19/03/2011

အညိုရောင်နယ်မြေ


The Grey Area

တစ်နေ့တစ်နေ့ ဒီလိုပဲခွာခွာချ
လူများသမုတ်သလိုပဲ အဲ့ဒီကောင်ဟာ အခေါက်ထူ
အဲ့ဒီကောင်ဟာ အရည်ရွှမ်း အဲ့ဒီကောင်ဟာ အမြစ်ကိုခြစား
လူတစ်ယောက်အန်ချတဲ့စကားတွေကို လေးဘက်ထောက်စားတဲ့သူ
တစ်နေ့တစ်နေ့ ဒီလိုပဲ ငိုက်စိုက်စိုက်
အဲ့ဒီကောင်ဟာ နေ့မသိ ညမသိ လမသိ ရက်မသိ
အရင်းမသိ အမြတ်မသိ အတိုးမသိ အကြွေးမသိ
သူမသိဘူးဆိုတာတွေကိုတောင် တစ်ဝက်လောက်ပဲသိတဲ့ သူ
မီးများ မီးနိုင် ရေများရေနိုင်
မသိတသိတွေများတော့ သိတာကလည်းမနိုင် မသိတာကလည်းမနိုင်
အဲ့ဒီကောင်ဟာ ကြိုးဝိုင်းပေါ်တက်ပြီးစိန်ခေါ်လို့ ခပ်တည်တည်
ပ၀ါမကူ ရေမရှုကြေး ဟိုက်ရော ဟိုက်ရော
လခမောင်းခတ်နေရင်းကပဲ ဓါတ်လိုက်သေဆုံး
တောင်ကြောင်မဟုတ်တော့ တောမီးလည်းမလောင်ဘူး
သူ့ရဲ့ဆံပင်နီကျင်ကျင်တွေလောင်တယ်
ဖနောင့်မှာ အ၀ိုင်းပေါက်နေတဲ့ ကြက်ပေါင်ဖိနပ်ကလေးလောင်တယ်
သူစုပြီးသိမ်းထားတဲ့ ချစ်ချစ်ယိုစုံထဲက ထက်ထက်မိုးဦးပုံတွေလောင်တယ်
သူ့ရဲ့ကြံတိုင်းအောင်လွယ်အိတ် အစုတ်ထဲက ခြောက်လုံးပြူးကော်သေနတ်လောင်တယ်
ရေများပေမယ့်လည်း လောင်တာက
မီးမဟုတ်တော့ မငြိမ်းနိုင်ခဲ့ပြန်ဘူး
အဲ့ဒီကောင်ဟာ အရည်ရွှမ်း/အဲ့ဒီကောင်ဟာ လေးဘက်ထောက်စား/ ငိုက်စိုက်စိုက် ထက်ထက်မိုးဦးကို ယူပြီးရင်
သူ့ရဲ့ခြောက်လုံးပြူးတစ်လက်နဲ့ ဒီမြို့ကိုသိမ်းပိုက်ပြမယ်တဲ့
အားလုံးဟာ ရယ်ရင်းမောရင်း စရင်းနောက်ရင်း ဟားတိုက်ရင်း လပြည့်ညမရောက်ခင် သုံးရက်အလို
သေနတ်သံ ဒိုင်းခနဲ ကြားလိုက်ရတယ်
မြို့ဟာ ပြားပြားကိုဝပ်လို့။

ဖိုးခွား

No comments:

Post a Comment