23/07/2010

ဇကွဲဇယား

'ဇ' ကိုတော့ ခိုက်တယ် ငဇေရယ်
ဒါပေမယ့် ဇွတ်တော့မတိုးပါနဲ့
ဇစ်မြစ်ကို သိအောင် အရင်စုံစမ်း
ဇလုပ်ကြီးနဲ့ ဆိုမှ ဒုက္ခများနေမယ်
လုပ်စရာရှိရင်တော့ ဇွဲလေးနဲ့ လုပ်
ဇယ်ဆက်သလို လုပ်
စားစရာရှိလည်း ဇွန်းနဲ့ ဇလုံနဲ့သာ စား
ဇကွဲ
ဇိုးဇိုး ဇတ်ဇတ်တော့ မလုပ်နဲ့
ဇီဇာ မကြောင်နဲ့
ငွေပါရင် ဇေပါတယ် ဒီက
ဆွစ်ဇာလန်တွေ၊ ဆွာဇီလန်တွေ အသာထား
ဇင်ဘာဘွေငွေ မဟုတ်ရင် ပြီးတာပဲ
ဇယားလေးနဲ့ပဲ ဇိမ်ကျမနေနဲ့ဦး
ဇရာလည်း ထောင်းနေပြီ
ကဇော်လေးလည်း လျှော့ဦး
လူပေါ်လူဇော် လုပ်နည်းတွေလည်း သိပ်မဖတ်နဲ့
ငဇင်ကာလို ဇတ်သိမ်းမလှ ဖြစ်နေဦးမယ်
ဇာတာတွေ ပြန်စစ်ကြည့်ဦး
ဇောချွေးပြန်နေပြီလား
ကဇွန်းရွက် တစည်းဘယ်လောက်ဖြစ်နေပြီဆိုတာ မင်း သိလို့လား
ဇွန်၊ ဇူလိုင်မှ မိုးရွာတဲ့ ခေတ်မဟုတ်တော့ဘူး
ဇာတ်ခေါင်းကွဲမှ ဇာတ်နာတတ်သလား
သဇင်မှ ပန်းထင်နေတာလား
မင်းသမီးနဲ့ ညားမှ ဇာတ်သိမ်းကောင်းတာ မဟုတ်ဘူး
ဇာတ်လိုက်တော့ မဖြစ်ချင်စမ်းပါနဲ့
ဇာတ်လမ်းအရတော့ ဇာတ်ပို့ဇာတ်ရံပဲ
ဇာတ်ညွှန်းက အဓိက မကျပါဘူး
ဇာတ်ဆရာအလိုကျသာ ကပေးလိုက်
ကျေးဇူးတော့ မကန်းနဲ့
ဇိကုပ်ပြီး နတ်ပြည်တင်ပေးနေတာ
ဇတ်ပိုးအုပ်လိုက်လို့
ဇောက်ထိုးမိုးမျှော် ဖြစ်သွားမယ်
ကြောက်မွှေးပါရင် ဇာဂနာနဲ့ နှုတ်ပစ်လိုက် ငဇေ
'ဇ' ကလေးကိုတော့ ခိုက်ချင်ပါရဲ့. . . . . ။

မောင်ရင်ငဇေ

No comments:

Post a Comment