15/12/2010

ပစ္စုပ္ပန်ကောင်းလျှင် အနာဂတ် မဆိုးပါ

-တစ်-

နှစ် သည် တစ်ထက် ပို၍ များသည်ဟု ၄င်း၊ အများကိန်း ဖြစ်သည်ဟု ၄င်း (ဆိုကြပါစို့)
၎င်း အများနှင့် သက်ဆိုင်သော အများကိန်းများအား သီးခြားဆက်သွယ်မှုနည်းဖြင့်
ပြိုင်ဆက်သွယ်တန်းထားရမည်။
၎င်းသည် မြိုင်ကြီးဟေဝန်တွင် မြွေပွေးနှစ်ကောင်ကို ခါးပိုက်ပိုက်ထားရင်း
ခေတ်ကြီး၏ အမြီးကို စမ်းတဝါးဝါး လိုက်စမ်းနေသည်။
၎င်းသည် ကြီးရင့်ရန် ပြင်ဆင်သော်လည်း ဝါးအစည်းပြေနေသကဲ့သို့ လျော့တိလျော့ရဲနိုင်လှသည်။
၎င်းသည် ရေမရောထားသော်လည်း အမှားလေးသဖြင့် ဆားအနည်းငယ် လျှော့ထည့်ပါ။
၎င်းသည် နေပူစာလှုံရင်း သန့်ရှင်းလတ်ဆတ်သော မြစ်ရေ သောက်သုံးနေသည်။

++ နေရောင်ခြည်သည် ရောဂါပိုးများကို သေစေနိုင်သည်. . . ++


-နှစ်-

သုံးစား၍ မရသော သဲတရှပ်ရှပ်နှင့် ၄င်းကို
မိတ်ကပ်လိမ်း ကုလားဖန်ထိုးရင်း မွဲပြာပုဆိုးတီးလုံးဖြင့် စင်ပေါ်ပြန်တင်ရမည်။

ပြိုကွဲနေတဲ့ လွမ်းရေးတဲ့လား . . . . . . .
. . . . . . . ယိမ်းယိမ်းယိုင်ယိုင် ဝမ်းရေးလား

ရှေ့ရေး နောင်ရေး. . . . . .
ပ်. . ပ်. . ရေး. . ရေး. . မှေး. . . မှေး. . . မှုန်. . . . . မှုန်

ရော့ . . . . . . .

ဒီဘက်က ပူပူနွေးနွေး ကျန်းမာရေးနှင့် အညီ တွဲရေး
ဟိုဘက်က အေးစက်လတ်ဆတ်သော (ရေခဲစိမ်) ခွဲရေးများ

၎င်းအရေး အရေးများသည် တလေးလေး ရှိလှသည်။ ရွှေပြည်တော်လည်း တဝေးဝေး ရှိလှသည်။

၎င်းသည် မြင်သမျှ ကတ္တားများအား ခင်မင်စွာ ချွေးတပ်စွဲရင်း အတိတ်မေ့နေသည်
၎င်းသည် ငါတောတောရင်း အနာဂတ် မသိ/ရှိတော့ပါ
ဟုတ်တယ်. . . ၄င်းသည် နီယွန်မီးများအောက်တွင် အဖော်မဲ့ လမ်းလျှောက်ထွက်လေ့ရှိသည်။

Seen Better Days - Tony Beginn
၎င်းသည် ဤသို့ မုန့်လုံးစက္ကူကပ်ရင်း. . . ရှင်ကြီးက ကျားထက်ဆိုးသော
သာတူညီမျှ ကိုယ်ဝန်ပြတ်ကျရင်း ကျိတ်မနိုင်ခဲမရ ရေတိမ်နစ်နေသည်။

တရားကျစရာများလွန်း၍ တရားမှတ်ဖို့ရန် ဝေဝါးနေသော ၄င်းအား/သည်
ဖိုခနှောက်ဆိုင်ဆွေးနွေးပွဲ ဖြစ်မြောက်ရန် သွေးဆောင်ဖြားယောင်းရမည်/နေသည်။
ခေတ်က ခေတ်နောက်လိုက်ရင်း ၄င်းသည် ကုန်းကောက်စရာမရှိအောင် အကြွင်းမဲ့နေသည်။
၎င်းသည် လူကြီးလူကောင်း မဆန်သော ရနံ့များကို ရှူရှိုက်ရင်း မရှိတာကို အရှိလုပ်နေရသည်။

သို့သော်. . . . . . .

၎င်းအဆိုအရ ဆော်ဩပါ၊ ကြည့်ကြပ်ပြီး ညှိပါ ညှပ်ပါ၊
ဪ သားရယ်... ကပ်စရာရှိတာ ကပ်ပါ။

++ ဇော်ဂျီဖိုဝင်သားစားရဖို့. . . ++


-သုံး-

လေးစားသောအားဖြင့်၎င်း၊ နိဂုံးချုပ်အနေဖြင့်၎င်း လေးလေးနက်နက် အဆုံးသတ်ပါမည်

ဤသို့ ဤပုံဖြင့် ၄င်းနိဂုံးတွင် ခေတ်ကြီးက ဘယ်မှာ ပြတ်ကျန်ခဲ့ပါသလဲ. . .
ဤသို့ ဤပုံဖြင့် ၄င်းသည် အားနာရင်း ခါးပါသွားကာ  ခြေကုန်လက်ပန်းကျနေသော
စစ်ဘက်ပြေးလူငယ်တစ်ဦးကဲ့သို့ ပြေးပေါက်ရှာရင်း နိဂုံး မလှခဲ့ပါ။
ဤသို့ ဤပုံဖြင့် ၄င်းနိဂုံးသည် ငွေရောင်ပိတ်ကားပြင်ပေါ်တွင် ဆက်လက်ရှုစားရန် ဖြစ်သည်။
ဤသို့ ဤပုံဖြင့် ၄င်းနိဂုံးသည်  နိဂုံးမဲ့စွာ ရှင်သန်ခဲ့သည်။ 


ယိုဒါရှီးမား

07/12/2010

ဝေဒနာအမြဲမရှိ

ဟောသည်မှာ ကျွန်တော်ရခဲ့တဲ့ ဝေဒနာ
ဝေဒနာဟာ လှပစွာထုပ်ပိုးထားတော့ ဝေဒနာကို ဝေဒနာလို့ မထင်ခဲ့ရဘူး။
ဝေဒနာဟာ ချိုအီချွဲနွဲ့တဲ့အသံနဲ့ လတ်တလောအပူတွေကိုလည်း ငြိမ်းစေရဲ့ 
ဝေဒနာဟာ ပန်းရောင်နှုတ်ခမ်းဆိုးဆေးလေးနဲ့  ချာလီရေမွှေးလေးနဲ့ ဆွဲဆောင်မှုကောင်းလို့  သင်းပျံ့လို့
ဝေဒနာရဲ့ဆံနွယ်လေးတွေဟာလည်း ဆောင်းလေနဲ့ အတူယိမ်းနွဲ့လို့
ဝေဒနာရဲ့ ကိုကို ကိုကိုလို့ ခေါ်တဲ့အသံလေးကလည်း ဆည်းလည်းတွေလို ညင်သာလို့
ဝေဒနာရဲ့ နှုတ်ခမ်းမှာ နှုတ်ခမ်းမွှေးရေးရေးလေးနဲ့ ဝေဒနာ ရီတဲ့အသံက ခိုးခိုးခစ်ခစ်နဲ့ 

Forever Is Not Enough - Konstantin Traev
ဝေဒနာဟာ သူမရှိတော့တဲ့အခါ မနေတတ်အောင် ဖြူဖြူစင်စင် ပရိယာယ်လေးတွေသုံးလို့
ဝေဒနာဟာ သူ့ကို တစ်ခြားသူမပေးချင်လောက်အောင် မနာလိုမှုတွေ ချကျွေးလို့
ဝေဒနာဟာ ကျွန်တော့ကို အနားမှာအမြဲနေပေးဖို့ တီတီတာတာနဲ့
ဝေဒနာကို တစ်ခြားတစ်ယောက်ယောက်လက်ထဲ မထည့်ပေးချင်ဘူး
ဝေဒနာကို တစ်ခြားတစ်ယောက်ယောက်ရဲ့ပါး မနမ်းစေချင်ဘူး
ဝေဒနာဟာ သူဝေဒနာဖြစ်ပါတယ်လို့ ဘယ်တော့မှ မပြောဘူး
ဝေဒနာဟာ သူဝေဒနာမဟုတ်ပါဘူးလို့လည်း လိမ်မပြောဘူး
ဝေဒနာဟာ ဝေဒနာဖြစ်တဲ့အကြောင်း သိတဲ့အချိန်မှာ
အဲ့သည်အသိကို ပြန်ပျောက်သွားအောင် ဝေဒနာကပဲ ပြန်လုပ်တယ်။
ဒါဟာ ဝေဒနာမှန်းသိတဲ့ အချိန်စက္ကန့်ပိုင်းအတွင်း ကသုတ်ကရက်ရေးလိုက်ရတဲ့ကဗျာ
ဒီစာကြောင်းအဆုံးမှာပဲ ဝေဒနာဟာ ဝေဒနာမဟုတ်တော့ပြန်ဘူး။

02/12/2010

စိတ်အစေးမကပ်တဲ့နေ့

ဒီလိုနေ့မျိုးဟာ အမြဲဆိုသလို ပျင်းရိပျင်းခြောက်နဲ့ ပါပဲ ။ တခါတလေ အင်း. . မဟုတ်ပါဘူး အမြဲတမ်းလိုလိုတော့ အပေါင်းအသင်းတွေ ရောက်လာတတ်တယ် ။ တောင်ပြော၊မြောက်ပြော ထွေရာလေးပါးပေါ့။   ထွေရာလေးပါးဆိုလို့ ဘာလဲဆိုပြန်တော့ အဓိပ္ပါယ်ကို သေချာမသိ။ ဒီလိုပဲ ပါးစပ်ကနေ ပြောတဲ့စကားတွေ အများကြီးပဲ။ တခါတလေ ကိုယ်ပြောတဲ့စကား ဘာဆိုတာတောင် မသိပါဘူး။ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး။ ဘယ်သူကမှ အဓိပ္ပါယ်ပြန်ရှင်းခိုင်းနေတာမှ မဟုတ်ပဲဟာ။ လူတွေဟာ ဒီအတိုင်းပါပဲ။ တစ်ချို့အကြောင်းတွေဆို ကိုယ်သေချာမသိလဲ သိချင်ယောင်ဆောင်လိုက်ကြတာပါပဲ။ စာရေးရင် ကောင်းမလား စိတ်က တွေးမိတယ်။ ရေးမယ်ဆိုတော့လဲ ရေးစရာ အကြောင်းကမရှိ။ ဘယ်ရှိမလဲ စာမှ မဖတ်တဲ့ဟာ။ စာရေးဖို့ဆိုတာ ဖတ်ထားမှ ရေးစရာ အကြောင်းကရှိမှာပေါ့။ ဪ. . . ညနေက အပြင်ထွက်ပြီး စီးကရက်ဝယ်ဖြစ်ရဲ့လား။ ခေါင်းက ဒီလိုပဲ သိပ်မမှတ်မိချင်တော့ဘူး။ ဒါတောင် ညနေကအဖြစ်အပျက်ပဲ ရှိသေးတယ်။ ဒီလိုဆို သမိုင်းထဲက အကြောင်းအရာတွေဆိုရင်တော့ ပြောစရာကို မလိုတော့ဘူး။ ဒါလဲအကြောင်းတော့ မဟုတ်ပါဘူး။ သမိုင်းနိဂုံးချုပ်ပြီဆိုတဲ့ အယူအဆဘက် ခုန်ဝင်လိုက်ရုံပေါ့။ 

အဲ. . . တကယ်တမ်းက ကဗျာ။ ကဗျာဆိုတာ ဘာလဲ ။ အင်းလေ ဘာလဲဆိုတာတောင် သေချာမသိတဲ့ဥစ္စာ။ စာကို အလျားလိုက်မစီပဲ ဒေါင်လိုက်စီတာ ကဗျာဆိုရင်တော့ ငါရေးခဲ့တာတွေက ကဗျာတွေပေါ့. . အဟက်။ ဟုတ်လားမသိပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့။ အခုတလော ရသစာတွေဖတ်လို့ မရဘူးဖြစ်နေတယ်။ အခုမှ မဟုတ်ပါဘူးလေ၊ အရင်တုန်းကတည်းကပါပဲ ။ ဒီအကြောင်း သူများကို ပြောပြလိုက်ရင် ကောင်းမလား။ အို. . မဖြစ်သေးပါဘူး၊ ဒါနဲ့များ ဘယ်လိုကဗျာရေးလဲဆိုရင် ပြန်ဖြေစရာမရှိ ဖြစ်နေအုံးမယ်. . . ငါ့နှယ်။ အခုတလော လူကစာရောင်ရောင် ပေရောင်ရောင် လုပ်ချင်နေသလိုပဲ။ တကယ်တမ်းဝန်ခံရရင် ရောင်ရောင်လား၊ ယောင်ယောင်လားဆိုတာတောင် ဘယ်လိုပေါင်းမှန်း သေချာမသိဘူး ။ ဒါနဲ့များ. . .  ''ကျွန်တော်စာရေးဆရာ မဟုတ်ပါဘူး။ ဒါပေမဲ့ တခါတလေတော့ ကဗျာတို စာတိုလေးတွေရေးပါတယ်'' ဆိုပြီး နောက်ကျမကျန်ခဲ့ရအောင် လေသံပစ်ထားရင် ကောင်းမလား ။ ဒါလဲ ဘယ်သူမှ မသိပေမဲ့ ကိုယ့်ကိုယ်ကိုတော့ သိမှာ ။ လူတွေဟာ ဒီလိုချည်းပါပဲ ။ ကိုယ်လဲ ရောယောင်နေလိုက်ရုံပေါ့ ဆိုတော့လဲ ခက်တာက ကိုယ့်ကိုယ်ကို သိနေတာဆိုးတယ် ။ အို. . ဘာပဲဖြစ်ဖြစ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဒါကိုယ့်လွတ်လပ်ခွင့်ပဲ။ ဟုတ်တယ် ဒီစကားလှတယ်။ လွတ်လပ်ခွင့် တဲ့။ ပြီးရော ဘယ်သူမှ လာပြောလို့ မရတော့ဘူး။ 

ဟာ. . . မီးခြစ်ဘယ်ရောက်သွားပါလိမ့်။ ဪ. . . ငါကလဲ ခက်ပြီ။ လက်ထဲမှာ မီးခြစ်ကြီး ကိုင်ထားပြီး ပျောက်လို့ လိုက်ရှာနေတယ်။ ကဲ ကဲ. . . တော်ပြီ ဘာတွေ တွေးနေမှန်းလဲမသိဘူး။ ပြောသားပဲ ဒီလိုနေ့မျိုးဟာ အမြဲလိုပဲ ပျင်းရိပျင်းခြောက်နဲ့ပါလို့။ အခုတော့ တောင်တွေးမြောက်တွေးနဲ့ လျှောက်တွေးမိရော။ ဆေး (လိပ်) လေးဖွာမှပဲ ယားနေတဲ့စိတ်က ပျောက်သွားမှာ။


 ' ရှစ် '      

ဟာာာာ. . . . . . မီးခြစ်ထဲမှာမှ ဂက်(စ်) မရှိတော့တာ. . .

ကဲ. . တွေ့ပြီ မဟုတ်လား။ ဒီလိုနေ့မျိုးဆို ဒီလိုချည်းပါပဲ ဆိုတာ။        ။ 

နောက်ဆုံး မှတ်မိတာဆိုလို့. . .

မီးမတောက်တဲ့ မီးခြစ်တစ်လုံး၊ ငွေရောင်ကားချပ်ပေါ်မှ အစိုင်အခဲတစ်စု. .
အသက်ရှူလမ်းကြောင်းတစ်စုံရဲ့ပိုင်ဆိုင်မှုအကြောင်း. . .
ငါ မစဉ်းစားပဲ ပေါ်လာတတ်တဲ့ ဖုံးနံပါတ် အိုဆဲဗင်းအစ ဝမ်းတူးဖိုက်အဆုံး. . .
အခု အကြိုက်ဆုံးအရောင် အညိုရောင်ကို ပြောင်းသွားပြီ. . .
လောကကြီးတစ်နေ့ထက် တစ်နေ့ နာကျင်စရာကောင်းလာသလို
ငါလဲ ကိုက်ခဲမှုဒဏ်ကို တစ်နေ့ထက် တစ်နေ့ ပို ပိုပြီး ခံစားလာရတယ်..


နောက်ဆုံး ငါ မှတ်မိတာဆိုလို့. . . .




ကံဂျီမူရာ

ဟိုဒီအလွမ်းများ. . .

