချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

"မင်းရဲ့ နံဘေးက ပိုးဟပ်တစ်ကောင် အာဖရိကသို့ ထွက်ခွါသွားခြင်းကို ဝမ်းနည်းနေမည် မဟုတ်ပါ။"
ပိုးဟပ် = ညစ်ပတ်၍ အသုံးမတည့်သော ပိုးမွှားတစ်ကောင်
အာဖရိက = ဝေးကွာသော အရပ်တစ်ခု

ကောင်မလေးမှာ ချောမောသောကြောင့် အနားတွင် ယောက်ျားလေးမျာစွာ ဝိုင်းနေသည်ဖြစ်ရာ ထိုသူများမှာ ကျွန်တော့်သူငယ်ချင်းအတွက်တော့ ပိုးဟပ်များသာဖြစ်ပါသည်။ ထိုသူများမှ တစ်ယောက်ယောက် အဝေးသို့ ထွက်ခွါသွားလျှင် ကျွန်တော့် သူငယ်ချင်းမှာ ဝမ်းနည်းနေမည် မဟုတ်၊ ဝမ်းသာလိမ့်မည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါသည်။ (ကောင်မလေးအိမ်တွင် ပိုးဟပ် ရှိလား မရှိလား ကျွန်တော် မသိပါ။)

"ငါ့ရဲ့အချစ်တွေ ပယ်မထုတ်လိုက်နဲ့
မိုးပေါ်က ကိုမာ. . . ငါ့အပေါ်
ဝုန်းဒိုင်းကြဲပြီး ပြိုကျလာမှာ စိုးလို့ပါ။"


ဤနေရာမှာ ကိုမာသည် အလှဖန်တီးရှင် လူ 'ကိုမာ' မဟုတ်ပါ။ ရောဂါနာမည် ကိုမာ (Coma) ဖြစ်ပါသည်။ ကိုမာရောဂါသည် မေ့မြောနေသော၊ ကြာရှည်သတိလစ်နေသော ရောဂါတစ်မျိုးဖြစ်ပြီး၊ ဤရောဂါခံစားနေရသူသည် အသက်ရှင်လျှက်နှင့် သေနေသူတစ်ယောက်ကဲ့သို့ ဖြစ်နေသောကြောင့် ကောင်မလေးက အချစ်ကို ငြင်းပယ်ခဲ့လျှင် ရှင်လျှက်နှင့်သေရပါမည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။ (ကိုမာရောဂါအကြောင်း အသေးစိတ်သိလိုလျှင် ဆေးပညာရှင်များထံတွင် မေးမြန်းနိုင်ပါသည်။)

ထိုအချိန်မှစ၍ မည်သည့်အကြောင်းနှင့်မှ ကျွန်တော် ရည်းစားစာ မရေးတော့ပါ။ ပထမဦးဆုံးသော ရည်းစားစာသည် ရသ မမြောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျွန်တော့် ဘဝ၏ ပထမဆုံးသော အချစ်သင်ခန်းစာသည် ဤသို့ ကွေ့ပတ်သွယ်ဝိုက်၍ ကျွန်တော့်ကို တိုက်ရိုက် သက်ရောက်မှု ရှိခဲ့ပါသည်။ (ထို့ကြောင့် ရည်းစားစာရေးပေးဖို့ အကူအညီတောင်းခြင်း သည်းခံပါ။)

ချမ်းညီချို

အစီအစဉ်. . . . . . တစ်

သစ္စာတရားမှာ
လှုပ်နေတဲ့ အမြီးတချောင်း ရှိတယ်
ဆန္ဒတစုံဟာ အမဲရိုး တပုံလိုပဲ
တပ်မက်ခြင်း သွားရေစက်တွေမှာ
တဏှာမာန်ဖီနေတဲ့ သွားတစုံ ရှိတယ်
ရသာ ခုံမင်တဲ့ လျှာတစုံက
ကျွန်ယုံ
သို့ပါသော်လည်း. . .
လျှာဆိုးပေါများသော ရာသီ၌ လည်ရှည်ဖိနပ် စီးပါ
လျှာပေါက်ခံရလျှင် ရှေးဦးသူနာပြုနည်းဖြင့်
လျှာပေါက်ခံရသော နေရာကို ရေဖြင့် ဆေး၍ ခွဲပါ (အနည်းငယ်)
လျှာဆိပ်ကို သန့်စင်သော ပါးစပ်ဖြင့် စုပ်၍ ထွေးထုတ်ပါ
နီးစပ်ရာအရက်ဆိုင်မှ အရက်အနည်းငယ်တိုက်၍
အားပေးစကားပြောကြားပါ
ကျန်းမာရေးဝန်ကြီးဌာန။

    
Yago Hortal
~သတင်းခေါင်းစဉ်~
ယမန်နေ့ညက တဆတ်ဆတ်တုန်နေသော
အတွေးများအား စတင် ခွဲခြမ်းစိတ်ဖြာခြင်း၊ 


သတင်းအစုံအလင်မှာ
အတိတ်နာကျနေသော အတွေးများအား ဓါတ်ခွဲကြည့်ရာ
ရာနှုန်းပြည့်လုနီးပါး နာလန်ထစ ပြုလာသောကြောင့်
အတွေးများအား ရှေ့သို့ ပုံမှန်ဆက်လက် လည်ပတ်နိုင်စေရန်
သဘာဝကျသော လက်တွေ့ဆန်ဆန် အတွေးများအား
ရွေးချယ်တွေးတောပါ
အတွေးဗွက်ထနိုင်သော နေရာများကို ရှောင်ကြဉ်ပါ
အတွေးယောင်ယမ်း စာများကို ဆင်ခြင်ပါ
အတွေးကြောင် အတွေးယောင်များကို
အတွေးသစ်ဖြင့် လျှော့ချပါ
အတွေးဟောင်းများအား အချက်အလက်များဖြင့် တိုက်ချွတ်ပါ
မလိုတော့သည့် အတွေးများအား စနစ်တကျ စွန့်ပစ်ပါ
အတွေးအကူးအပြောင်းတွင် မျှမျှတတတွေးတောပါ
အတွေးဆင်ခြေ အတွေးဆင်လက်များကို သတိပြုပါ
အတွေးတယူသန် အတွေးတဖက်သတ်များကို
နည်းနာများဖြင့် လိုက်လံတွေးတော ရွေးချယ်ပါ
အတွေးမာန်တက်ခြင်းများကို အစွယ်ချိုးထားပါ
အတွေးများကို ခြေသုတ်ပုဆိုးကဲ့သို့ ထားပါ
အတွေးများအား ပုံမှန်စစ်ဆေးပါ
အတွေးမူမမှန်မှုများ အတွေးချို့ယွင်းချက်များ
ရှိလာပါက
အချိန်တိုအတွင်း ပြင်ဆင် တွေးတောပါ
အတွေးယိုယွင်းမှုများကို အချိန်မီ ထိန်းသိမ်းပါ
အတွေးများကို ဖြန့်ကျက်တွေးတောခြင်းဖြင့်
အတွေးညောင်းခြင်းမှ ကာကွယ်ပြီး ဖြစ်သည့်အပြင်
အနာဂတ်အတွေးများ ပိုမို ကြံ့ခိုင်လာတော့မည်ဟု
အခိုင်အမာ ပြောကြားပြီးနောက်
အတွေးလမ်းကြောင်းတလျှောက် လိုက်လံကြည့်ရှုစစ်ဆေးခါ
ကိုယ့်အတွေး ကိုယ်အားပေးစကားများ ပြောကြား၍
လိုအပ်သည်များကို မှာကြားသွားပါသည်။       ။


