06/05/2010

အလုပ်သင်ဆရာဝန်တစ်ဦး၏ နေ့ စဉ်မဟုတ်သော မှတ်တမ်း

ဒီဆေးရုံပေါ် တက်လာတဲ့ ခြေလှမ်းတွေကို ပြန်ပြီး ငုံ့ကြည့်မိတယ်
တစ်သက်နဲ့ တစ်ကိုယ် ဘာအတွက် လျှောက်နေမှန်းမသိတဲ့ ခြေလှမ်းတွေ
အခုမှ တစ်ကယ့်ကို အခုမှ ပြန်ငုံ့ကြည့်မိတယ်…

' တစ်ယောက်ယောက်က မင်း ဘယ်သွားနေသလဲ' လို့ မေးမှာကို သိပ်ကြောက်တယ်
အရင်က အားလုံး ရှိခဲ့တယ် ငယ်ငယ်လေးဟိုးတုန်းက အားလုံး ရှိခဲ့တယ်
ဘွဲ့ဝတ်စုံကြီး ရှိခဲ့တယ်၊ ခွဲစိတ်ခန်းသုံး ဓါးတစ်ချောင်း ရှိခဲ့တယ်
စာအုပ် အထူကြီးတွေ ရှိခဲ့တယ်၊ ကိုယ်တိုင် တက်ပြောတဲ့ ဟောပြောပွဲတွေ ရှိခဲ့တယ်
လူနာတွေ အများကြီး ရှိခဲ့တယ်၊ ဆေးတွေ အများကြီး ရှိခဲ့တယ်
ဝင့်ကြွားနေတဲ့ အမေ့မျက်နှာ ရှိခဲ့တယ်
ကျေနပ်နေတဲ့ အဖေ့မျက်နှာ ရှိခဲ့တယ်
ဖိုးခွား ဆိုတဲ့ကောင်မှာ ငယ်ငယ်တုန်းက အားလုံး ရှိခဲ့တယ်

တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ ငယ်ငယ်လေး
ဟိုးတုန်းက ရှိခဲ့တာတွေ မရှိတော့ဘူး

ငါသိဖို့ အများကြီး ကျန်သေးတယ်
ပြီးတော့ မသိချင်ယောင်ဆောင်ဖို့ အများကြီး ကျန်သေးတယ်

နှစ်တွေ အများကြီးကြာတဲ့အထိ
မျက်စိကန်းနေတဲ့ လူတစ်ယောက်
လမ်းကတော့ လျှောက်တယ် ဟိုလမ်းတွေ့ လည်း ၀င်တယ်
ဒီလမ်းတွေ့ လည်း ၀င်တယ်
ဘယ်ရောက်မယ်လည်း မသိဘူး တချို့တွေနဲ့ လက်တွဲလျှောက်တယ်
တချို့တွေနဲ့ လျှောက်ရင်း ရန်ဖြစ်တယ်
တချို့တွေနဲ့ အတူနားတယ်၊ တချို့တွေနဲ့ အတူစားတယ်
ဘယ်ရောက်မယ်လည်း မသိဘူး
ဘာတွေပြောနေကြတာလဲ ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ
' ရပ်နေရင်တော့ မင်းခွေးလုံးလုံးဖြစ်မှာပဲ ' လို့ ဘာလို့ လာပြောနေကြတာလဲ
ကျွန်တော် လျှောက်လာခဲ့တာ ခုနှစ် နှစ် ရှိပြီ
ကျွန်တော် ဘယ်ရောက်နေသလဲ နောက်တော့ ကျွန်တော်ဘယ်ဆက်ရောက်ဦးမှာလဲ
ခင်ဗျားတို့ သိသလား

ခင်ဗျားတို့ ဆူမယ် ဆဲမယ် အပုပ်ချမယ်
ဒီမယ်…. ခင်ဗျားကို ခင်လို့ တိုးတိုးလေးပြောခဲ့မယ်
လမ်းဆိုတာ အမြဲလျှောက်နေဖို့ ချည်းပဲ မဟုတ်ဘူး
တခါတရံ ကားကြုံ လိုက်ရတယ်
တခါတရံ ကုန်းပိုးခေါ်သွားတဲ့လူ ရှာရတယ်
ကျွန်တော် ခုနှစ် နှစ် လျှောက်ခဲ့ပြီးပြီ ခင်ဗျားလည်း နှစ် နှစ်ဆယ်လောက် လျှောက်ခဲ့ပြီးပြီ
http://obeygiant.com/

