12/09/2010

အနာဂါတ်ကို ကြိုမသိချင်ဘူး

နေသာနေတဲ့ စက်တင်ဘာ နေ့တစ်နေ့မှာပေါ့။ လေနုအေးအေးလေးတွေ တိုက်နေတဲ့ စက်တင်ဘာရဲ့ တနဂ๎နွေနေ့ တစ်နေ့မှာပေါ့။ မြက်ခင်းစိမ်းစိမ်းတွေ၊ ကုန်းမြင့်မို့မို့လေးတွေ၊ နှစ်ယောက်စာ လူသွားလမ်းလေးနဲ့ တောအုပ်ကလေးတွေရှိတဲ့ ပန်းခြံလေး တခုမှာပေါ့။ အာရပ်နွယ်ဖွား လူတွေနဲ့ အာရပ်တွေလို ဝတ်ဆင်ထားတဲ့ လူတွေ၊ အလှတန်ဆာဆင်ထားတဲ့ မြင်းတွေ၊ မြည်းတွေ၊ ကုလားအုပ်တွေ ရှုပ်ရှပ်ခပ်နေအောင် ပွဲတော်ကျင်းပနေတဲ့ မြေကွက်လပ်လေးနဲ့ မနီးမဝေး၊ အလှမွေးခွေးလေး ကိုယ်စီကို ကြိုးလွှတ်ပြီး လမ်းလျှောက်ထွက်နေတဲ့ လူတွေနဲ့ မလှမ်းမကမ်းမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတယောက် မြက်ခင်းစိမ်းပေါ်လှဲ ပြီး ကောင်းကင်ပြာကြီးကို ကြည့်နေကြတယ်။

ကောင်လေးက ရုတ်တရက် ထထိုင်ပြီး ကောင်မလေးကို မေးလိုက်တယ်။ ဗေဒင်တွေ လက္ခဏာတွေကို ယုံလား တဲ့။ ကောင်မလေးက ပထမတော့ ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ ကောင်လေးက ဆက်ပြောတယ်။ အကြားအမြင်တို့၊ ဗေဒင်တို့တော့ မယုံချင်ဘူး။ ဘဝမှာ ဘာတွေဖြစ်လာမယ် ဆိုတာကိုလည်း ကြိုပြီးမသိချင်ဘူးတဲ့။ ကောင်မလေးက ကောင်လေး ဘာဆက်ပြောမလဲ နားထောင်ဖို့ လက်ကို အားပြုရင်း ထထိုင်လိုက်တယ်။ ကောင်လေးက သူ့လက်ဝါးသူ ပြန်ကြည့်ပြီး လက္ခဏာတော့ နည်းနည်းကြည့်တတ်တော့ ယုံရမလို ဖြစ်နေတယ်လို့ သူ့ဖာသာ သူပြောသလိုနဲ့ ဆက်ပြောတယ်။ ဒီတခါတော့ ကောင်မလေး မျက်နှာက ဝင်းလက်သွားတယ်။ တဆက်တည်းပဲ သူလက်ဖဝါးလေး ဖြန့်ပြီး "ဒါဖြင့် ကျွန်မကို ကြည့်ပေး" လို့ ပြောလိုက်တယ်။ ကောင်လေးက ကောင်မလေး လက်ကိုမကြည့်ပဲ အဝေးကို ကြည့်နေရင်း "ကျွန်တော်က ကောင်းကောင်း မဟောတတ်ဖူးဗျ၊ တော်ကြာ မှားနေရင် မကောင်းဘူး" လို့ ပြန်ပြောလိုက်တယ်။

လိုချင်တာတစ်ခုခုရှိရင် မရမက သူငယ်ချင်းတွေကို နွဲ့ဆိုး ဆိုးတတ်တဲ့ ကောင်မလေးက မရဘူး။ သူမရဲ့ ညာဖက်လက်ကို အတင်းထိုးပေးပြီး ကြည့်ခိုင်းနေတယ်။ ပါးစပ်ကလည်းပြောလိုက်တယ်. . . အပျော်ပေါ့ တဲ့။ ဒီတော့ ကောင်လေးလည်း မနေသာတော့ဘူး။ ကောင်မလေးရဲ့ ဘယ်ဖက်လက်ကို လှမ်းတောင်းလိုက်တယ်။ ကောင်မလေးက သူမ ဘယ်ဖက်လက်ကို လှမ်းလိုက်ရင်း သူနဲ့ ကောင်လေးက အရာရာ ဆန့်ကျင်ဖက်ဖြစ်တတ်တဲ့ အကြောင်းကို တွေးမိပြီး ပြုံးမိသေးတယ်။ ကောင်လေးကလည်း ဒါကို သတိရသွားပြီး ပြုံးလိုက်တယ်။ သူကိုယ်တိုင်ကလည်း ကောင်မလေး ညာဖက်လက် ကမ်းပေးလို့ တမင်တကာ ဘယ်ဖက်လက်ကို တောင်းလိုက်တာကို သူကိုယ်သူ အံ့သြနေတာလည်း ပါတယ်။