အူသောင်

မှတ်တမ်းမှတ်ရာ

မလိုအပ်တော့ဘူးဆိုတာ သေချာပြီလား
ကျွန်တော်ရှေ့မှတ်တိုင်မှာ ဆင်းပါမည်
လမ်းလည်းများသည် လမ်းလည်းသလားသည်
လမ်းလည်းလျှောက်သည် လမ်းလည်းပျောက်သည်
အခြောက်မများနှင့် မဆက်ဆံပါ။
လူရာဝင်ပါသည်။ ကွမ်းယာဆိုင်တွင် လူဝင်ယာသည်။
အရည်လည်းမရပါ အဖတ်လည်းမရပါ။

O Rings & Seal Rings
ဆေးလိပ်သောက်သောအခါ အငွေ့ရသည်ဟု ထင်ရသည်။
သို့သော် မဟုတ်ပါ။ ပြန်မှုတ်ထုတ်လိုက်ရသောကြောင့်ဖြစ်သည်။
ကျွန်တော်ရှေ့မှတ်တိုင်မှာ ဆင်းပါမည်။ အတက်အဆင်း ခေါင်းမငုံ့ပါ။
ခေါင်မိုးပေါ်မှ ခုန်ဆင်းရန်သာဖြစ်သည်။ ထို့ကြောင့် မိုးမခေါင်တော့ပါ။
စနေနေ့ည ကိုးနာရီ ချစ်သည်းကို မောင်လာခိုးပါမည်။
သူခိုးပြေးသောအခါ ယောက္ခမကြိး ထိုးကွင်းထမည်။
ကွင်းထိုးသောအခါ ဂျက်ပွင့်ပါသည်။ ဂျက်ပွင့်သည့်အခါ အခန်းထဲဝင်လို့ ရပါမည်။
လူပိုမခေါ်ရပါ။


ဖိုးခွား

23/07/2010

ဇကွဲဇယား

'ဇ' ကိုတော့ ခိုက်တယ် ငဇေရယ်
ဒါပေမယ့် ဇွတ်တော့မတိုးပါနဲ့
ဇစ်မြစ်ကို သိအောင် အရင်စုံစမ်း
ဇလုပ်ကြီးနဲ့ ဆိုမှ ဒုက္ခများနေမယ်
လုပ်စရာရှိရင်တော့ ဇွဲလေးနဲ့ လုပ်
ဇယ်ဆက်သလို လုပ်
စားစရာရှိလည်း ဇွန်းနဲ့ ဇလုံနဲ့သာ စား
ဇကွဲ
ဇိုးဇိုး ဇတ်ဇတ်တော့ မလုပ်နဲ့
ဇီဇာ မကြောင်နဲ့
ငွေပါရင် ဇေပါတယ် ဒီက
ဆွစ်ဇာလန်တွေ၊ ဆွာဇီလန်တွေ အသာထား
ဇင်ဘာဘွေငွေ မဟုတ်ရင် ပြီးတာပဲ
ဇယားလေးနဲ့ပဲ ဇိမ်ကျမနေနဲ့ဦး
ဇရာလည်း ထောင်းနေပြီ
ကဇော်လေးလည်း လျှော့ဦး
လူပေါ်လူဇော် လုပ်နည်းတွေလည်း သိပ်မဖတ်နဲ့
ငဇင်ကာလို ဇတ်သိမ်းမလှ ဖြစ်နေဦးမယ်
ဇာတာတွေ ပြန်စစ်ကြည့်ဦး
ဇောချွေးပြန်နေပြီလား
ကဇွန်းရွက် တစည်းဘယ်လောက်ဖြစ်နေပြီဆိုတာ မင်း သိလို့လား
ဇွန်၊ ဇူလိုင်မှ မိုးရွာတဲ့ ခေတ်မဟုတ်တော့ဘူး
ဇာတ်ခေါင်းကွဲမှ ဇာတ်နာတတ်သလား
သဇင်မှ ပန်းထင်နေတာလား
မင်းသမီးနဲ့ ညားမှ ဇာတ်သိမ်းကောင်းတာ မဟုတ်ဘူး
ဇာတ်လိုက်တော့ မဖြစ်ချင်စမ်းပါနဲ့
ဇာတ်လမ်းအရတော့ ဇာတ်ပို့ဇာတ်ရံပဲ
ဇာတ်ညွှန်းက အဓိက မကျပါဘူး
ဇာတ်ဆရာအလိုကျသာ ကပေးလိုက်
ကျေးဇူးတော့ မကန်းနဲ့
ဇိကုပ်ပြီး နတ်ပြည်တင်ပေးနေတာ
ဇတ်ပိုးအုပ်လိုက်လို့
ဇောက်ထိုးမိုးမျှော် ဖြစ်သွားမယ်
ကြောက်မွှေးပါရင် ဇာဂနာနဲ့ နှုတ်ပစ်လိုက် ငဇေ
'ဇ' ကလေးကိုတော့ ခိုက်ချင်ပါရဲ့. . . . . ။

မောင်ရင်ငဇေ

ကျောက်တူး၍ ရသော

အဲဒီမှာ..
အစွယ်လိုသူ မိဖုရားတစ်ပါးရှိတယ်
အသွားစေခိုင်းသူ မင်းဧကရာဇ် ရှိတယ်
လေးပစ်သူ မုဆိုးရှိတယ်
အပစ်ခံရသူ ဘယ်သူမှ မရှိခဲ့ဘူး။
Sneaker-Shadows

အဲဒီမှာ..
ဦးပုညရှိတယ်
ဆဒ္ဒန်ဆင်မင်းဇာတ်ရှိတယ်
ကဗျာတစ်ပုဒ်ရှိတယ်
ကဗျာရေးသူ ကျွန်ုပ် ရှိတယ်
ကဗျာ ဆိုတာ မရှိပြန်ဘူး။

အဲဒီမှာ..
လူရှိတယ်
ဘာသာစကားရှိတယ်
ဘသာစကားနောက်
......................လိုက် သိမှုရှိတယ်
ပေါင်းထပ်ဖန်တီး သိမှု ရှိတယ်
အသစ်ကြုံသိ သီးသန့် မရှိပြန်ဘူး။

အဲဒီမှာ..
စာတစ်ကြောင်း နဲ့ စလိုက်တယ်
စာတစ်ကြောင်း နဲ့ ဆုံးလိုက်တယ်
ဘာမှလည်း နောက်... မရှိပြန်ဘူး။

ဒီလောက်ဆို
စာဖတ်သူလည်း ရိပ်မိမှာပါ
ကျွန်တော် ၊ ဘာအကြောင်း မှ
ရေးနေတာ မဟုတ်ဘူးဆိုတာ...

ထွန်းနွယ်

မနေ့ကပေါ့ (အဲဒါ မနေ့တုန်းကပေါ့)


Illustration Friday - Pretend

နင့်ပါးစပ်က ထွက်တော့ အလွယ်လေးပဲ
ငါ့အတွက်ကျ ကမ္ဘာပျက်တေးတပုဒ်
ငါဆက်ဆိုနေမယ် နင်မငြိုငြင်ပေမယ့်
ငါငိုချင်တယ် ဖြစ်နိုင်ရင်. . . . . . . . . .

