အပြေးပြိုင်နေတာလား။ တနေရာရာကို ရောက်ချင်နေတာလား။ အမေနောက် ပြေးလိုက်နေတာလား။ ပြေးတမ်းလိုက်တမ်းကစားနေတာလား။ ခွေးလိုက်ဆွဲလို့လား။ မဟုတ်ဘူး။ တစ်ခုမှ မဟုတ်ဘူး။ သူ့ဘာသာပြေးချင်လို့ကို လျှောက်ပြေးနေတာ။ ငြိမ်းငြိမ်းချမ်းချမ်းပဲ။
ဒီကလေး လူကြီးဖြစ်လာတဲ့အခါ - နောက်ကျလို့၊ အားကစားအတွက်၊ အန္တာရယ် တစ်ခုက လွတ်မြောက်ချင်လို့ - ဒီ သုံးမျိုးအတွက်က လွဲပြီး မပြေးတော့ဘူး။ သေချာတယ်။ ပြေးချင်လို့ကို ပြေးနေတယ်ဆိုတာမျိုး မရှိသလောက် ရှားတယ်။
ကလေးတွေ လူကြီး ဖြစ်လာတဲ့အခါ ကလေးဘ၀ပျောက်ပြီး - သတ်ပစ်မြေမြုပ်လိုက်သလိုမျိုး - လူအသစ်တစ်ယောက်လို ဖြစ်လာတတ်တာ ဘာကြောင့်လဲ။
ကျောင်းမှာ ကလေးတစ်ယောက်က ထိုင်နေရာက ထပြီး သူ့ရှေ့က ကလေးကို တွန်းပစ်လိုက်တယ်။ အဲ့ကလေးကို ဘာလို့လဲ မေးကြည့် သူ့ကို ကြည့်လို့ မရလို့။ တွန်းချင်လို့ လို့ ပြောလိမ့်မယ်။ ဒီအခါ လူကြီးတွေက ဒါမျိုး မလုပ်ရဘူး။ မကောင်းဘူး ဘလာ ဘလာ ဘလာ။ ဒါမျိုး ဆုံးမတာ မှားတယ်လို့ မပြောဘူး။ မှန်တယ်လဲ မပြောချင်ဘူး။ မလုပ်နဲ့ မကောင်းဘူးလို့ ဆူပြောမယ့်အစား ဒီလိုလုပ်တဲ့အခါ ဘာဖြစ်သွားတယ်၊ အကျိုးဆက်က ဘာဆိုတာကို ကလေး ကိုယ်တိုင်သိစေဖို့၊ ရှင်းပြဖို့ လူကြီးတွေ မအားဘူး။ မအားတဲ့အခါ... ဒီလိုလုပ်တာ မကောင်းဘူး။ မလုပ်ရဘူး။
Reflection - Kafkaphony |
ဘာကြောင့်ဆိုတာ မသိပဲ.. ကလေးတွေဟာ လူကြီးလူကောင်းလေးတွေ ဖြစ်လာဖို့ ကြိတ်မနိုင်ခဲမရ ကြီးပြင်းလာရတယ်။ ဒါကြီးက အရိုးစွဲသွားတဲ့အခါ ဘာကြောင့် လုပ်ရတယ်၊ မလုပ်ရမှန်း မရေရာတော့ပဲ လူတွေက ဒီလိုမလုပ်ရဘူးလို့ ပြောထားတယ်လေလို့ ခံယူရင်း လိပ်ခဲတည်းလည်း ဖြစ်ရင်းပဲ (ဖြစ်နေမှန်းလဲ မသိပဲ) သေဆုံးသွားရတာပဲ။ သိတဲ့ကောင်တွေကတော့ လူနာဆောင် အမှတ်ခြောက်ထဲ နေထိုင်ရင်း အချိန်ကုန်သွားကြတာပဲ။
နိုင်ငံရေးခေါင်းဆောင်တွေ၊ သိပ္ပံပညာရှင်တွေ မွေးထုတ်ပေးဖို့ပဲ အရေးကြီးတာ မဟုတ်ဘူး။ လူပီသတဲ့ လူလေးတွေ မမွေးထုတ်ပေးနိုင်မှတော့ ဘာခေါင်းဆောင်ကြီးတွေ ဘာပညာရှင်ကြီးတွေ ဖြစ်နေပစေ့ အကျိုးရှိပါ့မလား။
