10/08/2011

"စပရိန်"လူသား

      " လွယ်သလား ခက်သလား ရာမ. . .
                                                                           ရာမ. . . လွယ်သလား ခက်သလား ပြောစမ်း ငါ့ကို
                           ဟေ့. . ဒီမှာ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဒီလို ပစ်နိုင်မှ ဗိုလ်လုပ်လို့ရတာကွ. . . "

                                                                                                             ဗိုလ်အောင်ဒင် ဇာတ်ကားမှ

Painting By Sitt Nyein Aye (Source - MyanmarISP.com)

ဒီကနေ့ ငါတို့တွေ
ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ခရီးကြမ်း
၁၉၄၇ ဇူလိုင် ဆယ့်ကိုးက စခဲ့တယ်။     ။


စစ်မှန်တဲ့ မျိုးချစ်ခေါင်းဆောင်တွေကို
ရာထူးနဲ့ကာမ၊ အာဏာရမ္မက်ပြင်းထန်
မြင်းသမားညဏ်နဲ့ ဗိုလ်နေဝင်း
အတင်းအဓမ္မ ကြံစည်ခဲ့လေတော့
ခေတ်သစ်ဗမာ့သမိုင်းမှာ
ကိုယ့်လူမျိုးကိုယ်ပြန်သတ်
ငါတို့ရဲ့ ရင်ဘတ်တွေ
ပထမဆုံး သွေးချင်းချင်းနီခဲ့တယ်။    ။


နောက်တခါ
ကမ္ဘာမှာ ဗမာရယ်လို့ တင့်တယ်စေတဲ့
ဦးသန့်ရဲ့ ဂုဏ်သတင်း သင်းပျံ့လေခဲ့
အရင်းစစ်လိုက်တော့ ကိုယ့်ထက်သာ မနာလို
ပညာတတ်ဆို မျက်မုန်းကျိုးလို့
သမဂ္ဂကို ဗုံးဖောက်ခွဲ
ကျောင်းသားလဲ နားမလည်
မျိုးတုံးအောင်ကို ပစ်ခတ်သတ်ဖြတ်
၁၉၆၂ ဇူလိုင် ခုနှစ်ရက်မှာ
ငါတို့ရဲ့ ရင်ဘတ်တွေ
ဒုတိယံမ္ဘိ သွေးချင်းချင်းနီခဲ့တယ်။     ။


"စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်
ဘယ်တော့မှ မိုးပေါ် ထောင်မပစ်ဘူး "
အာဏာရူးကြီးရဲ့ နောက်ဆုံးစကား
လူထုအပေါ် စိမ်ခေါ်ကြိမ်းဝါးပြီး
၈၈ရဲ့ ဩဂုတ် ရှစ်ရက်က စလို့
စစ်သေနတ်သံတွေဝဲပျံ
နာကျင်ငြီးငြူသံတွေမိုးထိညံခဲ့
ငါတို့ရဲ့ ရင်ဘတ်တွေ
သွေးချင်းချင်းနီခဲ့ပြန်တယ်။     ။


နောက်ဆုံးမတော့
ဗိုလ်နေဝင်းရဲ့ ဆိုးကျိုးအမွေ
ငါတို့တွေ အခုထိခံရဆဲ
ဒင်းကတော့သေ
လူတွေသာပြောင်း
မူကတော့ မပြောင်းလဲပဲ
ငရဲပြည်မှာတောင်
ကိုယ်လုပ်မှ ကိုယ်ခံရတာ
ဗမာပြည်မှာတော့
နင်မဟုတ်ရင် နင့်အဖေ
နင့်အဖေမဟုတ်ရင် နင့်အမျိုးအဆွေ
ဒီလို. . . လက်ညှိုးတွေလည်း ထိုးတတ်တယ်
အဲဒီလက်ညှိုးတွေပဲ ကွေးတတ်ပုံများ
ပြည်သူနဲ့ကျောင်းသား
၂၀၀၇မှာ ဘုရားသားတွေပါ မနေရ
အဖိနှိပ်ခံ နင်းပြားဘဝပေမယ့်
ဟေ့. . . စစ်သားရေ
မင်းသိထားဖို့က
ဖိနှိပ်လေ ကုန်းထလေ
ဘယ်တော့မှ ကမ္ဘာမကြေ
ငါတို့ဟာ "စပရိန်"လူသားတွေဖြစ်တယ်။     ။


[သမိုင်းတလျှောက် ကျဆုံးခဲ့သော ကျောင်းသူကျောင်းသား ရဲဘော်များအား ဂုဏ်ပြု ဦးညွတ်ရင်း. . . . ]

သားခွန်

No comments:

Post a Comment