ငါ့မနက်တွေ အဓိပ္ပာယ်မရှိတော့ဘူး နင်နှိပ်စက်လို့
ညဘက်လဲ မအိပ်နိုင်ဘူး တွေးနေခဲ့ တွေးဆဲ
နင့်အကြောင်း တွေးရင်း သိပ်ပျော်မိတော့
ဟော. . . အဲဒါ အိပ်မက်တဲ့ ဆိုးချက်က. . . . . . . 

ဘာပဲဖြစ်ဖြစ် ငါ ပျော်ချင်ယောင်ဆောင်နေပါတယ်
ရှုံးနိမ့်သွားတာ လောကကြီးသိသွားမှာ စိုးလို့. . . .

ကံဂျီမူရာ

ဖြစ်နေကျ အချစ်ပုံစံ (၁၁)

ဒီလိုနဲ့
ကျွန်တော်တို့ ဟာ
အင်တာနက်၊ တယ်လီဖုန်း
ဓာတ်ပုံ၊ ဗီဒီယို၊ မိုက်ကရိုဖုန်းနဲ့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။
Smoke Damage

စာလုံးများဟာ ဖတ်သူရှိမှ
စကားလုံးများ ဖြစ်လာတာမို့...

ကျွန်တော်တို့ဟာ
အသံတိတ် ချစ်ကျွမ်းဝင်လို့
စိတ်ကောက်လို့၊ လိုက်ချော့လို့
ကြည်နူးလို့၊ လွမ်းလို့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့
ကျွန်တော်တို့ဟာ
အရင် ခေတ်တွေကလို
တွေ့ရင် ပျော်လို့
မတွေ့ရင် လွမ်းလို့
သွားလေရာ သူ့အရိပ်ပဲ ဖြစ်လို့
ကြားလေရာ သူ့အသံပဲ ဖြစ်လို့
မြင်လေရာ သူ့မျက်နှာ ဖြစ်လို့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့
ကျွန်တော်တို့ဟာ
အရင် ခေတ်တွေကလို
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ချမ်းညီချို

တခါတုန်းက ကလေး

နေပူထဲထိုင် စာဖတ်တော့လဲ ပူတယ်ဆိုလို့ သစ်ပင်အောက်သွားထိုင်နေပြန်တော့လဲ အေးတယ်ဟလို့ ကိုယ့်ကိုကိုယ် အစိုးမရနိုင်ပဲ ညစ်စုတ်စုတ်နဲ့ထိုင် လောကကြီးကို ကသိုဏ်းရှုနေတုန်း မြင်ကွင်းထဲ ကလေးတစ်ယောက် ဟိုဖြတ်ပြေး ဒီဖြတ်ပြေးနဲ့ ၀င်လာတယ်။ မျက်စိထဲ နောက်လာတာနဲ့ ဒီကလေး ဘာလို့ လျှောက်ပြေးနေရပါလိမ့်လို့ လိုက်ကြည့်နေမိတယ်။

အပြေးပြိုင်နေတာလား။ တနေရာရာကို ရောက်ချင်နေတာလား။ အမေနောက် ပြေးလိုက်နေတာလား။ ပြေးတမ်းလိုက်တမ်းကစားနေတာလား။ ခွေးလိုက်ဆွဲလို့လား။ မဟုတ်ဘူး။ တစ်ခုမှ မဟုတ်ဘူး။ သူ့ဘာသာပြေးချင်လို့ကို လျှောက်ပြေးနေတာ။ ငြိမ်းငြိမ်းချမ်းချမ်းပဲ။

ဒီကလေး လူကြီးဖြစ်လာတဲ့အခါ - နောက်ကျလို့၊ အားကစားအတွက်၊ အန္တာရယ် တစ်ခုက လွတ်မြောက်ချင်လို့ -  ဒီ သုံးမျိုးအတွက်က လွဲပြီး မပြေးတော့ဘူး။ သေချာတယ်။ ပြေးချင်လို့ကို ပြေးနေတယ်ဆိုတာမျိုး မရှိသလောက် ရှားတယ်။

ကလေးတွေ လူကြီး ဖြစ်လာတဲ့အခါ ကလေးဘ၀ပျောက်ပြီး - သတ်ပစ်မြေမြုပ်လိုက်သလိုမျိုး - လူအသစ်တစ်ယောက်လို ဖြစ်လာတတ်တာ ဘာကြောင့်လဲ။

ကျောင်းမှာ ကလေးတစ်ယောက်က ထိုင်နေရာက ထပြီး သူ့ရှေ့က ကလေးကို တွန်းပစ်လိုက်တယ်။ အဲ့ကလေးကို ဘာလို့လဲ မေးကြည့် သူ့ကို ကြည့်လို့ မရလို့။ တွန်းချင်လို့ လို့ ပြောလိမ့်မယ်။ ဒီအခါ လူကြီးတွေက ဒါမျိုး မလုပ်ရဘူး။ မကောင်းဘူး ဘလာ ဘလာ ဘလာ။ ဒါမျိုး ဆုံးမတာ မှားတယ်လို့ မပြောဘူး။ မှန်တယ်လဲ မပြောချင်ဘူး။ မလုပ်နဲ့ မကောင်းဘူးလို့ ဆူပြောမယ့်အစား ဒီလိုလုပ်တဲ့အခါ ဘာဖြစ်သွားတယ်၊ အကျိုးဆက်က ဘာဆိုတာကို ကလေး ကိုယ်တိုင်သိစေဖို့၊ ရှင်းပြဖို့ လူကြီးတွေ မအားဘူး။ မအားတဲ့အခါ... ဒီလိုလုပ်တာ မကောင်းဘူး။ မလုပ်ရဘူး။

Reflection - Kafkaphony
စာသင်ခန်းထဲ လျှောက်ပြေးနေတဲ့ ကလေးကို Indoor Feet သုံးပါလို့ အမြဲအော်တယ်။ ချော်လဲမယ်။ အနာတရဖြစ်မယ်။ ဒါကြောင့် ကြိုတင်ကာကွယ်တယ်။ ဒီလို ဘာလို့ Indoor Feet ပဲ သုံးရတယ် ဆိုတာကို ၆ လလောက်နေမှ တခါလောက် ရှင်းပြနိုင်တယ်။ ဒီကလေး နားမလည်ဘူး။ သူကိုယ်တိုင် အနာတရ မဖြစ်မချင်း၊ သူ့ကြောင့် မဖြစ်မချင်း၊ ဖြစ်သွားတာကို မမြင်ဖူးမချင်း သူ နားမလည်ဘူး။ ဒါကို မလုပ်ရဘူးလို့ အတင်းချုပ်ကိုင်တဲ့အခါ... ပြေးချင်လို့ ပြေးနေတာ ဆိုတဲ့ ကောင်းတဲ့ ခံယူချက်လေးပျောက်ရပြန်တယ်။
ဘာကြောင့်ဆိုတာ မသိပဲ.. ကလေးတွေဟာ လူကြီးလူကောင်းလေးတွေ ဖြစ်လာဖို့ ကြိတ်မနိုင်ခဲမရ ကြီးပြင်းလာရတယ်။ ဒါကြီးက အရိုးစွဲသွားတဲ့အခါ ဘာကြောင့် လုပ်ရတယ်၊ မလုပ်ရမှန်း မရေရာတော့ပဲ လူတွေက ဒီလိုမလုပ်ရဘူးလို့ ပြောထားတယ်လေလို့ ခံယူရင်း လိပ်ခဲတည်းလည်း ဖြစ်ရင်းပဲ (ဖြစ်နေမှန်းလဲ မသိပဲ) သေဆုံးသွားရတာပဲ။ သိတဲ့ကောင်တွေကတော့ လူနာဆောင် အမှတ်ခြောက်ထဲ နေထိုင်ရင်း အချိန်ကုန်သွားကြတာပဲ။

