08/04/2010

ပုံပြင်

ဟိုးရှေးရှေးတုန်းကလို့ပဲ ပြောပြော
ဗာရာဏသီပြည်ကြီးကပါလို့ပဲ နှောနှော
တစ်ထောင့်တစ်ညထဲကလို
သိခြင်းတရားတခုရဲ့အဆုံးကပဲ စစ. . .

ဘုံဘဝတစ်ခုရဲ့အစက ပုံချရ မလောက်အောင် အံ့ဖွယ်ပဲ တဲ့ကွယ်. . .
ဆန်းကြယ်မှု မြင်းတွေနဲ့ ကထားတဲ့
လှည့်စားခြင်း မှော်ရထားကို
စီးမျောနေတဲ့ ကောင်းကင်အောက်ထဲ မောင်းဝင်တော့
နဂါးငွေ့တန်းတွေကလမ်းပြနေသတဲ့. . .

ရိုးသားကြိုးစားပြီး
မိဘနှစ်ပါးကိုလုပ်ကျွေးနေတဲ့ ကောင်လေးလဲပါရဲ့
အနှိုင်းမဲ့အလှ၊ ဆင်းရဲလှတဲ့ဘဝ
လှပတဲ့နှလုံးသားနဲ့ ကောင်မလေးလဲပါရဲ့

အမယ်အိုအယောင်ဆောင်ထားတဲ့ နတ်သမီးတွေ
လူလို နားလည်တဲ့ တိရစ္ဆာန်တွေ
နတ်၊ နဂါး၊ စုန်း၊ ဘီလူး နဲ့ချစ်စရာမှင်စာလေးတွေကလဲ
မပါမဖြစ် ချန်ရစ်ထားလို့မရဘူးကွဲ့. . .

ဒါပဲလားဆိုတော့. . .
စိတ်ထားပုပ်တဲ့ မိထွေး၊ ပထွေး၊ ဦးကြီး၊ ဒေါ်ကြီး နဲ့
ကောက်ကျစ်လှတဲ့ လူ၊ လူမလေး တွေကလည်း
အမှောင်ခြမ်းကဆောင်နန်းမှာ စံမြန်းနေကြသတဲ့. . .

စိတ်ဆေးစက်တွေအတွက်
ယုတ္တိမဲ့စုတ်ချက်ကြမ်းက
ဖန်ဆင်းပေးလိုက်တဲ့ကမ္ဘာကြီးဟာ
လုံးတလှည့် ပြားတလှည့်နဲ့ ဂျယ်လီတုံးကြီးလိုပဲကွဲ့

စိတ်ကူးယဉ်ရေပြင်
တောင်တန်း နဲ့တောအုပ်တွေဟာ
အလွန်ဆန်းကျယ်ပြီး အရောင်အသွေးစုံလင်လှသတဲ့. . .

ခပ်သဲ့သဲ့သာကြားရတဲ့
သာယာနာပျော်ဖွယ် ဗုံသံတွေနောက်ကို
ပိုးစုန်းကြူးလေးတွေခြံရံလို့ ဝိုးတဝါးလိုက်ရင်းနဲ့
စိတ္တဇတောအုပ်ထဲမှာ လမ်းပျောက်ခဲ့ပေါ့. . .

စိတ်ကူးပန်းပုသည် ထုလုပ်ထားတဲ့ သတ္တဝါဆိုးတွေ
စကားပြောတတ်တဲ့ သစ်ပင်တွေကလည်း ချောက်ချားစရာ. . .

သူယောင်မယ်တွေနဲ့ပျော်ပါးသောက်စားရင်း
မူးရူးလို့ရောက်ခဲ့တဲ့ စစ်တုရင်ခုံထက်က
အဖြူရောင်မှန်နန်းတော်ကြီးရဲ့အရှင်
ဘုရင်မကြီးရဲ့အပြောမှာ အိပ်မောကျသွားခဲ့. . .

အဆိပ်ရည်လွှမ်းတဲ့နှုတ်ခမ်းတစ်စုံက နိုးတော့
မြေ္ဂတွေထက်မှာ အိပ်စက်နေခဲ့ပေါ့
အိမ်မက်တွေက အိပ်မ္ဂေ့ချပြန်တော့
လူ့ဘဝရဲ့အစက. . .
ယုန်တွင်းထဲကျတဲ့ အဲလစ်လိုပဲ တဲ့
အစအဆုံးမရှိတဲ့ စိတ်အာကာသထဲမှာလွင့်မျောရင်းပေါ့. . .

ရိုးသားမှုနဲ့ အဆိုးမဲ့ကောင်းမွန်ခြင်းတွေ
သေမိန့်ကျနေတာလည်းမြင်ရဲ့. . .
အမှန်တရားတွေ လူမသိသူမသိ
ဇာတ်မြုပ်နေကြရတာလဲတွေ့ရဲ့. . .
ချစ်ခြင်းတရား၊ ရောင့်ရဲမှုနဲ့ သစ္စာ၊ သမာဓိတွေ
မျက်ရည်စက်လက်နဲ့ကိုယ့်ဟာကိုယ်မြေမြုပ်နေကြသတဲ့. . .

အစိပ်စိပ်အမြွာမြွာကွဲနေတဲ့
မှန်ပင်လယ်ထက်မှာတော့
လုံးတီးနဲ့လူတစုက
လူ့ဘဝရဲ့အရသာကို စားသုံးရင်း
သွေးစက်လက်နဲ့ကခုန်နေကြပေါ့. . .

ဓားတောင်ထက်ယိုစိမ့်ထွက်နေတဲ့
ပျားရည်စက်တွေကိုလျက်ရင်း
မီးကန္တာရထဲမှာ အဆိပ်သင့်အိုအေစစ်ကို
ရှာနေတဲ့ အမျိုးတူတစ်စုကတော့
အနောက်ဖက်ကိုဆက်သွားဖို့ လမ်းပြသတဲ့. . .

ဘဝအတွက်ကိုးကွယ်ရာဆိုတာ
မိမိကိုယ်ကိုပါပဲလား ဆိုတဲ့
အကြောင်းကိုတွေးရင်း
ဘာသာရေးစစ်ပွဲတွေကို
ရှောင်ရှားသွားနေရပြန်တယ်. . .

နေအတက်ကတံလျှပ်တွေလို
လိုက်လို့မဆုံးနိုင်တဲ့လူ့ဘဝခရီးက
စိတ်ကူးယဉ်စကြာဝဠာလိုပဲ အဆုံးမရှိဘူးကွဲ့
မတူညီတဲ့အဆုံးမဲ့ပုံပြင်ကိုယ်စီနဲ့ ခြားနားတဲ့ခရီးရှည်ကို
တူညီတဲ့ပန်းတိုင်တစ်ခုအတွက် သွားနေကြရတာမို့
အချင်းမများကြစေချင်ဘူးကွဲ့. . .

ကဲ. . . . ပုံပြင်လေးကတော့ဒါပါပဲကွယ်။ ။


အူသောင်











No comments:

Post a Comment