09/03/2010

လန်ဒန်မြို့မှ ဂျင်ဂျစ်ခန်များ


 "Time and tide wait for no man" "တိုက်ထဲမှာ ဝိတ်မသောသူသည်         ယောက်ျားမဟုတ်" ဟူသော ကျွန်တော်တို့ကြားဖူးသော  စကားပုံလေးကြောင့်လားမသိ ယခုတလော လူတွေ တိုက်ထဲမှာ ဝိတ်မတာ  မတွေ့ရတော့။

 ဗြိသိသျှအခေါ် "ဂျင်"(gym) ဟူသော အားကစားခန်းများတွင် သွားရောက်၍ မကြသည်။ အားကစား လုပ်ကြသည်။ ယခုတလောတွင် အနှီဂျင် များစီးပွားရေး မကောင်းလို့လားမသိ ဈေးတွေသိသိသာသာ လျှော့သည်။ လူဘယ်နှစ်ယောက် ပေါင်းဝင်လျှင် တစ်ဝက်ဈေးနှင့် ရမည်တို့ဘာတို့ ခဏခဏတွေ့လာ ရသည်။

 ဤတွင် ကျွန်တော်တို့ သူငယ်ချင်း အသိုင်းအဝိုင်းထဲတွင် ဂျင်ခြင်းတက်လာကြတော့သည်။ တချို့ ကလည်း ပိန်ချင်လို့၊ တချို့ ကလည်း ဝချင်လို့၊ တချို့ ကလည်း ဗိုက်ကလေး ချပ်ချင်လို့၊ တချို့ ကလည်း ဗလတက် ချင်လို့၊ ရေကူးချင်လို့၊ ငမ်းချင်လို့၊ ကုန်ကုန် ပြောမယ်ဗျာ သူများတွေလုပ်လို့ ခေတ်မှီအောင်လို့ဆိုပြီး လိုက်လုပ်တဲ့လူကနေ အသက်လေးဆယ်နားနီးမှ အရပ်ရှည်ချင်တဲ့လူအထိ ပါတယ်။ တဂျင်ထဲ ဂျင်နေကြတာ။ ကျွန်တော် ငဇေလည်း ဘာသားနဲ့ထုထားတာလိုက်လို့၊ သူများဂျင်တော့ ကိုယ်လည်း ဂျင်ပေါ့။ သူများ ဝီစကီ ဆိုလည်း ဝီ လိုက်မှာပဲလေ။

 ဒီလိုနဲ့ပဲ ဂျင် ကိစ္စ တစခန်းထရပြန်ပါရော။ ကိုယ့်အကြောင်းကိုယ်သိတော့ အိမ်ရှေ့တည့်တည့်က ဂျင်မှာပဲ သူငယ်ချင်း ငါးယောက်စုပြီးတော့ သွားကြတာပေါ့ဗျာ။ အရင့် အရင်တွေကလည်း ဒီလိုပဲ ဂျင်တွေကို လှူလှူ ထားတာ မနည်း။ ဂျင်ကို လှူလို့သာ နတ်ပြည်ရောက်ကြေးဆိုရင် ငဇေတို့က ဗီဇာတောင် တိုးစရာလိုမှာ မဟုတ်။ ဒါလည်းအမှတ်မရှိ သူများဂျင်ရင် ကိုယ်လည်းဂျင်လိုက်ရမှ ဆိုပြီး ရက်ရက်ရောရော ဂျင်ပစ်လိုက်ပြန်တယ်။ အဲဒီမှာ မေးစရာဖြစ်လာတယ်။ ကိုယ်မှာက "ဝ" တယ်လို့ ပြောစရာရှိတာဆိုလို့ လူပါးလောက်ပဲ ရှိတာ။ ဝိတ်မမှာလားဆိုတော့လည်း ပင်ပင်ပန်းပန်း ဆိုလို့ "ပင်ပန်းတယ်"လို့ပြောရမှာတောင် ပင်ပန်းတယ်  လို့ထင်တဲ့လူမျိုး။ (အမလေး. . . ရေးရင်းနဲ့တောင် ပင်ပန်းတယ်)။