နိုင်ငံရေးခေါင်းဆောင်တွေ၊ သိပ္ပံပညာရှင်တွေ မွေးထုတ်ပေးဖို့ပဲ အရေးကြီးတာ မဟုတ်ဘူး။ လူပီသတဲ့ လူလေးတွေ မမွေးထုတ်ပေးနိုင်မှတော့ ဘာခေါင်းဆောင်ကြီးတွေ ဘာပညာရှင်ကြီးတွေ ဖြစ်နေပစေ့ အကျိုးရှိပါ့မလား။

လူပီသသော လူအများစုနေထိုင်ရာ ပတ်ဝန်းကျင်တွင် နူကလီးယား၊ ရေနံ၊ အသပြာ စသည့် စကားများထက် ပန်းချီ၊ ကဗျာ၊ အနုပညာဆိုသည့် စကားများ ကြားရဖန်များတတ်၍ အနုပညာသမားများ မပေါများသည့်တိုင် နေရာရထားတတ်ကြပါသည်။

ကလေးဆိုတာ သဘာဝကို ချစ်တတ်တယ်။ သဘာဝကို စိတ်ဝင်စားတယ်။ စောင့်ရှောက်တယ်။ သူတပါးကို ကူညီတတ်တယ်။ ကိုယ့်မှာ ရှိတာကို ဝေမျှတတ်တယ်။ ဖေးမတတ်တဲ့ သဘာဝရှိတယ်။ မဖြစ်နိုင်မှန်း သိပေမယ့် ဒီကလေးတွေ လူကြီးဖြစ်လာတဲ့အခါ ဒီလို ကောင်းတဲ့ အချက်ကလေးတွေပါလာပြီး ချချင်လို့ ချတယ်ကွာ ဘာဖြစ်လဲ ဆိုတာမျိုးတွေ ပျောက်ပျက်သွားတော့ မကောင်းဘူးလား။

လူကြီးတွေဟာ လူကြီးဖြစ်တာနဲ့ ကလေးဘ၀ကို မေ့သွားတယ်။ လူကြီးဖြစ်မှ တွေးတဲ့အတွေးအခေါ်တွေကို ငါကြီးရင့်လာလို့ ဒီလို တွေးနိုင်တာလို့ (သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေကို သူ့ကလေးဘ၀တုန်းက ပတ်ဝန်းကျင်က ရတတ်သမျှ စုပ်ယူထားတဲ့ အသိညဏ်လေးက လွှမ်းမိုးကြိုးကိုင်ထားတုန်းဆိုတာ မသိရှာပဲ) စိတ်ကြီးဝင်နေတတ်ကြတယ်။ အမှန်ကတော့ လူကြီးတွေကို ကလေးတွေက Look up လုပ်ရမှာ မဟုတ်ဘူး။ ကိုယ့်ကလေးဘ၀ကို ကိုယ်မေ့သွားတတ်တဲ့ လူကြီးလူဆိုးကြီးတွေကသာ ကလေးတွေရဲ့ကောင်းတဲ့ သဘာဝလေးတွေကို ပြန် Look up လုပ်ရမှာ။

လူတစ်ယောက်ဟာ သူ တစ်ယောက်ကောင်းဖို့ပဲ လိုတယ်။ သူကောင်းရင် အနည်းဆုံး သူ့မိသားစု ကောင်းတယ်။ သူ့ပတ်ဝန်းကျင် ကောင်းတယ်။ အများဆုံး သူ့တိုင်းပြည် ကောင်းတယ်။

နေထိုင်ရာလောကကြီးကို အကျိုးပြုဖို့ဆိုတာ Green Monkey ဖြစ်မှ၊ Stop Bombing ထွက်အော်နေမှ မဟုတ်ပါဘူးလေ။ ကိုယ်တိုင်ရခဲ့တဲ့ ဘ၀နဲ့ယှဉ်ပြီး နောင်တချိန်လူကြီးဖြစ်လာမယ့် ကလေးတွေကို ပတ်ဝန်းကျင်ကောင်းလေး ဖန်တီးပေးရင် ရပါပြီ။ အမှားတွေ ပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ ပျော်ရွှင်စရာတွေမရှိတဲ့ ကလေးဘ၀ ရလာခဲ့တဲ့ ကလေးတစ်ယောက်ဟာ တာဝန်ယူတတ်တဲ့ လူကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ် ဆိုတာ တာဝန်ခံနိုင်ပါ့မလား။

လူကြီးဆိုတာ တခါတုန်းက ကလေးပါပဲ။

ရေနံ့သာ

11/07/2010

ရိုးသားမှုတဲ့လား

အေး..နောက်ဆုံးမှာ သွားစီ!
အရိုးရယ်၊ အသားရယ်နဲ့ ဟန်တလုံး ပန်တလုံးရယ်
တည်တည်တံ့တံ့ရယ်၊ သမာသမတ်ရယ်
အမှန်တရားရယ်တဲ့ မဟုတ်မတရားနဲ့လား
လားလားမှ မအပ်စပ် ဆင်တော်နဲ့ ခလောက်
စာကလေးနဲ့ အမြောက်လို၊
Eyeball Running From The Dumb Man
ထင်ပေါ်လို့စင်တော်က ကောက်နိုးနိုးနဲ့ စောင့်ခဲ့တာ
ဖင်ပေါ်လို့တောင် ဖုံးစရာမရှိတော့တဲ့ဘဝ
ရှိစေတော့ ရှိစေတော့. . .
ရိုးသားမှု ဂုဏ်သိက္ခာနဲ့ နာမည်တလုံးတော့ အရူံးမခံဘူးကွ !!!
" ရိုးသားမှုကြီး ရိုးသားမှုကြီး. . . ကလေးတွေငတ်နေပြီတဲ့ "
သူ့အမေ. . ငါ့ကို သားသတ်သမားလက် အပ်လိုက်ဟ!
ရိုးသားမှုကြီးကိုဖြတ် အရပ်ဝေတော့ တပြုံးပြုံး တအုံးအုံးနဲ့
ကျော်ကြ၊ ချက်ကြ၊ စားကြ၊ သောက်ကြ
ငါတို့မှာတော့ မျက်ရေစက်လက် ရင်ကွဲပက်လက်
ရိုးသားခြင်းတောင် အသားကုန်လို့ အရိုးပဲကျန်တော့. .
'ခွေးကျွေး မြေမြုပ်ပေါ့ တဲ့'
ဒါတောင် တယောက်က ခပ်ပြက်ပြက် ပြောသေးတယ်
'ကျားမို့လို့သာပေါ့ ရှင်ကြီးဆို အရိုးတောင်ကျန်မှာ မဟုတ်ဘူးတဲ့'
ရိုးသားခြင်းတွေကတော့ နောက်ဆုံးမှာ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ တန်းစီကောင်းတုန်း။ ။


