02/12/2010

စိတ်အစေးမကပ်တဲ့နေ့

ဒီလိုနေ့မျိုးဟာ အမြဲဆိုသလို ပျင်းရိပျင်းခြောက်နဲ့ ပါပဲ ။ တခါတလေ အင်း. . မဟုတ်ပါဘူး အမြဲတမ်းလိုလိုတော့ အပေါင်းအသင်းတွေ ရောက်လာတတ်တယ် ။ တောင်ပြော၊မြောက်ပြော ထွေရာလေးပါးပေါ့။   ထွေရာလေးပါးဆိုလို့ ဘာလဲဆိုပြန်တော့ အဓိပ္ပါယ်ကို သေချာမသိ။ ဒီလိုပဲ ပါးစပ်ကနေ ပြောတဲ့စကားတွေ အများကြီးပဲ။ တခါတလေ ကိုယ်ပြောတဲ့စကား ဘာဆိုတာတောင် မသိပါဘူး။ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး။ ဘယ်သူကမှ အဓိပ္ပါယ်ပြန်ရှင်းခိုင်းနေတာမှ မဟုတ်ပဲဟာ။ လူတွေဟာ ဒီအတိုင်းပါပဲ။ တစ်ချို့အကြောင်းတွေဆို ကိုယ်သေချာမသိလဲ သိချင်ယောင်ဆောင်လိုက်ကြတာပါပဲ။ စာရေးရင် ကောင်းမလား စိတ်က တွေးမိတယ်။ ရေးမယ်ဆိုတော့လဲ ရေးစရာ အကြောင်းကမရှိ။ ဘယ်ရှိမလဲ စာမှ မဖတ်တဲ့ဟာ။ စာရေးဖို့ဆိုတာ ဖတ်ထားမှ ရေးစရာ အကြောင်းကရှိမှာပေါ့။ ဪ. . . ညနေက အပြင်ထွက်ပြီး စီးကရက်ဝယ်ဖြစ်ရဲ့လား။ ခေါင်းက ဒီလိုပဲ သိပ်မမှတ်မိချင်တော့ဘူး။ ဒါတောင် ညနေကအဖြစ်အပျက်ပဲ ရှိသေးတယ်။ ဒီလိုဆို သမိုင်းထဲက အကြောင်းအရာတွေဆိုရင်တော့ ပြောစရာကို မလိုတော့ဘူး။ ဒါလဲအကြောင်းတော့ မဟုတ်ပါဘူး။ သမိုင်းနိဂုံးချုပ်ပြီဆိုတဲ့ အယူအဆဘက် ခုန်ဝင်လိုက်ရုံပေါ့။ 