ကော်ဖီတစ်ခွက်လဲ ပြောင်ပြီ။ တစ်ညနေလုံး အိပ်ထားသည့်ဒဏ်ကြောင့် အိပ်လို့လဲ မရ။ ဒီကြားထဲ မူးဝေနေသည်။ ကော်ဖီ. . . .  ကော်ဖီ. . . . ဘာကြောင့် ကော်ဖီဆိုသော အရာ အရေးပါလာလဲ ကျွန်မစဉ်းစားနေမိသည်။ ချစ်ခြင်းအနုပညာဆန်ချင်လဲ ဒီကော်ဖီ။ စိတ်ဓာတ်ကျလဲ ဒီကော်ဖီ။ အပျင်းပြေသောက်လဲ ဒီကော်ဖီ။ ဟိုအကြောင်း ဒီအကြောင်းလဲ ဒီကော်ဖီ။ သူငယ်ချင်းများနဲ့ အမှတ်တရလဲ ဒီကော်ဖီ။ အရက်နာကျလဲ ဒီကော်ဖီ။ ကော်ဖီ. . . ကော်ဖီ တော်တော် ခေတ်စားသည်။ ဆန်းဒ၀်ခ်ျကြားထဲက ထောပတ်လိုပဲ ဒီကော်ဖီ. . နေရာတကာ ပါသည်။

အမှတ်မထင် မနေ့က မင်းလူရဲ့ စိန်အလွမ်းဖတ်မိသည်။ ကျွန်မလဲ ကျွန်မရဲ့ မည်ကာမတ္တတက္ကသိုလ်ကို လွမ်းပါသည်။ စီးပွားတွက်တွက်သူတိုင်း နှမြောကြသည့် ကျွန်မ၏လေးနှစ်တာ တက္ကသိုလ်ကာလသည် ကျွန်မအတွက်တော့ အမြတ်အစွန်း အများကြီးကျန်ပါသည်။ ကျွန်မရဲ့ လူငယ်ဘ၀အမှတ်တရ. . . ကျွန်မရဲ့သူငယ်ချင်းတွေ. . . ဘွဲ့နှင်းသဘင်. . . လူသူလေးပါးတိတ်ဆိတ်တဲ့ ကံ့ကော်ရွာ. . . စာကြည့်တိုက်နောက်က ရွာထဲကင်တင်း. . . Drawing သွားသင်ရတဲ့ အမှိုက်ပုံနောက်က အဆောင်ခြောက်ခြောက်. . . ဆရာမများအဆောင်နားက သရဲခြောက်တယ်ဆိုတဲ့ ကျွန်မတို့ စာသင်ခန်း. . .  ဦးမင်းမြင့်ကြီး အလုပ်ရှုပ်လို့ ညကြီးသန်းခေါင်ထိ ကျောင်းထဲနေပြီး Viva ဖြေဖို့ စောင့်ရဖူးသည်. . .  အာစီ. . . ကြုံလာရတဲ့ တက္ကသိုလ် ရှစ်ဆယ့်( ...) နှစ်မြောက် စတိတ်ရှိုး. . . Times နဲ့ Reader's Digest သွားထိုင်ဖတ်ဖူးတဲ့. . . Drawing သွားထိုင်ကျင့်ဖူးတဲ့. . . ကံ့ကော်ရွာမျက်နှာချင်းဆိုင်က စာကြည့်တိုက်သစ်. . . သတင်းစာဟောင်းတွေ ဖတ်ချင်လို့ သွားခဲ့တဲ့ တက္ကသိုလ်စာကြည့်တိုက်ဟောင်း. . ခြံမခတ်ခင်က သစ်ပုတ်ပင်. . . ဂျက်ဆင်ကနေ လှည်းတန်း. . . လှည်းတန်းကနေ အဓိပတိ. . . ပုဂံလမ်း. . . သထုံလမ်း ဘောလုံးကွင်း. . . အီကိုကနေ အင်းလျား. . . တို့ဖူးနွေး. . . သံဗူးဖျော်ရည်. . .  မင်းအတွက် သီချင်းခွေနဲ့. . . နွေ မိုး ဆောင်း ရက်များစွာ... .... .... .... .... .... ။

I Left My Heart In Chicago - Punk_drizzle
အတွေးတွေက ဂယောက်ဂယက် ဟိုရောက် ဒီရောက်နိုင်လှသည်။ သူငယ်ချင်းတစ်ယောက်၏ နယူးယောက်ဆိုက်ကားဆိုသော ဓာတ်ပုံမြင်သောအခါ. . . ရောက်နေရာအရပ်နှင့်အတူ အမေရိကားမှ ဧည့်သည်တော်ကို သတိရမိသည်။ ထိုရက်များကို လွမ်းပါသည်။ ထိုရက်များကို လွမ်းသလိုပဲ. . အခု မုန်းလှပါသည်ဆိုသော မြို့ကြီးပြကြီး လန်ဒန်ကို တချိန်ရောက်ရင် ဒီလိုပဲ စာတစ်စောင်ပေတဖွဲ့လွမ်းမိဦးမလား မသိ။ ခုလောလောဆယ်တော့. . . မြန်မာပြည်က စတုဒီသာပွဲကို လွမ်းနေသည်။ ဘဲဥပဲကုလားဟင်းနဲ့ ငံပြာရည်ကြော် ကျွေးကြတာကို သတိရသည်။ သခွားသီးတွေနဲ့ အားရပါးရစားချင်သည်။ စတုဒီသာကို ကားထိုးရပ်ပြီး ၀င်စားသော လူစား များများရှိစေချင်သည်။ ထိုသို့သောအခါ တစ်လောကလုံး ငြိမ်းချမ်းပြီ ဟု ကောက်ချက်ချမည်။

လက်ပ်တော့ကီးဘုတ်သံ ခြောက်. . ခြောက်. . ခြောက်. . . . ခြောက်. . . မှလွဲ၍ တစ်လောကလုံး တိတ်ဆိတ်နေသည်။ ဒီည နှင်းဖွဲဖွဲကျမည်တဲ့။ ကျွန်မထိုင်စောင့်ကြည့်ချင်စိတ်ပေါက်နေသည်။


ရေနံ့သာ

အမြွှာ

ငါ
မင်း က အမြွှာ
ထပ်တူ ကျနေမှု
စိတ်တူ ကိုယ်တူ
ကွဲပြားမှုး ငါ ပိုင်ဆိုင်တာ
လက်တွေ့ဘဝ အစိုင်အခဲ
အစစ်ဟု ထင်ရသော အရာ ( များ

ဂ(စ်)
အလင်း အငွေ့
ငါ့ခန္ဓာ အနက်ရှိုင်းဆုံး က
တလုံးတည်းသော 
အင်ဂျင် ) နှလုံး
ထဲက
အလွယ်ခေါ်း ဝိဉာဉ်း ငါ့
ပုံရိပ်မဲ့
ငါ့ရဲ့အခြား
တပါး
မင်း
Conjoined Twins 1 - Cheryl
မင်းက
ငါ့ရဲ့ / ငါက
မင်းရဲ့
ဘဝ. .
သခင် )
ကျွန်
မင်းရဲ့ အံစာတုံး
ငါ့ရဲ့ လက်
ကိန်းဂဏန်း
တွေ
အချိန်ပေါ်မှာ
လည်နေ ပတ်နေ 
 က ငါ

" ပွန်း
ရုပ် ကို
ဘယ်ရွေ့
မှာလဲ ! ! "


မင်း
ဆန္ဒ နဲ့
အရောင် မတူတဲ့
အကွက်ပေါ် က
လက်တွေ့
ဘဝ -
သက်ရှိ
စစ်တုရင် ရုပ်
များ နဲ့
ငါ

မင်း
က
အလင်း / အမှောင်
အသိ ရှိ
ပရိုဂရမ်
မင်းဆွဲထား
တဲ့ နဗ့်စ် ကြိုး
)  ကြွက်သား         
တွေ
ချိတ်ထားတဲ့
ခန္ဓာ ( ကြိုးဆွဲရုပ်
ငါ
က

ဆားဖြင့် ပက်ထားသော ဒဏ်ရာအား ရေနှင့် စင်ကြယ်စွာ ဆေးကြောပါ ။


အူသောင်

10/11/2010

ပကတိ(၄)

http://chrisanthony.viewbook.com/

ဒီလိုနဲ့ ဒီလိုနဲ့ပဲ မနက်ဖြန်ဆိုတာကို ပြန်ပြန်လှည့်ကြည့်
မနက်ဆိုတာဟာ ညမဟုတ်ဘူးလို့တော့ လာမရှင်းပြနဲ့
ဒါဟာ အခကြေးငွေနဲ့ ပြသတဲ့ကဗျာ
မမြင်ရရင် ကွန်ပလိန့် တက်ပါ
ခင်ဗျားက ဟိုဘက် ခင်ဗျားမဟုတ်တဲ့သူက သည်ဘက်
ကျွန်တော် ဘယ်ဘက်မှာလဲဆိုတာ ဘယ်သူသိသလဲ။
ကဲ. . . တစ်ယောက်ကို တစ်ကွက်ရွှေ့ ပြီးရင်ပွဲသိမ်းမယ်
အားလုံးထပြန်တဲ့အခါ အမြီးတွေမငြိမိစေနဲ့။



ဖိုးခွား

ပကတိ(၃)

ညရောင်စုံ ဆလိုက်မီးတွေက မင်းကိုလမ်းပြခဲ့သလား

ခြင်္သေနဲ့ ဆင်တွေအုပ်လိုက်ကတဲ့ ကြားမှာ

မင်းအကုန်ရောထွေးသွားသလား ဟန်နီ

ဆယ့်ခြောက်နှစ်မသီချင်းကို မင်းဘယ်အရွယ်ထိ ဆက်ဆိုမှာလဲ

http://chrisanthony.viewbook.com

မင်းနေရာမှာ ငါဆိုလည်း သည်အတိုင်းပါပဲ

အသပြာဆိုတာ ငါတို့နဲ့ ပြိုင်ဘက်

ဒါပေမယ့် ငါတို့ ခေတ်အဆက်ဆက် ရှုံးခဲ့ ကြတယ်။



ဖိုးခွား

06/11/2010

ပန်းကောက်သူ

သေတစ်နေ့ မွေးတစ်နေ့ပဲ
ဒီနေ့တော့ ပျော်ပျော်နေမယ်။

မနေ့က တွယ်ခဲ့တဲ့ အမြစ်တွေကိုလည်း
ပေါင်းမသင်ဘူး. . .
မနက်ဖြန်မှ ထိုးထွက်မယ့် အဖူးအပွင့်တွေအတွက်လည်း
ရေမလောင်းဘူး. . .
ကိုယ်ကောင်းပေမယ့် ခေါင်းရွေ့ရွေ့ နေလို့
ဒီကနေ့အတွက် ခေါင်းချစရာ
တစ်နေရာပဲ လိုတယ်
မနက် စောစောထ
ပန်းကောက်ရဖို့အတွက်. . . . ။

ပင်ယံထက်က ပန်း
မနမ်းရက်သလို
ချွေလည်း မချွေရက်ဘူး။

အဖူးဆိုတာ ပွင့်ချင်မှ ပွင့်တာ
ဒီလိုပါပဲ. . . .
ပန်းဆိုတာလည်း ကြွေမှကောက်လို့ရတာ
ပန်းကောက်သူဟာ ပန်းမချွေဘူး
ပန်းတွေဝေမယ့် နံနက်ခင်းပဲ သူမျှော်တယ်. . . . ။

မောင်ရင်ငဇေ
Flower - Adam Scott Miller

30/09/2010

မှတ်တိုင်

Last Stop - Alexander Petrov


အစရဲ့ တဖက်မှာ အဆုံး
အဆုံးရဲ့ အဆုံးမှာ နောက်တစ် စ
တစ်ဘဝ နှစ်ခါမသေပါဘူး
ဒီလိုပါပဲ ဘဝဆိုတာ
တချို့တချို့တွေ အတွက်
ပန်းတိုင်မရှိ
မှတ်တိုင်တွေပဲ ရှိတယ်. . . . ။



မောင်ရင်ငဇေ

27/09/2010

ခေါင်းစဉ်မဲ့ (၁၁)


ကြမ်းပြင်ပေါ်က ဖရိုဖရဲ ဆိုင်ကယ်ဦးထုပ်. .
ဖိနပ်အရံပေါင်းများစွာ. .
ကျောခင်းစရာတစ်နေရာ. .
မဖတ်ဖြစ်တဲ့ စာအုပ်တစ်ပုံ. . .
နားမထောင်ချင်တော့ဘူး Bob Dylan. .
မကြည့်ချင်စရာ မျက်နှာများစွာ. .
ငြိမ်သက်စွာ ရပ်ကြည့်နေတဲ့ ကြက်မွှေးတစ်ချောင်း. .
မသန့်တသန့်ကြမ်းခင်း. . .
နာကျင်ရိုင်းစိုင်းတဲ့ စိတ်တစ်ခုအတွက်တော့
ခြေချစရာတစ်နေရာ (သို့) ပြေးစရာမြေ. .

မရှိခဲ့။

ဒါပါပဲ။



ရေနံ့သာ

သေချာသိမ်းဆည်းထုတ်ပိုးလွှင့်ပစ်ရန်

သံသရာရှည်ကြီးထဲမှာ ဒီလိုနဲ့ပဲ
ဘယ်ဟာက အကုသိုလ် ဘယ်ဟာကကုသိုလ် ခွဲနေဖို့ အချိန်ရှိသေးလား
ပြောကြတော့လည်း ခေတ်ကြီးကသိပ်မြန်နေပြီဆို
ပျင်းရိခြင်းက ခြောက်ပါးလို့ တိကျပါရဲ့လား
မင်္ဂလာတရားဟား သုံးဆယ့်ရှစ်ခုအတိပဲလား
မုန့်ဟင်းခါးစားရင်တောင် ဟင်းရည်အပိုတောင်းတာ ကဲ ပိုပိုလိုလိုလေးတော့ ပြောလိုက်ကြဦး
လိုတယ်ဆိုသယ်သွား မလိုဘူးဆိုထားခဲ့ သံသရာဟာ ရှည်နေဦးမှာ
ခင်ဗျားရဲ့ မာဆတ်က ငါးဆယ့်တစ်ကို တစ်လျှောက်လုံးသယ်သွားမလား
ခင်ဗျားရဲ့ အောစတားကို တစ်လျှောက်လုံးသယ်သွားမလား
ခင်ဗျားရဲ့ နှုတ်ခမ်းမွှေးပေါက်စကောင်မလေးကို တစ်လျှောက်လုံး သယ်သွားမလား
ခင်ဗျားရဲ့ ဥစ္စပေါရုပ်ချောဆိုတာကြီး တစ်လျှောက်လုံး သယ်သွားမလား

projectgreenbag.com
ခင်ဗျားရဲ့ အိုင်ဖုန်းနဲ့ အိုင်ပါတ် ခင်ဗျားဖေ့ဘွတ်အကောင့် ခင်ဗျားကိုတက်ထားတဲ့ ဓါတ်ပုံ ရာကျော်မလေးလံလွန်းဘူးလားဗျာ မလေးလံဘူးလား
ဟောသည်မှာ ခင်ဗျားမသုံးဖြစ်ခဲ့တဲ့ အခု မသုံးရတော့ဘူးလို့ တားမြစ်ထားတဲ့ ကျွတ်ကျွတ်အိတ်
အဲ့ဒါလေးနဲ့ ထည့်သွားလိုက်
ဟိုဘက်ကဟာလေးလည်းထည့် သည်ဘက်ကဟာလေးလည်းထည့်
ထိုင်းအဲဝေးက ခိုးထားတဲ့ လက်ဖက်ရည်ဇွန်းလည်းထည့်လေ. . .
ဟဲ့ ဘာလုပ်နေတာလဲ ဖုန်းခိုးပြောနေတဲ့ ဆယ့်ခြောက်နှစ်သမီးလေးလည်းထည့်
ရိုမန်းတစ် အာထရာသင်းလဲထည့် ဗိုင်ရာဂရာလည်းထည့်
အော် ဝေ့လည်ကြောင်ပတ်လုပ်နေပြီ ကျောက်မြောင်းခြောက်လွှာမှာ ဥထားတဲ့ တစ်ယောက်လည်းထည့်
ကဲ ရပြီ ရပြီ
ခင်ဗျားသံသရာခရီးဟာ ပေါ့ပါးသွားပြီပေါ့. . . ခင်ဗျား ကျွန်တော့်ကို ကျေးဇူးမတင်ဘူးလား
အင်း အင်း ထားတော့ အဲ့သည်ကျွတ်ကျွတ်အိတ်လေး ကျွန်တော့်အခန်းထဲပစ်ထည့်လိုက်စမ်းပါ။