အူသောင်

09/07/2010

ကမ္ဘာ့ဖလားဖိုင်နယ် ခန့်မှန်းချက်

2010 World Cup South Africa
ကမ္ဘာ့ဖလား တလျှောက်လုံး မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သော ဂျာမဏီမှ ရေဘဝဲလေး ပေါ(လ်) ( Paul the octopus) ရဲ့ သတင်းဟာ ကမ္ဘာ့ဖလားနဲ့အတူ မီဒီယာစာမျက်နှာများပေါ်မှာ ပလူပျံနေပါတော့တယ်။ ဒီ ရေဘဝဲလေး မောင်ပေါ(လ်) ဟာအမှန်တော့ ဗြိသိသျှ အင်ပါယာကြီးရဲ့ ကမ်းခြေလေးတခုမှာ လူမသိသူမသိ ပေါက်ဖွားလာခဲ့ပြီး အခုမှ ခန့်မှန်းချက်တွေ မှန်ပြီး ဂျာမဏီမှာ နာမည်ကြီးလာခြင်း ဖြစ်သည်။ အဖြေနှစ်ခုထဲမှာ တခုမှန်မှာ ကျိန်းသေနေတဲ့ ဖစ်ဖတိ၊ ဖစ်ဖတိ (50-50) အခြေအနေကို ခန့်မှန်းတာ သိပ်အထင်ကြီးစရာတော့ မရှိပါဘူး။ ဒါကို လူတွေက အကျယ်ချဲ့နေတာကို မြင်ပြင်းကတ်နေတာကတော့ မောင်ပေါ(လ်) ဇာတိ ဥကြွေရာ ဘိလပ်မှာ နေ နေတဲ့ ကျွန်တော် စာရေးသူ အမောင်ငဇေ ပါပဲ။ ဒီလို လက်ကားယား ခြေကားယားနဲ့ ကိုယ့်ဆံပင်စုတ်ဖွားလောက်တောင် မလှတဲ့ကောင်က လူတွင်ကျယ်လုပ်နေတာ ဘယ်လိုမှ မခံမရပ်နိုင် ဖြစ်နေတာပေါ့။ ဒီလောက်တော့ ကိုယ်လည်းစွမ်းတာပဲ ဆိုပြီး ရေဘဝဲလေး မောင်ပေါ(လ်)ရဲ့ဆရာ လေဘဝဲကြီးမောင်ဖော ဆိုပြီး အခုလို ကမ္ဘာ့ဖလားဖိုင်နယ်အတွက် ခန့်မှန်းချက်ရယ်၊ ဖြစ်နိုင်ခြေတွေရယ် ကိုချပြလိုက်ပါပြီ။ ရှူစားတော်မူကြပါကုန်။

ပထမဆုံးအနေနဲ့ ပြောပြချင်တာကတော့ ကျွန်တော်နေထိုင်ရာ ဘိလပ်ရဲ့ နာမည်ကျော် အင်္ဂလန်အသင်း ပါပဲ။ စောစောစီးစီးထွက်သွားရပေမယ့် အင်္ဂလန် ပရိတ်သတ်ရဲ့ ရင်ထဲမှာတော့ အခုထိ မျှော်လင့်နေတုန်းပါ။ အမျိုးသမီး ပရိတ်သတ်များဆို ပြောနေတုန်းပဲ။ အင်္ဂလန်သာ ဖိုင်နယ်တက်ရင် သရေကျမှာတဲ့ (သူတို့ ပြောပါတယ်)။ အင်္ဂလိပ်တွေရဲ့ မလျှော့သော ဇွဲကတော့ ချီးကျူးစရာပါ။ ကစားသမား ဖိုင်နယ် မတက်ရပေမယ့် အင်္ဂလိပ်ဒိုင်လူကြီး ကိုဝက် (Howard Webb) ဆိုသူကတော့ ခပ်တည်တည်နဲ့ ဖိုင်နယ်တက်သွားပါပြီ။ အဝါကပ် ၃ ကပ် ရမှ အနီကပ်တကပ် ပြလေ့ရှိတဲ့ ဗြိတိသျှ ဒိုင်တွေရဲ့ ရိုးရာကို ကိုင်ဆွဲထားမလား ဆိုပြီး နှစ်ဘက်ကစားသမားများတွေးကာ ပွဲကြမ်းတပွဲလည်း ဖြစ်လာနိုင်ပါတယ်။

ပြည်တွင်းရှိ ဘောလုံးဝါသနာအိုးများက နယ်သာလန်နိုင်ရင် ဆယ်ခါပြန်ကိုင်မယ် ဟု ကာလာအိုကေ ဆိုင်များတွင် ကြုံးဝါးသွားသဖြင့် ထိုဆိုင်များတွင် အလုပ်လုပ်သော အမျိုးသမီးထုမှလည်း ကမ္ဘာ့ဖလား စပိန်ရမှ နင်တို့ကို ထမိန်မပြီး ကြိုမည်ဟု ခွန်းကြီးခွန်းငယ်ပြောကာ နှစ်ဖက်ပရိသတ် စကားများကြသည်ဟု ပြည်တွင်းဂျာနယ်များတွင် ဖော်ပြကြပါသည်။

စပိန်အသင်းမှ အဓိက အားထားရတဲ့ တိုက်စစ်မှူးလေး ဖာနမ်းတဲ့ တောအရက် (Fernando Torres) ဟာ အာဖရိက ချက်အရက်တွေ အသောက်များပြီး အရက်နာကျကာ ပွဲစဉ်တလျှောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ထိုကြောင့် စပိန်နည်းပြကြီးမှ ဖိုင်နယ်မတိုင်ခင် တိုက်စစ်မှူးလေးကို အရက်သိပ်မတိုက်ဖို့ ကစားသမားများကို မှာကြားထားပါတယ်။ နောက်တန်းအားနည်းသည်ဟု ဝေဖန်ခံရသဖြင့် ဟော်လန်ခံစစ်မှူးများသည် နောက်တန်း တောင့်တင်းလာစေရန် ဒေသတွင်းမှ နောက်တန်းတောင့်တင်းသော ခံစစ်မှူးများအား ညဖက်တွင် အခန်းထဲ ခိုးသွင်းကာ တိုက်စစ်ဆင်နေသည်ဟု သတင်းများကဆိုပါသည်။

စပိန်အသင်းမှာလည်း ယတြာချေသည့်အနေဖြင့် ဂိုးရှေ့မှာ ကာစီး ကာစီး ဖြစ်နေအောင် ဂိုးသမား ကားစီးလက် (Casillas) ကိုသာ ဆက်လက်၍ သုံးမည်ဟု ခိုင်မာသည့် အတင်းရပ်ကွက်မှ ကြားသိရပါသည်။ နာမည်နှင့် မလိုက်အောင် ဒဏ်ရာအနာတရ ဖြစ်လေ့ရှိသော ဟောလန်တိုက်စစ်မှူးလေး အာရောဂျံ ရောဘန် (Arjen Robben) ကတော့ ဆီမီးဖိုင်နယ်မှာ ဟောလန်အတွက် နောက်ဆုံးဂိုးကို သွင်းအပြီး ပရိတ်သတ်အား "ခေါင်းတိုက်တယ်ဆိုတာ ဒီလို ထိပ်ပြောင်မှ" ဟုဆိုကာ သူ့ထိပ်ပြောင်ကြီးအား ပုတ်ပြသွားခဲ့ပါသည်။ သို့သော်လည်း ငှက်သိုက်ကေဆံပင်အား ကားရားကားရား လှုပ်ရမ်းကာ ကစားလေ့ရှိသော စပိန်ခံစစ်မှူး ကားလှုပ်ပူရိုး (Carles Puyol) က ဒီအဆိုမမှန်ကြောင်းကို ပြသသည့်အနေဖြင့် ဆီမီးဖိုင်နယ်မှာ တလုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းပြလိုက်ပါသည်။ ဖိုင်နယ်တွင် ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့ကြမည် ဖြစ်သဖြင့် အပြင်းအထန် ခေါင်းတိုက်ကျင့်ကာ ဘာခေါင်းဆိုလား အသားလွတ် ကျယ်နေကြသည်ဟု သတင်းများက ဆိုပါသည်။

