20/02/2010

စိတ်အညောင်းပြေ ဆန့်ကြည့်ခြင်း

အဲဒီနေ့ကို အတိအကျ မသိပေမဲ့ ကျီးမနိုးနေ့အပြီး နောက်နေ့မနက် မဟုတ်ဘူး ဆိုတာကိုတော့ မှတ်မိတယ်။
အဲဒီနေ့က အဖွဲ့လိုက် ခြေလျင်တောင်တက်ပြိုင်ပွဲ စတဲ့နေ့ ။ အဖွဲ့တွေအားလုံး တောင်ခြေမှာ စုရုံးကြရင်း
လှုပ်ရှားတက်ကြွနေကြတဲ့အချိန်...။ ကျွန်တော်တို့အဖွဲ့ကသာ အေးအေးဆေးဆေး နောက်လိုက်ပြောင်လိုက်၊ ဆေးလိပ်လေးဖွာလိုက်နဲ့ ငြိမ်ချက်သားကောင်းနေကြတယ်။ တခြားသူတွေကတော့ ကျွန်တော်တို့ကို ကြည့်ပြီး
'ပန်းတိုင်ရောက်ရင် ကံကောင်း' ဆိုတဲ့ပုံစံမျိုးနဲ့ ရယ်မောလှောင်ပြောင်သွားကြတယ်.........။

နေ့လည်ပိုင်းလဲရောက်ရော.....။ ဒိုင်လူကြီးက ဝီစီမှုတ်ပြီး ပြိုင်ပွဲကို စဖွင့်ပေးလိုက်တယ် ။ ဝီစီသံကြားပြီ ဆိုရင်ပဲ တခြားအဖွဲ့တွေက သူ့ထက်ငါ အလုအယက် စတက်ကြတော့တယ်။ ဘယ်လောက်တောင် ပန်းတိုင်ကို
အမြန်ရောက်ချင်နေကြလဲ မသိဘူး....။ ချေထိုးသူကထိုး၊ ရှေ့ကနေ လမ်းပိတ်ပြီး တက်သူကတက်နဲ့ ဖြစ်ပျက်နေကြတာပဲ........။ ခဏအတွင်းမှာပဲ သူတို့အားလုံး မြင်ကွင်းက ပျောက်ကွယ်သွားပြီး တောင်အောက်ခြေမှာ ဆိုလို့ ကျွန်တော်တို့ပဲ ကျန်ခဲ့ကြတော့တယ်..........။


ကျွန်တော်တို့လဲ စတက်ဖို့ ခြေလှမ်းပြင်လိုက်ကြတယ် ဆိုရင်ပဲ ကျွန်တော်တို့အဖွဲ့ထဲက တယောက်ကစပြီး
အကြံပေးတယ်။ '' အခုအချိန် တက်မယ်ဆိုရင် အရမ်းပူသေးတယ်ကွ ၊ နေအေးသွားတဲ့ အချိန်အထိ
စောင့်လိုက်ရင်ကောင်းမယ်ထင်တယ်.......'' ကျွန်တော်တို့အားလုံး ပျော်ရွှင်စွာနဲ့ ပြိုင်တူ ခေါင်းငြိမ့်လိုက်ကြတယ်။ ဟုတ်တယ်လေ.....။ ဒီလောက်နေခြစ်ခြစ်တောက် ပူနေတဲ့အချိန်။ တောင်ပေါ်တက်လို့ ဘယ်ကောင်းမှာလဲ ။ ခဏလေးနဲ့ ပင်ပန်းပြီး ဘယ်သူမှ ဆက်တက်နိုင်မှာ မဟုတ်တော့ဘူး။ ဒါနဲ့ ဘီယာလေးသောက်ပြီး နေကျမဲ့အချိန်ကို စောင့်ကြတာပေါ့ ........။

နေအတော်လေး ကျသွားပြီ ဆိုတော့မှ ကျွန်တော်တို့တောင်ပေါ် စတက်ခဲ့ကြတယ် ။ စတက်ပြီးလို့ နာရီဝက်လောက်ကြာတယ် ဆိုရင်ပဲ တယောက်က စပြောပြန်တယ်......။
'' ငါတို့ ဒီလမ်းအတိုင်းပဲတက်မယ်ဆိုရင် ရောက်ဖို့အတော်ကြာအုံးမှာ.... ဒီတော့ တခြား ပိုနီးမဲ့လမ်း ရှိလိုရှိငြား
ရှာကြည့်ရင် ကောင်းမယ်ထင်တယ်... " ဒီလမ်းအပြင် တခြားလမ်းမရှိဘူးဆိုတာ အားလုံးကသိပေမဲ့ အထုပ်အပိုးတွေချ၊ အနီးအနားမှာ ဟိုရှာဒီရှာ လုပ်ကြတယ် ။ ဒီလိုနဲ့ နေဝင်ခါနီးအချိန်လဲ ရောက်နေပြီဆိုတော့ ကျွန်တော်တို့ အဲဒီနေရာမှာပဲ ညအိပ်စခန်းချဖို့ပြင်ဆင်ခဲ့ကြတယ်..........