ဖိုးခွား

25/09/2010

တခန်းရပ် ပြဇာတ်

ခံစားတတ်သူဆီ
ခံစားမှုတွေ လာတဲ့သဘောလား
ငါ. . . . ဒီအလွမ်းအမောတွေနဲ့ပဲ
မွေ့ပျော်နေတော့မလား။

နိုင်မယ်ထင်လို့ တိုက်ခဲ့တာ မဟုတ်ပေမယ့်
အရှုံးဆိုတဲ့ မချစ်နှစ်သက်သူနဲ့
တဘဝလုံး ပေါင်းရမယ်လို့
ဘယ်ထင်ထားပါ့မလဲ။

I Left My Heart On Sanibel(2008) - Cartin Andersson
ငါ့ဘဝ တဝက်က အခြားသူဆီမှာ
တဝက်က ကံကြမ္မာ လက်မှာ မသေချာ မရေရာ
နေသာသလို နေဖို့ကြိုးစားရင်း
ထိုးထားတဲ့ ထီလက်မှတ် မတိုက်ဖြစ်ခဲ့ဘူး။

ကိုယ်တိုင်ရေး ကိုယ်တိုင်ကပြီး
ဇာတ်သိမ်းမှ ငါမပါရတဲ့ ဇာတ်
တဖက်သတ် ဆန်ဆန် ရပ်ခဲ့တယ်

အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မှ
ပုဝါကူပါ ရေရှူပါနဲ့
ဆွဲမိဆွဲရာ ကောက်ရိုး တမျှင်
"ဤဇာတ်တွင် သင် ဆက်မကရ" . . . . . တဲ့။



မောင်ရင်ငဇေ

24/09/2010

တစ်. . . (၁) နာရီ

၁ နာရီ

ငေးနေတဲ့
ငှက်တစ်ကောင်

လေအတိုက်
မှာ

ဖျတ်ခနဲ
ရွေ့လျားလိုက်တဲ့

အကြည့်တစ်ချက်

http://hatter.tumblr.com
လို

အဖြေ
မသိ( ခြင်း
များ) စွာဖြင့်
ရိုးစင်းသော
ပေါက်ဖွား (ခဲ့)မှု

အသိ

ခက်စွာဖြင့်
(နားလည်မှု
ငတ်စွာဖြင့်

ကြီးပြင်းမှု /
ဆင့်ကဲပြောင်းလဲမှု /

ဖြစ်စဉ်တစ်ခု

မေးခွန်း
များစွာဖြင့် )

အစမသိ
အဆုံးမသိ

သော

တနေရာ
သို့ / မှ
ခက်ခဲစွာ ( လွယ်ကူစွာ
ရောက်ရှိလာမှု
ဒါမှမဟုတ်

ဖြစ်တည်မှု

အချိန်း ည တစ်နာရီ ဝန်းကျင်










အူသောင်



မေ

တိ

ခြင်း များ စွာ ဖြင့်)



ယခုခေတ်စားနေသော (၇)

သီချင်းဆိုလိုသူတွေ
. . . . . . . . . . . . . ဆိုကြပါစေ။

ကလိုသူတွေ
. . . . . . . . . ကကြပါစေ။

Keith Haring
စစ်တိုက်လိုသူတွေ
. . . . . . .  . . . . . . တိုက်ကြပါစေ။

ငြိမ်းချမ်းလိုသူတွေ
. . . . .  . . . . . . . ငြိမ်းချမ်းကြပါစေ။

ကမ္ဘာကြီး အတွက်ပေါ့. . . . . . .
ကမ္ဘာကြီးအတွက်။        ။

ထွန်းနွယ်

ယခု ခေတ်စားနေသော (၅)

သိပ်မြန်တဲ့ ကွန်နက်ရှင် ၊
သိပ်မြန်တဲ့ စကား ၊
သိပ်မြန်တဲ့ ရထား ၊
လျှပ်တပြက် အတွင်းမှာ ဘာမှ မသိလိုက်ဘူး။

Keith Haring

ဒီမှာ ၊ သတင်းပုဏ္ဏက တိုက်ခံနေရသူတွေ။
ဒီမှာ ၊ အသိဥာဏ်မွန်းလို့ လေသန့်ရှာနေရသူတွေ။

တတ်ခဲ့ဖူးတဲ့အတတ် ၊ ဖတ်ခဲ့ဖူးတဲ့ စာအုပ်
ခဏ ခဏ ၊ လာလာ ခြောက်နေတယ် ၊
ခဏ ခဏ ၊ ၀င်ဝင် စီးနေတယ်။

လူကြီးမင်း ခေါ်ဆိုလိုသော မဏိမေခလာမှာ. . . . . . . ။      ။

(သတိပေးချက်။ ကျန်းမာရေးအတွက် ခေါင်းကိုငုံ ခါခါထုတ်ပေးပါ
ခု ကျွန်တော့် ကဗျာ အပါအ၀င်ပေါ့)


ထွန်းနွယ်

18/09/2010

မရှိတော့ဘူး ငါ့မှာ ငါ့မှာ မရှိတော့ဘူး

ဘာမှမရှိတော့ဘူး အခုငါ့မှာ
အရင်ကရှိခဲ့တာတွေ မရှိတော့ဘူး
ရည်းစား ဒရင်း ဟန်ဒရက် လက်ဖက်ရည်ဆိုင်အကြွေး
နောက်ရှိရမယ့်ဟာတွေလည်း မရှိလာဘူး
ရည်းစားအသစ် အော်စတားကင်းဗတ် ဘဏ်စာအုပ်
ဘယ်သူတွေမှာဘာတွေရှိကြသလဲ

Josephine Gibbs
တစ်ယောက်ယောက်ဟာ တစ်ခုခုရှိဖို့ လိုအပ်သလား
တစ်ခုမှမရှိတဲ့ တစ်ယောက်ယောက်ဟာ တစ်ခုခုရှိချင်နေပါသလား
ဘာမှမရှိတော့ဘူးဆိုတဲ့ အခုငါ့မှာ
ဘာမှလည်းမရှိချင်တော့ဘူး ချစ်လည်းမချစ်ချင် မုန်းလည်းမမုန်းချင်
တစ်နေ့ထမင်းသုံးနပ်တော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စားချင်တယ်
မလိုဘူး မလိုဘူး ဘယ်သူမှ ငါ့အတွက်မလိုတော့ဘူး
ငါ့အတွက်လည်း ဘယ်သူမှ ရှိနေစရာမလိုတော့ဘူး
သင် သူတပါး ယောကျာင်္း မိန်းမ ဂျော်တကီး ခွေး ပိုးဟပ် လိင်လုပ်သား
ဘာမှ ငါ့အတွက် ရှိစရာမလိုတော့ဘူး
ငါလည်း ဘာအတွက်မှ ရှိစရာမလိုတော့ဘူး။
မရှိ။

ဖိုးခွါး

အမေ့ကိုချစ်သည်. . သို့သော်

အမေနေကောင်းပါစေ. . ။
လွမ်းတဲ့စိတ်ရဲ့နောက်ကွယ်မှာ
အိမ်ပြန်ချင်စိတ်က လွှမ်းမိုးနေတယ်အမေ။

အမေ့ကိုချစ်တဲ့
အဝေးရောက်သားအတွက်
အမေ့ကိုတွေ့ဖို့
အသိဉာဏ်နဲ့မှတ်ကျောက်တင်ထားတဲ့
အမှန်တရားတွေကို
နည်းမျိုးစုံနဲ့ ဖယ်ထုတ်ရလိမ့်မယ်အမေ။

အမေ ပညာသင်ပေးထားတာ
အမေ့ကိုစွန့်ခွါဖို့မဟုတ်ပေမဲ့
အမေပေးတဲ့ အသိဉာဏ်က
အားကောင်းနေဆဲမို့ အမေ့အရိပ်အောက်
သားပြန်မရောက်နိုင်သေးဘူးအမေ။


An Access Gate In South Hebron Hills - Rebecca Fudala
အမေတသက်လုံး
ယုံကြည်အားထားနေတဲ့
ရတနာ့ဂိုဏ်းဝင်တွေကို
အန္တာရာယ်ပြုသူတွေနဲ့
မဆက်ဆံချင်ဘူးအမေ။

ဥပဒေအထက်ကရှိပြီး
ကိုယ်ချင်းစာတရားမထားနိုင်တဲ့
ပတ်ဝန်းကျင်မှာ ရေစုန်မျှောဖို့
သားမကြိုးစားတော့ဘူးအမေ။

အမေပြောပြောနေတဲ့
ခေတ်ပျက်မှာလူလာဖြစ်တဲ့
သားတစ်ယောက်အနေနဲ့
(သင့်)တော်ရာမှာ နေတတ်အောင်
ကြိုးစားနေပါတယ်အမေ။ 

မွေးရပ်မြေမှာ ခေါင်းချချင်တဲ့
အမေ့ကိုသတိရတိုင်း
ကျန်းမာစေရန်သာ
ဆုတောင်းနေပါတယ်အမေ။

ချစ်တတ်တဲ့သူတချို့
ကိုယ်ချင်းစာတရား မွေးနိုင်တဲ့တနေ့
ဒါမှမဟုတ်
လူအချင်းချင်း တန်ဖိုးထားတဲ့တနေ့
အမေ့ဆီသို့. . . . . ။


ဖိုးစီ

12/09/2010

ပြိုကွဲခြင်း / ဖြိုခွဲခြင်း

တမနက် အိပ်ယာထ ကဗျာတပုဒ် ဖတ်မလို့ လုပ်တုံး ငါ !
ဟင်း. . . ငါ ! . . ငါ့ခန္ဓာကိုယ်ကြီးက ပြိုကွဲထွက်နေပါလား
အခန်းထဲဝင်နေတဲ့ နေရောင်ခြည်အလင်းလှိုင်းထဲက
အလင်းအမှုန်အမွှားတွေလို တမှုန်စီ တစစီ ဆွဲငင်မှုမဲ့စွာ
မျောလွင့်ထွက်နေကြတယ်၊ တွယ်တာမှုမဲ့ ခံစားမှုမဲ့ ပုံသဏ္ဍာန်မဲ့
အက်တမ်တွေလို တချို့ကထိုင်ခုံမှာ တချို့က စားပွဲမှာ
တချို့က ပြေးနေတဲ့ ပိုးဟပ်တွေပေါ်မှာ
တချို့က ရော့ခ်သီချင်းစာသားတွေပေါ်မှာ
တချို့က တီရှပ်အနက်ပေါ်မှာ တချို့က အမှိုက်ခြင်းထဲမှာ
တချို့က ကြမ်းပေါ်မှာ တချို့က ကေဘယ်ကြိုးပေါ်မှာ
တချို့က အခန်းထဲ ဝင်နေတဲ့ ဝါယာလက်ကွန်ယက်တွေပေါ်မှာ
တချို့က ဆေးလိပ်ပြာ တချို့က မှန်သားပြင်
တချို့က ၊ တချို့က. . . . . . . . . . ၊

The Grinch Who Stole Cubism(2004) - Zoomer
အမှန်အတိုင်း ဝန်ခံရရင်
ပြန်ဖော်လို့မရတာတွေက ခပ်များများ
ဖြစ်ပုံက 'ငါ '. . . . .
ငါ ဆိုတာကြီးက နောက်ဆုံးမှာ
တဖြည်းဖြည်းနဲ့ ပုံပျက်နေပြီ / လွင့်(စင်)ထွက်နေပြီလေ
အချက်အလက်တွေ ပြိုဆင်းလာလိုက်တာ
ဗိုင်းရပ်(စ်) ဝင်နေတဲ့ မျက်နှာပြင်လို
မှုန်တိမှုန်ဝါး - -
ဘာမှ ပြန်တူးဖော်လို့မရတော့ဘူး /
ဘာမှ ပြန်တူးဖော်ခွင့် မရှိတော့ဘူး
သဲနန်းတော်ကြီးပြိုကျသလို ရေမှာ အရုပ်ရေးပြသလို
သဘာဝတရားက သူ့အစွယ်ကို လှစ်ပြသလို
အမှန်တရားကိုတွေ့ရှိသလို
ဘာဆိုဘာမှ. . . ၊
ဘာကိုဘာမှ ကိုယ်ပိုင်ဆိုတဲ့ သင်္ကေတမပြနိုင်တော့ဘူး
အချိန်လည်းဆွဲခွင့်မရသလို စိတ်လည်းလောခွင့်မရဘူး
စဉ်းစားမှု တွေးတောဆင်ခြင်မှုတွေက
လေဟာနယ်မှာ စုစည်းခွင့်(ချိန်) မရတော့ဘူး. . ၊
ငေးကြည့်မယ်လို့ လုပ်တုန်းမှာ
တဖြည်းဖြည်းနဲ့အားလုံး လွင့်ထွက်နေတယ်. . 'ငါ '. . . .
' ငါ '. . . . . .
' ငါ ' ဆိုတာ ဘယ်မှာလဲ ?
အက်တမ် : ဆိုသည်မှာ အရာဝတ္တုပစ္စည်းတစ်ခု၏
အသေးငယ်ဆုံး အစိတ်အပိုင်း ၊ လူတစ်ယောက်အတွက်
ကိုယ်ပိုင်သီအိုရီတစ်ခု ကိုယ်ပိုင်ပုစ္ဆာတစ်ပုဒ်
ဘဝ = ?
ကိုယ့်ဟာကိုယ်တွက် ကိုယ့်အဖြေကိုယ်ထွက်ပေါ့
ကိုယ့်ဘဝနဲ့ကိုယ်ပေါ့ ၊
ဖန်ဆင်းရှင် လက်အပ်မယ် ဆိုရင်လဲ. . သဘော !
ကိုယ့်ဟာကိုယ်ပဲဗျာ. . . ( ဖုတ်ဖုတ် / သုပ်သုပ်
တွေးမိသလောက်က. . . . ခဏတာ ရိုးရှင်းတဲ့ စုစည်းမှု
မပြိုကွဲမီအချိန်တစ်ခု ၊
အံ့သြစရာပဲဗျာ လို့ ပြန်ပြောဖို့တောင်
အံ့သြမှုတွေပြိုကွဲကုန်လို့ အံ့သြချိန်တောင် မရလိုက်ဘူး

ထားပါဗျာ ! ! . . . . . .
အခံရခက်တာက ! . .
ဘာမှမဟုတ်တဲ့ နေသာရုံ သာမန်နေ့ကျမှ။ ။



အူသောင်



အနာဂါတ်ကို ကြိုမသိချင်ဘူး

နေသာနေတဲ့ စက်တင်ဘာ နေ့တစ်နေ့မှာပေါ့။ လေနုအေးအေးလေးတွေ တိုက်နေတဲ့ စက်တင်ဘာရဲ့ တနဂ๎နွေနေ့ တစ်နေ့မှာပေါ့။ မြက်ခင်းစိမ်းစိမ်းတွေ၊ ကုန်းမြင့်မို့မို့လေးတွေ၊ နှစ်ယောက်စာ လူသွားလမ်းလေးနဲ့ တောအုပ်ကလေးတွေရှိတဲ့ ပန်းခြံလေး တခုမှာပေါ့။ အာရပ်နွယ်ဖွား လူတွေနဲ့ အာရပ်တွေလို ဝတ်ဆင်ထားတဲ့ လူတွေ၊ အလှတန်ဆာဆင်ထားတဲ့ မြင်းတွေ၊ မြည်းတွေ၊ ကုလားအုပ်တွေ ရှုပ်ရှပ်ခပ်နေအောင် ပွဲတော်ကျင်းပနေတဲ့ မြေကွက်လပ်လေးနဲ့ မနီးမဝေး၊ အလှမွေးခွေးလေး ကိုယ်စီကို ကြိုးလွှတ်ပြီး လမ်းလျှောက်ထွက်နေတဲ့ လူတွေနဲ့ မလှမ်းမကမ်းမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတယောက် မြက်ခင်းစိမ်းပေါ်လှဲ ပြီး ကောင်းကင်ပြာကြီးကို ကြည့်နေကြတယ်။

ကောင်လေးက ရုတ်တရက် ထထိုင်ပြီး ကောင်မလေးကို မေးလိုက်တယ်။ ဗေဒင်တွေ လက္ခဏာတွေကို ယုံလား တဲ့။ ကောင်မလေးက ပထမတော့ ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ ကောင်လေးက ဆက်ပြောတယ်။ အကြားအမြင်တို့၊ ဗေဒင်တို့တော့ မယုံချင်ဘူး။ ဘဝမှာ ဘာတွေဖြစ်လာမယ် ဆိုတာကိုလည်း ကြိုပြီးမသိချင်ဘူးတဲ့။ ကောင်မလေးက ကောင်လေး ဘာဆက်ပြောမလဲ နားထောင်ဖို့ လက်ကို အားပြုရင်း ထထိုင်လိုက်တယ်။ ကောင်လေးက သူ့လက်ဝါးသူ ပြန်ကြည့်ပြီး လက္ခဏာတော့ နည်းနည်းကြည့်တတ်တော့ ယုံရမလို ဖြစ်နေတယ်လို့ သူ့ဖာသာ သူပြောသလိုနဲ့ ဆက်ပြောတယ်။ ဒီတခါတော့ ကောင်မလေး မျက်နှာက ဝင်းလက်သွားတယ်။ တဆက်တည်းပဲ သူလက်ဖဝါးလေး ဖြန့်ပြီး "ဒါဖြင့် ကျွန်မကို ကြည့်ပေး" လို့ ပြောလိုက်တယ်။ ကောင်လေးက ကောင်မလေး လက်ကိုမကြည့်ပဲ အဝေးကို ကြည့်နေရင်း "ကျွန်တော်က ကောင်းကောင်း မဟောတတ်ဖူးဗျ၊ တော်ကြာ မှားနေရင် မကောင်းဘူး" လို့ ပြန်ပြောလိုက်တယ်။