အဲ. . . တကယ်တမ်းက ကဗျာ။ ကဗျာဆိုတာ ဘာလဲ ။ အင်းလေ ဘာလဲဆိုတာတောင် သေချာမသိတဲ့ဥစ္စာ။ စာကို အလျားလိုက်မစီပဲ ဒေါင်လိုက်စီတာ ကဗျာဆိုရင်တော့ ငါရေးခဲ့တာတွေက ကဗျာတွေပေါ့. . အဟက်။ ဟုတ်လားမသိပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့။ အခုတလော ရသစာတွေဖတ်လို့ မရဘူးဖြစ်နေတယ်။ အခုမှ မဟုတ်ပါဘူးလေ၊ အရင်တုန်းကတည်းကပါပဲ ။ ဒီအကြောင်း သူများကို ပြောပြလိုက်ရင် ကောင်းမလား။ အို. . မဖြစ်သေးပါဘူး၊ ဒါနဲ့များ ဘယ်လိုကဗျာရေးလဲဆိုရင် ပြန်ဖြေစရာမရှိ ဖြစ်နေအုံးမယ်. . . ငါ့နှယ်။ အခုတလော လူကစာရောင်ရောင် ပေရောင်ရောင် လုပ်ချင်နေသလိုပဲ။ တကယ်တမ်းဝန်ခံရရင် ရောင်ရောင်လား၊ ယောင်ယောင်လားဆိုတာတောင် ဘယ်လိုပေါင်းမှန်း သေချာမသိဘူး ။ ဒါနဲ့များ. . .  ''ကျွန်တော်စာရေးဆရာ မဟုတ်ပါဘူး။ ဒါပေမဲ့ တခါတလေတော့ ကဗျာတို စာတိုလေးတွေရေးပါတယ်'' ဆိုပြီး နောက်ကျမကျန်ခဲ့ရအောင် လေသံပစ်ထားရင် ကောင်းမလား ။ ဒါလဲ ဘယ်သူမှ မသိပေမဲ့ ကိုယ့်ကိုယ်ကိုတော့ သိမှာ ။ လူတွေဟာ ဒီလိုချည်းပါပဲ ။ ကိုယ်လဲ ရောယောင်နေလိုက်ရုံပေါ့ ဆိုတော့လဲ ခက်တာက ကိုယ့်ကိုယ်ကို သိနေတာဆိုးတယ် ။ အို. . ဘာပဲဖြစ်ဖြစ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဒါကိုယ့်လွတ်လပ်ခွင့်ပဲ။ ဟုတ်တယ် ဒီစကားလှတယ်။ လွတ်လပ်ခွင့် တဲ့။ ပြီးရော ဘယ်သူမှ လာပြောလို့ မရတော့ဘူး။ 

ဟာ. . . မီးခြစ်ဘယ်ရောက်သွားပါလိမ့်။ ဪ. . . ငါကလဲ ခက်ပြီ။ လက်ထဲမှာ မီးခြစ်ကြီး ကိုင်ထားပြီး ပျောက်လို့ လိုက်ရှာနေတယ်။ ကဲ ကဲ. . . တော်ပြီ ဘာတွေ တွေးနေမှန်းလဲမသိဘူး။ ပြောသားပဲ ဒီလိုနေ့မျိုးဟာ အမြဲလိုပဲ ပျင်းရိပျင်းခြောက်နဲ့ပါလို့။ အခုတော့ တောင်တွေးမြောက်တွေးနဲ့ လျှောက်တွေးမိရော။ ဆေး (လိပ်) လေးဖွာမှပဲ ယားနေတဲ့စိတ်က ပျောက်သွားမှာ။


 ' ရှစ် '      

ဟာာာာ. . . . . . မီးခြစ်ထဲမှာမှ ဂက်(စ်) မရှိတော့တာ. . .

ကဲ. . တွေ့ပြီ မဟုတ်လား။ ဒီလိုနေ့မျိုးဆို ဒီလိုချည်းပါပဲ ဆိုတာ။        ။ 

နောက်ဆုံး မှတ်မိတာဆိုလို့. . .

မီးမတောက်တဲ့ မီးခြစ်တစ်လုံး၊ ငွေရောင်ကားချပ်ပေါ်မှ အစိုင်အခဲတစ်စု. .
အသက်ရှူလမ်းကြောင်းတစ်စုံရဲ့ပိုင်ဆိုင်မှုအကြောင်း. . .
ငါ မစဉ်းစားပဲ ပေါ်လာတတ်တဲ့ ဖုံးနံပါတ် အိုဆဲဗင်းအစ ဝမ်းတူးဖိုက်အဆုံး. . .
အခု အကြိုက်ဆုံးအရောင် အညိုရောင်ကို ပြောင်းသွားပြီ. . .
လောကကြီးတစ်နေ့ထက် တစ်နေ့ နာကျင်စရာကောင်းလာသလို
ငါလဲ ကိုက်ခဲမှုဒဏ်ကို တစ်နေ့ထက် တစ်နေ့ ပို ပိုပြီး ခံစားလာရတယ်..


နောက်ဆုံး ငါ မှတ်မိတာဆိုလို့. . . .




ကံဂျီမူရာ

No comments:

Post a Comment