30/04/2010

လမ်းမဲ့

အိမ်မက်ဆိုးတွေ
တဝုန်းဝုန်း ကခုန်နေတုန်း. . .
မနက်ဖြန်တွေဟာ. . .
အလျှိုလျှို ထွက်သွားခဲ့ကြပေါ့။

တကယ်တမ်းတော့ မနက်ဖြန်တွေဟာ
အရက်ခွက်ကျန်နဲ့ တကိုယ်ကောင်းဆန်တဲ့ မိန်းမတွေလိုပဲ
လိုက်လေ ဝေးလေနဲ့. . .
ရွှေသမင် ရင်ကွဲနာကျတာကမှ
ဇာတ်တော်ထဲ ပါရအုံးမယ်။
http://wallpapers.free-review.net/

ငါ့ဘဝကမှ ကိုယ့်ဇာတ်ကိုယ်မနိုင်လို့
ပတ်မကြီး ထိုးခွဲမယ် ဆိုတာတောင်. . .
ကံဇာတ်ဆရာမျက်နှာရ အလိုကျ ဆက်ကနေရတော့. . .
အထူးတန်းမှာ ထိုင်ရလို့ သွေးကြီးနေကြတယ် ဆိုရင်တောင်
ဇီထုပ်လေး. . . . လိမ္မော်သီးလေးလောက်တော့ ပစ်ပေးကြပါ။

အပြစ်ပေးထားတယ် ပြောရအောင်
မင်းမှာကော စာရင်းရှိလို့လား
အညစ်အကြေးများတယ် ပြောရအောင်
မင်းလျှော်ခဲ့ဖူးလို့လား
တော်ခဲ့ဖူးတဲ့ မျက်နှာလဲထောက်ပါအုံး မနက်ဖြန်ရယ်. . .
မင်းနောက်ကို ငါလိုက်နေတာ ၁၅နှစ်ကျော်ပြီ။ ။

အူသောင်

ကန္တာရမျောက်

ငါဟာ ဖျားနာနေတယ်
ဒါမှမဟုတ်
နာပြီးဖျားခဲ့တာလည်း ဖြစ်နိုင်တယ်။

http://www.indigorenderer.com/
မသေချာမှုဆေးတွေသောက်
မရေရာမှု ခြုံဆောင်တထည်လွှမ်းပြီး
လောကဓံကို အမြည်းလုပ်
လောကဒါဏ်ကို ခွက်ပုန်းခုပ်နေတာ
ငါ့ဘဝနဲ့ ငါ့အတ္တကို
ချိန်စက်ထဲထည့်ပြီး
တန်ဖိုးတွက်ဖို့ မေ့ခဲ့ပေါ့. . . ။

တန်ဖိုးဆိုတာ ဘာလဲ
ငါအမြဲမေးမိ
ငါထားတဲ့တန်ဖိုးလား
သူထားတဲ့ တန်ဖိုးလား
ဒါမှမဟုတ်
ဥစ္စာဓနနဲ့တိုင်းတဲ့ တန်ဖိုးလား
လူ့တန်ဖိုးလား

တန်ဖိုးကို အဓိပ္ပာယ်ဖွဲ့ရင်း
တန်ဖိုးရှိရှိ နေခဲ့ပြီးပြီလားဆိုတဲ့
အမေးအတွက် အဖြေမရှိ. . . ။

တန်ဖိုးတွေ ခဏထား
ဘဝအကြောင်း စဉ်းစားတော့
မွေးဖွားခြင်းနဲ့ စပြီး
သေခြင်းတရားနဲ့ အဆုံးသတ်တာဆိုတော့
ရှင်သန်ခြင်းမှာပဲ
ရုန်းကန်ရင်းနဲ့ပေါ့။

ရုန်းရင်းကန်ရင်းနဲ့ တခါခါ
ငါးမရ ရေချိုးပြန်ဖို့တောင်
ငါမျောနေတဲ့ ချောင်း
ကောနေလိုက်ပုံက
နှာခေါင်းဖော် သေရမလိုဖြစ်. . . ။

စွန့်ပစ်ခဲ့တဲ့
အတွေးအခေါ်အဟောင်းတွေနဲ့
ဘီယာဗူးခွံတွေ
ဘယ်ဟာပိုများလည်း
ချိန်ဆရင်း. . .
မိုးဘာကြောင့် ရွာလည်း
အဖြေရှာရင်း
ရေခံဖို့ မေ့မေ့သွား. . . ။

ဒီလိုနဲ့ ဘဝတွေ. . . ဘဝတွေ. . .
ဖြတ်သန်းလာလိုက်တာ
ဟိုမရောက် ဒီမရောက်နဲ့
လွတ်စရာ သစ်ကိုင်းတောင်
မရှိတော့တဲ့
ကန္တာရမျောက်. . . . . ။

မောင်ရင်ငဇေ

ကမ်းမဲ့

အတွေးပင်လယ်ကြီးကို
အိမ်မက်လှေစီးပြီး ဖြတ်တော့
Yellow Submarine - Denis Grzetic


လရောင်တွေဟာ ညအမှောင်ကို
ကွက်ကြားဖြတ်ပျံနေပေါ့. . .
'ဘဝဆိုတာ ရေစီးသလိုပါ' ဆိုရင်
ညအမှောင်ကို ဘာပြောမလဲ
အဖြေမရှင်းတဲ့ သေခြင်းပဲ ထားပါတော့
အရှုပ်ထဲမှာ ရှင်းအောင်နေ ဆိုပေမဲ့လည်း
ရှင်းလေ ရှုပ်လေ ဖြစ်နေတော့. . .

အပျင်းပြေတောင် အပျင်းမဖြေမိပါဘူး။
တင်းနေတယ် ဆိုရင်လည်း ဖြေလိုက်ပါ. . .
ဆင်းချင်တယ် ဆိုရင်လည်း နေခဲ့ပါ. . .

သင်းရမ္မက်အပြင်းကို ရေရောလိုက်ပါ
အသေမစော စေချင်လို့ပါ။
အမြည်းစားပြီး ပြီးသွားတဲ့အရက်ဝိုင်းလို. . ဖီးလ်မလာလို့ပါ။
'အချစ်ကို ရှစ်' လို့ ဆဲရင်တောင် မင်းမပါဘူးကွာ
အချစ်ဆိုတာ တခါသုံးပစ္စည်းနဲ့ တူလာလို့ပါ
လူ့ဘဝဆိုတာ ဟိုကဗျာတစ်ပုဒ်ထဲကလို. . .
အိပ်မက်ထဲမှာ အိပ်မက် ထပ်မက်ရင်းနဲ့
အဆုံးမရှိလွင့်နေတုန်းမို့ပါ။ ။

အူသောင်

အပြာရောင် ဂြိုလ်သားများ (၇)

ထုံးစံအတိုင်း
သိက္ခာတရား ထရံပေါက်ကြီးနဲ့
ပျောက်သွားတဲ့ ခါးဝတ်ပုဆိုးရှာဖို့ ဆိုပြီး
http://www.jpgmag.com/

ဘာမှ မရှိတဲ့ ဟောဒီ မျှော်လင့်ချက်
လှေကားအတိုင်း တက်လာခဲ့တာ
ဓာတ်ကြီးလေးပါး အော်ပရာ တင်ဆက်နေတဲ့
လောကကြီးကို ငေးကြည့်နေမိတာနဲ့ပဲ
ဘယ်မှ မရောက်သေးဘူး။

အဆုံးမှာ ဘာရှိမှန်း မသိပဲ လျှောက်နေတဲ့ကြိုးတန်းလို
လှေကားထိပ်ကို မော့ကြည့်လိုက်တော့မှ
အဲဒီ ကောင်းကင်က အပ်တစ်ချောင်း
မျက်လုံးထဲ တည့်တည့် စိုက်ဝင်သွားခဲ့တယ်။

တကယ်ဆို
သမုဒ္ဒရာထဲက အပ်တစ်ချောင်းကို
လိုက်ရှာနေခဲ့သင့်တာပါ။

ဒီလိုနဲ့ပဲ (ငါ့မှာ)
"စိတ်ကန်း" ခဲ့ ရတယ် ...။

နေ့ရဲ့ အရောင်ဟာလည်း ခုဆို အမှောင်ပေါ့ ... ။

ချမ်းညီချို


("စိတ်ကန်း" သည် မင်းခိုက်စိုးစန် စကားလုံးဖြစ်၍ အဓိပ္ပာယ်ကိုမူ သူ၏ "သရဲ ခြောက်တဲ့ ည" အက်ဆေးတွင် ရှာဖွေ တွေ့ရှိနိုင်ပါသည်။)

ယောင်ဝါးခြင်း(၂၅နှစ်)

ဒီနေ့ ၁ ရက် နိုဝင်ဘာ။ ၂၅ နှစ်ထဲဝင်ပြီ။ အသက် ၁ဝဝနေရရင် ဘဝရဲ့ ၁/၄ ပုံ ။ အသက် ၆ဝ နေရမယ်ဆိုရင် ၂/၃ ပုံ နေပြီးပြီပေါ့။

၃၁/၈၅ အူဝဲအော်တယ်။ မြင်နိုင်သော မျက်လုံးပါပေမယ့် ဘာမှ မမြင်သေးဘူး။ ကားနေတဲ့နားရွက်လေးကရော. . ဘာဘာညာညာ ကြားခဲ့လေသလား. . .  မသိဘူး။ ငှက်နှုတ်သီးလို နှုတ်ခမ်းလေးကတော့ တပြွှတ်ပြွတ် အသံပြုတတ်ခဲ့မှာ အသေချာပဲ။

