26/02/2010

ရာဇဝင်ထဲမှာ ထားရစ်ခဲ့တော့မယ်....... အို ပုဂံ (၁)

ဟိုတလောလေးကတင် သူငယ်ချင်း တစ်ယောက်က Facebookပေါ်မှာ ပုဂံအကြောင်း လင့်(ခ်)လုပ် သွားတယ်။ ပုဂံအကြောင်း ဆိုတာကလည်း ကမ္ဘာလည့်ခရီးသွားတွေ သွားသင့်တဲ့စာရင်းထဲမှာ ပုဂံကို ထည့်ထားလို့ သူက ဝမ်းသာအားရ ရေးသွားတာပါ။ ကျွန်တော် ပုဂံကို အကြိမ်ပေါင်းများစွာ ရောက်ဖူးခဲ့တယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတယ်။ ပုဂံနဲ့ပတ်သက်လို့ အမှတ်တရ ဘာများကျန်ခဲ့လည်းပေါ့။ ကျန်ခဲ့ပါသည်။ ကျွန်တော့ မှာ ပုဂံနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ ကြီးကြီးမားမား နှစ်ခုတောင် ရှိပါသည်။




ကျွန်တော် ကျောင်းသား ဘဝတုန်းကပေါ့။ ကျောင်းတဖက်နဲ့တင် Road To Mandalay ဆိုတဲ့ ပုဂံနဲ့ မန္တလေးကိုဆွဲတဲ့ အပျော်စီးသင်္ဘောမှာ ကွန်ပြူတာနဲ့ပတ်သက်တဲ့ အလုပ်တခုရတယ်။ အဓိကကတော့ သင်္ဘောပေါ်မှာ ရှိတဲ့ ကွန်ပြူတာ Systemတွေကို တစ်လတန်သည်ဖြစ်စေ နှစ်လတန်သည်ဖြစ်စေ သွားစစ်ပေး၊ လိုအပ်တာတွေပြုပြင်ပေးပေါ့။ ခြောက်နှစ်လောက်လုပ်ခဲ့တော့ မန္တလေးနဲ့ ပုဂံကို အနည်းဆုံး အခေါက်နှစ်ဆယ်လောက် ရောက်ဖူးခဲ့တယ်။ အရင်ကလည်း မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့လည်း ရောက်ဖူးပါတယ်။

ခက်တာက. . . ဒီမြို့တွေမှာက လည်စရာက ဘုရားပဲရှိတယ်။ ကျွန်တော်ကလည်း သွားချင်တာဆိုလို့ အရက်ဆိုင်တို့၊ ထန်းတောတို့. . .။ ဒီတော့ ဘယ်မှလည်း မလည်ဖြစ်ဘူး။ လေယာဉ်ကွင်းရောက်၊ သူတို့ လာကြိုတဲ့ကားနဲ့လိုက်၊ သင်္ဘောပေါ်မှာ လုပ်စရာရှိတာလုပ်၊ အရက်သောက်၊ ဘီယာသောက်၊ ပြန်။ ဒါပဲ။ ကြာလှ တစ်ရက်နှစ်ရက်ပဲ။ ကံကောင်းချင်တော့ ကျွန်တော်လာရင် ကျွန်တော်နဲ့အတူတူ ဟိုလိုက်ယောင်.. ဒီလိုက်ယောင် လုပ်ပေးတဲ့ Electronics Officerက ကျွန်တော့်လိုပဲ လူပျော်။ New Zealandက လာတာ။ အရွယ်က ကျွန်တော့ဦးလေးအရွယ်လောက်။ ဒါပေမယ့် သူတော်ချင်း သတင်းလွေ့ကြတာပေါ့။ သူ့အခန်းထဲမှာက ဘီယာအပြည့်၊ အရက်အပြည့်၊ ဆေးလိပ်အပြည့်။ ဘုံမြှောက်ခံရတဲ့အရူး ချီးခြောက် ခလုတ်တိုက်မိသလို.... ဗိုက်စာနေတဲ့ခွေး ချီးတွင်းထဲကျသလိုပေါ့ဗျာ။ ဘာပြောကောင်းလိုက်လေမလဲ။ ရောက်ထဲက ဘီယာသောက်၊ အလုပ် လုပ်ရင်းလည်းသောက်၊ ညကြ အရက်ထပ်သောက်၊ ဘယ်ကလာ အားအားယားယား လျှောက်လည်ဖို့အချိန်ရှိမတုန်း။

