23/05/2010

ကျိန်သံ

ပူနွေးရာကို ချီတက်နေတဲ့ အပြာကောင်ကြီးပေါ်မှာ ငါတို့နေတယ်
အတက်မျဉ်းပြနေတဲ့ လူဦးရေဇယားက ငါတို့ အမှတ်အသား
စစ်မြေပြင်၊ ပြုန်းတီးသစ်တောအောက်က ပျောက်ကွယ်သွားတဲ့
သားကောင်နဲ့ ကွဲထွက်လာတဲ့ ပူနွေးမှု
အမြင့်အောက်က ဆူပွက်နေတဲ့ပင်လယ်ရေ
ရွေ့သွားလမ်းကြောင်းပေါ်မှာ ပျောက်သွားတဲ့အသက်
ခြောက်ခမ်းသွားတဲ့ အင်းအိုင်
တိုက်ကိုက်ခိုက်ဆွဲ၊ တလွဲဆံပင်ကောင်း၊ အလစ်အငိုက်ချောင်း
လစ်ရင်နှိုက် မိရင်တိုက် ကောင်းတုန်း
တိရစ္ဆာန်လို အုပ်စုဖွဲ့နေတတ်တယ်
ဟေးလားဟားလားကြိုက်တယ်
အမှားတွေကို မှန်သလိုလုပ် ကွယ်ထားတတ်တယ်
အတွင်းက ပုပ်၊ ဟန်ဆောင်မိတ်ကပ်နဲ့ ခြယ်ထားတတ်တယ်

သွားမပြောနဲ့. .
ဘာသာတရားနဲ့ တွယ်ထားလိမ့်မယ်

Chess Art#1
အနောက်မှာလည်း ခွက်ပုံးတွမ်တတ်တယ်
လက်ဆွဲနှုတ်ဆက်ပြီးရင် လက်ကိုက်တတ်တယ်
မိတ်ဆက်ပြီးရင် မိတ်လိုက်တတ်တယ် (အတင်းအဓမ္မ)
မိရင် ပြန်ပေးတတ်တယ်

ရိုရင်.. ဟိုင်း! မရှိရင်.. ဒိုင်း!

Chess Art#2
မရှိတရှိဆိုရင်.. ဝှတ်(စ်)အပ်! အပိုဖောတတ်တယ်
အပိုမပြောဘူး ဟေ့ရောင်! မယုံရင် ဟိုကောင့်ကို မေးလို့ ပုံပြောတတ်တယ်
ကြမ်းပိုးကို လိပ်လုပ်၊ ဆင်သေကို ဆိတ်သားရေနဲ့၊ အဆိပ်ကို အချိုနဲ့ ဖုံးတတ်တယ်
ခေါင်းကလေးပါ ဆိုပြီး တကိုယ်လုံးနဲ့ ဝင်တိုးတတ်တယ်
ဆရာလာပါဆိုပြီး ခြေထိုးတတ်တယ်
'လဲသွားရင် ဆောရီး' ဆိုပြီး ပြန်နင်းတတ်တယ်
စားပြီး နားမလည်၊ အိုင်တွေ့ခြေဆေးတတ်တယ်
ဘုရား၊ တရားနဲ့ လက်ကားရားကို စွပ်ထားတတ်တယ်
မှောက်မှားတတ်တယ်၊ ဖောက်ပြားတတ်တယ်
မေထုန်၊ မုသား ကျန်ခြောက်ပါး မမေ့မမှား ဆောင်ထားတတ်တယ်။

Chess Art#3 - Ben Heine

A - နေပါအုန်း..နေပါအုန်း မောင်ရင်ကဘာကောင်တုန်း!
နိုင်ငံရေး စီပွာရေး ပညာရေး အလှအပ၊အနုပညာရေး၊ ကိုယ်သာရေး၊ ဘာသာရေး
ပြုပြင်ရေး၊ တကိုယ်ကောင်းစားရေး၊ သဘာဝပတ်ဝန်းကျင်၊ ကမ္ဘာ့ရေးရာ
လက်ဝဲ/ယာ၊ တယူသန်၊ အစွန်းရောက်. . . ?
B - မဟုတ်ပါဘူးခင်ဗျ၊ အရောင်မဲ့ပါပဲ။

A - ဟေ.. တရောင်ရွေးကွာ၊ ဒီမှာ ရောင်စုံရှိတယ်။
B - အရောင်မဲ့လည်း အရောင်ပဲဗျာ။ ဘာလို့ ရွေးရမှာလဲ။
အေးအေး သက်သာနေလို့ မရဘူးလား။
လူရာဝင်ရင် အသုဘမှာ လူစည်တာထက် ဘာပိုသေးလဲ။
တကိုယ်ကောင်းဆန်တယ်လို့ ဆိုချင်သေးလား။
ဆိုဆိုငိုငို တချိန်ချိန်တော့ သေခြင်းမှာ ဆုံရမှာပဲ။
နောက်ဘဝဆိုတာ. . . . နောက်မှ။
ကောင်းကင်ဘုံ/နိဗ္ဗာန်ဆိုတာ လူတွေရဲ့ပါးစပ်စကား။
ငရဲဆိုတာ. . . အခု မင်းရောက်နေတဲ့နေရာ၊ ရှစ်ထပ်ရှိတယ် မောင်!
မင်းအထပ် မင်းသိ၊ မိုးထိအောင် လှေကားထောင် မနေနဲ့။
ဟိုမှာ ပိုလှောင်တယ်လို့ ဟိုကောင်က ပြောတယ်။

A - နေပါအုန်း။ မောင်ရင်က ဘာကောင်တုန်း. . . ! ? ! ?
B - ပုထုဇဉ်ပါ။

A - ဘာ လာလုပ်တာတုန်း?
B - ပုထုဇဉ်တယောက်အနေနဲ့ ပုဂ္ဂလိကခံစားချက်တွေကို လာဖွင့်ထုတ်တာပါ

A - ဒါပဲလား?
B - ဟုတ်ကဲ့။ ဒါပုထုဇဉ်တယောက်ရဲ့ရပိုင်ခွင့်ဖြစ်ရမှာ အသေအချာပါပဲ

A - ဘာထပ်ပြီး ပြောချင်သေးလဲ?
B - မရှိတော့ပါဘူး။

A - ဒါဆိုရင် ဒီမှာ လက်မှတ်ထိုး!
ကဲ... နောက်တယောက်. . .။

အူသောင်

No comments:

Post a Comment