လူပီသသော လူအများစုနေထိုင်ရာ ပတ်ဝန်းကျင်တွင် နူကလီးယား၊ ရေနံ၊ အသပြာ စသည့် စကားများထက် ပန်းချီ၊ ကဗျာ၊ အနုပညာဆိုသည့် စကားများ ကြားရဖန်များတတ်၍ အနုပညာသမားများ မပေါများသည့်တိုင် နေရာရထားတတ်ကြပါသည်။
ကလေးဆိုတာ သဘာဝကို ချစ်တတ်တယ်။ သဘာဝကို စိတ်ဝင်စားတယ်။ စောင့်ရှောက်တယ်။ သူတပါးကို ကူညီတတ်တယ်။ ကိုယ့်မှာ ရှိတာကို ဝေမျှတတ်တယ်။ ဖေးမတတ်တဲ့ သဘာဝရှိတယ်။ မဖြစ်နိုင်မှန်း သိပေမယ့် ဒီကလေးတွေ လူကြီးဖြစ်လာတဲ့အခါ ဒီလို ကောင်းတဲ့ အချက်ကလေးတွေပါလာပြီး ချချင်လို့ ချတယ်ကွာ ဘာဖြစ်လဲ ဆိုတာမျိုးတွေ ပျောက်ပျက်သွားတော့ မကောင်းဘူးလား။
လူကြီးတွေဟာ လူကြီးဖြစ်တာနဲ့ ကလေးဘ၀ကို မေ့သွားတယ်။ လူကြီးဖြစ်မှ တွေးတဲ့အတွေးအခေါ်တွေကို ငါကြီးရင့်လာလို့ ဒီလို တွေးနိုင်တာလို့ (သူ့အတွေးအခေါ်၊ သူ့လုပ်ဆောင်ချက်တွေကို သူ့ကလေးဘ၀တုန်းက ပတ်ဝန်းကျင်က ရတတ်သမျှ စုပ်ယူထားတဲ့ အသိညဏ်လေးက လွှမ်းမိုးကြိုးကိုင်ထားတုန်းဆိုတာ မသိရှာပဲ) စိတ်ကြီးဝင်နေတတ်ကြတယ်။ အမှန်ကတော့ လူကြီးတွေကို ကလေးတွေက Look up လုပ်ရမှာ မဟုတ်ဘူး။ ကိုယ့်ကလေးဘ၀ကို ကိုယ်မေ့သွားတတ်တဲ့ လူကြီးလူဆိုးကြီးတွေကသာ ကလေးတွေရဲ့ကောင်းတဲ့ သဘာဝလေးတွေကို ပြန် Look up လုပ်ရမှာ။
လူတစ်ယောက်ဟာ သူ တစ်ယောက်ကောင်းဖို့ပဲ လိုတယ်။ သူကောင်းရင် အနည်းဆုံး သူ့မိသားစု ကောင်းတယ်။ သူ့ပတ်ဝန်းကျင် ကောင်းတယ်။ အများဆုံး သူ့တိုင်းပြည် ကောင်းတယ်။
နေထိုင်ရာလောကကြီးကို အကျိုးပြုဖို့ဆိုတာ Green Monkey ဖြစ်မှ၊ Stop Bombing ထွက်အော်နေမှ မဟုတ်ပါဘူးလေ။ ကိုယ်တိုင်ရခဲ့တဲ့ ဘ၀နဲ့ယှဉ်ပြီး နောင်တချိန်လူကြီးဖြစ်လာမယ့် ကလေးတွေကို ပတ်ဝန်းကျင်ကောင်းလေး ဖန်တီးပေးရင် ရပါပြီ။ အမှားတွေ ပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ ပျော်ရွှင်စရာတွေမရှိတဲ့ ကလေးဘ၀ ရလာခဲ့တဲ့ ကလေးတစ်ယောက်ဟာ တာဝန်ယူတတ်တဲ့ လူကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ် ဆိုတာ တာဝန်ခံနိုင်ပါ့မလား။
လူကြီးဆိုတာ တခါတုန်းက ကလေးပါပဲ။
ရေနံ့သာ
No comments:
Post a Comment