http://www.sparkleinmylife.com
မည်သို့ပင်ဖြစ်စေ ဇီးသီး၊ ဂွေးသီးတို့ထက် ပိုချိုကြောင်း သက်သေပြခဲ့သည့် လိမ္မော်သီးနှင့် နာမည်ကြီး ဂျာမန်ပန်ဇာတင့်ကားတပ်ကြီးတောင် နောက်ကောက်ကျအောင် တိုက်နိုင်ခဲ့သည့် စပိန်နွားရိုင်းတို့၏ ဖိုင်နယ်ပွဲဟာ ကြည့်ကောင်းမည့် ပွဲတပွဲ ဖြစ်လာပါလိမ့်မည်။ ဒီပွဲမှာ ဂိုးများများ ပိုသွင်းသောအသင်းက အနိုင်ရမည်ဟု လေဘဝဲကြီးမောင်ဖောက ဟောကိန်းထုတ်ထားပါသည်။ အကယ်၍ သူမသာ၊ ကိုယ်သေချင်းဆိုး ဖြစ်ပြီး အချိန်ပိုအထိ သရေကျနေပါက နှစ်ဖက်ဘောလုံးသမားများအနေနှင့် ပိန္နဲသီး ကို ခေါင်းတိုက်မသွင်းပဲ ခြေထောက်နဲ့ပဲ ကန်သွင်းလိမ့်မည် ဟု တပါတည်း တစ်ကြို ဟောထားပါသည်။ ကွင်းလယ်ကစား ကွက်များပြီး နှစ်ဖက်အသင်း မည်သူမှ အသာမရပါက သိပ်မပြေးရသော ဒိုင်လူကြီးများ အသာရသွားမည် ဟုလည်း ခန့်မှန်းပြပါသေးသည်။

နောက်ဆုံးအနေနှင့် ကမ္ဘာ့ဖလား တခါမှ မရဖူးသေးသော အသင်းအနိုင်ရသွားမည်ဟု အတိတ်စိမ်းပေးပြီး ထိုအနိုင်ရသော အသင်းသည် ကမ္ဘာ့ဖလားမှာ ကျိန်းသေပေါက် ဗိုလ်စွဲရမည်ဟု ကိုလေဘဝဲက ရဲရဲကြီး အာမခံ ထားပါသည်။ လောင်းကစားလုပ်ဖို့ သက်သက် ပွဲကြည့်မည့်သူများကိုလည်း အလွန်တရာမှ ရှုပ်ထွေးလှသော အဆကြေးများ၊ အလုံးကျောများ၊ ပထမပိုင်း၊ ဒုတိယပိုင်း ခွဲလောင်းခြင်းများဖြင့် ခေါင်းမရှုပ်စေရန် ဒိုင်လူကြီး လှန်သော ခေါင်းပန်းအား လောင်းကာ စောစောစီးစီး အနိုင်အရှုံး ဖြတ်၍ ငွေထုပ်ပိုက်ပါဟု အကြံပြုရင်း ဤနေရာတွင် နိဂုံးချုပ်လိုက်ရပါသည်။

မောင်ရင်ငဇေ

08/07/2010

အိုင် အမ် အေ ဖီလော်ဆော်ဖာ

ညနေက. . . ဒီက ငါးတန်းကျောင်းသားနဲ့ ခဏတဖြုတ်စကားပြောဖြစ်တယ်။ ဒီနေ့ ကျောင်းမှာ ဘယ်လိုလဲ လို့မေးတော့ Great! We did Philosophy တဲ့။ ဖီလော်ဆော်ဖီ ဆိုတော့ ဘာတွေသင်လဲ မေးရင်း စိတ်ထဲပေါ်လာတာက ပလေတို တို့ ဘာတို့ အကြောင်းကြားရမယ်လို့ ထင်နေတာ။ ဘယ် ဟုတ်ပါ့မလဲ။ မေးခွန်းတွေ စဉ်းစားရတယ်တဲ့။ လူတွေ ငြင်းကြခုန်ကြတာ ကောင်းသလား။ ဘာလို့လဲ။ ဘယ်လို အကျိုးအပြစ်တွေ ရှိနိုင်သလဲ။ ပိုက်ဆံချမ်းသာရင် ပျော်မယ် ထင်သလား။ ပြည့်စုံမယ် ထင်သလား။ ဒါမျိုး မေးခွန်းလေးတွေ။ အဲ့ဒါနဲ့. . မင့်ဘယ်လိုထင်တုန်း မေးတော့. . . ဆရာသမားကလဲ အလာကြီးပဲ။ It depends တဲ့။ ပိုက်ဆံကို နင် ဘယ်လို သုံးချင်တာလဲ။ ဘယ်လောက် ရှိချင်တာလဲ တဲ့။ အမေးကို အမေးနဲ့ ပြန်လာတာ။ အင်းပေါ့လေ. . ဒီလို အခြေခံပညာရေးပေးတဲ့ ဒီလို တိုင်းပြည် လူမှုအဆင့်အတန်း ကောင်းတာ မထူးတော့ မထူးဆန်းပါဘူး။

Monkey Thinker

သူများ တိုင်းပြည်က ဦးနှောက်ကို သုံးပြီး ရေရေလည်လည် တွေးတတ်ဖို့ ပျိုးထောင်နေချိန်မှာ ကြီးတော်တို့များနိုင်ငံမှာတော့. .

' မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဧ။် ဆန်အိုးကြီးဖြစ်ပါသည်. . .'

' ၁၈၇- က တစ်ကြိမ်၊ ၁၈-- က တစ်ကြိမ်၊ ၁၈၈၅ တွင် တတိယအကြိမ်မြောက် ကျူးကျော်စစ်ကို ဆင်နွှဲကာ. . .   ဗြိတိသျှတို့သည် ... ... ..'

' My name is Kyaw Kyaw. My father name is U Mya. I live in North ----. I have two brothers and sisters.'

' တြိဂံတစ်ခုဧ။် အတွင်းထောင့်သုံးထောင့်ပေါင်းခြင်းသည် ၁၈ဝ ဒီဂရီဖြစ်ပါသည်။'

' ကျွန်မနာမည် မြမြ ဖြစ်ပါသည်။ ကျွန်မဧ။် အဖေနာမည်မှာ .. ... '

ကြီးတော်တို့ တိုင်းပြည်လို တိုင်းပြည်ကလာတဲ့. . ကြီးကောင်ကြီးမားမှ ဖီလော်ဆော်ဖီဆိုတာကို ကျွမ်းဝင်ဖူးတဲ့ ပလေတို၊ အရစ္စတိုတယ်လ်၊ ဒေးကာ့ လော့ခ် စသည်ဖြင့် လူကြားထဲ မျက်စိသူငယ် နားသူငယ်မဖြစ်ရအောင် ဖီလော်ဆော်ဖာနာမည်တွေကိုသာ ကျက်မှတ်ထားဖူးတဲ့ ကြီးတော်တို့ ပိန်းချက်၊ ပုဂ္ဂိုလ်စွဲကြီးချက်ကတော့. . . . နာမည်ကြီး ဖီလော်ဆော်ဖာတွေ တွေးတဲ့ အတွေးအခေါ်တွေမှသာ ဖီလော်ဆော်ဖီ လို့ ထင်နေတာကိုး။

