12/03/2010

ဒီလိုနေ့မျိုးတွေ ရှိတယ်

ကြားဖူးရဲ့ မဟုတ်လား။
သင်္ချိုင်းထဲ ရောက်နေတဲ့ ခြေတစ်ဖက်ကို ပြန်နှုတ်ပြီး
' ငါမသေဘူး ရေကူးတတ်တယ်...' က ပြန်စမယ်ဆိုတာလေ။

သေချင်စော်နံလို့ ရေထချိုးမှ
ပျော်ပွဲနဲ့ ရွှင်ပွဲ တူပါသလား မေးနေသေးတယ်။

တွေ့ဖူးတယ်ပြောရင်း မမှတ်မိတဲ့ ပါရမီနဲ့
လေးပါတယ် မပြောသေးတဲ့ မြေကြီး
ဟောဒီမှာ မြေပုံတစ်ခု ချိတ်ပိတ်ပြီး ထားခဲ့တယ်. . .

မီးကုန်ယမ်းကုန် လွှင့်ချင်လွှင့်ဖို့တဲ့။

ဆန္ဒမဲ့ နေရာတစ်ခုကို ရောက်ချင်ရောက်ဖို့တဲ့. . .
(ဒါမှမဟုတ်)
နေရာတစ်ခုကို ဆန္ဒမဲ့ ရောက်ချင်ရောက်ဖို့တဲ့။

ကျပျောက်သွားတဲ့ ဆေးပေးမီးယူလေး ရှာချင်ရှာဖို့တဲ့။

အဲဒါပါပဲ. . . ဒီနှစ်ကောင်
ကမ်းနဖူးကသစ်ပင်လို သူများတွေစီးဆင်းတာကိုပဲ
ကြည့်နေချင်ပါတယ်လို့ ပြောတာတောင် မရဘူး။


ချမ်းညီချို

No comments:

Post a Comment