ကမ္ဘာကြီးက နေ ဆိုတဲ့ ကြယ်ကြီးကိုပတ်ပြီး ငါးပတ်တိတိ လည်သွားတယ်။ အသိုင်းအဝိုင်းဆိုတာလေးတစ်ခုထဲကို ခြေချပြီ။ ငိုတယ်၊ ရယ်တယ်၊ ရန်ဖြစ်တယ်၊ ကြောက်တယ်၊ စားတယ်၊ အိပ်တယ်၊ ဆော့တယ်၊ သင်ယူတယ်၊ စူးစမ်းတယ်. .  ခဲတံနဲ့ စာအုပ်ဆိုတာကို တရားဝင် ကိုင်တွယ်တယ်။

ကမ္ဘာကြီးက နောက်ထပ် ၅ ပတ်ထပ်ပတ်တယ်။ ခံတွင်းမှာ ပြတင်းပေါက်များ ပွင့်တာတွေ ပွင့်ကုန်လို့ အသစ်လဲတာတွေ လဲကုန်တယ်။ ဘောလ်ပင်စကိုင်ရပြီ။ 'အရင်လို လွယ်လွယ်မမှားတော့နဲ့' ဆိုသလား။ ' ခြစ်ရာတွေ မများစေနဲ့။ ရုပ်ဆိုးမယ်. . သတိထား။ ' ဆိုသလား. .။ အေခန်းလား၊ ဘီခန်းလား၊ အဆင့် ၁ လား၊ တော့ပ်၁ဝလား. . .  စကားပြောလာပြီ။ ဟိုဆရာက ဟိုကျောင်းသားကို အကဲပိုသလိုလို. .  ဒီဆရာမ က ဒီကျောင်းသူကို အကဲပိုသလိုလို. . ငါ့ကိုရော. . . ငါ့ကို. . သူတို့ မြင်မှမြင်ရဲ့လား။ တွေးတတ်ပြီ။

ဟော .. နောက်ထပ် ၅ ပတ်။ ထမီကိုပတ်၊ ရင်ကိုဖုန်းတဲ့ဝတ်ရုံဝတ်လို့. . . လွယ်အိတ်အမြီးလေး တရမ်းရမ်း လမ်းလျှောက်တတ်ပြီ။ ကျောင်းခန်းထဲက ဘုရားမှာ နှင်းဆီပန်းကို မျက်လွှာချလို့ လက်အုပ်ချီကပ်ရင်း. . လွယ်အိတ်မှာလဲ တစ်ပွင့်။ မူလတန်းပြ ဆရာမလေး လုပ်မလား၊ ပန်းချီဆွဲရင်း အသက်ရှင်မလား၊ လူ့အသက်ကယ်တင်တဲ့ အလုပ်လုပ်ရ ကောင်းမလား၊ စာရေးဆရာ အဖြစ်ပဲ နေသွားမလား။ စိတ်ကူးအလံတွေ တလူလူလွှင့်နေတုန်း ရောဂါဟောင်းတခု ထဖောက်လာတယ်။ ရောဂါနာမည်က အပျင်း။ အပျင်းရောဂါ ကို အချိန်မီ မကုနိုင်တော့. . . .

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzQTyY3mEGHoMywbuJrHhJWw52tGJR2SIBjbnJgJlVQWXHPXdPeZbloRyLqCW9JFoB8zvi-dsRMu76MVpSyCJcnG2kwEjP1z3oVEKXf14qFYk7GCWx7gumHgcfoTybSchR9AukKEDjOoU/s1600/foot_prints.jpg

ဒီအချိန်မှာပဲ ကမ္ဘာကြီးက နောက်ထပ် ၅ ပတ်။။ သူဘာလို့ မစောင့်နိုင်ရတာလဲ။ ဒီမှာ ရောဂါကိုကုမလို့ ဟန်ပြင်တုန်းလေ. . မတတ်နိုင်ဘူး။ အချိန်မမီတော့ဘူး။ ဖြူစင်ခြင်းနဲ့ လန်းဆန်းခြင်း ကာလာ ၂ မျိုးသာရှိခဲ့တဲ့ ဘဝလေးကနေ ဟုတ်ခနဲ အရောင်စုံလောကထဲ ရောက်သွားတယ်။ ပြောင်းတယ်။ ပတ်ဝန်းကျင်ကို လိုက်ပြီး အရောင်တွေ တမျိုးပြီးတမျိုးပြောင်းတယ်. . တခါတလေ. . ကမ္ဘာကြီးတောင် သူ့ဂျူတီ မပြီးသေးဘူး. . သူက အရောင်တွေ ပြောင်းနှင့်နေပြီ။

ခုဆို .. သူ့ဘဝမှာ ကမ္ဘာကြီး ချာချာလည်ပတ်နေတာ ၂၅ ကြိမ်ရှိပြီ။ သူကတော့ အရောင်တွေ ပြောင်းနေတုန်းပဲ။ ခက်တာက ပြောင်းလိုက်တိုင်း အရောင်တွေက မွဲခြောက်ခြောက်ရယ်။ ဘယ်လိုလုပ်မလဲ။ မွဲခြောက်ခြောက်နဲ့ဆို လူတွေ ဘယ်သတိပြုမိမလဲ။ မဖြစ်ချေဘူး။ မဖြစ်သေးဘူး။ နောက်တခါ အရောင်ပြောင်းရင် တောက်ပတဲ့ အရောင်မဖြစ်ဖြစ်အောင် ပြောင်းရမလား။ မွဲလက်စနဲ့ မထူးမယ့်တူတူ ဘာအရောင်မှ မရှိအောင် အရောင်ချွတ်လိုက်ရမလား။ နေပါဦး. . . သူက လူတွေသတိပြုမိတဲ့ အရောင် ပြောင်းချင်နေရအောင် သူက လူတွေအတွက် အသက်ရှင်နေတာလား။ သူ့အတွက်သူ အသက်ရှင်နေတာလား။ သတိချပ်. . သတိချပ် . . . Focus. . Focus. . Focus. . . .

လိုချင်နေတာ. . . ရောက်နေရာက လည်ပြန်လှည့်ကြည့်တဲ့အခါ. . . ခြေရာလက်ရာ လှလှလေးတွေ ကျန်နေခဲ့တာ မြင်ချင်တာ။

26/04/2010

ဖယောင်းလေဟုန်စီးခြင်း

ဆောက်တည်ရာမဲ့ လွင့်မျော
မျော. . မျောနေလိုက်တာ
ဟို. . . အဆုံးမရှိဆီသို့
ညိုကြင့်ကြင့် မီးတောက်မီးလျှံများ
ငါ့ရဲ့ အသွေးအသားများအား
ခါးသက်သက် လောင်မြိုက်ကြ။
http://mmmlele.wordpress.com
တိမ်ပေါ်တိမ်ဆောက်
တချွတ်ချွတ်လျှောက်နေတဲ့
မီးခိုးတန်းနောက် ငါလိုက်ခဲ့ပြီ။
လိမ္မော်ချိုသကာ အနားသတ်လို့
ဆိုကဗျာ တေးညည်းသွဲ့ပေမဲ့
အစပ်အဟပ် မတည့်တဲ့
အလင်္ကာပျောက်တလက်ပေါ့
ငါပုန်းလျှိုရာ. . ကွန်းခိုရာတိုင်း
ငါ့ရဲ့ အချိန်ဇယားတိုင်း
မင်း အာဂုံဆောင်ပြီး ဆိုက်ဆိုက်ကြီး ရောက်လာခဲ့. . .
'ပြေးမယ်ဆိုကာမှ တည့်တည့်တိုး'
ဒီအဖြစ်မျိုး ရိုးတယ် လို့ ခင်ဗျား ခေါ်မလား? ? ?
အသက်ရှင်ရင်း အသက်မဲ့နေခြင်းကို
ကြောက်တယ်. . .
တွန်းလှန်ငြင်းဆန်ဖို့ အာစေးကပ်နေခြင်းကို ကြောက်တယ်. . .
'မေးထူးခေါ်ပြော' နဲ့ 'သူ မဖဲ့ခဲ့ရင် ငါ မပဲ့ခဲ့ပါဘူး'
ထပ်တူကျနေခြင်းသည်
မိမိကိုယ်ကို တပတ်ရိုက်မှုတခုသာ ဖြစ်သည်။
သို့ေ သာ်. . . .
'ဆက်ရန်ရှိသည်' များ မကျန်ရစ်ခဲ့စေလိုပါ။ ။




ယိုဒါရှီးမား

25/04/2010

မှော်

http://www.squidoo.com/

မှော်ဆန်တဲ့အိမ်မက်က ရုန်းတော့
မှော်ဝင်နေတဲ့ လောကကြီးလဲ နိုးပေါ့
မှော်ဝတ်ရုံကိုခြုံလို့မှော်ဆရာလိုလိုနဲ့
မှော်သွင်းထားတဲ့ ဧဒင်ဥယျဉ်ကြီးရဲ့
မှော်ပန်းသီးကို စားမိသူပါ
မှော်ဆိပ်တက်နေတဲ့ ဝိုင်အရက်နဲ့
မှော်အောင်ထားတဲ့ ကဝေမလေးရဲ့ ညည်းသံကြားမှာ
မှော်အတိပြီးတဲ့ ငါ့တောင့်တစိတ်က ငါ့အသွေးအသားတွေကို စားသုံး
မှော်သိုက်နန်းရဲ့မြွေတွေက ငါ့အသိစိတ်ကို အလုအယက်ဝါးမြို
မှော်မှိုင်းမိနေတဲ့ ငါ့အတွေးက တဏှာရည်တွေသောက်ပြီး သစ္စာဖောက်တော့. . .
မှော်ဘဝကြီးထဲမှာ အရူးတယောက်လိုပေါ့. . .
မှော်ဝင်နေတဲ့ စကားလုံးတွေ ပျံကျနေလို့မျိုမချနိုင်ခင်
ကြိုက်ဖူးတဲ့ စာသားလေးတကြောင်းကို ကျားနာတကောင်လို အော်ချလိုက်တော့