လိုချင်တာတစ်ခုခုရှိရင် မရမက သူငယ်ချင်းတွေကို နွဲ့ဆိုး ဆိုးတတ်တဲ့ ကောင်မလေးက မရဘူး။ သူမရဲ့ ညာဖက်လက်ကို အတင်းထိုးပေးပြီး ကြည့်ခိုင်းနေတယ်။ ပါးစပ်ကလည်းပြောလိုက်တယ်. . . အပျော်ပေါ့ တဲ့။ ဒီတော့ ကောင်လေးလည်း မနေသာတော့ဘူး။ ကောင်မလေးရဲ့ ဘယ်ဖက်လက်ကို လှမ်းတောင်းလိုက်တယ်။ ကောင်မလေးက သူမ ဘယ်ဖက်လက်ကို လှမ်းလိုက်ရင်း သူနဲ့ ကောင်လေးက အရာရာ ဆန့်ကျင်ဖက်ဖြစ်တတ်တဲ့ အကြောင်းကို တွေးမိပြီး ပြုံးမိသေးတယ်။ ကောင်လေးကလည်း ဒါကို သတိရသွားပြီး ပြုံးလိုက်တယ်။ သူကိုယ်တိုင်ကလည်း ကောင်မလေး ညာဖက်လက် ကမ်းပေးလို့ တမင်တကာ ဘယ်ဖက်လက်ကို တောင်းလိုက်တာကို သူကိုယ်သူ အံ့သြနေတာလည်း ပါတယ်။

ကောင်လေးက ကောင်မလေးလက်ပေါ်က အရေးအကြောင်းတွေကို သေသေချာချာကြည့်တယ်။ ခဏနေတော့ သက်ပြင်းချတယ်။ ကောင်မလေးက နည်းနည်းတော့ စိတ်လှုပ်ရှားလာတယ်။ ကောင်လေးက သူ့လက်ကို ကိုင်ထားလို့လား သို့မဟုတ် ကောင်လေး အမူအရာကို ကြည့်ပြီးတော့လားတော့ မသိဘူး။ စိတ်မရှည်သလိုနဲ့ "ကဲ ပြောလေ၊ ဘာမြင်လဲ" လို့ မေးလိုက်တယ်။ ကောင်လေးကတော့ ကောင်မလေးကို တချက်ကြည့်ပြီး သက်ပြင်းထပ်ချတယ်။ ပြီးတော့. . . "တကယ်သိချင်လား။ ကျွန်တော် အမှန်အတိုင်း ပြောရမလား" လို့ ထပ်မေးတယ်။ ကောင်မလေးက စိတ်ထဲ နည်းနည်းတစ်မျိုး ဖြစ်သွားပေမယ့် ကောင်လေးက သိပ်မဟောတတ်ဘူး ပြောထားတော့ သိပ်တော့ စိတ်မပူဘူး။ ပြောမှာသာ ပြောပါ။ ဘာမှ မဖြစ်ပါဘူး ဆိုပြီး ပြောလိုက်တယ်။

A Couple With Their Heads Full Of Clouds(1937) - Salvador Dali

ဒီတော့ ကောင်လေးက စပြောတယ်။ ခင်ဗျားဟာ လူတွေ အများကြီးနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူး တဲ့။ သေသေချာချာ ရွေးပြီးမှ ပေါင်းလေ့ရှိတယ်။ လူတိုင်းကိုလည်း ယုံလေ့မရှိသလို ခင်ဗျား ယုံကြည်အောင် လုပ်ပြနိုင်တဲ့လူ သို့မဟုတ် ခင်ဗျားက ယုံကြည်လောက်တယ်လို့ ထင်တဲ့လူမှ ရွေးပေါင်းတယ်။ သူများပြောတဲ့ စကားဆိုလည်း ဘယ်လို အဓိပ္ပါယ်နဲ့ပြောပြော ခင်ဗျားလိုရာကို ဆွဲတွေးတတ်လို့ တခါတခါ ဘဝမှာ အလိမ်ခံရသလိုမျိုး တွေကြုံနိုင်တယ်လို့ ပြောလိုက်တယ်။ ကောင်မလေးကလည်း ခေသူမှ မဟုတ်တာ။ သူမအကြောင်း တော်တော်များများကို ကောင်လေးက သိထားတော့ သူ့ကို လာရွှီးနေတယ် ထင်တယ်။ ဒါကြောင့်ပဲ ကောင်လေးကို ပြန်ပြောတယ်။ "ရှင်ပြောတာက အရမ်း ယေဘုယျ ဆန်တယ်၊ ဒီလောက်တော့ ကျွန်မလည်း ဟောတတ်တာပေါ့။ တိတိကျကျ ပြော. ." ဆိုပြီး အတွန့်တက်လိုက်တယ်။

ဒီတော့မှ ကောင်လေးကလည်း သူ့အကွက်ထဲ ဝင်လာပြီဆိုတဲ့ မျက်နှာပေးနဲ့ ဆက်ပြောတယ်။ ဥပမာဗျာ. . လူတယောက်က ခင်ဗျားလက်ကလေးကို ထိတွေ့ကိုင်ချင်တာနဲ့ သူ လက္ခဏာကြည့်တတ်တယ်လို့ ပြောတယ်။ ဒါနဲ့ပဲ ခင်ဗျားက သူ့စကားကို သေသေချာချာ မစဉ်းစားပဲ ခင်ဗျားလက်ကို အတင်းထိုးပေးမယ်ဗျာ. . . ။ ကောင်လေးစကားတောင် မဆုံးလိုက်ဘူး. . ကောင်မလေးက ရှက်ရှက်နဲ့ သူ့လက်ကို အတင်းဆွဲရုတ်လိုက်တယ်။ ကောင်လေးက သူမရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို သဘောကျကြောင်းပြောခဲ့တာ သွားသတိရသွားတယ်။ တဆက်တည်း အခုလို လူလည်ကျပြီး သူမလက်ကို ကိုင်သွားတာကို စိတ်မဆိုးပေမယ့် မကျေနပ်ချင်။ ဒါကြောင့် သူမက ကောင်လေးကို  ကျွန်မမှာ ဒီလို လိမ်တတ် ညာတတ်တဲ့ မိတ်ဆွေရှိမယ်လို့မှ မထင်ထားတာ လို့ မျက်စောင်းထိုးပြီးပြောလိုက်တယ်။

ကောင်လေးကတော့ ရယ်ကျဲကျဲနဲ့ ကျွန်တော်မလိမ်ခဲ့ပါဘူး။ ကျွန်တော်က ကြည့်တတ်တယ်ပဲ ပြောခဲ့တာလေ။ ကြည့်ပြီး ရှေ့မှာဘာဖြစ်မယ်လို့ ဟောတတ်တယ်လို့မှ မပြောခဲ့တာ လို့ ပြန်ပြောတယ်။ကောင်လေးပြောတာလည်း ဟုတ်သလိုလို ရှိနေတယ်။ သူကလည်း ကောင်မလေးကို ကြည့်ပေးမယ်လို့မှ မပြောခဲ့တာ။ ကောင်မလေးက သူ့ဘာသာသူ အတင်းကြည့်ခိုင်းထားတာ ဆိုတော့ အောင့်သက်သက်နဲ့ ဘာပြန်ပြောရမှန်း မသိဖြစ်သွားတယ်။ ဒါပေမယ့် ကောင်မလေးကလည်း ခပ်စွာစွာလေးဆိုတော့ ဒီလို လွယ်လွယ်နဲ့ အလျှော့ပေးတတ်တဲ့ သူမှ မဟုတ်တာ။ ဒါဆို ရှင်ဘာလို့ သက်ပြင်းတွေချပြီး အိုက်တင်တွေ ထုတ်နေလဲ. . . ဆိုပြီး ရန်ထောင်တော့တာပေါ့။

ဒီတော့ ကောင်လေးလည်း သက်ပြင်းရှည်ကြီး တစ်ခါထပ်ချတယ်။ ပြီးမှ အဝေးက ပြေးလွှားဆော့နေတဲ့ ကလေးတွေကို ကြည့်ရင်း ကောင်မလေးကို ပြောလိုက်တယ်။

"ခဏနေရင် ကျွန်တော် အမြတ်တနိုး တယုတယ ထိတွေ့ခဲ့ရတဲ့ လက်ချောင်းလှလှလေးတွေကို လွတ်ရတော့မှာ ကြိုသိနေလို့ တဲ့။"

ကောင်မလေးလည်း ဘာမှ ထပ်မမေးတော့ပဲ မြက်ခင်းစိမ်းစိမ်းပေါ်မှာ ထိုင်နေတယ်။ ဒီအတိုင်းပဲ ကောင်လေးလည်း ဘာမှ မပြောတော့ပဲ ထိုင်နေတယ်။ တယောက်က နေဝင်တဲ့ဖက်ကို မျက်နှာမူပြီး၊ ကျန်တယောက်က နေထွက်တဲ့ဖက်ကို မျက်နှာမူရင်းနဲ့ပေါ့။ အဲဒီအတွက် သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်ပြီး ထိုင်နေနိုင်သလို၊ ကျောခိုင်းပြီး ထိုင်နေတာလည်း ဖြစ်နိုင်တယ်။ အဲဒီနေ့က နေသာနေတယ်လေ။



မောင်ရင်ငဇေ

03/09/2010

သူငယ်ချင်း (၁)

Counter Currents - Alan Rayner


ဒီလိုပဲ ငါတို့တွေ
စရိုက်တူ အသွင်တူနဲ့
ကမ္ဘာကြီးကို ပခုံးဖက်ပြီး စကားပြော
မင်းရဲ့ ငြင်းဆိုချက်တွေကို ငါတို့က ထပ်ငြင်း
မင်းရဲ့ မေးခွန်းတွေကို ငါတို့က ဆင့်ပွါးမေးလို့
မင်းမကောင်းဘူးဆိုရင် ငါတို့က ရယ်
ငါတို့ မကောင်းရင် မင်းကရယ်လို့
မင်းအမြင်မှာ ငါတို့ဟာ အပြစ်မဲ့ လူသား
ငါတို့အမြင်မှာ မင်းဟာ အပြစ်မဲ့ လူသား
မင်းနဲ့ ငါတို့ကြား အားလုံးဟာ တစ်သားတည်းဖြစ်နေမှတော့
ငါ လက်ဆုပ်လက်ကိုင်မိပြီးမှ
လွှတ်ချပေးခဲ့တဲ့
မင်းရဲ့လည်မျိုတွေအတွက်လည်း
ကျေးဇူးတင်ကြောင်းပြောစရာမလိုပါဘူး သူငယ်ချင်း
ငါတို့တွေဟာ သူငယ်ချင်းတွေပဲ မဟုတ်ပါလား။



ချမ်းညီချို

စကား

သည်စကားတစ်ခွန်းထဲပဲ
When Words Are Not Enough
မကြားချင်ယောင်ဆောင်နေလည်းရတယ်
စာအုပ်နဲ့ ရေးမှတ်သွားလည်းရတယ်
ဦးထုပ်လို ဆောင်းသွားလို့ ရတယ်
ဖိနပ်လိုစီးသွားလို့ ရတယ်
အနွေးထည်လိုဝတ်သွားလို့ ရတယ်
အိပ်မက်လို မက်ပြီးမေ့လိုက်လို့ ရတယ်
ကျောက်စာလို စွဲမြဲနေလည်းရတယ်
သည်စကားတစ်ခွန်းထဲပဲ
ထမင်းကြော်ထဲ ထည့်စားလို့ မရဘူး
ပန်းကုံးထဲ ထည့်စွပ်လို့ မရဘူး
အိမ်သာထဲ အမွှေးတုံးလို  ချိတ်ထားလို့ မရဘူး
ဝတ်လစ်စလစ်ပန်းချီကားလို့ အရသာခံနေလို့ မရဘူး
သည်စကားတစ်ခွန်းထဲသူပြောခဲ့တယ်
သည်စကားတစ်ခွန်းပဲ ငါကြားခဲ့တယ်

ငါပြန်မပြောတတ်တော့ဘူး။
ဒါပေမယ့် လူပေါင်းများစွာ ပြောနေကြတုန်းပါပဲ။



ဖိုးခွား

ကွက်လပ်များ

Carter

နားမျက်စိတွေ များပြားလှတဲ့ ဋ္ဌာနေမှာ
နှာခေါင်းဖော်ပြီး အသက်ရှူဖို့တောင် ခပ်ခက်ခက်
နူးညံ့ခြင်းပန်းတပွင့် မွေးပျံ့ဖို့
ခက်ထော်တဲ့ မုဆိုးတယောက် သွေးစွန်းခဲ့ရတာ ဘာဆန်းလဲ။

အကြောင်းအကျိုးတွေ ဘေးခဏချိတ်
တကျောင်းဝင် တဂါထာရွတ်ရင်း
ဘာက ဘာလဲ သင်ရန်ကျန်သေးတဲ့အခါ
တစုံတရာဆီမှ ဖယ်ခွါ၍
တစုံတရာဆီသို့ ဦးတည်
လိုရာခရီးက ဘာလဲ၊ဘယ်လဲ
ဘယ်တော့ ရောက်မလဲ။

အတွေးရွက်များ ကြွေကျ၊ဘဝရေပွက်များ ထရင်း
ငါမဟုတ်တဲ့ ငါ့မှာ သက်တမ်းတဝက်လောက်နီးနီး
အမေးများနဲ့ အနည်ထိုင်လို့ အိမ်မေ့ရင်း အိမ်ပျောက်ခဲ့ပြီ

တားဆီးငြင်းဆန်မှု၏ တွန်းအားဖြင့် 
ရှတသော ရမ္မက်သွေးကို အသက်မသွင်းနိုင်တဲ့သကာလ
စိုထိုင်းထိုင်းအလွမ်းများနှင့်. . . . . . . .
နေသားကျနေတဲ့ နှလုံးသားတစုံအား
ငိုဖို့လိုရင် လက်တို့လိုက်ပါ။              ။



ယိုဒါရှီးမား

ဝယ်ပြီးပစ္စည်း ငွေပြန်မအမ်းပါ

To The Market - Angu Walters
 ဈေးကွက်ထဲက
 ဈေးတွက် တွက်ပြီး
ဈေးသက်သက်သာသာနဲ့
ဈေးတန်တယ်ဆိုတဲ့
ဈေးနှုန်းအတက်အကျနဲ့
ဈေးကစားတတ်တဲ့
ဈေးခေါင်းကွဲနေတဲ့ (ဝါ)
ဈေးပန်းလှနေတဲ့
ဈေးကွက်ဝင်/ ဈေးကွက်ပျောက်
ဈေးခွန်ဆောင်ထားတဲ့/ ရှောင်နေတဲ့
ဈေးဆိုင် ဟီးဟီးပေါ်က
ဈေးသည် လှလှလေးရောင်းနေတဲ့
ဈေးကွက်စီးပွါးရေးရဲ့ သားကောင်
ဈေးချုပ် တစ်ထည်မဟုတ်လို့
ဈေးဆစ်ခြင်း သည်းခံပါ. . . . . ။


မောင်ရင်ငဇေ
(စမျဉ်းဆွဲ နှင့် မဈေပဲ ဇကွဲနှင့် ဇေပါသည်)

အဲ့ညနေက. . မိုးရွာတယ်။

http://www.eosnap.com/

အဖေ့ကို 'သမီး သွားလိုက်ဦးမယ်' နှုတ်ဆက်အပြီး ထီးဆွဲထွက်တော့ အချိန်က လေးနာရီခွဲပေါ့။ ခြေအလှမ်း ၂၀ လောက်ပဲ လျှောက်ရရုံရှိသေးတယ်. . . မျက်နှာချင်းဆိုင်ကနေ မိုးသားတွေ တက်လာလိုက်တာများ ခုချက်ချင်း ပြိုကျတော့မလိုပဲ။ ဒါကြောင့် ပြောတာ 'ရန်ကုန်မိုး အစိုးမရ' တဲ့။ ခုလေးတင် နေရောင် မြင်လိုက်ရုံရှိသေး။ တွေးလို့ မဆုံးသေးဘူး. . . . တဗြုန်းဗြုန်းနဲ့ ခုန်ပေါက်ဆင်းလာလိုက်ကြတာ. . . ထီးအရွက်တောင် တဆတ်ဆတ်တုန်နေတယ်။  ခေါက်မတင်ထားမိတဲ့ ငါ့ဂျင်းဘောင်ဘီ အောက်နားတွေလဲ ရေနဲ့ သဲမှုန်ရောလို့ လေးတေးတေးပဲ။

