18/01/2011

ဖြစ်နေကျ အချစ်ပုံစံ (၁၅)

ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။

သူမကြောင့်ပင် ဖတ်သူမရှိသောကြောင့် စကားလုံးများအဖြစ်သို့ မရောက်ရှိနိုင်ခဲ့သည့် "နင့်ကို ငါ ချစ်တယ်" ဆိုသော စာလုံးများကို ကျွန်တော် ပြန်လည် ဆွဲထုတ်လာခိုက် ကောင်းကင်တွင် ကြယ်အစင်းတစ်ရာ ကြွေကျမသွားပါ။ နေသည်လည်း အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်သို့ ဝင်သွားပြီး ညရောက်သောအခါ ပတ်ဝန်းကျင်သည် မှောင်မှောင်မဲမဲရှိလာပါသည်။ "ဒါ ရှေးဘဝက ရေစက်ပါလို့ပဲ သိလား" ဟု သူမဆိုသောအခါ ကျွန်တော် ပြုံးမိပါသည်။ ဘာကြောင့် ပြုံးလိုက်မိသလဲ ကျွန်တော် မသိပါ။ ပြုံးချင်၍ ပြုံးလိုက်ခြင်းသာ ဖြစ်ပါသည်။ သို့သော် သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသောကြောင့် ဘာရယ်မဟုတ် ပြုံးချင်၍ ပြုံးလိုက်ခြင်းသာဖြစ်ကြောင်း အဆောတလျှင် ရှင်းပြမိပါသည်။ "မယုံဘူးပေါ့လေ ဟုတ်လား" ဟု ဆိုသောအခါ "အဲလိုလည်း မဟုတ်ပါဘူး" ဟု ခပ်ပေါ့ပေါ့ ပြန်ဖြေမိပါသည်။ ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။

The Swing - George Gallant

ကျွန်တော် ကြိုက်သော သီချင်းအမျိုးအစားများ၊ အဆိုတော်များကို သူမ မကြိုက်သလို သူမကြိုက်သော သီချင်းအမျိုးအစား၊ အဆိုတော်များကို ကျွန်တော် မကြိုက်ပါ။ သို့သော် သူမ ကြိုက်သော သီချင်းများ၊ အဆိုတော်များအကြောင်း သူမ ပြောသောအခါ နားထောင်ပေးရုံတင်မဟုတ်ပဲ ကျွန်တော်ပါ သူတို့အကြောင်း ပြောလို၍ သူမ ကြိုက်သော သီချင်းအမျိုးအစားများကို ကျွန်တော် လိုက်နားထောင်ဖြစ်၊ အဆိုတော်များအကြောင်းကို လိုက်ပြီး လေ့လာဖြစ်ပါသည်။ အံ့ဩစရာကောင်းသည်မှာ သူမလည်း ကျွန်တော်ကြိုက်သော သီချင်းများကို လိုက်နားထောင်၊ အဆိုတော်များအကြောင်းကို လိုက်ပြီး လေ့လာနေသည်ကို မျှော်လင့်မထားပဲ သိလိုက်ရပါသည်။ ဒီလိုကိစ္စများသည် လူတော်တော်များများအတွက် အရေးမကြီး၊ အရေးမပါသော ကိစ္စများ ဖြစ်နိုင်သော်လည်း ကျွန်တော်တို့နှစ်ယောက်အတွက်မူ ကြည်နူးစရာကိစ္စတစ်ခု ဖြစ်လို့နေပါသည်။ တစ်ယောက်ကြိုက်သော သီချင်းများ၊ အဆိုတော်များအကြောင်း တစ်ယောက်ကလည်း သိနေခြင်းမှာ ကျွန်တော်နှင့်သူမကို ပိုပြီး နီးကပ်သွားအောင် ဆွဲစေ့လိုက်သလိုရှိသည်ဟု ကျွန်တော် ထင်သည်။ အနည်းဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် ပြောစရာစကားမရှိ ဖြစ်နေခြင်းမျိုးမှ ကင်းဝေးစေပါသည်။