                                                    မှော်ရုံတောမှာမောလှပြီ ။ ။


အူသောင်

ပဲ့တင်သံ

အနားမှာ ဘယ်သူမှရှိဖို့ မလိုပါ
နွေးထွေးတဲ့ မေတ္တာစောင်လေး စိုးစဉ်းမှ လွှမ်းခြုံ မပေးတတ်ရင်

အနားမှာ ဘယ်သူမှရှိဖို့ မလိုပါ
ညီလိုကိုလိုရိုင်းပင်း ကောက်ရိုးမျှင်လေးမှ ကမ်းမပေးတတ်ရင်

အနားမှာ ဘယ်သူမှရှိဖို့ မလိုပါ
စိတ်တူကိုယ်တူ လောကကြီးကိုမှ ပြက်ရယ်မပြုနိုင်ရင်
Turbulenzen - Carmen Kroese

အနားမှာ ဘယ်သူမှရှိဖို့ မလိုပါ
ကျေနပ်တဲ့ ဖြေရှင်းချက်နဲ့ ပုစ္ဆာလေးမှ တွက်မပြတတ်ရင်

အနားမှာ ဘယ်သူမှရှိဖို့ မလိုပါ
သံသယမှောင်ခွင်းမဲ့ မျော်လင့်ချက်အလင်းပျပျမှ မလင်းရရင်

တောင်းတယ်. . . အတောင်းမတတ် ငတ်သည်။
တောင်းလဲမရ. . . ငတ်သည်။
ဘယ်နှခါများ ဆက် တောင်း နေရမလဲ

ရှိသင့်ရသင့်သော မွေးရာပါရပိုင်ခွင့်အတွက်. . .
စံနှုန်းတူ ညီမျှသောလှိုင်းများ အတွက် . . .
ဘယ်လောက်ထိ ဆက်ပြီး တိုက်ပွဲဝင်ရမလဲ

ရိုးသားခြင်းနဲ့ နွှဲတဲ့ ဒီပွဲမှာ
အရှုံး၊ အငြိုး၊ အမုန်းနဲ့ မျက်ရည်ပေါက်ကြီးငယ်တွေက
မလိုမတောင်းပဲရတဲ့ အပိုဆုတွေပါ။

သူတို့ပြောသလို . . .
ဒီလိုနဲ့ပဲ. . . ဒီလှေကြီးစီး ဒီခရီးကြီးသွားရင်း
(စုန်တယ်ပြောပြော ဆန်တယ်ပဲပြောပြော)
ကွေ့ကောက် ဝင်္ကများလွန်းလှတဲ့
' ဒီမြစ်ကြီး မြစ်ကျိုးအင်း မထွန်းပါစေနဲ့ 'လို့ ဆုတောင်းရင်းပေါ့။ ။


ယိုဒါရှီးမား

24/04/2010

ဖြစ်သမျှ အကြောင်း အကောင်း

http://www.artworkbyirina.com/



ထောင်ဖမ်းတဲ့ ယုန်က
တောင်ဘက်ကို ပြေးသွားတုန်း
ခွေးက မြောက်ဘက်ကို လိုက်တော့
ဟာ သွားပါပြီလို့ ထင်လိုက်တာ
ဘယ်ဟုတ်မလဲ ငနဲသားက
ကြောင်တစ်ကောင် မိပြီး
ပြန်လာတယ်လေ...။


ချမ်းညီချို

"ယုန်တောင်ပြေး ခွေးမြောက်လိုက်" နှင့် "ယုန်ထောင် ကြောင်မိ" သည် ရှေးလူကြီးများ၏ ပါးစပ်မှ ထွက်ကျခဲ့သော စကားပုံများ ဖြစ်ပြီး ကျွန်တော်ပိုင် အတွေးအခေါ်များ မဟုတ်ပါ။

23/04/2010

မြစ်တစ်စင်း၏ အခြားတဖက်၌

Love Hurts - Sara Sami

မျက်ရည် မြစ်တစ်စင်း
နင့်ဆီက ငါ့ဆီ စီးဆင်းခဲ့တယ်
သံသရာ မဆုံးသရွေ့ပေါ့ . . . . .။

ဝဋ်ရှိရင်လည်း ကျေပါစေ
အပြစ်ရှိရင်လည်း ပြေပါစေကွယ်. . . .
(လက်ဆင့်လည်း မကမ်းလိုလို့)

အချစ်မသိသူ အဖြစ်နဲ့ပဲ
နေပါရစေ . . . . . . .။ ။

မောင်ရင်ငဇေ

အိမ်ပျက်

မသိလို့ပါ. . . . .

ဒီအိမ်မှာ လူကြီးက ခင်ဗျား

The Abbey In The Oakwood(1809-10) - Caspar David Friedrich
အစကတည်းက လိုလိုလားလား

ဘယ်သူမှ မခိုင်းခဲ့ပေမယ့်

အားလုံးကို ဓါးမိုးပြီး အတင်းကြီး

အုပ်ချုပ်နေရတဲ့သူဆိုတော့

အားအင်ပြည့်ဝဖို့ စားစရာရှိရင်

ဦးဦးဖျားဖျား အသားကို

ခင်ဗျားက ပိုပြီးစားသင့်တာပေါ့

အရိုးအရင်း အကြွင်းအကျန်ကိုတော့

အုပ်ချုပ်ခံ လူတန်းစား

ကျုပ်တို့လို အိမ်သားတွေအဖို့

အထူးတလည် အောက်ကျို့ခံမနေတော့ပါဘူး။ ။

အင်း. . . . .

တယောက်တည်းထိုင်နေတာတောင်

ဟိုဘက် နည်းနည်းတိုးပေးပါလို့

ပြောယူရတဲ့ ဒီ အိမ်ပျက်ကြီးမှာ

ကျုပ်တို့ကပဲ ညံ့ဖျင်းလွန်းတာလား. . . ? ?

မတတ်သာလို့ ခိုနေရတဲ့

ကျုပ်တို့ခေါင်းပေါ်က ခေါင်မိုးကပဲ

ယို. . . ယို နိုင်လွန်းတာလား. . . . ? ?

မသိလို့ပါနော်

တကယ်ကို မသိလို့ပါ။      ။


သားခွန်

အပြာရောင် ဂြိုလ်သားများ (၆)

ဒီလိုပါပဲ
"ဖြစ်ချင်တဲ့ ဆန္ဒ" ဆိုတာကြီးများ
ဇာတ်ဝင်ခန်း ရောက်လာပြီဟေ့ဆိုရင်
ဘဝဟာ
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်
အာမခံချက် မရှိတော့ဘူး။
http://dtproductions.wordpress.com/

ဒီလိုပါပဲ
ငေးကြည့်မိရာက
ပြတင်းပေါက် မဟုတ်ပဲ
ပိတ်ကားဖြစ်နေမှတော့
(ဘဝဟာ)
ရုပ်ရှင်လိုပဲ ကြည့်နေရတော့တာပေါ့။

အဲသလိုနဲ့. . .
ဟာလာဟင်းလင်း ဝမ်းနည်းမြို့ကြီး မှာ
အသုံးမဝင်တော့တဲ့. .
ဇာတ်ဝင် အဝတ်အစားပုံကြီးအတွင်း
အတွေးအခေါ်ကျမ်းတွေကို ဆွဲထုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီ စက္ကူနဲ့ သုတ်ပြီးပဲ ထိုင်နေလိုက်မယ်။

တကယ်ဆို
အရုပ်သေနတ်နဲ့ပဲဖြစ်ဖြစ်
ငါတို့ကိုယ် ငါတို့
ဇာတ်သိမ်းကြည့်ဖူးခဲ့ရမှာ


အဲဒီ
"ဖြစ်ချင်တဲ့ ဆန္ဒ" ဇာတ်ဝင်ခန်းကြီးကို
မကြည့်ရအောင်လို့လေ။

ချမ်းညီချို

22/04/2010

အစင်းလေး ခြစ်ကြည့်တာ

သတိ!
အများပြည်သူ စားသုံးနိုင်သော
အနုပညာရှင်များ ကြောငြာတွင်
ကဗျာဆရာ မပါဝင်ပါ။

အနုပညာဆိုတာ ဖျော်ဖြေမှု/ဖြေဖျော်မှု/ဖြေပျော်မှု/ဖြေလျော့မှု သက်သက်*
www.artists.org

ကျောက်သားဟာ အနုပညာမဟုတ်ဘူး
ကျောက်သား တင်ပြပုံဟာ အနုပညာ*
အသားဟာ အနုပညာမဟုတ်ဘူး
အသွေးဟာ အနုပညာ*

(များသွားပြီ ကောင်လေး)

မမေ့ကြပါနဲ့
ကဗျာဆရာလည်း * သမား/ရှင် ပါ
(တော်ပြီ တော်ပြီ ခဏလေး)

ခြစ်ရာတွေ များခဲ့ပါပြီ
အစင်းလေး ထင်လိုထင်ညား
ကုတ်ကြည့်တာ

စာသုံးသူ နှစ်မျိုး ရှိတယ်
အစာအိမ်စားသုံးသူ နဲ့ လျှာစားသုံးသူ။ ။

ထွန်းနွယ်

အန်ထွက်ခြင်း

ရိုးသားမှုတွေ ပုပ်ရိပြတ်ကျနေချိန်မှာ
မရိုးသားခြင်းတွေက
မင်္ဂလာပွဲ အကြီးအကျယ် ကျင်းပနေလေရဲ့။
Broken Souls - Eye Of Providence
ဪ. . ရိုးသားမှုရွှေခေတ်ကြီးက
ဘေဘီလုံမြို့ကြီးလို
မင်္ဂလာမောင်မယ်ထဲမှာ ကျန်ခဲ့ပေါ့ ။

အသေခံလေယာဉ်မှူးတွေ
ဘယ်လောက်သေသေ
ကမ္ဘာစစ်မှာ ဂျပန်ရှုံးသွားတာ ငြင်းလို့မှ မရပဲ။

သဲကြိုးပြတ်ကိုယ်ကျင့်တရားတွေ
ဟိုတဘက် ဒီတဘက်လွင့်နေတုန်း. . .

