30/04/2010

ယောင်ဝါးခြင်း(၂၅နှစ်)

ဒီနေ့ ၁ ရက် နိုဝင်ဘာ။ ၂၅ နှစ်ထဲဝင်ပြီ။ အသက် ၁ဝဝနေရရင် ဘဝရဲ့ ၁/၄ ပုံ ။ အသက် ၆ဝ နေရမယ်ဆိုရင် ၂/၃ ပုံ နေပြီးပြီပေါ့။

၃၁/၈၅ အူဝဲအော်တယ်။ မြင်နိုင်သော မျက်လုံးပါပေမယ့် ဘာမှ မမြင်သေးဘူး။ ကားနေတဲ့နားရွက်လေးကရော. . ဘာဘာညာညာ ကြားခဲ့လေသလား. . .  မသိဘူး။ ငှက်နှုတ်သီးလို နှုတ်ခမ်းလေးကတော့ တပြွှတ်ပြွတ် အသံပြုတတ်ခဲ့မှာ အသေချာပဲ။

ကမ္ဘာကြီးက နေ ဆိုတဲ့ ကြယ်ကြီးကိုပတ်ပြီး ငါးပတ်တိတိ လည်သွားတယ်။ အသိုင်းအဝိုင်းဆိုတာလေးတစ်ခုထဲကို ခြေချပြီ။ ငိုတယ်၊ ရယ်တယ်၊ ရန်ဖြစ်တယ်၊ ကြောက်တယ်၊ စားတယ်၊ အိပ်တယ်၊ ဆော့တယ်၊ သင်ယူတယ်၊ စူးစမ်းတယ်. .  ခဲတံနဲ့ စာအုပ်ဆိုတာကို တရားဝင် ကိုင်တွယ်တယ်။

ကမ္ဘာကြီးက နောက်ထပ် ၅ ပတ်ထပ်ပတ်တယ်။ ခံတွင်းမှာ ပြတင်းပေါက်များ ပွင့်တာတွေ ပွင့်ကုန်လို့ အသစ်လဲတာတွေ လဲကုန်တယ်။ ဘောလ်ပင်စကိုင်ရပြီ။ 'အရင်လို လွယ်လွယ်မမှားတော့နဲ့' ဆိုသလား။ ' ခြစ်ရာတွေ မများစေနဲ့။ ရုပ်ဆိုးမယ်. . သတိထား။ ' ဆိုသလား. .။ အေခန်းလား၊ ဘီခန်းလား၊ အဆင့် ၁ လား၊ တော့ပ်၁ဝလား. . .  စကားပြောလာပြီ။ ဟိုဆရာက ဟိုကျောင်းသားကို အကဲပိုသလိုလို. .  ဒီဆရာမ က ဒီကျောင်းသူကို အကဲပိုသလိုလို. . ငါ့ကိုရော. . . ငါ့ကို. . သူတို့ မြင်မှမြင်ရဲ့လား။ တွေးတတ်ပြီ။

ဟော .. နောက်ထပ် ၅ ပတ်။ ထမီကိုပတ်၊ ရင်ကိုဖုန်းတဲ့ဝတ်ရုံဝတ်လို့. . . လွယ်အိတ်အမြီးလေး တရမ်းရမ်း လမ်းလျှောက်တတ်ပြီ။ ကျောင်းခန်းထဲက ဘုရားမှာ နှင်းဆီပန်းကို မျက်လွှာချလို့ လက်အုပ်ချီကပ်ရင်း. . လွယ်အိတ်မှာလဲ တစ်ပွင့်။ မူလတန်းပြ ဆရာမလေး လုပ်မလား၊ ပန်းချီဆွဲရင်း အသက်ရှင်မလား၊ လူ့အသက်ကယ်တင်တဲ့ အလုပ်လုပ်ရ ကောင်းမလား၊ စာရေးဆရာ အဖြစ်ပဲ နေသွားမလား။ စိတ်ကူးအလံတွေ တလူလူလွှင့်နေတုန်း ရောဂါဟောင်းတခု ထဖောက်လာတယ်။ ရောဂါနာမည်က အပျင်း။ အပျင်းရောဂါ ကို အချိန်မီ မကုနိုင်တော့. . . .

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzQTyY3mEGHoMywbuJrHhJWw52tGJR2SIBjbnJgJlVQWXHPXdPeZbloRyLqCW9JFoB8zvi-dsRMu76MVpSyCJcnG2kwEjP1z3oVEKXf14qFYk7GCWx7gumHgcfoTybSchR9AukKEDjOoU/s1600/foot_prints.jpg

ဒီအချိန်မှာပဲ ကမ္ဘာကြီးက နောက်ထပ် ၅ ပတ်။။ သူဘာလို့ မစောင့်နိုင်ရတာလဲ။ ဒီမှာ ရောဂါကိုကုမလို့ ဟန်ပြင်တုန်းလေ. . မတတ်နိုင်ဘူး။ အချိန်မမီတော့ဘူး။ ဖြူစင်ခြင်းနဲ့ လန်းဆန်းခြင်း ကာလာ ၂ မျိုးသာရှိခဲ့တဲ့ ဘဝလေးကနေ ဟုတ်ခနဲ အရောင်စုံလောကထဲ ရောက်သွားတယ်။ ပြောင်းတယ်။ ပတ်ဝန်းကျင်ကို လိုက်ပြီး အရောင်တွေ တမျိုးပြီးတမျိုးပြောင်းတယ်. . တခါတလေ. . ကမ္ဘာကြီးတောင် သူ့ဂျူတီ မပြီးသေးဘူး. . သူက အရောင်တွေ ပြောင်းနှင့်နေပြီ။

ခုဆို .. သူ့ဘဝမှာ ကမ္ဘာကြီး ချာချာလည်ပတ်နေတာ ၂၅ ကြိမ်ရှိပြီ။ သူကတော့ အရောင်တွေ ပြောင်းနေတုန်းပဲ။ ခက်တာက ပြောင်းလိုက်တိုင်း အရောင်တွေက မွဲခြောက်ခြောက်ရယ်။ ဘယ်လိုလုပ်မလဲ။ မွဲခြောက်ခြောက်နဲ့ဆို လူတွေ ဘယ်သတိပြုမိမလဲ။ မဖြစ်ချေဘူး။ မဖြစ်သေးဘူး။ နောက်တခါ အရောင်ပြောင်းရင် တောက်ပတဲ့ အရောင်မဖြစ်ဖြစ်အောင် ပြောင်းရမလား။ မွဲလက်စနဲ့ မထူးမယ့်တူတူ ဘာအရောင်မှ မရှိအောင် အရောင်ချွတ်လိုက်ရမလား။ နေပါဦး. . . သူက လူတွေသတိပြုမိတဲ့ အရောင် ပြောင်းချင်နေရအောင် သူက လူတွေအတွက် အသက်ရှင်နေတာလား။ သူ့အတွက်သူ အသက်ရှင်နေတာလား။ သတိချပ်. . သတိချပ် . . . Focus. . Focus. . Focus. . . .

လိုချင်နေတာ. . . ရောက်နေရာက လည်ပြန်လှည့်ကြည့်တဲ့အခါ. . . ခြေရာလက်ရာ လှလှလေးတွေ ကျန်နေခဲ့တာ မြင်ချင်တာ။

1 comment:

  1. စာရေးဆရာမ အသစ်ကို ကြိုဆိုပါ၏။
    (ရေမွှေးသာငဇေ)

    ReplyDelete