ရေနံ့သာ

ခမ်းနားကြီးကျယ်သောအချစ် မာလာဆောင်တွင်နေသည်

ဘေး/ဘယ် ညာ
လမ်းကြောင်းရှင်းထားပါ။
အချစ်ဟာ အသစ်ဖြစ်ပြီး.. အသစ်
ဟာ အချစ်ဖြစ်တယ်။

အဲဒီအသစ်မှာ ရမ္မက်ပါသလား? ?
ငါ့ကို ခပ်မြန်မြန်လေး ဖြေပေးပါ။
A New Dawn - Digital Blasphemy

ငါဟာ ဘယ်သူ့အတွက်မှ အဓိပ္ပာယ်မရှိခဲ့ပေမဲ့လည်း
မင်းတစ်ယောက်ထဲအတွက် အဓိပ္ပာယ်ရှိချင်နေခဲ့တယ်။

အဲဒါ အချစ်ပဲ ဟန်နီ။
အဲဒါအချစ်ပဲ။
ငါမဖွဲ့နွဲ့. .
ခဲ့တဲ့ အချစ်. . မင်းရဲ့ခြေထောက်လှလှ
လေး တစ်စုံနဲ့
အပြုံးသက်သက်လို့ ခေါ်နိုင်တဲ့
ကြည်စင်တဲ့ အပြုံးတွေပဲပေါ့။

ငါ့ အချစ်
ငါ့ ကဗျာပါပဲ
ဟန်နီရယ်. . . . . . . . . . . . . . . . .

သို့ပေမယ့်လည်း. . .
. . . . သို့ပေမယ့်လည်းပေါ့. . ။

ဤကဗျာ ဤနေရာတွင် မပြီးသေးပါ။
ဆက်လက်၍ ဖတ်စေလိုပါကြောင်း. . . . . . . . . . ။


လင်းဝေ

အိပ်မက်

Dream Catcher Clock
ငါ အိပ်မက် မက်ခဲ့တယ်. . .
နင်က ငါ့ဆံပင်တွေ ဖြီးပေး
ငါက နင့်ဆံပင်တွေ ဖွပေး
ငါတို့ ပိုင်ဆိုင်ဖူးတဲ့ ဘဝလေးကို
အိပ်မက်ထဲမှာ ငေးခဲ့တယ်. . . . ။

ဆံခြည်တမျှင်လောက်တောင် မခိုင်မြဲခဲ့. . . .
နင့်ဆံနွယ်ပေါ် ပန်းတခင်းပျိုးဖို့ ကြိုးစားရင်း
ဆံပင်တွေကို ငါချစ်ခဲ့တယ်
အိပ်မက်တွေက လန့် လန့်နိုးလာတဲ့အခါတိုင်း
ဆံပင်တွေ ပို ပိုရှည်လာခဲ့ရတယ်. . . . ။

မောင်ရင်ငဇေ

04/07/2010

ချစ်သူဖတ်ဖို့ကဗျာ

ချစ်သူက ငါ့ကို ကဗျာတစ်ပုဒ် ရေးခိုင်းတယ်
အချစ်အကြောင်းချည်းပဲ ရေးပေးပါ တဲ့
အင်းပေါ့. . . အချစ်အကြောင်းဆိုတော့
ငါသွားရင်း လာရင်း စားရင်း သောက်ရင်း ရေးလို့ ဘယ်ဖြစ်မလဲ
အဲ့ဒီတော့ ငါက ကဗျာကို လရောင်ကိုငေးကြည့်ရင်း ရေးတယ်
စံပါယ်ရနံ့တွေနဲ့ ရေးတယ်။ စမ်းချောင်းစီးသံနဲ့ ရေးတယ်
အချစ်ကဗျာဆိုတော့ လင်မယားရန်ဖြစ်တာကို ကြည့်ပြီး ရေးလို့ ဘယ်ဖြစ်မလဲ
သွေးညှီနံ့၊ ချွေးနံ့တွေနဲ့ ရေးလို့ ဘယ်ဖြစ်မလဲ
သေနတ်သံ၊ ဆာလောင်အော်ဟစ်သံတွေနဲ့ ရေးလို့ ဘယ်ဖြစ်မလဲ
အချစ်ကဗျာဆိုတော့ နုနုရွရွလေးတွေပဲ ရေးမှ ဖြစ်မှာ

Portrait Of My Lover(1961) 
 နူးကလီးယားလက်နက်တွေပါလို့ မဖြစ်ဘူး
နာဂစ်မုန်တိုင်းပါလို့ မဖြစ်ဘူး
ထော်လာဂျီအသံတွေပါလို့ မဖြစ်ဘူး
အကြွေးတောင်းတဲ့ အသံတွေပါလို့ မဖြစ်ဘူး
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတဲ့အကြောင်းပါလို့ မဖြစ်ဘူး
သစ်တောပြုန်းတီးမှုတွေပါလို့ မဖြစ်ဘူး
ဧရာဝတီမှာ သောင်ထွန်းတဲ့အကြောင်းပါလို့ မဖြစ်ဘူး
မော်တော်ပီကေတွေပါလို့ မဖြစ်ဘူး
ချဲထိုးတဲ့ ဘုန်းကြီးတွေပါလို့ မဖြစ်ဘူး
ခိုးကူးခွေတွေပါလို့ မဖြစ်ဘူး
ပါမောက္ခကို ကန်တော့ရတဲ့ ခြင်းတောင်းကြီးပါလို့ မဖြစ်ဘူး
ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးရတဲ့အကြောင်းပါလို့ မဖြစ်ဘူး
ဘတ်စ်ကားခ ဈေးတက်တဲ့ အကြောင်းပါလို့ မဖြစ်ဘူး
နိုင်ငံပိုင်သတင်းစာတွေပါလို့ မဖြစ်ဘူး
လူတုပ်ကွေး၊ ကြက်ငှက်တုပ်ကွေးပါလို့ မဖြစ်ဘူး
ရေခဲတောင်တွေ အရည်ပျော်ကျတဲ့အကြောင်းပါလို့ မဖြစ်ဘူး
လိုင်စင်မဲ့ကားတွေသိမ်းဆည်းတဲ့အကြောင်းပါလို့ မဖြစ်ဘူး
၂၀၁၀ ဖွဲ့ စည်းပုံအခြေခံဥပဒေပါလို့ မဖြစ်ဘူး
မှုခင်းဂျာနယ်ပါလို့ မဖြစ်ဘူး
စင်တင်ဆိုင်က ပန်းကုန်းတွေပါလို့ မဖြစ်ဘူး
အချစ်အကြောင်းဆိုတော့ နုနုရွရွလေးတွေပဲ ရေးမှဖြစ်မှာ
အဲ့လိုနဲ့ ပဲ ချစ်သူဖတ်ဖို့ လပြည့်ညမှာ ကဗျာရေးခဲ့တယ်
လပြည့်ညတွေ. . . . တစ်ညပြီး တစ်ည

တစ်ညပြီး. . . . . . . တစ်ည. . . . . . .
ချစ်သူဖတ်ဖို့ အချစ်ကဗျာဟာ ဖြစ်မလာခဲ့ဘူး
. . . . .
. . . . .
. . . . .
သူမဟာ စိတ်ကောက်ချင်ယောင်ဆောင်ပြီး မျက်စောင်းထိုးတော့တယ်