အမူးသမားတစုကတော့
'ဂုဏ်ဆိုတာငွေကိုခေါ်တယ်'သံပြိုင်ဆိုရင်း
ပုဆိုးကွင်းသိုင်းလို့ ဒီဂျစ်တာခေတ်ကြီးထဲ
လေးဘက်ထောက် ဝင်ရောက်နေကြပေါ့။ ။

အူသောင်

21/04/2010

ကမ္ဘာချိုချို အရသာချို

သီချင်း ကောင်းကောင်းလေး တစ်ပုဒ် နားထောင်။
လိုက်ကချင်ရင်လည်း ကလိုက်ပေါ့။
အနည်းဆုံး ပခုံးလေးလောက် ဖြစ်ဖြစ်
တွန့်လိုက်တာမျိုး။

ကဗျာ ချိုချိုလေး တစ်ပုဒ်ရေး။
လိုက်ရွတ်ချင်ရင်လည်း ရွတ်ပေါ့။
အနည်းဆုံး မျက်ခုံးလေးလောက် ဖြစ်ဖြစ်
တွန့်လိုက်တာမျိုး။

http://3rings.designerpages.com
ဆေး ကောင်းကောင်းလေး တစ်ဆုံဖွာ။
အငွေ့ပျောက် ရိုက်ချင်လည်း ရိုက်ပေါ့။
အနည်းဆုံး သွေးကြောထဲက ဖြစ်ဖြစ်
အရသာ ခံလိုက်တာမျိုး။

ကိုယ်ကြားချင်တဲ့ အသံပိုင်ရှင်ဆီ ဖုန်းဆက်။
ဘာကိစ္စမှ မရှိလည်း ဒီလိုပဲပေါ့။
အနည်းဆုံး နားထဲက ဖြစ်ဖြစ်
ပွတ်သပ်ထိတွေ့ ခံလိုက်ရတာမျိုး။

ရယ်စရာ ကာတွန်းလေးတွေ ဖတ်။
ခွက်ထိုးခွက်လန်ချင်လည်း လန်ပေါ့။
အနည်းဆုံး မျက်ကြည်လွှာလောက်တော့
ရေဆေး ချ လိုက်မိသလိုမျိုး။

အဆုံးသတ်တော့
ကိုယ့်ကိုပျော်စေတဲ့ဟာ ကိုယ်လုပ်
ဘဝကို သကြားလုံးလို စုပ်နေခဲ့တာမျိုး။

ချမ်းညီချို

လွဲနေသော တဒင်္ဂများ

I Shall Overcome - Jennifer Main
ရနေခဲ့တဲ့ အချိန်တွေမှာ
မလိုခဲ့ဘူး
(တန်ဖိုးလည်း မထားခဲ့ဘူး)
လိုနေတဲ့ အချိန်မှာတော့
မရနိုင်တော့ဘူး။

ဒီလိုနဲ့ ဒီလိုနဲ့ပါပဲ. . . .

ကာရန်တွေ အပြည့်နဲ့
အဓိပ္ပါယ်မဲ့နေတဲ့ ကဗျာတွေသီရင်း. . .
အပေါစား စာသားတွေနဲ့
ကော်ပီ သီချင်းတွေဆိုရင်း. . .
ငွေမင် အသုတ်ခံရမယ့်
စာတွေကို ရေးရင်း. . .
မီးသေနေတဲ့
ဆေးလိပ်တိုတွေ ဖွာရင်း. . .
ထီးတစ်ချောင်းကို
အမြီးခေါင်းရှာရင်း
မိုးတိတ်ခဲ့ရ. . . . .

ဒီလိုနဲ့ ဒီလိုနဲ့ပါပဲ. . . .

ကျီးမနိုးပွဲညမှ
နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားရတဲ့ ငါ့ဘဝ. . . . . ။

မောင်ရင်ငဇေ

18/04/2010

ဘဝများ.... (၂)



ညစ်ပတ်ပေရေပြီး
ကျဉ်းမြောင်းတဲ့ လမ်းတွေထဲ
သတိထား လျှောက်လှမ်းရင်း
ကောက်ကျစ်စဉ်းလဲ မျက်လုံးတွေနဲ့
ခေါင်းရယ်. . အမြီးရယ်. . မခွဲခြား
ကျက်တဲ့အသား စားတတ်ကြတဲ့
နှုတ်ခမ်းများက ပြုံးပြ
ခင်ဗျားတို့ရဲ့ နေ့တဓူဝ
မျိုမျိုချနေကျ
"မိုးခါး" တံဆိပ်ကပ်ထားတဲ့ အရည်ကို
ပါးစပ်က ချီးယား(စ်)ဆိုပြီး လာမတိုက်နဲ့။
မိုက်မဲတယ်လို့ ထင်ရင်ထင်
ခေါင်းမာတယ်ပဲ ပြောပြော
ဟိုရှေ့က. . .
မြက်မစားတဲ့ ခြသေ့င်္တွေထဲမှာ
ငါဟာလဲ တစ်ကောင်ပေါ့။ ။

သားခွန်

အသက် Vs မျှော်လင့်ချက်


ငယ်ရွယ်စဉ်က
မျှော်လင့်ချက်တွေ
ဒီရေတက်သလို...။

အခုတော့လည်း
ဒီရေအကျမှာ
မျောပါသွားပေါ့။ ။


14/04/2010

၎င်း


ဓားစကားနဲ့ နှိုက်လဲ မရဘူး. . .
အရှိုက်တရားလဲ သွားမဟောလိုက်နဲ့
မှိတ်ထားဖို့တော့ မဖြစ်ပြန်ဘူး. . .
သတိ*
၎င်းအရာသည် ကျွတ်ဆတ်မာကျော၏။ ။


ယိုဒါရှီးမား

နေထွက်ခြင်း


အမေ. . .

မှောင်မဲနေတဲ့ အိမ်

အတိုးတက်နေတဲ့ အိမ်မက်

အန်ချထားတဲ့ မျှော်လင့်ချက်

သောက်မဝတဲ့ အရက်

မှိုတက်နေတဲ့ မျက်ခွက်

နေသာမယ့် နောက်တမနက်

ခန္ဓာထဲက အသက်အတွက်. . .
သွားရအုန်းမယ် နောက်တစ်ရက်။ ။

အူသောင်

ခွဲကြရင် လွမ်းရတာပဲမလား “နွယ်”

နွယ်..

မိုးတွေမရွာဘဲ မိုးတွေရွာနေပြန်ပြီ. . . နွယ်။ သင်္ကြန်ရဲ့ ပွဲတော်ရက်တွေမှာ လူတွေဟာ မှိုင်းအုံ့ ရီညို ပြေးမလွတ် နိုင်ကြပြန်ဘူး။ အပျော်ဆိုတာ. . . စာရင်းဇယားလေးနဲ့တွဲပြီးမှပဲ ကြည့်ပျော်ရှုပျော် ရှိပြန်တယ်။ သဲချောင်းဟာ ခြောက်ကပ်လိုက်တာမှ ဖြူလွှလွှ သဲပြင်ဟာ မြေပကတိ. . . ပက်ကြားအက်သွားရဲ့။ ထနောင်းရိပ်တို့ဟာ နေရဲ့အလိုကို လက်မြှောက် အရှုံးပေးလိုက်ကြတယ်။ ပူလိုက်တာ နွယ် ရယ်. . .။ ပွဲတော်ရက်တွေမှာ နွှဲမပျော်နိုင်ဘဲ မွဲရော်ရော်သာ ကျန်ရှိတော့ရဲ့။

ဒီတစ်ပါတ်လုံး ကျွန်တော်တို့ ကွန်နက်ရှင် ကျသွားမယ်ပေါ့ “နွယ်”။

အင်း ဘာရီးလဲမသိဘူး။

အပူရှိန်ဟာ ဟုန်းခနဲ ထမြင့်သွားတယ်။ နွယ်ရေ ပျံသန်းနေတဲ့ငှက်တွေဟာ ဖြုတ်ခနဲ ကြွေကျကုန်ကြတယ်။ မိုးတွေ မမှိုင်းဘဲ မိုးတွေညို့နေပါလား “နွယ်”။ ချောင်းဖျားမှာ မိုးညို့ရင် ချောင်းအောက်ကရွာတွေ ဂျမ်းဖြစ်ကုန်ကြတယ် ဂတ်စကပ်တွေပြတ်ကုန်ကြတယ်။

ခက်တယ် “နွယ်”။

စိတ်အလိုရှိတိုင်းသာ ကျူးရင့်ရမယ်ဆို...

“ခင်ဗျား ခပ်တည်တည်နားကြား
လွဲနေရင် “ဘ၀သံသရာကြီးမှာ”
အကောင်းဆုံးသီချင်းတောင်
လှည်းလိုတအီအီမြည်ခဲ့ပေါ့။”


ပန်းတွေဟာ သွေ့ခြောက်ခြောက်နဲ့ ကလေးဆိုးကြီး “နွေ” ကို အလိုလိုက်နေကြတာလေ “နွယ်”။
နွယ် မရှိတော့တဲ့ တစ်ပါတ်ဟာ “နွယ်”.........