ဒါနဲ့ ပြည်လမ်းပေါ်ရောက်လို့ ကားပေါ်မတတ်ခင်ထိ. . . မိုးက မတိတ်နိုင်သေး။ ကားပေါ်ထိုင်နေတုန်းလဲ မိုးသည်းလိုက်တာများ. . အပြင်ကိုတောင် မမြင်ရဘူး။ အားရစရာကြီး။ စိုစိစိုစိ လုပ်တတ်တဲ့ လန်ဒန်မိုးနဲ့တော့ အပုံကြီးသာတာပေါ့။ မိုး ဆိုတာ တဝေါဝေါနဲ့  ဒီလိုရွာရတယ်လို့ လန်ဒန်က မိုးမင်းကို ခေါ်ပြလိုက်ချင်သေး။ ဒီလိုနဲ့. . . တ၀ဲလည်လည်လုပ်ရင်း ဗိုလ်ချုပ်လမ်းပေါ်က သစ်လုံးဆိုင်လေးလို့ ခေါ်ပြီး သစ်လုံးတစ်လုံးမှမရှိတဲ့ ဆိုင်ကို ရောက်ခဲ့တာပေါ့။

ဆိုင်ထဲရောက်တော့ ၆ နာရီကျော်ပြီ။ စ ထိုင်လိုက်ပြီးကတည်းက. . လန်ဒန်နဲ့ ရန်ကုန်တင်မကဘူး. . . ခေတ်လွန်၊ ခေတ်နှောင်းနဲ့ ခေတ်သစ်တွေဆီထိ Time Machine တောင် မလိုပဲ ရောက်ခဲ့လေရဲ့။ ဂျိမ်းဂျွိုက်စ်၊ မြင့်သန်း၊ မင်းလူ၊ ဒေါ့စတိုရက်ဖ်စကီး၊ ဂျော့အိုဝဲ၊ မာနွယ်အေး၊ မကြာဖြူ၊ ကိုဇေယျာ၊ ကပ်ဖ်ကာ၊ ဘာညာ ဘာညာ. . . စုံနေတာပဲ. . အော်ကြီးဟစ်ကျယ်နဲ့ ဆူရတာ မလုံလောက်သေးလို့လား မသိဘူး ဖန်ခွက်တစ်လုံးတောင် ချခွဲခဲ့သေး။ အဲ့မှာ - အိမ်မပိုင်တဲ့ ဂေါ်လီတွေလဲ တွေ့ခဲ့။ 'မင်း. . လူကြီးဖြစ်နေပြီ' ဆိုပြီး အော်တတ်တဲ့ကလေးတွေလဲ တွေ့ခဲ့ရဲ့။

ဆူရပူရတာ အားရကျတော့မှပဲ. . ထီးကိုယ်စီဆွဲပြီး ဆိုင်ပြင်ထွက်ခဲ့တယ်။ မိုးက သည်းလို့ကောင်းတုန်း။
ရန်ကုန်မြို့ကြီးကတော့. . . မှောင်အတိကျလို့ တိတ်ဆိတ်လို့ ကောင်းစပေါ့။ အမှောင်ထဲ ဆူးလေဘုရားကိုများ တွေ့မလား ရှာကြည့်သေးတယ်။ ဒီိထက်စောရင်. . ဆူးလေဘက် လမ်းလျှောက်ပါတယ်။ မိုးရေ တ၀ုန်းဝုန်းကြားထဲလျှောက်ရရင် ပိုအရသာရှိမယ်။ အခုတော့. . . သူတို့ကိုသာ အိမ်ပြန်လမ်းဂရုစိုက်ကြဖို့ပဲ မှာရတယ်။ အငှားကားပေါ်မှာ ကားသမားကြီးနဲ့ စကားစပ်မိတော့. . . မရည်ရွယ်ပါပဲ ပြောဖြစ်တယ်။ အဲ့ဒါ ကျမမောင်တွေပေါ့။ လူဆိုးတွေလို့။



ရေနံ့သာ

(တစ်ယောက်က မေးတယ် - လန်ဒန်နဲ့ရန်ကုန် ဘယ်မှာ ပိုပျော်သလဲတဲ့။ လန်ဒန်မှာနေတုန်း အမေးခံရရင် ရန်ကုန်မှာ ပိုပျော်တယ် ဖြေမိမယ်။ အခုတော့. . အတူတူပါပဲလို့။ အရင် ရန်ကုန်မှာ ပျော်ခဲ့ရတယ်ဆိုတာက ဘာမှ ပူစရာမလိုတဲ့ ကျောင်သားဘ၀နဲ့လေ။)

အဲဒီအချိန်(မှာ

အဲ ဒီ အချိန် မှာ
သစ်
ရွက်

ရွက်
ကြွေ ကျ သွား တယ်

လေ အ ဝေ့ မှာ ပေါ့ ;
http://godmorgenverden.blogspot.com/

ခပ်
ဖြည်း
ဖြည်း
အ သက် ရှု သံ [ နှလုံး ခုန် သံ

သူ

သက်
ရှု
နေ တုန်း ပဲ လား


သစ်
ရွက်
ခြောက်
တွေ
ဖြန့် ခင်း ထား တဲ့

နှစ် - ဆယ့် - ရှစ်

အဲ ဒီ အ ချိန် ) မှာ  ။  ။ 



အူသောင်

28/08/2010

ယခု ခေတ်စားနေသောရောဂါ (၄)

Growing From Growing Suite4 - Keith Haring
ကမ္ဘာကြီး အသက် က
. . . . . . . . . . . . . . . နှစ်သန်းပေါင်း ထောင်ချီ သောင်းချီ ၊
လူတွေရဲ့ အသက် က
. . . . . . . . . . . . . . . နှစ်သန်းပေါင်း ရာချီ ထောင်ချီ ၊
ခင်ဗျားရဲ့ အသက် က
. . . . . . . . . . . . . . . အလွန်ဆုံး ၇၀ - ၈၀ ၊

အချိုးချ ကြည့်စမ်းပါအုံး !

ခင်ဗျားက ဘယ်လောက်များ သိနေတာတဲ့တုံး? (ပြီးပြီ)

ထွန်းနွယ်

27/08/2010

ယခု ခေတ်စားနေသောရောဂါ (၃)

Growing From Growing Suite2 - Keith Haring


မယုံကြည်ခြင်း နဲ့ သံသယ၊
ဘာမှမဖြစ်မှု နဲ့ ဘာမှ မဟုတ်မှု၊
အခု အဲဒါတွေ ခေတ်စားနေတယ်။

အခု ကျွန်တော် ရေးတဲ့အတိုင်း
ဘာမှ မဟုတ်တာတွေ
ခေတ်စားနေတယ်။        ။


ထွန်းနွယ်

ယခု ခေတ်စားနေသောရောဂါ

Growing From Growing Suite - Keith Haring

တော်ပြီ။ တော်ပြီ။ တော်ပြီ။
ဘာမှကို
. . . . . . . . . မ ပြော/ရေး ချင်တော့ဘူး။
( မဟုတ်သေးပါဘူး ? ? ? ? ? )
လိုရင်းကို
. . . . . . . . . . မရောက်သေးဘူး ထင်တယ်။

ထပ် ပြော/ရေး ကြည့်မယ်
. . . . . . . . . . . . . . . . . . . . 
. . . . . . . . . . . . . . . . . . . .  ။      ။

ထွန်းနွယ်

ဖျပ်ဖျပ်လူးယင်းထ ဘယ်လိုမှ လုပ်မရပေါ့

သန်းခေါင်ယံက
မိုးသံနဲ့ ဆူညံလေးလံ
ဂေါ်ရီလာရဲ့ အသံမှာတောင်
ရန်ရှာမိတယ်။
Roomaze
ဟိုရှာဒီနှောက်
တစ်ချက်တစ်ချက်
ဆိုဖာပေါ် မှောက်လို့။

ဟိုဖတ်ဒီဖတ်
တဖတ်ဖတ်နဲ့ ဖျပ်ဖျပ်လူးလို့။

ဟိုဟာရေးချင်
အဲ့မှာဒါပျောက်
ဒီဟာရေးချင်
အဲ့မှာ ဟိုဟာပျောက်နဲ့. . .

အဆုံးသတ်တော့
ကျယ်ဝန်းကွေ့ကောက်
ဝင်္ကင်္ပါလို
ဒီပဲ ပြန်ပြန်ရောက်လေရဲ့။

ချမ်းညီချို

ကဗျာဟာ ပျော်စရာပါပဲ

http://adila.deviantart.com
" တခါတုန်းက. ." မှာ
မိုးတွေရွာနေပြီ ဒက်ဖနီ။

တံဆိပ် ကို
ကိုးကွယ်ချင်သူ အတွက်
တံဆိပ် ကပ်ရတာ
ပျော်စရာပါပဲ။

ငါတို့ နီးခဲ့ကြတယ်. . ။
နီးစပ်မှုဟာ မေ့နေဖို့အကောင်းဆုံးသော အရာပေါ့။

မလိုချင်ပဲ ရခဲ့သော အရာများ. .
လိုချင်ပြီး မရခဲ့သော အရာများ. .
ပျော်စရာပါပဲ။  ။

လင်းဝေ

ပြတင်းပေါက်

ဝိညာဉ် ; ( အိပ်နေရင်းက ညကောင်းကင်ရဲ့
အမှောင်ထုထဲ ကြယ်ကြွေတယ်
Spawner-Soul - Giovanni Rubaltelli
တိတ်ဆိတ်ခြင်းတခု၊ ငြိမ်သက်ခြင်းတခု
တောက်ပတဲ့ အလင်းတန်းတခု၊
အဖြစ်အပျက်တခု၊ အိမ်မက်တခု
ဒါမှမဟုတ် အဆုံးမဲ့သော
မသိခြင်းတခု ) သက်ရှိမှု

အချိန် ; ( ငေးကြည့်ရင်းက ဒီနေ့ရဲ့
အကြောင်းအရာထဲ မနေ့က
အခြင်းအရာတခု စီးဆင်းနေတယ်၊
ရိုးရှင်းတဲ့ လည်ပတ်ခြင်းထဲက
ရှုပ်ထွေးတဲ့
အဓိပ္ပါယ်သတ်မှတ်မှု၊
ဘဝအတွက် ဝှက်ဖဲတစ်ချပ်/
မနက်ဖြန် ) ရှင်သန်မှု

ဆိတ်ငြိမ်မှု
ဆွတ်ပျံ့မှု
နက်ရှိုင်းမှု
လွမ်းဆွတ်မှု။ ။


အူသောင်

ဟိုလူနည်းနည်း သည်လူနည်းနည်း

နည်းနည်းများတယ် လက်ကျန်နည်းနည်းလေးကို အကုန်ကစ်လိုက်တာ နည်းနည်းများတယ်
အသက်နည်းနည်းလေးနဲ့ ကညာပျိုလေးကို နည်းနည်းဆွဲတာ နည်းနည်းများတယ်
များများစားစားမရှိတဲ့ ဘ၀ထဲမှာ များချင်ယောင်ဆောင်မိတာလည်း နည်းနည်းများတယ်
ဟိုဟာကနည်းနည်း သည်ဟာကနည်းနည်းနဲ့ နောက်တော့လည်း နည်းနည်းများလာတယ်
ဟိုဘက်နည်းနည်းဆုတ် သည်ဘက်နည်းနည်းကပ်နဲ့ နည်းနည်းများလာတယ်
နည်းနည်းလောက်တော့ နားလည်ပေးပါ နည်းနည်းလောက်တော့ စာနာပေးပါ

http://www.family-gardens.com
တဖြည်းဖြည်းနဲ့ နည်းနည်းများလာတယ်
များများစား များများအိပ် များများပွေ ရက်ဆက်လာတော့ နည်းနည်းများလာပြီတဲ့
အခုလည်းကြည့် ကျွန်တော်ကနည်းနည်း မှတ်တိုင်ကများများ ကားကများများ
မာနကများများ အိပ်မက်ကများများ ရည်းစားကများများ ရန်သူကများများ
ဒါကြောင့်လည်း အားလုံးဝိုင်းပြောနေတာ 'ခင်ဗျားနည်းနည်းတော့ များနေပြီ' တဲ့။


ဖိုးခွား

18/08/2010

လူ


အပင်ပေါ်က မျောက်
လမ်းဆင်း လျှောက်အလာ
ဤလူ့ကမ္ဘာ စခဲ့တယ် တဲ့။

ငယ်စဉ်တောင်ကျေး ကလေးဘဝကို
အညွန့်တလူလူနဲ့ စခဲ့တယ်
အောင်လံတွေ အလူလူလွှင့်ရင်း
နောက်ဆုံးကျ မီးခိုး တလူလူနဲ့
ဇာတ်သိမ်းရမယ့် လူ
ဟုတ်ကဲ့. . . ကျွန်တော် လူသားစစ်စစ်
ခြေနှစ်ချောင်း၊ လက်နှစ်ဖက် ခေါင်းတစ်လုံးနဲ့
လူလုံးလှ တဲ့
လူထဲက လူပါ. . . . ။

ဘာသာမတူ၊ လူမျိုးကွဲ
လူဖြူ၊ လူမဲ
လူမွဲ၊ လူချမ်းသာ
လိင်တူ၊ လိင်ကွဲ
ဘာမှ မခွဲခြား တဲ့/မယ့် လူပါ. . . ။

ကမ္ဘာဦးအစ အမှုန့်လေးက စခဲ့တဲ့ လူ
အပင်ပေါ်ကမျောက် လမ်းဆင်းလျှောက်လာတဲ့ လူ
ဘုရားသခင် ကဖန်ဆင်းခဲ့တဲ့ လူ
အာဒံနဲ့ ဧဝရဲ့ ရင်နှစ်သည်းခြာ လူ
ဗြဟ္မာကြီးလေးပါးက မြေမှုန့်ကျွေးပြီး မွေးထားတဲ့ လူ
ဓာတ်ကြီး လေးပါးနဲ့ တည်ဆောက်ထားတဲ့ လူ
ဘာသာတရားနဲ့ ဘာသာစကားနဲ့ အုပ်ဖွဲ့နေထိုင်တဲ့ လူ
လူဖြစ်လာလို့ လူဖြစ်နေတဲ့ လူပါ။

"လူသေ လူဖြစ်" ဆိုတဲ့
အယူအဆကပဲ သစ်သစ်/စစ်စစ်
(ယခု စာရေးနေတဲ့ အချိန်မှာတော့)
ကျွန်တော်ဟာ လူမှ လူစစ်စစ်ပါ။

လူရိုသေ ရှင်ရိုသေ
လူတောတိုးမယ့် အမြှီးနောက်လည်း
တကောက်ကောက် လိုက်ခဲ့ဖူးတဲ့/ဦးမယ့် လူ
လူပေါ်လူဇော်လုပ်ဖို့
ဟိုစာ ဒီစာတွေ ဖတ်
DNA Art
လူတတ်ကြီး လုပ် တဲ့/မယ့် လူ
လူမသေ ငွေမရှားဆိုတဲ့အတိုင်း
နေ့မအား ညမအား
လှုပ်ရှားရုန်းကန် တဲ့/မယ့် လူ
လူ လူချင်းတူရင်တောင်
ကိုယ်က တမူးပိုရှူနိုင်အောင်
မထူးဇာတ်လည်း ခင်းတတ် တဲ့/မယ့် လူ
နင်သာလူမိုက် ဒုစရိုက် ဆိုပြီး
လူတွေကြားက (တခါတခါ) ခွဲထွက်
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် တဲ့/မယ့် လူရယ်ပါ။

ဘုရားတွေ ဖန်တီး ခဲ့တဲ့/မယ့် လူ
တရားတွေ ဖျက်ဆီး ခဲ့တဲ့/မယ့် လူ
အမှားတွေ ရေစီးကမ်းပြို ခဲ့တဲ့/မယ့် လူ
စကားတွေများပြီး အလုပ်မဖြစ်တဲ့/မယ့် လူ
အများညီ "ဤ" ကျွဲဖတ် တဲ့/မယ့် လူ
မတရားတာတွေ ဆန့်ကျင် တဲ့/မယ့် လူ
ဟုတ်ကဲ့. . . ပုခုံးနှစ်ဖက်ကြားက ခေါင်းထွက်ပြီး
အရောင်းမထွက်သေးတဲ့ ကျွန်တော် လူပါ။