ပြီးတော့မှ

"အစုတ်ပလုတ်ကြီး" တဲ့။ ။



ဖိုးခွား

အပ်ကြောင်းထပ် ဓာတ်ပြားအို

ဒီကောင် တော်တော်မျက်နှာကြီးတယ်။

တချို့က ဒီကောင့်ကို မကောင်းဆိုးဝါး တဲ့။
တချို့ကတော့ နတ်ဘုရား ဖန်ဆင်းရှင် တဲ့။

တချို့က ဒီကောင့်ကို စက်ဆုပ်ရွံရှာနေချိန်မှာ ..
တချို့ကတော့ ကိုးကွယ်နေကြတယ်။

ဒီကောင့်ကို ချစ်သူတွေ များသလို ...
မုန်းသူတွေလဲ မနည်းဘူးပဲ။
http://wearethebusiness.blogspot.com

ဒီကောင့်ကို မွှန်းတင်နေကြချိန်မှာပဲ...
ကြောက်ကန်ကန်လို့ ရှုတ်ချဝေဖန်ရင်း မအားသူတွေလဲ ရှိတယ်။

ဒီကောင့်ကို ပိုင်ဆိုင်ထားရင်...
လက်ညှိုးညွှန်ရာ ရွှေဖြစ်..
ရေနံဖြစ်..
ယူရေနီယံဖြစ်..
နိုင်ငံခြားငွေဖြစ်သတဲ့ဟေ့!
အံ့ရောပဲ။

မင့်ကောင် ဒီလောက်စွမ်းတာ ဟုတ်ပါ့မလား...
မင့်ကောင် မလုပ်နိုင်တာတွေရှိပါတယ် ဆိုတဲ့ အထဲမှာ...
ချစ်ခြင်းမေတ္တာက ထိပ်ဆုံးက။

ဟုတ်ပါတယ်လေ.. ဆရာကြီးကလဲ။
ဒီကောင်က ချစ်ခြင်းမေတ္တာကိုတော့ မ၀ယ်နိုင်ဘူး... မဖန်ဆင်းနိုင်ဘူး။
ဒါပေမယ့်...
ချစ်ခြင်းတွေကိုတော့ လက်စသတ်စေတယ်။
ပွေ့ဖက်နမ်းရှုံခြင်းတွေကို ဖျာလိပ်စေတယ်။
ကြိတ်ငိုစေတယ်။
တက် ခေါက်စေတယ်။
အံကြိတ်စေတယ်။
ပူဆွေးစေတယ်။
နှုတ်ခမ်းထောင့်တွေကို ကွေးကျစေနိုင်သလို
ထောင့်စွန်းတစ်ဘက်တည်းဆီကိုပဲ လဲယိုင်စေနိုင်တယ်။

ဒီကောင့်ကို လျှော့မတွက်နဲ့။


ရေနံ့သာ

ဇာတ်ပွဲ

ရှိတ်စပီးယားဆိုသူက ကမ္ဘာလောကသည် ဇာတ်ခုံကြီးတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ လှမ်းကြည့်လိုက်သောအခါ တခမ်းတနား ပြိုးပြိုးပျက် တောက်ပသော မုသာဝါဒများအောက်တွင် လူကြမ်းကြီးများ သရုပ်ဆောင်နေကြပြီး ဇာတ်သိမ်းခန်းအပြီးတွင် နက်မှောင်၍တောက်ပသော ကတ္တရာလမ်းများတစ်လျှောက် ဝင်ရောက်ပျောက်ကွယ်သွားမည့်ဟန် ရှိပါသည်။

ကတ္တရာလမ်းများ ကိုယ်ထူကိုယ်ထ ခင်းထားကြသည်။ မြို့တိုင်းတွင် ကတ္တရာလမ်းများ ရှိသည်။ ကတ္တရာလမ်းများဖြင့် မြို့များကို ဆက်သွယ်ထားသည်။ ရှိတ်စပီးယားဆိုသူသည် ဇာတ်ခုံပေါ်တွင် လူကြမ်းတွေလည်း ရှိနိုင်သည်ဆိုသောအချက်ကို သိမှ သိသွားပါလေစ။

"မင်းနဲ့ငါ အချစ်ဇာတ်လမ်းဟာ ဇာတ်သဘင်တစ်ခုပါဆိုရင် ကြားက ကန့်လန့်ကာဟာ ဘယ်သူပါလဲ" ဟု ကဗျာဆရာတစ်ယောက်၏ မေးခွန်းကို ရှိတ်စပီးယား ဖြေနိုင်လိမ့်မည် မထင်။ မီးရောင်အောက်ကိုဝင်၍ လူပြက်များနှင့် တွဲဖို့သာ ကြိုးစားနေသော မင်းသမီးများကို ပို၍ စိတ်ဝင်စားဟန် ရှိသည်။ တခါတရံ ဇာတ်လမ်းသဘောအရ ဇာတ်ခုံပေါ်တွင် လူကြမ်းများသာ ရှိနေနိုင်ပါသည်။

http://www.ejournal.fi
စိတ်ထားကောင်းကောင်း မွေးပြီး အနုပညာဆန်ဆန်လေးနေရင် ဘဝဟာ ရုပ်ရှင်ကားတစ်ကား ရိုက်နေသလို ဖြစ်မှာပဲ ဆိုသော မောင်ရန်ပိုင်နှင့် ရှိတ်စပီးယားတို့ စကားလက်ဆုံကျနေချိန်တွင် ပြောင်လက်နက်မှောင်သော ကတ္တရာလမ်းထောင့် လူကြမ်းတစ်ယောက် ဖြတ်လျှောက်လို့သွားသည်။

ယခုအချိန်ထိ ဇာတ်လမ်း၏ ခေါင်းဆောင်မင်းသမီးကတော့ ပေါ်မလာသေး။ နေ့သစ်တစ်နေ့ကို ဝင်းပလာအောင် တစ်ညတာလုံး တံခါးခေါက်သူ၊ အလင်းနှိုးသူ အဝိဇ္ဇာကြယ်ပွင့်လေး ဇာတ်မင်းသားလေးသိန်းဇော်ကတော့ သောင်းထိုက် စကြဝဠာရဲ့ မြတ်နိုးအပြုံးတွေကို ဖိတ်ခေါ်နေလေရဲ့။ ကျွန်တော် ပြုံးမိတယ်။ သူက စန္ဒရားတစ်လုံးနဲ့ အသံညှိယူထားသလို တိကျလှပတဲ့ အဲဒီအပြုံးတွေကို သူ့ရင်ထဲမှာ ဘယ်တော့မှ စစ်အရှုံးမခံဘူးလို့ အာမခံတယ် ဆိုလို့လေ။

ဇော်ဇော်အောင်ကတော့ အလှဆိုတာ သီးခြားကင်းလွတ်စွာ ရပ်တည်နေနိုင်တဲ့ အရည်အချင်းတစ်ခုလား၊ အရုပ်ဆိုးခြင်းနဲ့နှိုင်းယှဉ်မှ မြင်သာထင်သာတဲ့ ဂုဏ်တစ်ခုလား။ စိတ်ထဲက အထင်လား။ အလှဆိုတာ ပိုင်ဆိုင်ထားသူဘက်က အကြောင်းတရားလား။ ခံစားသူဘက်က အကျိုးသက်ရောက်မှုလား ဆိုပြီး ပြုံးပြုံးကြီး လုပ်နေလေရဲ့။

ဒီလိုပါပဲ။ ကားမီးတစ်ထိုးစာအလင်းထဲ မြင်သလောက် ဝင်ရောက် ကကြတာပေါ့။ ဇာတ်ညွှန်း သစ္စာနီရဲ့ ပထမဆုံး ဝါကျကတော့ အခုမှ လမ်းလျှောက်လို့ လာနေတုန်းပဲ ရှိသေးတယ်။

ချမ်းညီချို