ခင်ဗျား ဘယ်ရောက်နေသလဲ ကျွန်တော် ဘယ်ရောက်နေသလဲ
ခင်ဗျားလည်း မသိဘူး ကျွန်တော်လည်း မသိဘူး
ခင်ဗျားပြောသလို ပစ္စုပ္ပန်ကျကျသာ နေခဲ့ရင်
ကျွန်တော့်ကိုယ်ပေါ်မှာ အ၀တ်အစားတောင်ပါမှာ မဟုတ်ဘူး

ကျွန်တော် တခါတရံ မသိချင် ယောင်ဆောင်တယ်
ကျွန်တော် တခါတရံ ဘာမှ မသိဘူး. . .
ဘာမှ မသိရတာ မသိချင် ယောင်ဆောင်ရတာထက် ပိုကောင်းတယ်

တခါတလေတော့ ကျွန်တော်တစ်ယောက်တည်း ငိုချင်တယ်
တခါတလေတော့ ခင်ဗျားတို့ကိုရီချင်တယ်
ငယ်ငယ်လေး ဟိုးတုန်းက ကျွန်တော့်မှာ အများကြီးရှိခဲ့တယ်
ခင်ဗျားသိလား
ပြီးတော့ ကျွန်တော် အများကြီး (အခုဆိုရင် အားလုံး) မရှိတော့ဘူး
ခင်ဗျားသိလား
ကျွန်တော် လာမယ့်လမ်းဟာ ခင်ဗျားရှိမယ့်နေရာ မဟုတ်ဘူး
ခင်ဗျားသိလား
ကျွန်တော် လာမယ့်လမ်းဟာ ဘယ်သူရှိနေတဲ့နေရာလဲ ကျွန်တော်လည်းမသိဘူး
ခင်ဗျားသိလား
လမ်းလျှောက်နေတဲ့ ကျွန်တော့်ကို ကျော်တက်သွားတဲ့ ကားတွေအကြောင်း
ခင်ဗျားသိလား
လမ်းလျှောက်နေတဲ့ ကျွန်တော့်ကို ၀င်တိုက်သွားတဲ့ ကားတွေအကြောင်း
ခင်ဗျားသိလား
ပန်းတိုင်ဆိုတာ ဘယ်လိုအရာကို ခေါ်သလဲ ခင်ဗျားသိလား

ဒါပေမယ့် ကျွန်တော် တစ်ခုတော့ သိတယ်
ခင်ဗျား အားလုံး သိတယ် ပြီးတော့ အားလုံးကို မသိချင်ယောင်ဆောင်တယ်
ခင်ဗျား အဲ့လို နေရတာ မပင်ပန်းဘူးလား
အဲ့လိုကြီး မသိချင်ယောင်ဆောင်ပြီး လူတတ်ကြီးလုပ်နေရတာ
မရှက်ဘူးလား
မင်းကြီးတာကထွက်တဲ့ ရွှေသမင်ကို မဖမ်းနိုင်ဘဲ
ဒီခွေးအတောထဲ အမဲလိုက်ရတာ မရွံရှာဘူးလား

ခင်ဗျားလောက် ဆင်ခြင်တုံတရားမရှိတဲ့ လူတွေကို အဘခေါ်ပြီး ခင်ဗျားထက် ဆင်ခြင်တုံတရားရှိတဲ့သူတွေကို နလပိန်းတုန်းတွေ လို့  ပြောနေရတာ စိတ်မပျက်ဘူးလား

ဘာပဲဖြစ်ဖြစ် ခင်ဗျားတော်တယ် ဘာမှမသိတဲ့ ကျွန်တော့်နားမှာ ပုံစံမပျက် မသိချင်ယောင်ဆောင်နိုင်တဲ့  ခင်ဗျားကို ကျွန်တော် လေးစားတယ်
လေးစားတဲ့အထိမ်းအမှတ်ကလေးအနေနဲ့ . . .
ကျွန်တော့်ရဲ့အိပ်မက်ကလေးတွေ အချဉ်ရည်နဲ့ တို့စားသွားပါဦးလား။


ဖိုးခွား

No comments:

Post a Comment