ကောင်လေးက ကောင်မလေးလက်ပေါ်က အရေးအကြောင်းတွေကို သေသေချာချာကြည့်တယ်။ ခဏနေတော့ သက်ပြင်းချတယ်။ ကောင်မလေးက နည်းနည်းတော့ စိတ်လှုပ်ရှားလာတယ်။ ကောင်လေးက သူ့လက်ကို ကိုင်ထားလို့လား သို့မဟုတ် ကောင်လေး အမူအရာကို ကြည့်ပြီးတော့လားတော့ မသိဘူး။ စိတ်မရှည်သလိုနဲ့ "ကဲ ပြောလေ၊ ဘာမြင်လဲ" လို့ မေးလိုက်တယ်။ ကောင်လေးကတော့ ကောင်မလေးကို တချက်ကြည့်ပြီး သက်ပြင်းထပ်ချတယ်။ ပြီးတော့. . . "တကယ်သိချင်လား။ ကျွန်တော် အမှန်အတိုင်း ပြောရမလား" လို့ ထပ်မေးတယ်။ ကောင်မလေးက စိတ်ထဲ နည်းနည်းတစ်မျိုး ဖြစ်သွားပေမယ့် ကောင်လေးက သိပ်မဟောတတ်ဘူး ပြောထားတော့ သိပ်တော့ စိတ်မပူဘူး။ ပြောမှာသာ ပြောပါ။ ဘာမှ မဖြစ်ပါဘူး ဆိုပြီး ပြောလိုက်တယ်။

A Couple With Their Heads Full Of Clouds(1937) - Salvador Dali

ဒီတော့ ကောင်လေးက စပြောတယ်။ ခင်ဗျားဟာ လူတွေ အများကြီးနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူး တဲ့။ သေသေချာချာ ရွေးပြီးမှ ပေါင်းလေ့ရှိတယ်။ လူတိုင်းကိုလည်း ယုံလေ့မရှိသလို ခင်ဗျား ယုံကြည်အောင် လုပ်ပြနိုင်တဲ့လူ သို့မဟုတ် ခင်ဗျားက ယုံကြည်လောက်တယ်လို့ ထင်တဲ့လူမှ ရွေးပေါင်းတယ်။ သူများပြောတဲ့ စကားဆိုလည်း ဘယ်လို အဓိပ္ပါယ်နဲ့ပြောပြော ခင်ဗျားလိုရာကို ဆွဲတွေးတတ်လို့ တခါတခါ ဘဝမှာ အလိမ်ခံရသလိုမျိုး တွေကြုံနိုင်တယ်လို့ ပြောလိုက်တယ်။ ကောင်မလေးကလည်း ခေသူမှ မဟုတ်တာ။ သူမအကြောင်း တော်တော်များများကို ကောင်လေးက သိထားတော့ သူ့ကို လာရွှီးနေတယ် ထင်တယ်။ ဒါကြောင့်ပဲ ကောင်လေးကို ပြန်ပြောတယ်။ "ရှင်ပြောတာက အရမ်း ယေဘုယျ ဆန်တယ်၊ ဒီလောက်တော့ ကျွန်မလည်း ဟောတတ်တာပေါ့။ တိတိကျကျ ပြော. ." ဆိုပြီး အတွန့်တက်လိုက်တယ်။