အီရတ်မှာ အမေရိကန်တွေ ကျဆုံးတာ သုံးထောင်ကျော်သွားပြီ ဆိုပါလား “နွယ်” ။ အသေခံ ဗုံးဖောက်ခွဲမည့်သူ စားရင်းဟာ တစ်နေ့တစ်ခြား စက္ကန့်နဲ့အမျှ ဒီရေလို တိုးလာလို့ စာရင်းတွေတောင် ပိတ်ကုန်ပြီ ဆိုပါလား။ စာရင်းမှာ ကျွန်တော့်နာမည် ဘယ် နှစ် ခါ သွင်းမိမှန်းမသိဘူး 80Gb ဟဒ်ဒစ် တစ်လုံး ကုန်သွားရဲ့ “နွယ်”
1101 1011 1011 1111 0101 1010 1110 0111
နှလုံးခုန် တိုင်းစက်ဟာ ချက်ချင်း 'alert' တက်လာတယ်။

“အင်း ဘယ်တတ်နိုင်ပါ့မလဲလေ”

ပုရွက်ဆိတ်ခေါဘဏီတပ်ကြီး ချီလာပြန်ပြီတဲ့ “ဘီလီ”ရေ။

သီပေါမင်းဟာ စုဖုရားကြီးကို အခြေအနေအရ ဘိသိက်သွန်းတော့
စုဖုရားလတ်က ကြားထဲက ၀င်ထိုင်တဲ့အကြောင်း...
မင်းတုန်းမင်းဟာ ကိုယ့်ချစ်သူ “ငယ်ချစ်” ကို မြောက်နန်းမိဖုရားအဖြစ်သာ ထားရှိကြောင်း....
ကင်းဝန်မင်းကြီး မဟုတ်တဲ့ တစ်ယောက်ယောက် က တစ်ဆင့် ဖြစ်မယ်ထင်တယ်။

“သင်္ကြန် ကတော့ အခြေအနေပဲလေ”

ရေသည် ယောက်ကျား ရေသည်မိန်းမ ကို ပြေးခေါ်တာကို သွားမြင်ယောင်မိပြန်ပြီ။ ဟိုတစ်လောကပဲ ဒီ ရောဂါ သေမလို ဖြစ်သွားသေး။ ခု ပြန်ထလာပြန်ပြီ။ အိပ်ပျော်တဲ့သူတွေ ပျော် အမိန့်တော်ခံတဲ့သူတွေ ခံ လွန်တဲ့သူတွေ လွန်။ မပါမဖြစ်ဆိုတာ “ဒါပဲ” နဲ့ အီရတ်။ ပါတီတစ်ခု တည်ထောင်ဖို့ ၂၅နှစ်ကျော်ရတယ် “နွယ်”။ ချစ်သူနဲ့ တူတူ ပျော်ပျော် နေထိုင်နေရတာဟာ ကျွန်တော်တို့ ဆီမှာတော့ အိမ်တွင်းပြစ်မှုမြောက်နေသေးတယ် “နွယ်”။

“အမေက မွေးနေ့မှာ ဆွမ်းကပ်စေချင်တာ”

တရုတ်နဲ့အမေရိကန်ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ လျော့ချရေး စာချုပ်မှာ ခုချိန်ထိ လက်မှတ် မထိုးသေးဘူး “နွယ်”။ ကွန်မြူနစ်တွေရဲ့ ဖြုတ်၊ထုတ်၊သတ် မှာ မိဘမောင်ဖွားသားသမီးဇနီးယောက်ျား ဆိုတာ မရှိဘူးတဲ့။ တိုင်ကို ထုံးသုတ်မိလို့ ကိုယ့်လက်ညှိုးကို ဖြတ်တဲ့ ဘုရင်ကို မှတ်မိသေးလား “နွယ်”။ ဟိုနေ့ကပဲ ချဲဝိုင်း ဖဲဝိုင်း ဖွင့်ထားတဲ့ရပ်ကွက်လူကြီး အိမ်လာသွားသေးတယ်။

“မျက်နှာလေးတော့ မြင်ချင်သေးတယ်”

နွယ် သစ်ရွက်တွေ အရမ်းကြွေတာပဲ။ လေအဝှေ့မှာ သစ်ရွက်ဟာ လွင့်ပြီး ချောင်းထဲ မျောသွားတော့စက္ကူလှေလေးတစ်စင်းနဲ့ သွားဆုံးတယ်။ စက္ကူငှက် တို့လည်း ဟန်လုပ် မာန်ပြ လိုက်နေကြတာ။ တောခိုးတောငွေ့ မီးခိုးငွေ့တို့ သင်္ကြန်မိုး ဖြောက်ဖြောက် ကြားမှာ လေနှင်ရာ ဝေ့သွားတယ်။ ကလေး လေးယောက် ငါးယောက် ခြောက်ယောက် မကဘူး လူကြီးတွေပါ ပါတယ် ၁၅ယောက် ၁၆ ယောက်လောက် ပိတောက်ပင်ဆီ ပြေးသွားကြတာ ပိတောက်ပင်ဟာ ခတ်မဆိတ် ရုပ်ကို ပြန်တည်ထားလိုက်တယ်။ စောစောက အပြုံးတွေ ဗရဗွနဲ့ ပိတောက်ပင်ခမျာမှာ ငိုချင်းပဲ ချရတော့မလို ငုတ်တုတ်ကြီး ဆောင့်ကြောင့်ထိုင် မေးစေ့ကို လက်နဲ့ထောက်ပြီး။

“အင်း သင်္ကြန် အတွင်းတော့ လွမ်းရအုံးမှာပါလား၊ကဲရအုံးမှာပါလား “နွယ်””

မဏ္ဍပ်တွေ နေပြည်တော် သွားကြတော့ အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းတွေဟာ ဂုဏ်သရေ ရှိသွားသလိုလိုနဲ့ ရန်ကုန် သင်္ကြန် အရွေ့မှာ ..
လေတွေတိုက်လာပြန်ပြီ “နွယ်” ။ သစ်ရွက်တွေ ထပ်ပါသွား ပြန်ပြီ...

“မနေ့ က ကိုထက်တို့ ပြည့်စုံတို့နဲ့ ဘီယာဝိုင်းထိုင်တော့ ငါးရှဥ့်ခြောက်စပ်တောင် ပြင်ခိုင်းလိုက်ရေသေးတယ်”
အိုင်တွေ ထွန်းတော့မယ် “နွယ်”။ ၁၂ ရာသီ အိုင်တွေပေါ့။ ကျောင်းဆောင်သစ် အုတ်မြစ်ချပွဲမှာ “အောင်ပြီ”
“အောင်ပြီ”
သုံးခါမက အော်တော့........

ဒီသစ်ပင်မှာ ဒီအရပ်မှာ ငှက်ဆိုး မထိုးတာ ကြာပြီ။ ကြာဆို ဒီသစ်ပင်တွေအခုတ်ခံရပြီးဒီအရပ်မှာတိုက်တွေလာဆောက်ကတည်းကပဲ။ ဒါပေမဲ့ လူတွေ ခဏခဏ သေကြပါသည် “နွယ်”။အိမ်မှာလည်း ယပ်တောင်တွေကများနေပြီ။ ခု အေပရယ်လ် လေ။ အဆင်ပြေတာပေါ့ “နွယ်”။

၁။ ရေဘူး
၂။ ချိုချဉ်
၃။ ကွာစေ့(စိ)
၎။ လက်ဖက်
၅။ ဖိတ်စာ
၆။ ယပ်တောင်
၇။ ကျော်သူ (မကုန်)
၈။ လူသေ(အလောင်း)

“ဟိုနေ့က ခေါင်းရင်းတိုက် ၅လွှာက ကီပင်ဖြစ်ထွန်းနေတဲ့ ကလေးမလေ ဒီလိုပဲ”

နွယ် သိလား.. ပြောစရာတွေက များလိုက်တာ..
“ပြောလေ” ၊ “သင်္ကြန်တွင်း ငါးရက်တောင်” ၊ “ခု ချိန်လေးမှာ”



ဟုတ်တယ် “နွယ်” အဲ့ ကလေးမလေး အသုဘ အေးဆေးပဲ။ ဘယ်သူမှလည်း မလာလိုက်ဘူး။ သူ့ သူငယ်ချင်းတွေလား မသိဘူး ယပ်တောင်တော့ ကမ်းရှာပါတယ်။ နွေ ရောက်ပြီမလား “နွယ်”။ ပူတာကိုး။ ရေသောက်ပါအုံး “နွယ်” ။ စစ်ကိုင်းအိုး၊ ရွှေဘိုအိုး ဟိုမှာ ရေခဲ၊ ရေသန့် ရေခဲ ။ “ပါးစပ်ထဲမှာ သွားတင်မက လျှာပါ ပါသည်” တဲ့ လေဆာကြောငြာပါ “နွယ်”။ ၅ နာရီထိုးတော့မယ်။ တောင်စွယ်မှာနေကွယ်တော့ မီးမွှေး ဖယောင်းတိုင် ထွန်းကြတယ် “နွယ်”။ တောင်စွယ် နဲ့ တောင်ထိပ် မခွဲခြားပါဘူး “နွယ်” ။ နေဟာ အရှေ့ အနောက် တောင် မြောက် အရပ်မျက်နှာ မရွေးတတ်ပါဘူး “နွယ်”။
မိုးတွေ ညို့လာပြန်ပြီ ။ ချောင်းဖျားမှာ မိုးညို့ရင် လေတိုးသံတွေကြားရင် နာဂစ်သူ နာဂစ်သားတွေ။
လေတွေတိုက်လာပြန်ပြီ “နွယ်...” ။ မီးစသဲ့သဲ့ ဟာ ရန်စကလူခြင်း ခံလိုက်ရတယ်။

သစ်ရွက်လေး ကြွေသွားပြန်ပြီ “နွယ်”

နောက် ငါးရက်မှပဲ အဲ့ သစ်ရွက်လေး ပြန်လန်း လာမယ်တဲ့ “နွယ်”

နွယ်...

