09/03/2011

အစရှိသည်များနှင့် အဲ့ဒါဘာလဲ ပိတောက်ပန်းလေ မမှတ်မိတော့ဘူးလား

ရှိနေတဲ့ အပူချိန်ဟာ ကျွန်တော့်အတွက် မဟုတ်ဘူး အမေ
ကြယ်လွဲမိုးတွေကို လွမ်းတယ်
ပိတောက်မြေကို လွမ်းတယ်။
I Wish You Well - Pin Pals


အမေနဲ့ ကမ္ဘာ ဘာနဲ့လဲမလဲ. . . ။
(ဘယ်သူ့ရဲ့ ကမ္ဘာလဲ. . .   . . )
ရေကြည်နောက်လိုက်ရင်း ရေပျောက်ခဲ့ရခြင်းတွေ
မပြောခင်
သူများနှာခေါင်းနဲ့ အသက်ရှုရင် ကောင်းမလား အမေ. .
ဒီမှာ
အသက်ရှုလည်း လေယူလေသိမ်းက သိပ်မမှန်တော့လို့. .
ကိုယ့်မြင်းကိုယ်စိုင်းရင်း
ရောက်ခဲ့တဲ့ စစ်ကိုင်းတွေ မနည်း
ဒါတောင် ဘဝက အက်ရှင်ကားလို
သူရဲကောင်းဆန်ဆန်တွေပဲ ရိုက်ချင်သေးတယ်။


ဂုဏ်ယူတယ်အမေ ခုချိန်ထိတော့
ဒင်္ဂါးသံတဝဲဝဲနဲ့ ကျွန်တော်မပြောတတ်သေးဘူး
ကလိန်စေ့တွေနဲ့ ငြမ်းမဆင်တတ်သေးဘူး။


အဆိုးဆုံးကတော့ လူတွေကို ချစ်နေတတ်ခြင်းပဲပေါ့. . .


နေကောင်းပါစေ အမေ. . .
မြင်းမိုရ်တောင်ဦးမက ကျူးတဲ့
သမိုင်းဟာ ဒီလိုပဲ နိဂုံးချုပ်လို့တော့ မရဘူး
အမေ့ကိုချစ်တဲ့ သားတစ်ယောက်လုံး ဒီမှာရှိနေသေးတယ်. . ။



ချမ်းညီချို

No comments:

Post a Comment