မောင်ရင်ငဇေ

15/08/2010

ကျမရေးတဲ့ ဒုတိယမြောက် အက်ဆေး

သက်ပြင်းတစ်ချက် ခပ်လေးလေးချရင်း ပတ်ဒယ်လ်ပြားကိုသာ ခပ်သွက်သွက်နင်းချလိုက်သည်။ အရှေ့နားဆို ရောက်တော့မယ်။ ကျမ စိတ်ညစ်တိုင်း စိတ်လေတိုင်း စိတ်မကောင်းဖြစ်တိုင်း သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားတိုင်း ကျမလာထိုင်နေကျ သစ်ပင်လေးကို လှမ်းမြင်နေရပြီ။ ကျမမှာ သည်အကျင့်ရှိလာတာ သိပ်တော့မကြာသေး။ သိပ်မကြာသေးဆို လာဖို့လဲ လိုမှမလိုအပ်ခဲ့ပဲ။ ကျမဘ၀မှာ သည်လိုပဲ နေသားကျနေခဲ့သည်ပဲ။

ဘယ်သူတွေကြောင့် ဘာအကြောင်းတွေကြောင့်လို့ စွပ်စွဲချက်တွေ တင်မနေချင်တော့ပေမယ့် ကျမသည်လိုပြောင်းလဲလာတာ ဘာကြောင့်လဲ ကျမသိချင်ပါသည်။ တစ်နေ့တော့ပေါ့။ ဘယ်လိုခံစားချက်မျိုးမဆို မျိုသိပ်မထားတတ်တာနဲ့ ခံစားချက်အတိုင်း တုံ့ပြန်တတ်တဲ့ အကျင့် ဘယ်လိုပျောက်သွားလဲပေါ့။

ဘာပဲပြောပြောပါလေ။ ဒီသစ်ပင်လေးက ခဏတဖြုတ် သို့မဟုတ် ရှေ့ဆက်မယ့် အချိန်အတိုင်းအတာတိုလေး တစ်ခုထိတော့ ငြိမ်းချမ်းမှုပေးနိုင်တာပဲ။ ဒီအပင်လေးအောက်မှာပဲ. . မျက်ရည်တွေ ကျဖူးတယ်။ 'တက်' ခေါက်ဖူးတယ်။ လှိုင်းတံပိုးလိုကြွလာတဲ့ ဒေါသနဲ့မခံမရပ်နိုင်ဖြစ်မှုတွေကို ဖြန့်ကျဲထုတ်ထားခဲ့ဖူးတယ်။ အသေးစားအဆင်မပြေမှုတွေကို အသက်ပြင်းပြင်းနဲ့တူတူ ရှုသွင်း ရှုထုတ်ခဲ့ရတယ်။ ကုန်ကုန်ပြောရရင် သည်းမခံနိုင်တော့လို့ အော်ငိုတဲ့အခါလဲ ဒီသစ်ပင်လေးက တည်တည်ငြိမ်ငြိမ်ပဲ ကျမကို ငုံ့ကြည့်အားပေးနေခဲ့တယ်။

ပထမအကြိမ်။ ဒုတိယအကြိမ်။ တတိယအကြိမ်. . . နောက် အကြိမ်ပေါင်းများစွာ ကြာပြီးသည့်နောက်မှာတော့ ဒီသစ်ပင်လေးကို ကျမ ရင်းနှီးလာခဲ့ပြီ။ သူငယ်ချင်းတစ်ယောက်လို ခံစားလာရပြီ။ ဒီသစ်ပင်လေးအောက်မှာ အဆိုးတွေပဲ ရှိခဲ့တာမဟုတ်ဘူး။ အကောင်းတွေလဲ ရှိခဲ့ဖူးတယ် ဆိုတာ ကျမ သတိတရရှိလာတတ်ပြီ။ ဒီသစ်ပင်လေးအောက်မှာပဲ ကျမ သူ့ပေါင်ပေါ်ခေါင်းအုံးအိပ် သူ့မျက်နှာကို ငေးကြည့်ပြီး သူ့အားပေးသံကို နားထောင်ခဲ့ဖူးသည်။ ကျမကို သူလက်သည်းညှပ်ပေးခဲ့တာလဲ ဒီသစ်ပင်လေးအောက်မှာပဲ ဖြစ်သည်။

http://www.oilartsell.com
ဒီသစ်ပင်လေးအောက်နားမှာထိုင်ပြီး လှမ်းမျှော်ကြည့်လိုက်ရင် ကျမ သူငယ်ချင်းတွေနဲ့ အတူ ကြက်ကြော်စားဖူးတဲ့ သစ်ပင်တန်းလေးကိုလှမ်းမြင်ရတယ်။ ကျမတို့ စကားတွေကို ဖောင်ဖွဲ့ပြီး နွေရာသီလေမြူးထဲ စီးမြောခဲ့ကြဖူးသည်။ ကျမတို့ အသေအချာကို ရယ်မောပျော်ရွှင်ခဲ့ကြဖူးသည်။ သူတို့နဲ့ကျမ မလွှဲသာလို့ ခွဲရတော့မယ်။ ကျမ စိတ်ညစ်တဲ့အခါ ဒီသစ်ပင်လေးအောက် လာထိုင်ရင် သူတို့ကိုပါ တပါတည်း လွမ်းရတော့မယ်။ ကျမ ဘယ်လိုရင်ဆိုင်မလဲ ကြိုတင်စဉ်းစားထားဖို့လိုမည်။

ဘာပဲပြောပြော ဒီသစ်ပင်လေးကို ကျေးဇူးစကားတော့ ပြောရပေလိမ့်မည်။ မမျှော်လင့်ပဲ ကျမဘ၀အတွက် အမှတ်တရဖြစ်လာတဲ့ ဒီသစ်ပင်လေးကို ပန်းချီမဆွဲတတ်တဲ့ ကျမ ဓာတ်ပုံတော့ ရိုက်ယူထားသင့်သည်။ ဒီသစ်ပင်လေးက ကျမကို စိတ်သက်မှုပဲပေးခဲ့တာ မဟုတ်ဘူး. . . ကျမရဲ့အတွေးတွေကိုလဲ နယ်ချဲ့စေခဲ့သည်ပဲလေ။

ရေနံ့သာ။

14/08/2010

`နွယ်´ သို့ ပေးစာ

`နွယ်´
ကျွန်တော် ဆိုတာ ဘာကို ဆိုလိုသည်လဲ ၊ `နွယ်´ ကို ချစ်နေသည်ဟု ဆိုလိုသည်။ 
ကျွန်တော် ဆိုတဲ့ နာမ်စားတစ်ခု သုံးလိုက်တိုင်း `နွယ်´ ကိုချစ်သည်ဟု 
အတွေးတစ်ခု ခေါင်းထဲပွင့်သွားသည် ၊
သွေးကြောများထဲ ရှော့ဝင်သွားသည်။
ကျွန်တော် သည် နိမိတ်ပုံ ဖြစ်သည် ၊ နာမ်စားမဟုတ် ၊ နွယ့် ကိုချစ်နေသည် ဆိုသော ကျွန်တော့် နှလုံးအလို၊
စိတ်အလိုတစ်ခု ၏ နိမိတ်ပုံ၊ ဒါမှမဟုတ် `နွယ်´ အပေါ် တွင် ရှိနေသည့် ခံစားချက်တစ်ခု ၊ ထိုအရာသည်
ချစ်ခြင်း ၊ ရှေးစကား ဆိုရိုး သိမှု အမှတ်သညာ ၊ ဘာသာပေါင်းများစွာ ၌ ဖွင့်ဆိုမှု ၊ စသည်တို့ဖြင့် 
ချစ်ခြင်း ဟုသတ်မှတ်ရပေမည်။ သို့သော် ထို့ထက် ပိုသော အခါ ပြောစရာ စကားမရှိ ၊ 
ဘာသာစကား လက်မဲ့ ၊ ကျွန်တော် က်ျသို့ဆိုမည်။ ကျွန်တော် `နွယ့်´ အပေါ်မှာ ရှိနေတဲ့ ချစ်ခြင်း+++၊ 
>အချစ် က်ျသို့ပင် ဆိုရချိမ့် ၊ ကျွန်တော်တို့ ဘာသာစကားမှာ မရှိသေး ၊ သင့်သလိုသာ ဆိုရမည် ၊
`နွယ်´ ကိုချစ်သည် ၊ က်ျသို့ပင် ရိုးရှင်းစွာ ကျွန်တော်ဆိုမည် ၊ သို့သော် ကျွန်တော် အားမရ ၊
ထပ်ရ်ျ ဆိုပါမည် `နွယ်´ ကို ချစ်++ သည်။ ဟုတ်တယ် `နွယ်´ ၊ `နွယ်´ ဆိုသည်မှာ
ကျွန်တော်ကိုးကွယ်သော နတ်ဘုရားမ တစ်ပါး လည်းဖြစ်သည်။ 
ကျွန်တော်၏ ကြောက်ရွံ့မှု ၊ စိုးထိတ်မှု ၊သိမ်ငယ်မှု အားလုံးကို စင်စေလျက်
ပျော်ရွှင်ခြင်း ၊ ပြည့်စုံခြင်း ကို လက်ဆောင်ပေးသည်။ 
က်ျသို့ ကိုယ့်ကို အကျိုးပြုသူကို နတ်အဖြစ် ကိုးကွယ်ကြသော အစဉ်အလာကို ကြားဖူးသဖြင့် 
`နွယ့်´ ကို ကျွန်တော် ကိုးကွယ်သည်။ 
`နွယ်´ခွဲသွားမှာ ကြောက်သည်။ `နွယ့်´အချစ် တို့ 
ကျွန်တော့်ပေါ် လျော့နည်းသွားမည်ကို ကြောက်သည်။ 
`နွယ့်´မျက်နှာလေး ပျက် ၊ စိတ်ညစ်သွားမှာ ကြောက်သည်။ 
က်ျသို့ အကြောက်တရားကို ယဇ် ပူဇော်ကြသော အစဉ်အလာကို ကြားဖူးသဖြင့် 
`နွယ်´ ကို ကျွန်တော် ဟူသော လူတစ်ကိုယ် အဖွဲ့အစည်း ၊ သိမှု အဖွဲ့အစည်း ဖြင့် 
`နွယ့်´ ကိုယဇ်ပူဇော်ပါသည်။
Hyper Totem - Zach Jphnsen


`နွယ်´ ခံယူပါကုန် ၊ 
`နွယ်´ ကျွန်တော့်ကို ကောင်းချီးပေးပါကုန် ၊ ချစ်မြတ်နိုးပါကုန် ၊ 

က်ျသည်မှာ `နွယ့်´ကိုချစ်သည် ဟု
ကိုယ်စားပြုသော ကျွန်တော့်အတွက် လူအဖြစ်ကို ပေးသနားခြင်း ဖြစ်သည်။ 
ဂုဏ်သိက္ခာ ကို ပေးအပ်ခြင်းဖြစ်သည်။ ကမ္ဘာသစ်ကို ဖန်တီးပေးခြင်းဖြစ်သည်။ 
လူ နတ် စည်းစိမ် တို့၏ အမွန် ကို ပိုင်ဆိုင်စေခြင်းဖြစ်သည်။ နိဗ္ဗာန်သို့ မျက်မှောက် ပြုရခြင်း ဖြစ်သည်။
`နွယ့်´ ကို ကျွန်တော် ချစ်နေရခြင်း၊ မြတ်နိုးရခြင်း ဖြစ်တော့သည်။


ထွန်းနွယ်

(သူမ ပိုင်ဆိုင်သော စာများထဲမှ တစ်စောင် ကို ရှဲခွင့်ပေးသော ကျွန်တော်၏ချစ်သူအား ကျေးဇူးအထူးတင်ရှိပါကြောင်း)

မနေ့က အိပ်မက်များ စိမ်းပါသည်

အလို
အတောင်ပံနဲ့ ကောင်းကင်ဟာ ကြီးမားစွာ ဆက်စပ်နေခဲ့ပေါ့။
ငါမပျံတဲ့နေ့မှာ ကောင်းကင် မရွှင်ပျဘူး။
ငါတေးမဆိုတဲ့နေ့မှာ ကောင်းကင် မြူးကြွမနေဘူး။

If We Wanted To(2005) - Chris Duncan
အိမ်ဂေဟာအမှတ်နဲ့
ဒီ
အယူဝါဒ
အတွေးအခေါ်
ကျမ်းစာ
ဂိုဏ်းဂဏမှာ
ခဏလေး
နားခဲ့မိပါတယ်
အဲ့ဒါ မှားတာပဲ. .

ပျံသန်းခြင်းမှာ
ဒဏ်ရာများစွာပဲ အဖတ်တင်တယ်။

အခုတော့
' မှုန်မှုန်မွှားမွှား၊ ဝိုးတဝါးရယ်
ရှေ့ကဘာဆီ၊ ရှိလိမ့်မည်လဲ. . '
မသိနိုင်ဘူး
ဆက်၍တော့
ပျံသန်းရဦးမယ်။

ကောင်းကင်ဆိုတာ အကျယ်ကြီး
ငှက်ကလေး ဘယ်လို
ပျံ.. ပျံ..
..
ဆက်သာ ပျံ။        ။

ချမ်းညီချို

ဌက်

(က)
ညတွေဘာသောက်ခဲ့လဲ မသိဘူး ဆိုတော့
အမြီးအမောက်တွေ ဘယ်တွေဘယ်မှာတွေ ဘယ်ပုံဘယ်ကဲ့သို့တွေ
တိမ်တွေ အချိန်တွေ ဘယ်ကိုရွေ့နေတယ်ဆိုတာ မသိဘူး
ဘာတွေဖတ်ပြီ ဘာတွေရေးနေတယ် မသိဘူး
လူတွေ လမ်းတွေ ဇာတ်လေးတွေ ဘယ်ကိုသွားနေတယ် မသိဘူး၊
ဒီတော့ မေးပြီ. . .
ပင်လယ်ထဲမှာ ငါးတွေ ရှိသလို
ဒီဘက်မှာ အခြားတဘက် ဆိုတာရှိနိုင်တယ်
(ရှိနိုင်ခြေများတယ်)
ဘယ်ဘက်မှာ ညာဘက်ရှိသလိုမျိုး
အလင်းမှာ အမှောင်ရှိတယ်
ပြတင်းမှာ ရှုခင်းရှိတယ်
မေးခွန်းတိုင်းအတွက် သင့်တော်တဲ့ အဖြေဆိုတာ ရှိသင့်တယ်
မသေချာဘူး၊
ဆက်ပြောချင်တယ်. .
အခြားတဘက်မှာလည်း ဒီဘက်ရှိတယ်/ ရှိနိုင်တယ်
လူဖြစ်ခြင်း တခုလိုမျိုး သိဖို့ခက်တယ် နက်တယ်
ကျားကြီးခြေရာ ကြီးသလိုပေါ့
အာကာသတွင်းနက်ကြီးတွေလိုပေါ့
တခါတလေတော့လည်း ရှာရှာကြံကြံ ဆိုက်ဆိုက်မြိုက်မြိုင်
ထောင့်တထောင့်မှာ ထိုင်နေတတ်သေးတယ်
ကြောင်နက်တကောင်လိုပေါ့
ဖွတ်ထားတဲ့ လက်သည်းအောက်မှာ
မှောင်မဲနေတဲ့ ဆိုက်ဘေးရီးယား လွင်ပြင်ကြီး ရှိတယ်
လျှိုဝှက်သိပ်သည်မှုတွေ ထူထူထပ်ထပ် ရှိတယ်
မြူဆိုင်းနေတဲ့ ပန်းချီကားတချပ်ရှိတယ်
ဒီဘက်ရဲ့ထွက်ခွာခြင်းက
အခြားတဘက်ရဲ့ ဆိုက်ရောက်ခြင်း ဖြစ်နိုင်တယ်။

Phoenix Dird(1982) - Mary Alice Bennett
(ခ)
အစုန် အဆန် ရထားတွေ ဆန်ကျင်ဘက်ကို ခုတ်မောင်းကြသလိုမျိုး
အဆုံးမရှိ မိုးကုတ်စက်ဝိုင်းကိုယ်စီနဲ့ ညလွင်ပြင်ကို အသိမဲ့စွာ လိမ့်ဆင်းကြ
ဖြတ်သန်းကြ အစမရှိ အဆုံးမရှိကြ ပိတ်ရက်မရှိ အားလပ်ရက်မရှိကြ
အကောင်အထည်မရှိကြ အစိုင်အခဲမရှိကြ အရေအတွက်မရှိကြ
အရောင်အဆင်းမရှိကြ အနံအရသာမရှိကြ ခံစားမှုမရှိကြ
ရှိခြင်းဆိုတာ မရှိခြင်းပဲလို့ ယုံကြည်မှတ်ထင်ထားကြ
တခါတခါတော့လည်း အရွယ်အစား စုံစုံလင်လင်နဲ့
ကြည့်မှန်ရှေ့မှာ ဆုံရော
ရှေ့တိုးကြ နောက်ဆုတ်ကြ ရီပြကြ မဲ့ပြကြ
မျက်လုံးချင်း ဆုံကြတာတောင် နှုတ်ဆက်ဖို့ သတိမရကြဘူး
ဒုက္ခကိုယ်စီနဲ့ မောင်းနင်နေရလို့ အိမ်မက်လိုပဲ
နိုးလေမက်လေနဲ့ ပစ်(စ)တင် တခုခုတ်မောင်းသလို
အိမ်မက်ချင်း တိုက်မိတော့မှ ဖက်ငိုကြ ဖက်ယိုကြ
အိပ်နေရင်းက မျက်ရည်ဝဲကြ ဘယ်သူက ဘယ်သူ့ကို
ဘာလို့ ထားခဲ့တာလဲ. . .
ဘာမှမပြောနိုင်ဘူး ငိုနေရလို့ ငိုနေကြလို့
ငိုရင်းနဲ့နိုးတော့ လက်တွေ့လို့ ဆိုကြတဲ့ဘဝ ထဲမှာ
နံရံသာခြားတဲ့ အခန်းဖော်တွေလို မဆုံဖြစ်ကြဘူး မပြောဖြစ်ကြဘူး
လျှာတွေပြတ်ထားသလို
ကိုယ်အမြီးကိုယ်မျိုရင်း စက်သွားတခု ကြိတ်စားသလို
ကုန်ချောထုတ်ဖို့ပဲ စိက်ကူးနေကြရလို့
မလိုအပ်တော့သည်များကို သင်္ဂြိုဟ်ကြရတယ်
မြင်မြင်ချင်းပဲ အငမ်းမရ သရဏဂုံတင်ကြတယ်
ကြားကြားသမျှ. . .