“လေတွေ တအားတိုက်တာပဲ ခြုံထည်လေးဆောင်ထားနော်”



ထွန်းနွယ်

10/04/2010

ဟန်ပျက်ခြင်း (၁၂)

ဖြည်းဖြည်းနင်း. . . ဟေ့ကောင်
ဖြည်းဖြည်းနင်း. . .
ဆန်ကုန်ပေမယ့်. . . မြေမလေးစေနဲ့ ။
ဖြည်းဖြည်းနင်း. . . . ဖြည်းဖြည်းနင်း. . . .။ ။

လူလင်း

09/04/2010

အပြာရောင် ဂြိုလ်သားများ (၅)

ဒီလိုပါပဲ
ဘယ်သူ့ကို အပြစ်တင်ရမှန်းလည်း မသိဘူး...။

ရောက်လာကတည်းက
ဘယ်သူပို့လိုက်မှန်း မသိတော့
လိပ်စာမရှိတဲ့ အပြန်ခရီးကလည်း ဝေးသည်ပေါ့။

ဒါဆို. . . .
လူတစ်ယောက်ရပ်နေရင်း ပိန်ချိုင့်သွားတာ
ကြမ်းပြင်ပေါ် ကျကွဲသွားတာ
ဖုန်ငွေ့အဖြစ် လွင့်စင်ပျောက်ကွယ်သွားတာ
ဘာမှ မထူးဆန်းဘူး။


ဒီ လို နဲ့ ပဲ. . .
အသည်းကွဲ ခေါင်းစဉ်တွေ နေ့တဓူဝ ဖတ်နေရ
ရေဒီယိုက စိတ်ကူးယဉ်စစ်ပွဲသတင်းတွေ နားထောင်ရ
သမုဒ္ဒရာဝမ်းတစ်ထွာကြား လက်ပစ်ကူးနေရနဲ့။

ဒီ. . .လို. . .ပါ. . .ပဲ. . .
အကောင်ဟာ အထည် မပေါ်သေးဘူး...။

ချမ်းညီချို

ငွေဆိပ်သင့်သူ

ငွေစက္ကူသုံးရွက် အဖတ်တင်လိုက်တယ်
တစ်ညလုံး လောင်မြိုက်ခဲ့ရသမျှ
ဒါပဲ ဖြစ်တဲ့အတိုင်း။

အမေ့ကို ဆေးကုဖို့
အဆီပြန်နေတဲ့ မျက်နှာတွေနဲ့
ဆေးလိပ်နံ့တွေကို မေ့ပစ်ဖို့ ဆိုပြီး
ခေါ်ဆောင်ရာ ပြန်ချထားခဲ့ရာ
အတူတူပဲ ဖြစ်တဲ့အတိုင်း
လျှောက်လို့ ပြန်လာတယ်။

မနက် မိုးလင်းတော့
သူမကို တွေ့ကြရတယ်။

သေနှင့်ပြီးသား ဖြစ်နေတဲ့
အမေ့ကို ဖက်လို့
ညက အမြည်းတွေ တက်နင်းမိခဲ့တဲ့
သူမရဲ့ ခြေထောက်ကို
ကြွက်တွေကလည်း ကိုက်လို့ ... ။

ချမ်းညီချို

ကိုးမီး


အချိန်တွေကုန်လို့ ငွေနဲ့လိုက်တယ်။
အချိန်က သုံးဆနဲ့ ပွင့်သွားတော့
ခုနက. . . အလျော်ရထားတဲ့ ငွေရယ်
အသားထဲက အချိန်နှစ်ဆရယ်
ပြန်ထည့်ပေးလိုက်ရတယ်။


ယိုဒါရှီးမား

လက်နှစ်ချောင်း

ဖြေရှင်းချက် နတ္ထိ

အပြုသဘောဆောင်ဆို ရှောင်

ဘက်မျှအတွေးစမှ မရှိရင်

ရှေ့ဆက်ဘယ်လို ခရီးဆက်ရပါ့

ဤခရီး နီးသလား. . ဝေးသလား

အရေးမကြီးပါ. .

ရှေ့ဆက်ဘယ်လို ခရီးဆက်ရပါ့

ရှိတာတွေ. . ရှိသင့်တာတွေ

ဖြစ်တာတွေ. . ဖြစ်သင့်တာတွေ

ရင်ဘတ်ထဲမှာ မှတ်

လက်နှစ်ချောင်းထောင်


ဆက်လျှောက်. .

အမှတ်တမဲ့ထားပြီး. . ဆက်လျှောက်။

Peace ဆိုတော့လဲ Peace. .

Shove it ဆိုတော့လဲ Shove it ပေါ့ကွာ. . .။   ။

ယိုဒါရှီးမား

08/04/2010

ပုံပြင်

ဟိုးရှေးရှေးတုန်းကလို့ပဲ ပြောပြော
ဗာရာဏသီပြည်ကြီးကပါလို့ပဲ နှောနှော
တစ်ထောင့်တစ်ညထဲကလို
သိခြင်းတရားတခုရဲ့အဆုံးကပဲ စစ. . .

ဘုံဘဝတစ်ခုရဲ့အစက ပုံချရ မလောက်အောင် အံ့ဖွယ်ပဲ တဲ့ကွယ်. . .
ဆန်းကြယ်မှု မြင်းတွေနဲ့ ကထားတဲ့
လှည့်စားခြင်း မှော်ရထားကို
စီးမျောနေတဲ့ ကောင်းကင်အောက်ထဲ မောင်းဝင်တော့
နဂါးငွေ့တန်းတွေကလမ်းပြနေသတဲ့. . .

ရိုးသားကြိုးစားပြီး
မိဘနှစ်ပါးကိုလုပ်ကျွေးနေတဲ့ ကောင်လေးလဲပါရဲ့
အနှိုင်းမဲ့အလှ၊ ဆင်းရဲလှတဲ့ဘဝ
လှပတဲ့နှလုံးသားနဲ့ ကောင်မလေးလဲပါရဲ့

အမယ်အိုအယောင်ဆောင်ထားတဲ့ နတ်သမီးတွေ
လူလို နားလည်တဲ့ တိရစ္ဆာန်တွေ
နတ်၊ နဂါး၊ စုန်း၊ ဘီလူး နဲ့ချစ်စရာမှင်စာလေးတွေကလဲ
မပါမဖြစ် ချန်ရစ်ထားလို့မရဘူးကွဲ့. . .

ဒါပဲလားဆိုတော့. . .
စိတ်ထားပုပ်တဲ့ မိထွေး၊ ပထွေး၊ ဦးကြီး၊ ဒေါ်ကြီး နဲ့
ကောက်ကျစ်လှတဲ့ လူ၊ လူမလေး တွေကလည်း
အမှောင်ခြမ်းကဆောင်နန်းမှာ စံမြန်းနေကြသတဲ့. . .

စိတ်ဆေးစက်တွေအတွက်
ယုတ္တိမဲ့စုတ်ချက်ကြမ်းက
ဖန်ဆင်းပေးလိုက်တဲ့ကမ္ဘာကြီးဟာ
လုံးတလှည့် ပြားတလှည့်နဲ့ ဂျယ်လီတုံးကြီးလိုပဲကွဲ့

စိတ်ကူးယဉ်ရေပြင်
တောင်တန်း နဲ့တောအုပ်တွေဟာ
အလွန်ဆန်းကျယ်ပြီး အရောင်အသွေးစုံလင်လှသတဲ့. . .

ခပ်သဲ့သဲ့သာကြားရတဲ့
သာယာနာပျော်ဖွယ် ဗုံသံတွေနောက်ကို
ပိုးစုန်းကြူးလေးတွေခြံရံလို့ ဝိုးတဝါးလိုက်ရင်းနဲ့
စိတ္တဇတောအုပ်ထဲမှာ လမ်းပျောက်ခဲ့ပေါ့. . .

စိတ်ကူးပန်းပုသည် ထုလုပ်ထားတဲ့ သတ္တဝါဆိုးတွေ
စကားပြောတတ်တဲ့ သစ်ပင်တွေကလည်း ချောက်ချားစရာ. . .

သူယောင်မယ်တွေနဲ့ပျော်ပါးသောက်စားရင်း
မူးရူးလို့ရောက်ခဲ့တဲ့ စစ်တုရင်ခုံထက်က
အဖြူရောင်မှန်နန်းတော်ကြီးရဲ့အရှင်
ဘုရင်မကြီးရဲ့အပြောမှာ အိပ်မောကျသွားခဲ့. . .

အဆိပ်ရည်လွှမ်းတဲ့နှုတ်ခမ်းတစ်စုံက နိုးတော့
မြေ္ဂတွေထက်မှာ အိပ်စက်နေခဲ့ပေါ့
အိမ်မက်တွေက အိပ်မ္ဂေ့ချပြန်တော့
လူ့ဘဝရဲ့အစက. . .
ယုန်တွင်းထဲကျတဲ့ အဲလစ်လိုပဲ တဲ့
အစအဆုံးမရှိတဲ့ စိတ်အာကာသထဲမှာလွင့်မျောရင်းပေါ့. . .