နောက်နေ့မနက် နေထွက်ချိန်ရောက်တာနဲ့ ကျွန်တော်တို့လဲ ဆက်ပြီး တက်ခဲ့ကြတယ်။ အေးအေးဆေးဆေး
နားလိုက်တက်လိုက်ပါပဲ ။ ရှူခင်းကောင်းတဲ့ နေရာတွေရောက်ရင် ကျွန်တော်တို့တမေ့တမော ထိုင်ကြည့်ကြတယ်။ စမ်းချောင်းလေးတွေတွေ့ရင်လဲ ပျော်ပျော်ပါးပါး ရေဆင်းကူးကြတယ် ။ အရိပ်ကောင်းကောင်းတွေ့ရင် အားလုံးအထုပ်အပိုးတွေချ အနားယူရင်း စကားတွေပြောကြတယ် ။

ပြောတာတွေကတော့ တောင်ရောက်မြောက်ရောက် အစုံပါပဲ.........
'' ပျင်းရိခြင်းသည်ခွန်အား '' ဆိုတဲ့ ဆောင်းပါးနဲ့ နာမည်ကြီးသွားတဲ့ ကျွန်တော်တို့ကြိုက်တဲ့
စာရေးဆရာအကြောင်းပါတယ် ။ ကျွန်တော်တို့ ပြောကြတဲ့အထဲမှာ အဲဒီတုန်းက အော်စကာဆုရဖို့ ရေပန်းစားနေတဲ့ ''ကာလနဂါးနဲ့အပြိုင်အိပ်စက်ခြင်း '' ဆိုတဲ့ ရုပ်ရှင်အကြောင်းလဲပါတယ် ။ ကျွန်တော်ဆိုအဲဒီ ရုပ်ရှင်ကား ကိုကြိုက်လွန်းလို့ ပြန်ပြန်ကြည့်ခဲ့ရတာ အကြိမ်ကြိမ် ။ ပြီးတော့ ဟိုတလောက အသည်းကျွမ်းပြီး ဆုံးသွာတဲ့ ကဗျာဆရာ 'မက်မပြေ' ရဲ့ ကဗျာတွေ အကြောင်းလဲ ပါတယ် ။ သူရေးခဲ့တဲ့ ကဗျာတွေထဲမှာ '' ယမကာသည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် '' တို့၊ '' ဘယ်သူခွဲခွဲ တို့မကွဲ အမြဲသောက်အုံးမည် '' ဆိုတဲ့ ကဗျာတွေက ကျွန်တော်တို့ အသည်းစွဲတွေပဲ။ နောက်ပြီးတော့ တီဗွီအစီအစဉ်မှာ လွှင့်သွားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးပြသွားတဲ့ အကြောင်းတွေပြောကြတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အကြောင်းတွေ ဆိုရင်တော့ သိပ်မပြောဖြစ်ကြပါဘူး ။ အဲဒါတွေက ကျွန်တော်တို့နဲ့ မအပ်စပ်တဲ့ အရာတွေလို့ အားလုံးက ခံယူထားကြတယ်လေ..........

အာ....... အာ....... အာ.......
ထိုအချိန်တွင် ကျီးကန်းတစ်သိုက် ထောက်ခံသည့်အလား တအာအာ နှင့်အသံပြုရင်း ဖြတ် ပျံသန်းသွားကြလေသည်။

ဒီလိုနဲ့စကားဖြတ် တဖြည်းဖြည်းတက်လာလိုက်တာ သူများတွေထက်အတော်လေး နောက်ကျပြီးမှ
တောင်ပေါ်ကိုရောက်လာတော့တယ်။ ကျွန်တော်တို့ထက်အရင် စောရောက်နေကြတဲ့ အဖွဲ့တွေကတော့
ကျွန်တော်တို့ကိုဆီးပြီး သရော်ကြ၊ လှောင်ပြောင်ကြတယ် ..........။

'' မင်းတို့ဒီလို ပျင်းရိထိုင်းမှိုင်းနေပုံမျိုးနဲ့တော့ ဘယ်တော့မှ သူများရှေ့ကိုရောက်မှာမဟုတ်ဘူး။
သူများရှေ့ကိုရောက်ချင်ရင် သူများထက်ပိုပြီးကြိုးစား ၊ သူများထက်ပိုပြီး ဝီရိယထားရတယ်ကွ။ ဒီလိုမှမဟုတ်ရင်
အမြဲသူများနောက်ကချည်းပဲ နေရလိမ့်မယ် ။ အဲဒါ သေချာမှတ်ထား.........။ ''

ကျွန်တော်တို့လဲ ကိုယ့်ခြေထောက်နဲ့ကိုယ် တက်လာခဲ့ကြတာ သူတို့ကဒီလိုပြောတော့ ဒေါသထွက်ကြတာပေါ့။
အဲဒါနဲ့ကျွန်တော်က..........