ကျန်းမာရေး အထူးလိုက်စားတဲ့ ဖိုးကျန်းမာရေးကြီးလား ဆိုတော့လည်း လက်ထဲမှာ ဆေးလိပ်နဲ့ အရက်ပြတ်တယ်ဆိုတာ မရှိ။ အဲ... ဒါပေမယ့် အကြောင်းပြချက်ကတော့ ရှိတယ်။ ဒီသောက်ထားတဲ့ ဆေးလိပ်တွေ အရက်တွေကို ပြန်ကာမိအောင်လို့ ဂျင်မှာ သွားဘမ်း(burn)တာပေါ့ဗျာ။ (burn)ဘမ်းတယ်ဆိုလို့ ခင်ဗျား တို့အထင်ကြီးသွားသလား။ ငဇေ တကောင် ဂျင် ထဲမှာ ချွေးတပြိုက်ပြိုက်နဲ့ ပြေးနေတာတို့၊ စက်ဘီးစီး နေတာတို့ထင်သွားလား။ မထင်နဲ့။ ငဇေတို့က ဟိုစကားပုံ "ချွေးထွက်များမှ သေးထွက်နည်းမယ်" ဆိုတဲ့အတိုင်း Steam Roomတို့ . . Saunaတို့. . ဆိုတဲ့ အနောက်တိုင်း စတိုင်(လ်)မီးနေခန်းထဲဝင်ဝင်ပြီး ချွေး တလုံးလုံးထွက်မှ ရေချိုးပြီးပြန်လာတာလေ။

ဘာပဲပြောပြော အကျိုးတော့မယုတ်။ အိမ်မှာလည်း ဆပ်ပြာခေါင်းလျှော်ရည်ဝယ်စရာ မလိုတော့။ ခေါင်း လျှော်ပြီးရင် Dryer ပါ မှုတ်လို့ရသေး။ ဒါက အိမ်မှာရှိတာမဟုတ်။ ပြီးတော့ အပြန်ကျရင် ကျောပိုးအိတ် ကလေး လွယ်ပြီး ကိုယ့်အိမ် တည့်တည့်မပြန်ပဲ ယောင်ပေပေ လုပ်နေလို့ အသိတွေကမေးရင် ရင်ကော့ပြီး ဂျင်ကပြန်လာတာလို့ ပြောလို့ရသေး။ အဲ... ညကြရင် ဂျင်သွားထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကို လိမ်ပြီး ဘီယာတွေ အရက်တွေ ပိုတောင်သောက်လို့ရသေး။ တန်ပါတယ် လစဉ်ကြေး ပေးရတာ။

ကိုယ့်လို လယ်လယ်ဝယ်ဝယ် မရှိတဲ့လူတွေကတော့ သိပ်မကိုက်။ ကြည့်လိုက်လေ။ ရေကူးများသွားလို့ အအေးမိတဲ့ ကောင်ကမိ။ အပြေးလွန်ပြီး ကြွတ်တက်တဲ့ကောင်ကတက်။ စက်ဘီးအစီးများပြီး ပေါင်ကွတဲ့ သူက ကွ။ ဝိတ်မပြီး လက်ကိုက်လို့ဆိုပြီး ထမင်းတောင် မစားနိုင်တဲ့သူနဲ့ အကြောလျှော့လွန်ပြီး ခါးမျက် သွားတဲ့လူနဲ့ စုံနေတာပဲ။ သူတို့တွေ ကိုယ့်လို ပုံမှန်မသွားနိုင်။ကိုယ့်လို့ ကြော့ကြော့လေး ပြန်မလာနိုင်။

ဟိုတလောကတင် လီပါပူးက တောသားလေး မောင်ချမ်း လန်ဒန်တက်လာတော့ လူတွေ တဂျင်ထဲ ဂျင်နေတာတွေ့တော့ မျက်စိနောက်ပြီး ကျွန်တော်တို့ကို နာမည်ပေးသွားတယ်။ 'လန်ဒန်မြို့မှ ဂျင်ဂျစ်ခန်များ' တဲ့။ ဒါပေမဲ့ သူပြောတာ ကျွန်တော့်တစ်ယောက်တည်းအတွက်ပဲ မှန်တယ်။ ဂျင်သွား ပြီးသွားရင် အောင်နိုင်သူ စစ်သူကြီး ဂျင်ဂျစ်ခန်လို ရင်ကော့ပြီး ထွက်လာနိုင်တာ ငဇေတစ်ကောင်ပဲရှိတယ်။ ကျန်တာတွေက ဂျင်မှာသွားပြီး အားကစားလေ့ကျင့်၊ ပြီးလို့ အိမ်ရောက်ရင် ခံရတဲ့ ဂျင်ကျင့်ခံတွေသာ ဖြစ်လေသတည်း ..........။


မောင်ရင်ငဇေ (ခ) ဂျင်ဂျစ်ခန်

2 comments:

  1. ကောင်းတယ် ဆက်လုပ် ဂျင်ဂျစ်ခန်။ :P

    ReplyDelete