ရိုးသားမှုနဲ့ အဆိုးမဲ့ကောင်းမွန်ခြင်းတွေ
သေမိန့်ကျနေတာလည်းမြင်ရဲ့. . .
အမှန်တရားတွေ လူမသိသူမသိ
ဇာတ်မြုပ်နေကြရတာလဲတွေ့ရဲ့. . .
ချစ်ခြင်းတရား၊ ရောင့်ရဲမှုနဲ့ သစ္စာ၊ သမာဓိတွေ
မျက်ရည်စက်လက်နဲ့ကိုယ့်ဟာကိုယ်မြေမြုပ်နေကြသတဲ့. . .

အစိပ်စိပ်အမြွာမြွာကွဲနေတဲ့
မှန်ပင်လယ်ထက်မှာတော့
လုံးတီးနဲ့လူတစုက
လူ့ဘဝရဲ့အရသာကို စားသုံးရင်း
သွေးစက်လက်နဲ့ကခုန်နေကြပေါ့. . .

ဓားတောင်ထက်ယိုစိမ့်ထွက်နေတဲ့
ပျားရည်စက်တွေကိုလျက်ရင်း
မီးကန္တာရထဲမှာ အဆိပ်သင့်အိုအေစစ်ကို
ရှာနေတဲ့ အမျိုးတူတစ်စုကတော့
အနောက်ဖက်ကိုဆက်သွားဖို့ လမ်းပြသတဲ့. . .

ဘဝအတွက်ကိုးကွယ်ရာဆိုတာ
မိမိကိုယ်ကိုပါပဲလား ဆိုတဲ့
အကြောင်းကိုတွေးရင်း
ဘာသာရေးစစ်ပွဲတွေကို
ရှောင်ရှားသွားနေရပြန်တယ်. . .

နေအတက်ကတံလျှပ်တွေလို
လိုက်လို့မဆုံးနိုင်တဲ့လူ့ဘဝခရီးက
စိတ်ကူးယဉ်စကြာဝဠာလိုပဲ အဆုံးမရှိဘူးကွဲ့
မတူညီတဲ့အဆုံးမဲ့ပုံပြင်ကိုယ်စီနဲ့ ခြားနားတဲ့ခရီးရှည်ကို
တူညီတဲ့ပန်းတိုင်တစ်ခုအတွက် သွားနေကြရတာမို့
အချင်းမများကြစေချင်ဘူးကွဲ့. . .

ကဲ. . . . ပုံပြင်လေးကတော့ဒါပါပဲကွယ်။ ။


အူသောင်











07/04/2010

ဖြစ်နိုင်ရင်. . . . ဖြစ်နိုင်ရင်ပေါ့လေ


ငါ့ရဲ့ဘဝထဲကို
နင်ဝင်လိုက ဝင်လာနိုင်တယ်
ထွက်လိုက ထွက်နိုင်တယ်
"အခွင့်မရှိ မဝင်ရ"
လို့ ရေးမထားသလို
နှုတ်ဆက်စကားနဲ့
နှုတ်ဆက်အနမ်းတွေလည်း
ချန်မထားခဲ့ပါနဲ့. . . . .။

ဖြစ်နိုင်ရင်
ဖြစ်နိုင်ရင်ပေါ့. . . .
ဆုံးရှုံးမှုတွေကို လက်ခံနိုင်မဲ့
ဆုံးရှုံးမှုတွေနဲ့ ကခုန်နိုင်မဲ့
အင်အားတွေပဲ ချန်ထားခဲ့ပါ. . . . .။

ငါ့နှလုံးသား နံရံထက်မှာလည်း
"သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ"
ဆိုတဲ့ စာသားတွေလည်း
နင်ရှာဖွေ တွေ့ခဲ့မှာမဟုတ်ခဲ့ ပါဘူး
ငါ့ရဲ့ ဆိုးခြင်း ကောင်းခြင်းဆိုတာကို
ငါနဲ့ပဲ သက်ဆိုင်ဖို့
ငါ့နှာခေါင်းနဲ့ ငါ့အသက်ကို
ခပ်ပြင်းပြင်းရှူနေရလို့. . . . .။

ဖြစ်နိုင်ရင်
ဖြစ်နိုင်ရင်ပေါ့. . . .
နောင်တနဲ့ မျှော်လင့်ချက်ဆိုတဲ့
စကားလုံးတွေကိုလည်း
ငါ့နှလုံးသားနံရံထက်ကနေ
ဖျက်ပေးသွားခဲ့ပါ. . . . .။


ငါ့တို့ရဲ့ ရာဇဝင်တွေ
အနာဂတ်တွေ
အိမ်မက်တွေ
ပျော်ရွှင်မှူတွေ
နွေးထွေးမှူတွေ
နင်လိုချင်ရင် ယူသွားလို့ရတယ်
မလိုချင်လည်း ထားခဲ့လို့ရတယ်
ဘာမှတော့ မတောင်းဆိုပါဘူး. . . . .။

ဖြစ်နိုင်ရင်
ဖြစ်နိုင်ရင်ပေါ့လေ. . . .
ငါ့အတွက် ဘာမှအသုံးမကျတော့တဲ့
အသက်ရှူရပ်နေသော
ငါ့နှလုံးသားပါ
နင်နဲ့ တပါတည်း ယူသွားပေးပါ. . . . . .။

မောင်ရင်ငဇေ

06/04/2010

မနေ့က. . .

ဟိတ်!

မနေ့ကပေါ့

မင်းရယ်. .

ငါရယ်. . .

တိမ်တိုက်တစ်ခုရယ်. . .

အအိပ်မက်တဲ့အကျင့်တစ်ခုရယ်. . .

ဘောလုံးပွဲတစ်ပွဲရယ်. . .

ပျော်ရွှင်မှုတစ်ခုရယ်. . .

ငါမဟုတ်တဲ့ တခြားတစ်ယောက်ရယ်. . .

အခန်းထဲက စကားသံတွေရယ်. .ရယ်မောသံတွေရယ်. . .

'သွားတော့မယ်' ဆိုတဲ့ နှုတ်ဆက်သံတစ်ခုရယ်. . .

အနေအထိုင်မတတ်တဲ့ ကြယ်တစ်စုံရယ်. . .

ပေါ်ပြူလာဖြစ်ချင်နေတဲ့ ရောဂါတစ်ခုရယ်. . .

ဘေဘီရယ်. .

ဟန်နီရယ်. .

မာကျူရီရယ်. . .

'ရှိစေတော့ ရှိစေတော့' ဆိုတဲ့ စကားတစ်ခွန်းရယ်. . .

သမိုင်းလမ်းဆုံရယ်. . .

ရေတံခွန်ရယ်. . .

'ဇင်ငယ်' ဆိုတဲ့ မင်းရယ်. . .

'ငယ်ထွန်း' လို့ ခေါ်တာကို မကြိုက်တဲ့ မင်းရယ်. . .

ပြီးတော့..

ငါရယ်...

ကျောင်းပိတ်လို့ မပျော်တဲ့မင်းရယ်. . .

တိမ်တိုက်တစ်ခုရယ်. . .

အအိပ်မက်တဲ့ အကျင့်တစ်ခုရယ်. . .

ကုန်ဆုံးပြီးသွားတဲ့ အချိန်တွေရယ်. . .

'လွမ်းတယ် လွမ်းတယ်' ဆိုတဲ့ စကားထက် ပိုနက်နဲတဲ့စကားလုံးရှိရင် ပြောချင်ပါတယ် ဆိုတဲ့ ဟန်နီရယ်. . .

အင်း. . မနေ့ကပေါ့. . .

အဲဒါ မနေ့တုန်းကပေါ့. . . .။ ။

လှိုင်ဝေးငယ်

04/04/2010

မိဘမေတ္တာ

တနေ့တော့ ဩစတြီးယားမှ ကမ္ဘာကျော် ဂျိုးဇက်ဖရီးဇယ်ကြီးတစ်ယောက် အနိစ္စသဘောနဲ့ ကိစ္စချောပြီး ငရဲပြည် ရောက်သွားလေသည်။ ဂျိုးဇက်ဖရီးဇယ်ကြီး ကမ္ဘာကျော်တယ် ဆိုတာလည်း ကိုယ့်သမီးကို ဖမ်းပြီး နှစ်ပေါင်းများစွာ အကျဉ်းချနှိပ်စက်၊ နောက်ဆုံး သားမယားပြုကျင့်တဲ့ အထိကို ယုတ်မာခဲ့တာလေ။ ဒီတော့ ငရဲပဲရောက်တော့တာပေါ့။ ဟိုရောက်တော့ လူတွေကို ကျူးလွန်ခဲ့တဲ့ အမှုနဲ့ခွဲပြီး တန်းစီခိုင်းနေတာကို တွေ့ရတော့ သူ့နာမည်ပါတဲ့နေရာမှာ သွား တန်းစီ လိုက်တယ်။ ငရဲ ပြည်မှာက ပူကလည်းပူ၊ လူတွေကလည်းများ ဆိုတော့ ဖရီးဇယ်ကြီး စိတ်ညစ်ရတာပေါ့။ ရှေ့ ကြည့်လိုက်တော့လည်း တန်းကအရှည်ကြီး။ ထူးခြားတာက သူလို မျက်နှာဖြူတယောက်မှ မပါဘဲ ဘယ်နိုင်ငံကမှန်း မသိတဲ့ ဗိုလ်ချုပ်ကြီးတွေ နဲ့ တပ်ကအရာရှိတွေပဲ တန်းစီနေတာကို တွေ့ရတယ်။ 

