04/07/2010

ချစ်သူဖတ်ဖို့ကဗျာ

ချစ်သူက ငါ့ကို ကဗျာတစ်ပုဒ် ရေးခိုင်းတယ်
အချစ်အကြောင်းချည်းပဲ ရေးပေးပါ တဲ့
အင်းပေါ့. . . အချစ်အကြောင်းဆိုတော့
ငါသွားရင်း လာရင်း စားရင်း သောက်ရင်း ရေးလို့ ဘယ်ဖြစ်မလဲ
အဲ့ဒီတော့ ငါက ကဗျာကို လရောင်ကိုငေးကြည့်ရင်း ရေးတယ်
စံပါယ်ရနံ့တွေနဲ့ ရေးတယ်။ စမ်းချောင်းစီးသံနဲ့ ရေးတယ်
အချစ်ကဗျာဆိုတော့ လင်မယားရန်ဖြစ်တာကို ကြည့်ပြီး ရေးလို့ ဘယ်ဖြစ်မလဲ
သွေးညှီနံ့၊ ချွေးနံ့တွေနဲ့ ရေးလို့ ဘယ်ဖြစ်မလဲ
သေနတ်သံ၊ ဆာလောင်အော်ဟစ်သံတွေနဲ့ ရေးလို့ ဘယ်ဖြစ်မလဲ
အချစ်ကဗျာဆိုတော့ နုနုရွရွလေးတွေပဲ ရေးမှ ဖြစ်မှာ

Portrait Of My Lover(1961) 
 နူးကလီးယားလက်နက်တွေပါလို့ မဖြစ်ဘူး
နာဂစ်မုန်တိုင်းပါလို့ မဖြစ်ဘူး
ထော်လာဂျီအသံတွေပါလို့ မဖြစ်ဘူး
အကြွေးတောင်းတဲ့ အသံတွေပါလို့ မဖြစ်ဘူး
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတဲ့အကြောင်းပါလို့ မဖြစ်ဘူး
သစ်တောပြုန်းတီးမှုတွေပါလို့ မဖြစ်ဘူး
ဧရာဝတီမှာ သောင်ထွန်းတဲ့အကြောင်းပါလို့ မဖြစ်ဘူး
မော်တော်ပီကေတွေပါလို့ မဖြစ်ဘူး
ချဲထိုးတဲ့ ဘုန်းကြီးတွေပါလို့ မဖြစ်ဘူး
ခိုးကူးခွေတွေပါလို့ မဖြစ်ဘူး
ပါမောက္ခကို ကန်တော့ရတဲ့ ခြင်းတောင်းကြီးပါလို့ မဖြစ်ဘူး
ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးရတဲ့အကြောင်းပါလို့ မဖြစ်ဘူး
ဘတ်စ်ကားခ ဈေးတက်တဲ့ အကြောင်းပါလို့ မဖြစ်ဘူး
နိုင်ငံပိုင်သတင်းစာတွေပါလို့ မဖြစ်ဘူး
လူတုပ်ကွေး၊ ကြက်ငှက်တုပ်ကွေးပါလို့ မဖြစ်ဘူး
ရေခဲတောင်တွေ အရည်ပျော်ကျတဲ့အကြောင်းပါလို့ မဖြစ်ဘူး
လိုင်စင်မဲ့ကားတွေသိမ်းဆည်းတဲ့အကြောင်းပါလို့ မဖြစ်ဘူး
၂၀၁၀ ဖွဲ့ စည်းပုံအခြေခံဥပဒေပါလို့ မဖြစ်ဘူး
မှုခင်းဂျာနယ်ပါလို့ မဖြစ်ဘူး
စင်တင်ဆိုင်က ပန်းကုန်းတွေပါလို့ မဖြစ်ဘူး
အချစ်အကြောင်းဆိုတော့ နုနုရွရွလေးတွေပဲ ရေးမှဖြစ်မှာ
အဲ့လိုနဲ့ ပဲ ချစ်သူဖတ်ဖို့ လပြည့်ညမှာ ကဗျာရေးခဲ့တယ်
လပြည့်ညတွေ. . . . တစ်ညပြီး တစ်ည

တစ်ညပြီး. . . . . . . တစ်ည. . . . . . .
ချစ်သူဖတ်ဖို့ အချစ်ကဗျာဟာ ဖြစ်မလာခဲ့ဘူး
. . . . .
. . . . .
. . . . .
သူမဟာ စိတ်ကောက်ချင်ယောင်ဆောင်ပြီး မျက်စောင်းထိုးတော့တယ်

ပြီးတော့မှ

"အစုတ်ပလုတ်ကြီး" တဲ့။ ။



ဖိုးခွား

1 comment:

  1. အရမ်းမိုက်တယ်...........Like

    ReplyDelete