"လက်ထပ်ဖြစ်ရင် ဧည့်ခံပွဲ မလုပ်ချင်ဘူး သိလား။ အဲဒါလုပ်ဖို့ ကုန်မယ့် ပိုက်ဆံကို လိုအပ်နေတဲ့သူတွေ၊ လှူသင့်တဲ့နေရာတွေမှာ လှူလိုက်ချင်တယ်" ဆိုသော သူမ၏ စကားတစ်ခွန်းသည် ကျွန်တော့်ကို အတော်ပင် ပျော်ရွှင်စေခဲ့ပါသည်။ ထိုစဉ်က သူမကို ကြည့်သောအကြည့်တွင် အချစ်သာမက လေးစားမှုပါ ပါတယ်လို့ သူမထင်ကြောင်း ပြောသောအခါ ဟုတ်မှန်ကြောင်း ကျွန်တော် ဝန်ခံခဲ့ပါသည်။ မိန်းမတစ်ယောက်ဖြစ်နေလို့၊ ကိုယ့်ထက် အသက်ငယ်နေလို့၊ ကိုယ်ချစ်တာ လေးစားတာသိပြီး အနိုင်ယူမှာစိုးလို့ စသည်ဖြင့် ဘာဘာညာညာ တွေးမိပြီး ခံစားချက်အမှန်ကို ဝန်မခံတာမျိုး ကျွန်တော် မလုပ်ခဲ့ပါ။ ကိုယ်ချစ်သော မိန်းကလေးတစ်ယောက်ကို လေးစားမိခြင်းသည် အပြစ်မရှိဟု ထင်ပါသည်။ ကျွန်တော့်ထံမှ အချစ်သာမက လေးစားမှုပါ ရသောကြောင့် ပိုပြီး ပျော်တယ်လို့ သူမက ဆိုပါသည်။ အဲလို ပွင့်ပွင့်လင်းလင်း ဝန်ခံတတ်တဲ့ ကျွန်တော့်ကို ပိုပြီး ချစ်မိလာတယ်ဟု ဆိုသောအခါ ကျွန်တော်လည်း ပျော်ပါသည်။

