12/03/2010

မျက်နှာစာအုပ်

ဒို့တာဝန် အရေးသုံးပါးနဲ့
ဘာဘာညာညာ အာပလာ
ဦးတည်ချက်တွေ မပါတာ
ဒီစာအုပ်ပဲ ရှိလိမ့်မယ် ။

ဒီစာအုပ်မှာ
ငယ်စဉ်တောင်ကျေး ကလေးဘဝ
သူငယ်ချင်းများကစလို့
လက်ရှိနေ့စဉ်တွေ့မြင်ရတဲ့
မျက်နှာပေါင်းများစွာပါဝင်နေရာ
ကမ္ဘာဟာ ရွာကြီးတရွာဆိုတာ
သေချာပြီးရင်းကို သေချာနေတော့တယ် ။

ဒီစာအုပ်မှာ
တချို့တွေ ရီရီဝေဝေ
ကြယ်တွေကြွေရင်း
သံစဉ်များစွာ စီးဆင်းကြတယ်

တချို့ဆို ဟိုလိုလိုဒီလိုလို
အပျိုဆိုပြီးရော
အတင်းကြီး ဝင်ဝင်ဖောကြတယ်

တချို့က နေ့တဓူဝ
လုပ်တတ်တာတွေရေး
စစ်အေးတိုက်ပွဲလိုမျိုး
စာနဲ့ စီးချင်းထိုးကြတယ်

တချို့များ ငယ်ရည်းစားက
လာရေးသွားလို့ လင်နဲ့မယား
ကို့ရို့ကားရား စကားတွေများကြတယ်

ဒီတော့ကာ
မရှိမကောင်း ရှိမကောင်း
မပေါင်းလဲခက် ပေါင်းလဲခက်
အကြောင်းပြချက် ကိုယ်စီနဲ့ပေါ့ ။

သားခွန်
05/03/2010

1 comment:

  1. very mean spirit! what a negative way of seeing FB!

    ReplyDelete