ဒီတော့မှ ကောင်လေးကလည်း သူ့အကွက်ထဲ ဝင်လာပြီဆိုတဲ့ မျက်နှာပေးနဲ့ ဆက်ပြောတယ်။ ဥပမာဗျာ. . လူတယောက်က ခင်ဗျားလက်ကလေးကို ထိတွေ့ကိုင်ချင်တာနဲ့ သူ လက္ခဏာကြည့်တတ်တယ်လို့ ပြောတယ်။ ဒါနဲ့ပဲ ခင်ဗျားက သူ့စကားကို သေသေချာချာ မစဉ်းစားပဲ ခင်ဗျားလက်ကို အတင်းထိုးပေးမယ်ဗျာ. . . ။ ကောင်လေးစကားတောင် မဆုံးလိုက်ဘူး. . ကောင်မလေးက ရှက်ရှက်နဲ့ သူ့လက်ကို အတင်းဆွဲရုတ်လိုက်တယ်။ ကောင်လေးက သူမရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို သဘောကျကြောင်းပြောခဲ့တာ သွားသတိရသွားတယ်။ တဆက်တည်း အခုလို လူလည်ကျပြီး သူမလက်ကို ကိုင်သွားတာကို စိတ်မဆိုးပေမယ့် မကျေနပ်ချင်။ ဒါကြောင့် သူမက ကောင်လေးကို  ကျွန်မမှာ ဒီလို လိမ်တတ် ညာတတ်တဲ့ မိတ်ဆွေရှိမယ်လို့မှ မထင်ထားတာ လို့ မျက်စောင်းထိုးပြီးပြောလိုက်တယ်။

ကောင်လေးကတော့ ရယ်ကျဲကျဲနဲ့ ကျွန်တော်မလိမ်ခဲ့ပါဘူး။ ကျွန်တော်က ကြည့်တတ်တယ်ပဲ ပြောခဲ့တာလေ။ ကြည့်ပြီး ရှေ့မှာဘာဖြစ်မယ်လို့ ဟောတတ်တယ်လို့မှ မပြောခဲ့တာ လို့ ပြန်ပြောတယ်။ကောင်လေးပြောတာလည်း ဟုတ်သလိုလို ရှိနေတယ်။ သူကလည်း ကောင်မလေးကို ကြည့်ပေးမယ်လို့မှ မပြောခဲ့တာ။ ကောင်မလေးက သူ့ဘာသာသူ အတင်းကြည့်ခိုင်းထားတာ ဆိုတော့ အောင့်သက်သက်နဲ့ ဘာပြန်ပြောရမှန်း မသိဖြစ်သွားတယ်။ ဒါပေမယ့် ကောင်မလေးကလည်း ခပ်စွာစွာလေးဆိုတော့ ဒီလို လွယ်လွယ်နဲ့ အလျှော့ပေးတတ်တဲ့ သူမှ မဟုတ်တာ။ ဒါဆို ရှင်ဘာလို့ သက်ပြင်းတွေချပြီး အိုက်တင်တွေ ထုတ်နေလဲ. . . ဆိုပြီး ရန်ထောင်တော့တာပေါ့။

ဒီတော့ ကောင်လေးလည်း သက်ပြင်းရှည်ကြီး တစ်ခါထပ်ချတယ်။ ပြီးမှ အဝေးက ပြေးလွှားဆော့နေတဲ့ ကလေးတွေကို ကြည့်ရင်း ကောင်မလေးကို ပြောလိုက်တယ်။

"ခဏနေရင် ကျွန်တော် အမြတ်တနိုး တယုတယ ထိတွေ့ခဲ့ရတဲ့ လက်ချောင်းလှလှလေးတွေကို လွတ်ရတော့မှာ ကြိုသိနေလို့ တဲ့။"

ကောင်မလေးလည်း ဘာမှ ထပ်မမေးတော့ပဲ မြက်ခင်းစိမ်းစိမ်းပေါ်မှာ ထိုင်နေတယ်။ ဒီအတိုင်းပဲ ကောင်လေးလည်း ဘာမှ မပြောတော့ပဲ ထိုင်နေတယ်။ တယောက်က နေဝင်တဲ့ဖက်ကို မျက်နှာမူပြီး၊ ကျန်တယောက်က နေထွက်တဲ့ဖက်ကို မျက်နှာမူရင်းနဲ့ပေါ့။ အဲဒီအတွက် သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်ပြီး ထိုင်နေနိုင်သလို၊ ကျောခိုင်းပြီး ထိုင်နေတာလည်း ဖြစ်နိုင်တယ်။ အဲဒီနေ့က နေသာနေတယ်လေ။



မောင်ရင်ငဇေ

No comments:

Post a Comment