တကယ်တမ်းတော့ အချစ်ဆိုတာကို ကျွန်တော် သေသေချာချာ နားမလည်သေးပါဘူးဟု ထင်မိသောကြောင့် ကျွန်တော်သူမကို ချစ်တာ တကယ်မှ ဟုတ်ရဲ့လားလဲ စဉ်းစားမိပါသည်။ ကျွန်တော် သူမကို တော်တော် သဘောကျ၊ တော်တော် ကြိုက်နှစ်သက်သည်ကတော့ သေချာပါသည်။ သူမရဲ့ အသံ၊ ဆံပင်အရောင်၊ သူမကြိုက်တဲ့ အစားအသောက်တွေ၊ မကြိုက်တဲ့ အစားအသောက်တွေ အကုန်လုံးကို ကျွန်တော် အလွတ်ရ မှတ်မိနေပြီး အားလုံးကို ကျွန်တော်သဘောကျပါသည်။ သူမကို ကြိုက်တဲ့ အဆင့်ကနေ ချစ်တဲ့အဆင့်ကို ရောက်သွားပြီလား။ "ချစ်တယ်" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲ ကျွန်တော် သေသေချာချာမသိပါ။ ချစ်တယ်ဆိုရင် ဘာတွေလုပ်ရမလဲ။ ချစ်တယ်ဆိုတာ အချိန်တော်တော်များများမှာ သူမကို သတိရနေခြင်းတွေလား။ အမြဲတမ်း အနားမှာ ရှိနေစေလိုတာတွေလား။ သူမ ရယ်မောပျော်ရွှင်နေတာကို မြင်လိုက်ရတိုင်း ကျွန်တော်ပါ ပျော်ရွှင်လာတာတွေက အချစ်လား။ သူမကို အမြဲပဲ စိတ်ချမ်းသာအောင် ထားလိုတဲ့ ဆန္ဒတွေကပဲ အချစ်ဆိုတာကြီး ဖြစ်နေမလား။ ဒီလောက်လေးနဲ့တော့ အချစ်ဟု မခေါ်နိုင်သေးဘူး ထင်ပါသည်။ သူမကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့ သူမ မကြိုက်သော ဆေးလိပ်သောက်သည့်အကျင့်ကို ဖြတ်ပစ်လိုက်ခြင်းများကိုလည်း ထည့်သွင်းပြောရမည် ထင်သည်။ သူမကို တစ်ယောက်တည်း ထားခဲ့ပြီး သူငယ်ချင်းများနှင့် တစ်နေကုန် လျှောက်သွားမိခဲ့လျှင် သူမကို မချစ်ဘူးဟု ဆိုလိုရာ ရောက်ပါသလား။ လျှောက်သွားမိသော ကျွန်တော့်ကို အပြစ်တင်နေသော သူမကို ဒေါသထွက်မိလျှင် သူမကို မချစ်ဘူးဟု ဆိုလိုရာ ရောက်ပါသလား။ သူမရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေ တကယ်လက်တွေ့မှာ ဖြစ်လာနိုင်ဖို့အတွက် အကူအညီပေးနေခြင်းတွေကပဲ အချစ်လို့ ခေါ်ရပါမည်လား။ သူမ ကူညီစောင့်ရှောက်ချင်သော မိသားစုတွေ၊ ဆွေမျိုးတွေကို ကျွန်တော်ကပါ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခြင်းတွေဟာ အချစ်တွေပဲလား။ ဒါမှမဟုတ် ဒါတွေက လုပ်သင့်လို့ လုပ်နေတဲ့ လူမှုရေးကိစ္စတွေများလား။

ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆံပင်ကို အရှည်ထားစေလိုခြင်းနှင့် လက်သည်းနီဆိုးတာကို မကြိုက်ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆံပင်ကို အရှည်ထားလိုက်ခြင်းနှင့် လက်သည်းနီ မဆိုးတော့ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် ဆေးလိပ်မသောက်စေလိုခြင်းနဲ့ ဆေးလိပ်မသောက်တော့ခြင်းများ ပါသည်။ ကျွန်တော်တို့အချစ်ဆိုတာထဲတွင် အရက်အများကြီး မသောက်စေလိုခြင်းနဲ့ အရက်အများကြီး မသောက်တော့ခြင်းများ ပါသည်။ သူမ၏ ကျွန်တော့်အတွက် အချစ်ဆိုတာထဲတွင်မတော့ မနက် အိပ်ရာထချိန်တွင် သွားတိုက်ဆေး ထည့်ထားပြီးသား သွားတိုက်တံတစ်ချောင်းနှင့် အသင့်ပြင်ပြီးသား မနက်စာလည်း ပါလေ့ရှိသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် သွားရင်းလာရင်း သူမနှင့်လိုက်မည့် အဝတ်အစား အသုံးအဆောင်များ တွေ့ပါက လက်ဆောင်အဖြစ် ချက်ချင်း ဝယ်လာခြင်းများ ပါသည်။ စနေ၊ တနင်္ဂနွေ သူမ တစ်နေကုန် ဈေးဝယ်ထွက်သည့်နောက်ကို မငြီးမငြူ အထုပ်ဆွဲရင်း ပိုက်ဆံလိုက်ရှင်းသည်များ ပါသည်။ တစ်ခုခု စားခါနီးတိုင်း သူမအကြိုက် ဆိုင်ကို ရွေးဖို့ ဦးစားပေးခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် ကျွန်တော်ကြိုက်သော ရုပ်ရှင်များကို မပျင်းရိဟန်ဆောင်၍ အတူတူ လိုက်ကြည့်ပေးခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် ကျွန်တော်ကြိုက်သော ဟင်းများကို မနက်အစောကြီးထ၍ အဝေးကြီးအထိသွားပြီး ဝယ်ယူ ချက်ပြုတ်ခြင်းများ ပါသည်။ ကျွန်တော့်အတွက် သူမရဲ့အချစ်ဆိုတာထဲတွင် မလိုအပ်ပဲ ကက်ဆက်အကောင်းစားကြီးဝယ်၍ အသံစနစ် အကောင်းစားကြီး တပ်ဆင်များကို မငြုစူ အပြစ်မတင်ခြင်းများ ပါသည်။ ကျွန်တော် ဘောလုံးပွဲကြည့်ဖို့ တီဗီအကြီးကြီး ဝယ်တာကို မငြုစူခြင်းများ ပါသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် အိမ်ကို သူမအကြိုက် ဆေးရောင်ပြောင်းသုတ်ပေးခြင်းများ ပါသည်။ သူမအတွက် ကျွန်တော့်ရဲ့ အချစ်ဆိုတာထဲတွင် သူမဟင်းချက်သောအခါ ဝိုင်းကူလုပ်ပေးခြင်းများ ပါသည်။ တကယ်တမ်းတော့ အချစ်ဆိုတာကို ကျွန်တော်တို့ သေသေချာချာ နားမလည်သေးဟု ထင်ပါသည်။

