01/08/2010

ရေနည်းငါး

အို အချစ်ရေ. . .
မင်းရဲ့အလှမှာ မယစ်မူးခဲ့ပေမယ့်
မင်းရဲ့ ဘဝထဲ မူးယစ်ခဲ့သူရယ်ပါ။
http://pixdaus.com

ပျော်ပျော်နေ သေခဲ
ရှင်ရဲဖို့လဲ လိုရဲ့
ရုန်းရင်း ကန်ရင်းနဲ့
ရုန်းရင်းဆန်ခတ်
ခက်ခဲလှချီရဲ့။

မသေချာခြင်း ရထားရယ်
ဒီဘူတာကိုမှ သေသေချာချာ
ရွေးပြီး ဆိုက်ကပ်ထားရလား။

မကျေနပ်ခြင်း နံရံတွေပေါ်
သက်ရောက်ခဲ့တဲ့ လက်သီးတွေက
ဘဝကို ပြန်လည်
ဝဝလင်လင် စားသုံးပစ်ခဲ့လေရဲ့။

အဆင်မပြေခြင်း ဧည့်တွေကလည်း
ငါ့ဆီမှာ နေဖို့ထိုင်ဖို့ အဆင်ပြေလှချီရဲ့
တိုက်ဆိုင်မှု အလေ့ကျ အပင်တွေရယ်
တိုက်တိုက်ဆိုင်ဆိုင်ကို
ငါ့ရင်အုံမှာ စီစီရီရီ
အစီအစဉ် တကျ
အမြစ်တွယ် ရှင်သန်လှချီရဲ့။

အောင်မြင်မှုရဲ့ တန်ဖိုးကို
ရှုံးနိမ့်ဖူးတဲ့ လူလောက် သိပါဦးမလား
ရခဲလှတဲ့ လူ့ဘဝရယ်
ရတုန်းလေး ခဲ ခဲ့ချင်တယ်ကွယ်။


ငွေဆိုတဲ့ နတ်ဘုရားရယ်
ကိုးကွယ်သူကိုပဲ မ စ တတ်သတဲ့လား
တခါတလေများ အကျွန် ငမိုက်သားအား
ကိုယ်ထင်ပြလှည့်ပါ
ငါးဖြစ်ပြီး ရေမကူးရတဲ့ ဘဝ
နုံချာ လွန်းလို့ပါကွယ်။

ကောက်ရိုးလေး တမျှင် ဆုပ်ကိုင်ဖို့တောင်
လက်တွေကလည်း အားဖျော့လှချီရဲ့။

အထီးကျန်လွင်ပြင်မှာ
ဘဝရဲ့ အမောတွေနဲ့ နွမ်းလျမိတိုင်း
အချစ်ရေ. . . မင်းကို တမ်းတမိတယ်။


မောင်ရင်ငဇေ

1 comment:

  1. ကိုရင် ဇေ .. ဒီကဗျာကို ဖတ်ဖူးတယ် မြင်လည်း မြင်ဘူးတယ်ပေါ. ဆိုပြီး ကြည်.နေတာ အောက်ဆုံးရောက်မှ မောင်ရင်ငဇေတဲ. ..

    လေးစားပါတယ် ကိုရင် ..
    မိုက်တယ် ....

    ReplyDelete