04/03/2010

ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း

ဖရိုဖရဲ ဗရမ်းဗတာ ကစဉ့် ကလျား ၀ရုန်းသုန်းကား ပါပဲ။
ကျည်အပြည့်သေနတ်ကြီးထမ်းပြီး တောနက်ကြီးထဲ တ၀ဲလည်လည် ပါပဲ။
ကျွန်တော့်ရွက်ဆုတ်ပြက္ခဒိန်မှာ ရက်ရာဇာတွေ လက်ချိုးရေခဲ့ရ။
သမင်မွေးရင်း ကျားစားရင်း စိတ်ကူးတွေနဲ့ ရူးခဲ့ရတာပါပဲ။
ဖော်လိုက် မြှုပ်လိုက်၊ ပေါ်လိုက် မြုပ်လိုက်ပါပဲ။
အရက်၊ လောင်းကစား၊ မိန်းမနဲ့  ဘောလုံးပွဲကို စိတ်ဝင်စားခဲ့။
မူးချင်ယောင်ဆောင်ပြီး တစ်လောကလုံးကို အော်ဆဲခဲ့ဖူး။
အသက်အတွက် အရှက်ကိုထိုးအပ်လိုက်ရတဲ့အဖြစ်မျိုးလည်း ကြုံခဲ့ရဖူး။
စကားများသူမောင်ပို ဖြစ်ခဲ့ရ၊ မောင်ရင်ငတေအဖြစ်လည်း မိုက်ကန်း(ပြ)ခဲ့ရ။
မေးနိုင်သမျှ မေးခဲ့၊ ငြင်းနိုင်သမျှ ငြင်းခဲ့၊ ပေးနိုင်သမျှကိုလည်း ပေးခဲ့တယ်
မားဆိုးဖြစ်ခဲ့၊ ဟိုလ်ဒင်ကောဖီးဖြစ်ခဲ့၊ ဒေါက်တာရာဂင်ဖြစ်ခဲ့။
အတွင်းမှာနေပြီး အပြင်ရောက်ခဲ့ဖူးတာပါပဲ။
နီ ၀ါ စိမ်း ကို အစဉ်လိုက်မှတ်ခဲ့၊ စီခဲ့။
မောင်းရင်း အိပ်ငိုက်၊ အိပ်ငိုက်ရင်း မောင်း ပါပဲ။
အာရုံငါးပါးရဲ့  နေ့ စားအလုပ်သမားပါပဲ။
အခုထိလည်း ရုပ်ရှင်ကြည့်ပြီး ရူးချင်နေတုန်းပါပဲ။
ဟိုကဗျာဆရာ ရေးသလိုပဲ "အစကတည်းက မှားခဲ့ပါတယ်"။
ဟိုကောင်မလေးပြောသလိုပဲ "တစ်နေ့ လုံး ပြုံးထားရတာ ပါးတွေကိုညောင်းနေတာပဲ"။
"ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်၊ တိုးရင်းနဲ့ ကလိုက် ကရင်းနဲ့ တိုးလိုက်"။
အားလုံးကို ချစ်လိုက်၊ အားလုံးကို မုန်းလိုက်ပါပဲ။
ဒီကျောက်တုံးကြီးကို အဲဒီတောင်ကုန်းပေါ်လှိမ့်တင်ရင်း
အဲဒီတစ်ခုခု/တစ်ယောက်ယောက်ကိုစောင့်မျှော်နေသူပါပဲ။
သံပုရာသီးလေး သုံးလေးစိတ်နဲ့ ရေငတ်ဖြေခဲ့ရ၊ လွတ်လပ်ရေးကျောက်တိုင်ဆီ အားသွန်ပြေးဆဲ။
ပြီးတော့လည်း ပြီးသွားမှာပါပဲ။

ဒီကဗျာ ဒီထက်ရှည်အောင် ဘယ်လိုဆက်ရေးရကောင်းမလဲ တွေးနေမိတုန်းပါပဲ။ ။


(တောင်ထိပ်တစ်ခုပေါ်တွင် လွှင့်ထူထားသော အလံတစ်ခုတွင် အမည်မသိတစ်ယောက် ရေးခြစ်ထားသည့် စာသားများမှ)


လူလင်း
သာယာဝတီ-ရန်ကုန်

1 comment:

  1. I like this sentence 'အာရုံငါးပါးရဲ့  နေ့ စားအလုပ်သမားပါပဲ'

    ReplyDelete