အဲဒီအချိန်မှာပဲ ယမမင်းကြီးက စီရင် ချက်ချပါတော့တယ်။ ငရဲပြည်မှာဆိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တော့ မရှိဘူး။ ညှဉ်းပမ်း နှိပ်စက်ခံရတဲ့နှစ်ပဲ ရှိတာပေါ့။ ဗိုလ်ချုပ်ကြီးတွေခမျာ ကျလိုက်တဲ့နှစ်တွေ နှစ်သန်း ငါးဆယ် အထက်ကြီးပဲ။ ဖရီးဇယ်ကြီး လည်းသူတို့ စီရင်ချက်တွေကြည့်ပြီး ကြောက်လာတာပေါ့။ ဒီလိုနဲ့ သူ့အလှည့် ရောက်တော့ ယမမင်းကြီးက စီရင်ချက်ချရော။ တစ်နှစ် တဲ့။ သောက်ကျိုးနည်း။ ဒီလောက် ကမ္ဘာကျော် လူယုတ်မာကြီးကျတော့ တစ်နှစ်တဲ့။

'ခွင့်ပြုချက်မရှိရင် အတွေးကိုလည်း အရေးယူမယ်' -  Cartoon ဟန်လေး

ကျုပ်တို့ ဗိုလ်ချုပ်ကြီး တွေကျတော့ နှစ်ကို သန်းငါးဆယ်။ ဒီလိုတော့ ဗိုလ်ချုပ်ကြီးတွေလည်း ဘယ်ခံမလည်း။ ယမာမင်း ပီအေ ကို မျက်နှာ ချိုသွေးပြီး သွားမေးတော့တာပေါ့။ ဒီတော့ ဟိုကပြောရှာပါတယ်။
"ဟိုအကောင် ကနှိပ်စက် တာ တစ်ယောက်ထဲကို၊ အဲဒီတော့ တစ်နှစ်ပေါ့"
"မင်းတို့က မင်းတို့ သားသမီး ဆိုပြီး ဖမ်းဆီး၊ နှိပ်စက်၊ သားမယားပြုကျင့်၊ ဘဝဖျက်နေတာ သန်းငါးဆယ် မကဘူး" ဟူသတည်း။

ဒီအချိန်မှာတော့ လူ့ပြည်မှာ ရှိတဲ့ ပန်းခြံ တစ်ခု ထဲက ဆိုင်းဘုတ်ကြီးကတော့ ဆေးအနီရောင်တွေနဲ့ သစ်လွင်နေဆဲ။ ဘာတဲ့တုန်း "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုလားပဲ။

မောင်ရင်ငဇေ

အစရှိသည်များနှင့် 'ဒီလိုလူမျိုးတွေ' အကြောင်း

စကားလုံးများဖြင့် မြို့တည်၍ မြို့ထဲတွင် လှည့်လည်သွားလာခြင်း ယဉ်ကျေးမှု ထွန်းကားခဲ့သည်မှာ ၁၅ မိနစ်တိတိ ရှိပြီ ဖြစ်သော်လည်း နံနက်ခင်းက မည်သည့်ဝါကျကိုမှ သယ်ဆောင်လာခြင်း မရှိသောကြောင့် နောက်တစ်နေ့တွင် ကျွန်တော်နှင့် အငြင်းပွါးရန်အတွက် သူတို့ရောက်ရှိလာဦးမည်ဖြစ်ကြောင်း ကျွန်တော်သိနေပါသည်။

ကြီးကျယ်ခမ်းနားသော စကားလုံးများကြားတွင် အဓိပ္ပာယ်သည် ပျောက်ဆုံးနေခဲ့ပြီး ကျွန်တော့်ဆီလာ၍ ပြန်ထွက်သွားသော အချစ်ဝတ္ထုနှင့် ဝတ္ထုတိုလီမုတ်စများအတွက် သဲလွန်စ တစ်စုံတစ်ရာ ရှာဖွေ မရရှိခဲ့ခြင်းမှာ 'မေ့ဉာဏ် ကောင်းခြင်းသည် ပျော်ရွှင်မှုကို အထောက်အကူ ဖြစ်စေသည်။'ဟူသော ကျန်းမာရေးဆရာဝန်များ၏ အဆိုကို ထောက်ခံရာ ရောက်သောကြောင့် လမ်းမီးများ မပိတ်သေးသော်လည်း နေမှာ ထွက်ပြူလာခဲ့ပြီ ဖြစ်ခြင်းတွင် တစုံတရာ ဆက်သွယ်နေမှု မရှိသည်မှာ မှန်ကန်သော်လည်း နေထွက်ပြူလာခြင်း မရှိသေးသဖြင့် လမ်းမီးများ မပိတ်ခဲ့သေး ဆိုလျှင်မူ ဆက်သွယ်မှု တစုံတရာ ရှိမည်လောဆိုသည်ကို စဉ်းစားရန် အချိန်ကျရောက်လို့လာပါပြီ။


ထို့ကြောင့် သင့်ထံ၌ တရားထူးများရှိလျှင် ကျွန်တော့်အား ဟောကြားစေလိုပြီး နှစ်နှစ်လီမှာ လေးဖြစ်နေဆဲ ဖြစ်ပါက ကျွန်တော်ကတော့ သေရည်ဆိုင်တွေဆီ လှည့်လည်နေလိုက်ဦးမည်ဖြစ်ကြောင်းသည် မိုးစက်မိုးပေါက်ကလေးများကို ကျွန်တော်က 'နှင်းပွင့်ကလေးများ' ဟု မည်သည့်အခါကမှ မခေါ်ခဲ့ဘူးခြင်းနှင့် တိုက်ရိုက် အချိုးကျပါသည်။

ချမ်းညီချို
02-04-2010

အပိုင်းအစများ။ ။ နေမျိုး၊ မြင့်သန်း၊ ချမ်းညီချို

ဖြစ်စဉ်

တွေ့တယ်
ထိတယ်
သိတယ်
ရှပ်သ္ဂားတယ်
ဖြတ်သွားတယ်

အတိတ်
ပစ္စုပ္ပန်
အနာဂတ်
ဒီသုံးရပ်က
နာရီလက်တံ အလား
တ.ချက်. . ချက်. . . သွား

တကယ်ဆိုရင်တော့. . .
စ၊ လယ်၊ ဆုံး သုံးပါးစလုံး
မပျက်မသုန်း နဲ့
တဝတ်မဆုံးတဲ့ ဖြစ်စဉ်က
ကျွတ်ဆင်ကြီးပါလား . . .

ဂေါတမရဲ့ . . .
သဘောတရားအရ ဆိုရင်တော့
ချားရဟတ်အလား မရပ်မနားနဲ့
တဖြတ်ဖြတ် သွားတတ်တဲ့
ဖြစ်/ပျက် ဖြစ်စဉ်ကြီးပေါ့ ။ ။


အူသောင်

လမ်းကြား

အမှိုက်ထုပ်နဲ့ ကြွက်တစ်အုပ်

အပေါ့၊ အလေး မစွန့်ဖို့
ပြောရတာလဲ မောလှပြီ။

သောကများရအောင်လဲ 
ဒါ ကိုယ့်အလုပ်မဟုတ်

ပစ္စည်းအစုတ်တွေကလဲ တစ်ရှုပ်. . .

ဒီကြားထဲ ကိုရွှေမီးကလဲ 
ပုံမှန် အလုပ်မလုပ်

အခမဲ့မိုတယ် မှတ်ပြီး 
အထီးအမ တစ်အုပ်ကလဲ 
လာအလုပ်..လုပ်

မရှည်လျားပေမဲ့ 
ထွေပြားပြီး ဝေဝါးတဲ့ လမ်းအစုတ်

ဒါပေမဲ့လည်း 
အဝရောက်တိုင်း 
ငါပျော်တယ် သိလား. . . . .

အိမ်ရယ်လို့. . .
ပီပီသသ မမည်ပေမဲ့ 
လမ်းဆုံးမှာအိမ်ရှိတယ်။     ။


အူသောင်

ဘဝများ.... (၁)

ဪ. . . ဘဝတွေ
ဘကုံးကြီးနဲ့ ဝနေကြပုံများ. . .

ပုံသေမရှိတဲ့ ဖြစ်စဉ်တွေထဲ
တခါတခါ လျှောက်လှမ်းရင်း
တခါတခါ လွင့်မျောရင်း
တချို့တွေ နေဝင်စောခဲ့ကြ
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
ငယ်ရွယ်နုပျိုမှူတွေ
အရောင်အဆင်းမဲ့ လွတ်လပ်ခြင်းတွေနဲ့
ရာသီအလိုက် ပန်းတွေဝေခဲ့ကြ
အခုထိတော့ ငါလဲ
မိုက်တွင်းနက်ပြီးရင်း နက်ရင်းပေါ့. . . . . ။


သားခွန်

အပြာရောင် ဂြိုလ်သားများ (၃)

+++
သိတဲ့ အတိုင်းပါပဲ . . . ။

ရှိနေတဲ့ မရှိခြင်းတရားကို ရှုမြင်ဖို့
အရမ်း ခဲယဉ်းခဲ့တယ်ဆိုတာမျိုး။

တကယ်ဆို ဒါက
လောက အခြင်းအရာတစ်ခုပေါ့
စိတ်ကူးကိုပဲ ထိမ်းမြားခဲ့မိတာလေ။

ကိုယ်ယုံကြည်ရာ ကိုယ်လုပ်
အဟုတ်ဖြစ်ရမည်ဆိုတာကော ဟုတ်သေးရဲ့လား။

ဒီလိုနဲ့. . .
နိုင်ငံသေးသေးလေးကနေ
စူပါမားကက်နိုင်ငံကြီးကို ရောက်လာလည်း
ကျွန်တော့်မှာ ငတ်လို့နေဆဲ။

လေကို လေနဲ့မှုတ်တာကမှ လွဲဦးမယ်
ဒီမှာ ငတ်နေတယ် ဆိုတာကတော့ ကျိန်းသေတယ်။

သိတဲ့ အတိုင်းပါပဲ . . . ။
+++

ချမ်းညီချို