09/07/2010

ကမ္ဘာ့ဖလားဖိုင်နယ် ခန့်မှန်းချက်

2010 World Cup South Africa
ကမ္ဘာ့ဖလား တလျှောက်လုံး မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သော ဂျာမဏီမှ ရေဘဝဲလေး ပေါ(လ်) ( Paul the octopus) ရဲ့ သတင်းဟာ ကမ္ဘာ့ဖလားနဲ့အတူ မီဒီယာစာမျက်နှာများပေါ်မှာ ပလူပျံနေပါတော့တယ်။ ဒီ ရေဘဝဲလေး မောင်ပေါ(လ်) ဟာအမှန်တော့ ဗြိသိသျှ အင်ပါယာကြီးရဲ့ ကမ်းခြေလေးတခုမှာ လူမသိသူမသိ ပေါက်ဖွားလာခဲ့ပြီး အခုမှ ခန့်မှန်းချက်တွေ မှန်ပြီး ဂျာမဏီမှာ နာမည်ကြီးလာခြင်း ဖြစ်သည်။ အဖြေနှစ်ခုထဲမှာ တခုမှန်မှာ ကျိန်းသေနေတဲ့ ဖစ်ဖတိ၊ ဖစ်ဖတိ (50-50) အခြေအနေကို ခန့်မှန်းတာ သိပ်အထင်ကြီးစရာတော့ မရှိပါဘူး။ ဒါကို လူတွေက အကျယ်ချဲ့နေတာကို မြင်ပြင်းကတ်နေတာကတော့ မောင်ပေါ(လ်) ဇာတိ ဥကြွေရာ ဘိလပ်မှာ နေ နေတဲ့ ကျွန်တော် စာရေးသူ အမောင်ငဇေ ပါပဲ။ ဒီလို လက်ကားယား ခြေကားယားနဲ့ ကိုယ့်ဆံပင်စုတ်ဖွားလောက်တောင် မလှတဲ့ကောင်က လူတွင်ကျယ်လုပ်နေတာ ဘယ်လိုမှ မခံမရပ်နိုင် ဖြစ်နေတာပေါ့။ ဒီလောက်တော့ ကိုယ်လည်းစွမ်းတာပဲ ဆိုပြီး ရေဘဝဲလေး မောင်ပေါ(လ်)ရဲ့ဆရာ လေဘဝဲကြီးမောင်ဖော ဆိုပြီး အခုလို ကမ္ဘာ့ဖလားဖိုင်နယ်အတွက် ခန့်မှန်းချက်ရယ်၊ ဖြစ်နိုင်ခြေတွေရယ် ကိုချပြလိုက်ပါပြီ။ ရှူစားတော်မူကြပါကုန်။

ပထမဆုံးအနေနဲ့ ပြောပြချင်တာကတော့ ကျွန်တော်နေထိုင်ရာ ဘိလပ်ရဲ့ နာမည်ကျော် အင်္ဂလန်အသင်း ပါပဲ။ စောစောစီးစီးထွက်သွားရပေမယ့် အင်္ဂလန် ပရိတ်သတ်ရဲ့ ရင်ထဲမှာတော့ အခုထိ မျှော်လင့်နေတုန်းပါ။ အမျိုးသမီး ပရိတ်သတ်များဆို ပြောနေတုန်းပဲ။ အင်္ဂလန်သာ ဖိုင်နယ်တက်ရင် သရေကျမှာတဲ့ (သူတို့ ပြောပါတယ်)။ အင်္ဂလိပ်တွေရဲ့ မလျှော့သော ဇွဲကတော့ ချီးကျူးစရာပါ။ ကစားသမား ဖိုင်နယ် မတက်ရပေမယ့် အင်္ဂလိပ်ဒိုင်လူကြီး ကိုဝက် (Howard Webb) ဆိုသူကတော့ ခပ်တည်တည်နဲ့ ဖိုင်နယ်တက်သွားပါပြီ။ အဝါကပ် ၃ ကပ် ရမှ အနီကပ်တကပ် ပြလေ့ရှိတဲ့ ဗြိတိသျှ ဒိုင်တွေရဲ့ ရိုးရာကို ကိုင်ဆွဲထားမလား ဆိုပြီး နှစ်ဘက်ကစားသမားများတွေးကာ ပွဲကြမ်းတပွဲလည်း ဖြစ်လာနိုင်ပါတယ်။

ပြည်တွင်းရှိ ဘောလုံးဝါသနာအိုးများက နယ်သာလန်နိုင်ရင် ဆယ်ခါပြန်ကိုင်မယ် ဟု ကာလာအိုကေ ဆိုင်များတွင် ကြုံးဝါးသွားသဖြင့် ထိုဆိုင်များတွင် အလုပ်လုပ်သော အမျိုးသမီးထုမှလည်း ကမ္ဘာ့ဖလား စပိန်ရမှ နင်တို့ကို ထမိန်မပြီး ကြိုမည်ဟု ခွန်းကြီးခွန်းငယ်ပြောကာ နှစ်ဖက်ပရိသတ် စကားများကြသည်ဟု ပြည်တွင်းဂျာနယ်များတွင် ဖော်ပြကြပါသည်။