'' နေစမ်းပါအုံး.... ခင်ဗျားတို့ကိုယ်ခင်ဗျား အတော်ဟုတ်နေကြပြီ ထင်နေကြလား။ ပန်းတိုင်ကို အမြန်ရောက်ချင်ဇောနဲ့ စထွက်ကတဲက တယောက်ကို တယောက် ကျော်ခွတက်ခဲ့ကြတယ် ။ လမ်းတလျှောက်လဲ ဘယ်အရာကိုမှ စိတ်ဝင်တစား မရှိခဲ့ကြဘူး ။ ခင်ဗျားတို့ခေါင်းထဲမှာ အပေါ်ကိုအမြန်ရောက်မှ လူရာဝင်မယ်ဆိုတဲ့စိတ်ကလွဲရင် ဘာမှမရှိဘူး.... ကျွန်တော်တို့ကို ကြည့်စမ်း. . . ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလဲ။ အရိပ်ကောင်းကောင်းတွေ့ရင်
ခဏဝင်ပြီး အပန်းဖြေကြတယ်။ ရှူခင်းအလှအပတွေ တွေ့ရင်လဲ အသေအချာ ခံစားကြည့်ကြတယ်။
စမ်းချောင်းလေးတွေဆီမှာလဲ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ကြတယ်။ ပန်းတိုင်ကို သွားနေကြတာချင်းတော့ တူတယ်။
ဒါပေမဲ့ ဒါကကျွန်တော်တို့လမ်းကြောင်း. . နှေးချင် နှေးမယ်. . မြန်ချင်. . မြန်မယ်. . ဝင်ပြီး ဆရာ မလုပ်ချင်ကြစမ်းပါနဲ့ဗျာ.......... ''

သူတို့လဲ ကျွန်တော့အပြောမှာ မျောသွားကြတယ်နဲ့တူတယ် ။ အားလုံးငြိမ်ပြီး မလှုပ်မရှား မျက်လုံးအပြူးသားတွေနဲ့ ကျွန်တော်တို့ကို ကြည့်နေကြတယ်။ ပန်းတိုင်ကိုတော့ ရောက်လာကြပြီ. . နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကို သူတို့စိတ်ဝင်တစားသိချင်နေကြတယ် ။ ကျွန်တော်တို့လဲ သူတို့ကို ကျောခိုင်းလိုက်ပြီး ဘာဆက်လုပ်မလဲဆိုတဲ့သဘောနဲ့ တယောက်ကိုတယောက် ကြည့်လိုက်ကြတယ်။

ကျွန်တော်တို့အကြည့်ချင်း ဆုံမိကြတဲ့အချိန်မှာပဲ ပါးစပ်ကဖွင့်မပြောပေမယ့် တယောက်ခံစားချက်ကို တယောက် ရင်ထဲကနေ တဆင့် သိလိုက်ကြတယ်. . .။
ဟုတ်တယ်လေ. . ။ ဒီလောက်ပင်ပင်ပန်းပန်း တက်လာခဲ့ကြရတာ ဘာဆက်လုပ်ရအုံးမှာလဲ ။ အေးဆေး အနားယူ သက်တောင့်သက်သာလဲလျောင်းဖို့ပဲရှိတော့တာပေါ့ ။ ဒါပေမယ့် သူတို့ထဲကတလှမ်းပြောလိုက်တဲ့စကားကြောင့် ကျွန်တော်တို့တတွေ စိတ်ဆိုးရအခက် ၊ ဒေါသထွက်ရအခက် ဖြစ်သွားကြတယ် . . . . . . . . .





''အင်းလေ အေးဆေးအိပ်ကြ။ မင်းတို့က အိပ်ရတာ ကြိုက်တယ်။ မောရင် ရေထသောက်. . . ပြီးတော့ဆက်အိပ်ပေါ့ . . . ဟုတ်ပြီလား ။ ပျင်းတယ်ဆိုတာ နာမည်သာ ဆိုးတာ တော်တော်ဇိမ်ရှိတဲ့ အလုပ်ကွ ။ အိပ်. . . အိပ်. . . ။ ''



ကံဂျီမူရာ

No comments:

Post a Comment