Tru Luv - George Gallant

သူမက "ကလေးမလိုချင်ဘူး၊ အချစ်တွေ ခွဲပေးရမှာစိုးလို့" ဟု ဆိုသောအခါ "အင်း သဘောပဲလေ" ဟု ဖြေမိခြင်းသည်လည်း အချစ်ပဲလား။ သူမက အဲလို စိတ်ကူးရှိပေမယ့် ကျွန်တော်လိုချင်ရင်တော့ ယူမှာပေါ့ ဆိုတာကရော အချစ်ပဲလား။ အိပ်ခါနီးတိုင်း ကျွန်တော့်ကို ရှိခိုးပြီးမှ အိပ်တာကရော အချစ်ပဲလား။ ကျွန်တော်မရှိတော့ရင် လောကကြီးထဲမှာ သူမတစ်ယောက်တည်း မျက်နှာငယ်ပြီး ကျန်မနေရအောင်လို့ အလုပ်တွေလုပ်ပြီး ပိုက်ဆံစုနေတာဟာ ကျွန်တော်ရဲ့ သူမအပေါ်မှာ ရှိတဲ့ အချစ်လား။ ဒီတစ်သက်မက နောက်ဘဝတွေ ဘဝတွေမှာလည်း ကျွန်တော်နဲ့ ဒီလို ပေါင်းဖက်ရပါစေလို့ ဘုရားရှိခိုးပြီးတိုင်း ဆုတောင်းနေတာဟာ သူမရဲ့ ကျွန်တော့်အပေါ်မှာ ရှိတဲ့ အချစ်လား။ ကျွန်တော် အချစ်ဆိုတာကို သေသေချာချာ နားမလည်သေးဘူး။ ဘာပဲဖြစ်ဖြစ် ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်ဟု ထင်မိပါသည်။ သူမနှင့်အတူရှိနေစဉ် အချိန်များတွင် ကျွန်တော်တစ်ယောက် ရင်တွေ ခုန်နေတတ်သည်။ ရင်ခုန်ရင် အချစ်လား ကျွန်တော် မသိပါ။ သိလည်း မသိချင်ပါ။ ရင်ခုန်ရတာ ပျော်ဖို့ကောင်းသည်။ ရင်ခုန်နေလျှင် ပြီးပြီ။ အချစ်အကြောင်းတွေ ဘာတွေ မစဉ်းစားချင်ပါ။



ချမ်းညီချို

No comments:

Post a Comment