စပိန်အသင်းမှ အဓိက အားထားရတဲ့ တိုက်စစ်မှူးလေး ဖာနမ်းတဲ့ တောအရက် (Fernando Torres) ဟာ အာဖရိက ချက်အရက်တွေ အသောက်များပြီး အရက်နာကျကာ ပွဲစဉ်တလျှောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ထိုကြောင့် စပိန်နည်းပြကြီးမှ ဖိုင်နယ်မတိုင်ခင် တိုက်စစ်မှူးလေးကို အရက်သိပ်မတိုက်ဖို့ ကစားသမားများကို မှာကြားထားပါတယ်။ နောက်တန်းအားနည်းသည်ဟု ဝေဖန်ခံရသဖြင့် ဟော်လန်ခံစစ်မှူးများသည် နောက်တန်း တောင့်တင်းလာစေရန် ဒေသတွင်းမှ နောက်တန်းတောင့်တင်းသော ခံစစ်မှူးများအား ညဖက်တွင် အခန်းထဲ ခိုးသွင်းကာ တိုက်စစ်ဆင်နေသည်ဟု သတင်းများကဆိုပါသည်။

စပိန်အသင်းမှာလည်း ယတြာချေသည့်အနေဖြင့် ဂိုးရှေ့မှာ ကာစီး ကာစီး ဖြစ်နေအောင် ဂိုးသမား ကားစီးလက် (Casillas) ကိုသာ ဆက်လက်၍ သုံးမည်ဟု ခိုင်မာသည့် အတင်းရပ်ကွက်မှ ကြားသိရပါသည်။ နာမည်နှင့် မလိုက်အောင် ဒဏ်ရာအနာတရ ဖြစ်လေ့ရှိသော ဟောလန်တိုက်စစ်မှူးလေး အာရောဂျံ ရောဘန် (Arjen Robben) ကတော့ ဆီမီးဖိုင်နယ်မှာ ဟောလန်အတွက် နောက်ဆုံးဂိုးကို သွင်းအပြီး ပရိတ်သတ်အား "ခေါင်းတိုက်တယ်ဆိုတာ ဒီလို ထိပ်ပြောင်မှ" ဟုဆိုကာ သူ့ထိပ်ပြောင်ကြီးအား ပုတ်ပြသွားခဲ့ပါသည်။ သို့သော်လည်း ငှက်သိုက်ကေဆံပင်အား ကားရားကားရား လှုပ်ရမ်းကာ ကစားလေ့ရှိသော စပိန်ခံစစ်မှူး ကားလှုပ်ပူရိုး (Carles Puyol) က ဒီအဆိုမမှန်ကြောင်းကို ပြသသည့်အနေဖြင့် ဆီမီးဖိုင်နယ်မှာ တလုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းပြလိုက်ပါသည်။ ဖိုင်နယ်တွင် ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့ကြမည် ဖြစ်သဖြင့် အပြင်းအထန် ခေါင်းတိုက်ကျင့်ကာ ဘာခေါင်းဆိုလား အသားလွတ် ကျယ်နေကြသည်ဟု သတင်းများက ဆိုပါသည်။

http://www.sparkleinmylife.com
မည်သို့ပင်ဖြစ်စေ ဇီးသီး၊ ဂွေးသီးတို့ထက် ပိုချိုကြောင်း သက်သေပြခဲ့သည့် လိမ္မော်သီးနှင့် နာမည်ကြီး ဂျာမန်ပန်ဇာတင့်ကားတပ်ကြီးတောင် နောက်ကောက်ကျအောင် တိုက်နိုင်ခဲ့သည့် စပိန်နွားရိုင်းတို့၏ ဖိုင်နယ်ပွဲဟာ ကြည့်ကောင်းမည့် ပွဲတပွဲ ဖြစ်လာပါလိမ့်မည်။ ဒီပွဲမှာ ဂိုးများများ ပိုသွင်းသောအသင်းက အနိုင်ရမည်ဟု လေဘဝဲကြီးမောင်ဖောက ဟောကိန်းထုတ်ထားပါသည်။ အကယ်၍ သူမသာ၊ ကိုယ်သေချင်းဆိုး ဖြစ်ပြီး အချိန်ပိုအထိ သရေကျနေပါက နှစ်ဖက်ဘောလုံးသမားများအနေနှင့် ပိန္နဲသီး ကို ခေါင်းတိုက်မသွင်းပဲ ခြေထောက်နဲ့ပဲ ကန်သွင်းလိမ့်မည် ဟု တပါတည်း တစ်ကြို ဟောထားပါသည်။ ကွင်းလယ်ကစား ကွက်များပြီး နှစ်ဖက်အသင်း မည်သူမှ အသာမရပါက သိပ်မပြေးရသော ဒိုင်လူကြီးများ အသာရသွားမည် ဟုလည်း ခန့်မှန်းပြပါသေးသည်။

နောက်ဆုံးအနေနှင့် ကမ္ဘာ့ဖလား တခါမှ မရဖူးသေးသော အသင်းအနိုင်ရသွားမည်ဟု အတိတ်စိမ်းပေးပြီး ထိုအနိုင်ရသော အသင်းသည် ကမ္ဘာ့ဖလားမှာ ကျိန်းသေပေါက် ဗိုလ်စွဲရမည်ဟု ကိုလေဘဝဲက ရဲရဲကြီး အာမခံ ထားပါသည်။ လောင်းကစားလုပ်ဖို့ သက်သက် ပွဲကြည့်မည့်သူများကိုလည်း အလွန်တရာမှ ရှုပ်ထွေးလှသော အဆကြေးများ၊ အလုံးကျောများ၊ ပထမပိုင်း၊ ဒုတိယပိုင်း ခွဲလောင်းခြင်းများဖြင့် ခေါင်းမရှုပ်စေရန် ဒိုင်လူကြီး လှန်သော ခေါင်းပန်းအား လောင်းကာ စောစောစီးစီး အနိုင်အရှုံး ဖြတ်၍ ငွေထုပ်ပိုက်ပါဟု အကြံပြုရင်း ဤနေရာတွင် နိဂုံးချုပ်လိုက်ရပါသည်။

မောင်ရင်ငဇေ

No comments:

Post a Comment