အမျှ. .

အမျှ. .

အမျှ. . . . . . တဲ့။                    ။



အူသောင်

ဖတ်ချင်နေသော သေတမ်းစာ


ခင်ဗျားလိုမျိုး တုနှိုင်းမဲ့ရတနာလေး တစ်ယောက်လို ချင်လိုက်တာ

ဘယ်လို မျှော်လင့်ချက်နဲ့ အသက်ရှင်ပြီး

ဘယ်လို စိတ်ချမှုနဲ့ ထားရစ်ခဲ့သလဲ

ရာဇ၀င်များရဲ့ သတို့သမီး ခင်ဗျားမရှိတော့ မုဆိုးမ ဖြစ်ရပြီ

ဂျပ်ဆင်ထက်မှာ လပြည့်တိုင်း လမသာတော့ဘူး ကိုငှက်

ကျွန်တော်တို့ စကားလုံးမရှိတဲ့ ကောင်းကင်မှာ လေဟုန်စီးလိုက်

လေကိုဆန်လိုက်နဲ့ပဲ. . . ။

ရထားဥသြသံကြားလည်း အမေ့ကို အိမ်ကို မပြန်နိုင်တော့ဘူး

အနမ်းတစ်ခုဟာ လွမ်းသူ့အိပ်မက်တဲ့ လားဗျာ

အနမ်းဟာဘယ်မှာလဲ အိပ်မက်ဟာဘယ်မှာလဲ ကိုငှက်

ခင်ဗျားရဲ့အခါလွန်မိုးက အငြိုးနဲ့ ရွာတယ်

ဒါပေမယ့် နောက်ဆက်တွဲမုန်တိုင်းတွေ ဘယ်ကပါလာသလဲ

အဓိပတိလမ်းမှာ ဘယ်သူ့ခြေရာမှ မကျန်တော့ဘူး ကိုငှက်

ဒီအခု ဒီလောကမှာ ခင်ဗျားရဲ့ အလွမ်းရဲ့မီးလျှံတစ်ခုတည်း တောက်လောင်တာ မဟုတ်တော့ဘူး

အားလုံးဟာ အလျှံတညီးညီးပဲ

ကိုငှက်. . .

ခင်ဗျား ဘာကို စိတ်ချလက်ချ ထားခဲ့တာလဲ ကိုငှက်. . . ။        ။


ဖိုးခွား

01/08/2010

ရေနည်းငါး

အို အချစ်ရေ. . .
မင်းရဲ့အလှမှာ မယစ်မူးခဲ့ပေမယ့်
မင်းရဲ့ ဘဝထဲ မူးယစ်ခဲ့သူရယ်ပါ။
http://pixdaus.com

ပျော်ပျော်နေ သေခဲ
ရှင်ရဲဖို့လဲ လိုရဲ့
ရုန်းရင်း ကန်ရင်းနဲ့
ရုန်းရင်းဆန်ခတ်
ခက်ခဲလှချီရဲ့။

မသေချာခြင်း ရထားရယ်
ဒီဘူတာကိုမှ သေသေချာချာ
ရွေးပြီး ဆိုက်ကပ်ထားရလား။

မကျေနပ်ခြင်း နံရံတွေပေါ်
သက်ရောက်ခဲ့တဲ့ လက်သီးတွေက
ဘဝကို ပြန်လည်
ဝဝလင်လင် စားသုံးပစ်ခဲ့လေရဲ့။

အဆင်မပြေခြင်း ဧည့်တွေကလည်း
ငါ့ဆီမှာ နေဖို့ထိုင်ဖို့ အဆင်ပြေလှချီရဲ့
တိုက်ဆိုင်မှု အလေ့ကျ အပင်တွေရယ်
တိုက်တိုက်ဆိုင်ဆိုင်ကို
ငါ့ရင်အုံမှာ စီစီရီရီ
အစီအစဉ် တကျ
အမြစ်တွယ် ရှင်သန်လှချီရဲ့။

အောင်မြင်မှုရဲ့ တန်ဖိုးကို
ရှုံးနိမ့်ဖူးတဲ့ လူလောက် သိပါဦးမလား
ရခဲလှတဲ့ လူ့ဘဝရယ်
ရတုန်းလေး ခဲ ခဲ့ချင်တယ်ကွယ်။


ငွေဆိုတဲ့ နတ်ဘုရားရယ်
ကိုးကွယ်သူကိုပဲ မ စ တတ်သတဲ့လား
တခါတလေများ အကျွန် ငမိုက်သားအား
ကိုယ်ထင်ပြလှည့်ပါ
ငါးဖြစ်ပြီး ရေမကူးရတဲ့ ဘဝ
နုံချာ လွန်းလို့ပါကွယ်။

ကောက်ရိုးလေး တမျှင် ဆုပ်ကိုင်ဖို့တောင်
လက်တွေကလည်း အားဖျော့လှချီရဲ့။

အထီးကျန်လွင်ပြင်မှာ
ဘဝရဲ့ အမောတွေနဲ့ နွမ်းလျမိတိုင်း
အချစ်ရေ. . . မင်းကို တမ်းတမိတယ်။


မောင်ရင်ငဇေ

အခန်းနံပါတ် (၁၁)

ဇွမ်ဘီဆန်ဆန် လျှံကျတဲ့. . . ည
ကျဲကျဲနဲ့ ဖွဲဖွဲ ကြောင်အော်သံ
ချောက်ချားခြင်းရဲ့ အတ္ထုပ္ပတ္တိ
ပင်လယ်ကြမ်းပြင်မှ သေတ္တာနက်
လွမ်းနာကျရောင် ငါးအကြေးခွံ
အခေါင်းရိုက်လို့ ပလောင်ကို ထမ်း
မနှေးပဲ လေးလေးနဲ့ မှန်မှန်
အခွံခွါရင်း ဒီတောင်တော့တက်
'မြဲစိမ်းလန်း ပင်ပျိုရွက်နု' တဲ့။
(ငါ)များပြည်သူဖို့ ရီတိုးဆေး၊
မျက်တမှိတ် လျှပ်တပြက်အတွင်း
အစစ်အတု အမှန်အမှား
သေကြွင်းတူးလို့ မြေမြုပ်သဂြိုဟ်
ဗီလိန်တယောက် ဇေတဲ့ညများ
အင်း. . ဟုတ်တယ်၊ ဒါမျိုး ရိုးနေပြီ။

http://www.moneywise.co.uk
သို့သော်
မျက်နှာ မများ/ပျက်ရင် ပြီးရော
သို့သော်
မျက်နှာရိပ်/ကဲ ရှု အီပေရော့
အင်း. . . ဒါလဲ ဟုတ်နေပြန်ပါရော။
အကြောတည့်အောင် အချိုတော့ကျွေး

သို့သော်
ခွင့်မပြုနဲ့၊ နောက်ကျခဲ့ပြီ
ဆင်တူယိုးမှား သတိပြုရင်း
. . . . . . . . . . . . . . . . .
ခွင့်လွတ်ပါ။


သို့သော်

ပြီးတော့လဲ ပြီးသွားတာပါပဲ။        ။



ယိုဒါရှီးမား

25/07/2010

မာရီယာ

မင်းကိုယ်မင်း
ဒီခေတ်ကြီးရဲ့ နိမိတ်ပုံလို့
ပြောတတ်တဲ့ မာရီယာ။

ဘ၀အဖော် ဆိုတာ
ကျွန်မအတွက် ကွန်ဒုံးနဲ့ တားဆေး
ပါပဲဆိုတဲ့ မာရီယာ။

The Moon Woman -Jason Pollock
မင်းရဲ့ အပြုံးတစ်ချက်နဲ့
သံခဲတွေကိုတောင် အရည်ပျော်
စေနိုင်တဲ့ မာရီယာ။

မင်းဟာ ပထမဆုံး
ယောင်္ကျားတွေကို တရားဝင်
လူကုန်ကူးသူ မိန်းမလှပဲ။

ကလီယိုပါထရာဟာ
နိုင်ငံအတွက် သူ့အလှကို
အကြိမ်ကြိမ် အသုံးပြုခဲ့တယ်
မင်းကတော့၊ မင်းအတွက်မင်း
မင့်အလှကို အကြိမ်ကြိမ်
စတေးပစ်ခဲ့တယ်။

`ခန္ဒာကိုယ် တစ်ခုလုံးဟာ
ခံစားစရာချည်းပဲ
ခံစား စံစား ရမယ့်အရာမှန်သမျှ
ကျွန်မ တပ်မက်တယ်´၊ ဆိုပါလား။

မူးရင် မင်းငါ့ကို
ဖုန်းဆက်ပြီး လှမ်းခေါ်မယ်၊
အမြဲ ရှိနေစေချင်တယ်၊
မင်း ပြောတာပဲ။

ချစ်ခြင်းမေတ္တာ ဆိုတာ
နှုတ်ခမ်းနီတစ်တောင့်
ဖိနပ်တစ်ရံလောက်
အရေးမကြီးပါဘူး၊ ဟုတ်လား။

ကမ္ဘာပေါ်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ အားလုံး
အချစ်ကြောင့် ဖြစ်ခဲ့ပါတယ်ဆိုတာ
မင်းဘယ်လိုမှ မယုံနိုင်ဘူး ၊ မဟုတ်လား၊

ဟော. .
မင်း အခု အမူးပြေသွားတော့
ငါ့ကို ငါးညှီနံ့လောက်တောင် မသတီ
ပြန်ပါဘူးတဲ့။

(ဟား ဟား)

မင်းအကြောင်းတွေ မပြောချင်လို့
ပြောနေရပြီ
. . . . . . . . . `မာရီယာ´။ ။

ထွန်းနွယ်

နွေရာသီမှာပွင့်တဲ့ပန်း

တစ်နေ့ တစ်နေ့ လျှောက်လာလိုက်တဲ့ လမ်းတွေ
မြောင်းလည်းပေါက်ပြီ၊ ချောင်းလည်းပေါက်ပြီ

At Summer's End
ရေသာများ၍ ငါးမတွေ့ 
ကိုယ့်အခက်အလက်နဲ့ ကိုယ်တိုင်ကဝေေ၀ဆာဆာ
အရိပ်နေလည်း နေ၊ အခက်ချိုးလည်း ချိုး
နောက်တခေါက်မိုးကျရင် ငါက ပြန်ပွင့်ဦးမှာ
ဆေး. . . ဆေး. . . ဆေးကြောသန့်စင်
မင်း ဒီလိုအမှိုက်သရိုက်တွေကြား နေလာတာ ဘယ်လောက်ရှိပြီလဲ တဲ့ 
မင်းတို့ အမျိုးထဲမှာကော ဒီလို အမှိုက်သရိုက်တွေကြား
နေတဲ့သူ ရှိသလား တဲ့
ဒီရာသီထဲ ရုပ်ရော နာမ်ရော ကြွေကြွေပစ်နေရတာ
ရှိစေတော့ ရှိစေတော့
အမှန်က မနက်ဖြန် ဆေးရုံကဆင်းမှာ
မိမိသဘောနှင့် မိမိ ဆေးရုံကဆင်းကြောင်း လက်မှတ်ထိုးရမယ်
လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်
မြစ်တစ်ခုလုံး မျောသွားတဲ့အခါ
( လျှပ်စစ်မီးများခေတ္တဖြတ်တောက်ထားသည်)
. . . .
. . . .
. . . .
ရှာတွေ့ သလား အလင်းကို
မိုးလင်းရင် လမ်းတွေ ပြန်လျှောက်ဦးမှာပဲ
ဆေးရုံ ပြန်မတက်ဘူး၊ ပုလင်းကြီး မချိတ်တော့ဘူး
ငါ ယပ်တောင် တဖျပ်ဖျပ်ခတ်ရုံသာ တတ်နိုင်တော့တယ်။


ဖိုးခွား

နင်လားဟဲ့ ယုံကြည်ချက်

Blu-Belief - Matthew Rice
ကဲ. . . အိပ်ပုတ်ကောင်ကြီး
ထတော့။

စီးဆင်းနေတဲ့ ရေစီးကြောင်းထဲ
မဆိုစလောက်၊ အနည်းအကျဉ်း နဲ့
ဖူလုံကျေနပ် အဟုတ်ကြီးမှတ်မနေနဲ့။

တကယ်တော့
မဆိုစလောက်၊ အနည်းအကျဉ်း ဟာ
ပုန်းအောင်းနေတဲ့ အများကြီးရှိသေးတယ်ဆိုတာ
ညွှန်ပြနေတဲ့ သက်သေအထောက်အထားဖြစ်တယ်။

ဝက်ခြံကို အနာလုပ်နေတာတွေ ရပ်လိုက်. . !
ကြားလား
သုခမိန်လှိုင်ရဲ့စကား. . .
"အဲဒီတုန်းကသာ ဒီငနဲတွေရှိရင်
ဗန်ဂိုးရဲ့ နေကြာပန်းတွေ
ပွင့်မှာ မဟုတ်ဘူးကွယ်" တဲ့။

ကဲ. . . အိပ်ပုတ်ကောင်ကြီး
ထတော့။  ။

ချမ်းညီချို

စိတ်ကျောင်းခြင်း

ရာသီဥတု လိုအပ်ချက်ကိုလား။
လူတွေ တင်ပြတဲ့ ပေါ်ပြူလာဖြစ်မှုကိုလား။
ပြောင်းလဲ တိုးတက်မှုကိုလား။
အရည်အသွေးကျဆင်းမှုကိုလား။
ရေရှည် စီမံကိန်းကိုလား။
ရေတို လျာထားချက်ကိုလား။
အချိန်ရဲ့လျော့ပေါ့ ရွှေ့ဆိုင်းခွင့် မပေးမှုကိုလား။
ဘဝရဲ့ ပြန်လည်ဖြေကြားခြင်း မရှိမှုကိုလား။
အမှားပြင်ဆင်ခြင်း သည်းခံခိုင်းတဲ့ အတိတ်ကိုလား။
လျာထားချက် မပြည့်မှီတဲ့ အနာဂတ်ကိုလား။
ဖွံဖြိုးမှု နေးကွေးနေတဲ့ လက်ရှိ အခြေအနေကိုလား။
တင်းမာနေဆဲ အရှေ့အလယ်ပိုင်းပြသနာကိုလား ။
ထိုးစစ်တိုးမြင့်ထားတဲ့ နေ့စဉ်ဘဝကိုလား။
မာနခံစစ်ကြောင်း ဖရိုဖရဲ ဖြစ်သွား/နေတာကိုလား။
ရှေ့တန်း လက်နက်ကိရိယာ ချို့တဲ့မှုကိုလား။
မသန်မစွမ်း စစ်ပြန်ရဲ့သန်သန်စွမ်းစွမ်း စိတ်ဓာတ်မျိုးကိုလား။
'ကျွဲကူး ရေပါရင်၊ ဤကို ကျွဲဖတ်' ကြတာကိုလား။
မဖွယ်မရာ နေထိုင်ပြုမူ ပြောဆိုဆက်ဆံခြင်းကိုလား။
စိတ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကိုလား။
စိတ်ရင်း ဆက်ဆံမှုတိုင်းမှာ အကာအကွယ်သုံးရတာကိုလား။
တစိတ်တဝမ်းစနစ် ကျင့်သုံးခိုင်းတာကိုလား။
စိတ်သွားတိုင်း ကိုယ်မပါတာကိုလား။
စိတ်ညိုး စိတ်ခြောက် စိတ်သေ စိတ်လွှတ်မြန်တာကိုလား။
စိတ်အားသန်/မြန်ဖို့ စိတ်အားတိုးဆေး ပုံမှန်သုံးရတာကိုလား။
စိတ်အားငယ် စိတ်ခြောက်ခြား စိတ်ဂနာမငြိမ်ခြင်းကိုလား။
စိတ်မပျော်ခြင်း စိတ်နုံးခြင်း စိတ်ပျို့အန်ခြင်းကိုလား။
လားပေါင်းများစွာဖြင့် လားစီးရင်း လမ်းပျောက်နေသော
အလိုမကျခြင်းစိတ်ကို စိတ်ရုံ/ ခြံ အတွင်း၌
စိတ်အထားအသို စိတ်အတပ်အဆင် စိတ်အပြုအမူ မှန်ကန်ပါမှ
စိတ်ပြုံးတီးမှု စိတ်ဖြုန်းတီးမှု စိတ်အလေအလွင့် နည်းမည်

Mind Uploading

သို့ကြောင့်. . . . .
စိတ်ကို လေကောင်းလေသန့်နှင့် နေရောင်ရသော နေရာတွင် ထားပါ
စိတ်လိုက်မာန်ပါလုပ်ခြင်း စိတ်အလိုမကျဖြစ်ခြင်း
စိတ်တိုစိတ်ဆိုးခြင်း စိတ်မရှည်ခြင်း စိတ်မချခြင်း
စိတ်ပူပန်ခြင်း စိတ်မကြည်လင်ခြင်းများကို ရှောင်ပါ
စိတ်ကိုပုံပါအတိုင်း စနစ်တကျ ထုပ်ပိုးပါ
စိတ်ကိုမီးနှင့်ဝေးရာတွင် အညွှန်းအတိုင်းထားပါ
တဆိတ် တအိတ် လုပ်ခြင်းများကို သတိပြုပါ
ရာသီဥတု သမမျှတလျှင် ကွင်းကျယ်ကျယ်
မြက်ကောင်းကောင်း၌
ရက်အနည်းငယ်ခန့် လွှတ်ကျောင်း၍
ခြောက်သွေ့သွားအောင်လုပ်ခြင်းဖြင့်
စိတ်ကိုတာရှည်ခံထား စားသုံးနိုင်ပါသည်။    ။

အူသောင်

24/07/2010

အဓိပ္ပါယ်မဲ့ ကဗျာ

အမှတ်မထင် တွေ့ရှိရန်
. . . . . . . . လုံလောက်သော
ပစ္စုပ္ပန်တွင်. .

 A Meaningless Moment Through A Meaningless Process

အနာဂါတ်ကို သတိရပါ။
အတိတ်ကိုကောင်းအောင်ဖန်တီးပါ။
ယနေ့သည် မနေ့ဖြစ်လိမ့်မည်။
မနက်ဖြန်မှ အကြောင်းများကို
မေ့ပစ်ပါ။

' 9/11 တုန်းက
နားချိန် ကော်ဖီသောက်နေတာ
လေတောင်ချွန်လိုက်သေး။ ´
(အတိတ်တွင် ပြောကြားမည်ဖြစ်သော
စကားများ။)
နာရေးကြော်ငြာတွင် နာမည်ကင်ပွန်းတပ်ပါ။
လူပီသဖြင်းဖြင့် ဆာလောင်ပါ။
ဂုဏ်ယူခြင်းဖြင့် နေထိုင်လိုက်ပါ။

အသက်ရှင်ဖို့မလို အသေရှင်ရန်လိုသည်။ (ငိုပါဟ၊ များများ)
လူဖြင့် ဘာသာစကားကို တည်ဆောက်သည်။
ဘာသာစကားဖြင့် ဘာသာတရားကို တည်ဆောက်သည်။
ဘာသာတရားဖြင့် အသိဥာဏ် တည်ဆောက်သည်။
အသိဥာဏ်ဖြင့် ၀ါဒများ ကွဲလွဲသည်။
ဝါဒများ ကွဲလွဲရာတွင် လူရှိသည်။
` လူရှိသည် ´ တွင် လူမရှိပါ။
` လူမရှိပါ ´ တွင် လူ အမှန်တကယ် (တကယ်) မရှိပါ။
ဒီတစ်ကြောင်းတော့ အဓိပ္ပါယ် ရှိမည် ထင်ပါသည်။
သို့သော်၊ မထင်ပါ။ ။

ထွန်းနွယ်

ပထမဆုံးနှင့် နောက်ဆုံး ရည်းစားစာ

လူတစ်ယောက်ဘဝအတွက် အချစ်ကိစ္စသည် တိုက်ရိုက်သော်လည်းကောင်း၊ ကွေ့ဝိုက်သွယ်ပတ်၍သော်လည်းကောင်း တွေ့ကြုံခဲ့ကြရဖူးသည်။ ကျွန်တော့်ဘဝ၏ ပထမဆုံးအချစ်သင်ခန်းစာသည် ကွေ့ပတ်၍ လာသည်။ သူငယ်ချင်းတစ်ယောက်က အားကိုးတကြီးနှင့် ရည်းစားစာရေးပေးရန် အကူအညီ တောင်းခံလာခြင်း ဖြစ်ပါသည်။ (ငြင်းဆို၍ မကောင်း။) စာပေရေးရာတွင် လက်စလက်နရှိကြောင်း၊ ဤသို့ အကူအညီတောင်ခံလာခြင်းကို ကြည့်၍ ခန့်မှန်းနိုင်လောက်ပါသည်။ (လက်စလက်နရှိသည် ဆိုရာတွင် သူတစ်ပါးထံမှ စာအုပ်ငှါးပြီး ပြန်မပေးပဲ ထားခြင်း၊ မိမိကြိုက်နှစ်သက်ရာ စာမျက်နှာများကို ဆုတ်ဖြဲယူထားခြင်းမျိုး မဟုတ်ပါ။ စာပေအနုပညာပစ္စည်းတစ်ခု ဖန်တီးနိုင်စွမ်း ရှိခြင်းကို ဆိုလိုပါသည်။ ဤနေရာတွင် ရည်းစားစာသည် အနုပညာပစ္စည်းတစ်ခု ဖြစ်မဖြစ်ကို ဆွေးနွေးမည် မဟုတ်ပါ။)

(အကယ်စင်စစ် ကလေးဘဝအတွေ့အကြုံများမှာ ပြန်ပြောရန် အတော်ပင် အားယူရပါသည်။)

ကျွန်တော်၏ ပထမဆုံးဖန်တီးမွေးထုတ်လိုက်သော ရည်းစားစာသည် စာမျက်နှာအားဖြင့် လေးမျက်နှာနီးပါးရှိသည်။ အပြောင်မြောက်ဆုံး စာသားအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

"မင်းရဲ့ နံဘေးက ပိုးဟပ်တစ်ကောင် အာဖရိကသို့ ထွက်ခွါသွားခြင်းကို ဝမ်းနည်းနေမည် မဟုတ်ပါ။"

"ငါ့ရဲ့အချစ်တွေ ပယ်မထုတ်လိုက်နဲ့
မိုးပေါ်က ကိုမာ. . . ငါ့အပေါ်
ဝုန်းဒိုင်းကြဲပြီး ပြိုကျလာမှာ စိုးလို့ပါ။"

"အရက်တွေမူးပြီး ဝုန်းဒိုင်းကြဲ ရန်မူဖို့ ပြေးဝင်လာတဲ့ ဆဒ္ဒါန်ဆင်ကြီးဟာ ဘုရားရှင်ရှေ့ရောက်တော့ ချက်ချင်းငြိမ်သက်ကျသွားခဲ့ရသလို၊ ဝုန်းဒိုင်းကြဲတုန်ယင်နေတဲ့ ကိုယ့်အသည်းနှလုံးတွေဟာ မင်းရှေ့အရောက်မှာတော့ ရုတ်တရက် ဆွံ့အ ထိုးရပ်သွားခဲ့ရတော့တယ်။"
(အောင်ခြင်းရှစ်ပါးထဲမှ - 'ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ' ဆိုသော ဇာတ်ကွက်ကို အခြေခံ၍ ရေးဖွဲ့ခြင်း ဖြစ်ပါသည်။)

ဤနေရာတွင် ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းသည် ဘွင်းဘွင်းကြီးပေါ်လာသည်။ အမှားအယွင်းသည် ကျွန်တော်ညံ့ဖျင်းကြောင်း အထင်အရှားပင် ပြသကြပါသည်။ (ဤစာကို လူကြီးများအားပြသခဲ့လျှင် ဤအမှားမျိုး ကြုံတွေ့ရမည် မဟုတ်ပါ။) အမှားအယွင်းသည် ထင်ထင်ရှားရှားပေါ်လွင်နေသည် ဆိုရခြင်းမှာ ဆင်တစ်ကောင်လုံး မှားယွင်းခဲ့သောကြောင့် ဖြစ်ပါသည်။ အရက်မူးပြီး ဘုရားရှင်အား ရန်မူရန်ကြိုးစားသော ဆင်ကြီးမှာ နာလာဂီရိဆင်ဖြစ်၍ ဆဒ္ဒါန်ဆင်မင်း မဟုတ်သောကြောင့် အမှားအယွင်းမှာ မြင်သာသည်ဟု ပြောရခြင်းဖြစ်ပါသည်။ (ဤအတွေ့အကြုံသည် လေ့လာမှုအားနည်းခြင်း၊ မသိပဲနှင့် ပြောဆိုခြင်း၊ လူကြီးများနှင့် တိုင်ပင်ဆွေးနွေးမှု မရှိခြင်း စသည့်အချက်များကြောင့် ရခဲ့သည်ဟု ဆိုချင်ပါသည်။)

ကောင်မလေးမှာလည်း အတော်ပင် ဒုက္ခရောက်သွားသည်။ ကျွန်တော် ဘာတွေရေးထားမှန်း သူအကုန် နားမလည်။ 'အနုပညာဟူသည် ပင်ကိုယ်က ခက်ခဲထွေပြားသည်တွင် အလွန်လျှင်မြန်သော အပြောင်းအလဲများနှင့် ပြည့်နှက်နေသည်' ဖြစ်ရာ ကျွန်တော်ဖန်တီးလိုက်သော အနုပညာပစ္စည်းတစ်ခုကို နားမလည်ခြင်းမှာ သဘာဝကျပါသည်။

သို့သော် အနုပညာ၏တန်ဖိုးသည် ကြည်နူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်း စသည့် ရသများကို ပေးစွမ်းနိုင်ခြင်းဖြစ်ရာ ကျွန်တော်ဖန်တီးသော အနုပညာတစ်ခုကို နားမလည်ဟုဆိုသောကြောင့် အောင့်သက်သက်တော့ ဖြစ်ရပါသည်။ အနုပညာ၏ ပထမ အဓိကတန်ဖိုးသည် ရသတန်ဖိုးသာ ဖြစ်သည်။ ကျွန်တော့်စာကို နားမလည်လျှင် မဖတ်ပါနှင့် သို့မဟုတ် နားလည်အောင်ကြိုးစားပါဟု ဆိုချင်ပါသည်။ (ထို့ပြင် အနုပညာ၏ အသုံးတန်ဖိုး၊ လူမှုရေးတန်ဖိုး၊ နိုင်ငံရေးတန်ဖိုး တို့ကို ရှေ့တန်းတင်၍ အဓိကဖြစ်လေဟန် ပြောနေကြသော 'ခပ်ကြောင်ကြောင်' လူတွေလည်း ရှိနေပါသေးသည်။ ထားတော့။)
Anouk Kruithof
မည်သို့ပင်ဖြစ်စေ ကလောင်သွားကား အစွမ်းထက်လှလွန်း၍ ကောင်မလေးမှာ မိဘမောင်ဘွားအစုံအလင်ဖြင့် ကျွန်တော့် သူငယ်ချင်းအိမ်သို့ ရောက်ရှိသွားပါတော့သည်။

တစ်မျိုးမတွေးစေချင်ပါ။ ရည်းစားစာ အပေးခံရမှုနှင့် ပတ်သက်၍ တိုင်ကြားခြင်းသာ ဖြစ်ပါသည်။ ကျွန်တော့်သူငယ်ချင်းမှ တဆင့် ကျွန်တော့်မိဘများထံ ရောက်လာပါသည်။ ကျွန်တော့်ထံရောက်လာခြင်းမှာ ဘာတွေရေးထားသလည်း သိချင်ရုံ သက်သက်သာ ဖြစ်ပါသည်။ တိုင်ကြားရန် မဟုတ်ပါ။ ထိုအခါကျွန်တော့်မှာ ပြန်၍ ရှင်းပြရပါတော့သည်။ (ရှင်းပြချင်စိတ် မရှိပါ။) အဘယ့်ကြောင့်ဆိုသော် အနုပညာ ပစ္စည်းတစ်ခုသည် စာရေးသူ ကိုယ်တိုင် ရှင်းလင်းစေကာမူ မူလကပေးချင်သော ရသကို ရချင်မှ ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ရှင်းလင်းချက်တစ်ချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

"မင်းရဲ့ နံဘေးက ပိုးဟပ်တစ်ကောင် အာဖရိကသို့ ထွက်ခွါသွားခြင်းကို ဝမ်းနည်းနေမည် မဟုတ်ပါ။"
ပိုးဟပ် = ညစ်ပတ်၍ အသုံးမတည့်သော ပိုးမွှားတစ်ကောင်
အာဖရိက = ဝေးကွာသော အရပ်တစ်ခု

ကောင်မလေးမှာ ချောမောသောကြောင့် အနားတွင် ယောက်ျားလေးမျာစွာ ဝိုင်းနေသည်ဖြစ်ရာ ထိုသူများမှာ ကျွန်တော့်သူငယ်ချင်းအတွက်တော့ ပိုးဟပ်များသာဖြစ်ပါသည်။ ထိုသူများမှ တစ်ယောက်ယောက် အဝေးသို့ ထွက်ခွါသွားလျှင် ကျွန်တော့် သူငယ်ချင်းမှာ ဝမ်းနည်းနေမည် မဟုတ်၊ ဝမ်းသာလိမ့်မည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါသည်။ (ကောင်မလေးအိမ်တွင် ပိုးဟပ် ရှိလား မရှိလား ကျွန်တော် မသိပါ။)

"ငါ့ရဲ့အချစ်တွေ ပယ်မထုတ်လိုက်နဲ့
မိုးပေါ်က ကိုမာ. . . ငါ့အပေါ်
ဝုန်းဒိုင်းကြဲပြီး ပြိုကျလာမှာ စိုးလို့ပါ။"


ဤနေရာမှာ ကိုမာသည် အလှဖန်တီးရှင် လူ 'ကိုမာ' မဟုတ်ပါ။ ရောဂါနာမည် ကိုမာ (Coma) ဖြစ်ပါသည်။ ကိုမာရောဂါသည် မေ့မြောနေသော၊ ကြာရှည်သတိလစ်နေသော ရောဂါတစ်မျိုးဖြစ်ပြီး၊ ဤရောဂါခံစားနေရသူသည် အသက်ရှင်လျှက်နှင့် သေနေသူတစ်ယောက်ကဲ့သို့ ဖြစ်နေသောကြောင့် ကောင်မလေးက အချစ်ကို ငြင်းပယ်ခဲ့လျှင် ရှင်လျှက်နှင့်သေရပါမည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။ (ကိုမာရောဂါအကြောင်း အသေးစိတ်သိလိုလျှင် ဆေးပညာရှင်များထံတွင် မေးမြန်းနိုင်ပါသည်။)

ထိုအချိန်မှစ၍ မည်သည့်အကြောင်းနှင့်မှ ကျွန်တော် ရည်းစားစာ မရေးတော့ပါ။ ပထမဦးဆုံးသော ရည်းစားစာသည် ရသ မမြောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျွန်တော့် ဘဝ၏ ပထမဆုံးသော အချစ်သင်ခန်းစာသည် ဤသို့ ကွေ့ပတ်သွယ်ဝိုက်၍ ကျွန်တော့်ကို တိုက်ရိုက် သက်ရောက်မှု ရှိခဲ့ပါသည်။ (ထို့ကြောင့် ရည်းစားစာရေးပေးဖို့ အကူအညီတောင်းခြင်း သည်းခံပါ။)

ချမ်းညီချို