တရက်ကြတော့ သင်္ဘောက မနက်ပိုင်းထွက်မှာ၊ ကျွန်တော့ လေယာဉ်က ညနေမှဆိုတော့ ပုဂံမှာပဲ ဆင်းကျန် နေရစ်ခဲ့လိုက်တယ်။ ဘာမှ လုပ်စရာမရှိတော့ ပုဂံမှာပဲ ယောင်ပေယောင်ပေပေါ့။ အချိန်ရှိခိုက် လုံ့လစိုက် ဆိုသလို မြင်းလှည်းသမားကိုခေါ်၊ ပုဂံက ထန်းတောကောင်းကောင်းကို ပို့ခိုင်းရော။ သိတယ် မဟုတ်လား။ ထန်းတောဆိုတာ အညာရဲ့သင်္ကေတ။ ထန်းဆိုတာ အညာသားမှ နိုင်တာ။ ကျွန်တော်တို့ အောက်ပြည် အောက်ရွာက ထန်းရည်ဆိုင်တွေ အကုန်နီးပါးက အညာသားတွေ ဆင်းလာလုပ်တာ။ မိုးတွင်းမှ အညာပြန်ပြီး ထန်းလျက်ချက်၊ တခြားအလုပ် ပြန်လုပ်တာ။ဒီတော့ကျွန်တော်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အညာအလှ၊ ပုဂံအလှကို ခံစားဖို့ပြင်တယ်။

မြင်းလှည်းသမားက ခေါ်သွားတယ်. . . ချစ်ကောင်း ထန်းရည်ဆိုင်တဲ့။ ဘယ်နေရာလည်းလို့တော့ မပြောတတ်တော့ဘူး။ အညာရဲ့ အငွေ့အသက်က အပြည့်။ ထန်းရည်က မြေအိုးနဲ့။ တချို့ကလည်း ထန်းဖျာနဲ့ထိုင်လို့ ထိုင်၊ တချို့ကလည်းကွပ်ပစ်ပေါ်ထိုင်လို့ ထိုင်၊ ၁၁နာရီလောက်မှာပဲ ပွဲကကောင်းနေပြီ။ ထန်းဆရာ ဆရာချစ်ကလည်း ရန်ကုန်သားမှန်း သိလို့ထင်၊ သူ့ထန်းရည်ကို အပီညွှန်း။ ကျွန်တော်တို့ အောက်ပြည် အောက်ရွာက ထန်းရည်နဲ့တော့ ကွာတယ်။ သူ့ထန်းရည်က ကပ်စီး ကပ်စီးနဲ့။ တကယ်ကို ကောင်းပါတယ်။ ကျွန်တော်နဲ့ မြင်းလှည်းဆရာလည်း တအိုးမှာ၊ အပင်ရိပ်အောက်မှာ ဖျာခင်းပြီး စသောက်ပါလေရော။ ကောင်းလိုက်တဲ့ထန်းရည်များဗျာ၊ သောက်ဖူးတဲ့ ထန်းရေထဲမှာ အကောင်းဆုံးပဲ။ ဘယ်နှစ်အိုး တောင်ကုန်သွားမှန်းမသိတော့ဘူး။

အဲ မကြာပါဘူး၊ ထန်းတန်ခိုးက ပြရော။ ဗိုက္ထဲက ဂြီ..ဂြီ..ဂွမ်..ဂွမ်..နဲ့ ရစ်လာရော။ ကိုယ်ကလည်း ထန်းနောကြေနေပြီလေ။ ကျောပိုးအိတ်ထဲမှာ တစ်ရှူးတစ်လိပ် ထည့်ထားပြီးသား။ အဲဒါလေးထုတ်ပြီး ဆရာချစ်ဆီပြေး၊ အလေးသွားချင်လို့ဆိုပြီး နေရာမေးလိုက်တာပေါ့။ သူကညွှန်ပြတယ်။ ကျွန်တော်လည်း သူညွှန်ပြတဲ့ဆီ သွားတော့ လယ်ကွင်းပဲတွေ့တယ်။ ဗိုက်ကလည်းနာလာ၊ သူ့ဆီပြန်မေးပေါ့။ ကျွန်တော်သွားမှာက အပေါ့ မဟုတ်ဘူးပေါ့၊ အိမ်သာဘယ်မှာလည်းဆိုတော့ ကိုယ့်ဆရာက အဲဒီချုံနောက်ပဲလေဘယ်သူမှ မမြင်ရပါဘူးတဲ့။ မှန်ပ။ ချုံကွယ်တာက ဒီဖက်ထန်းရည်ဆိုင်ကပဲ မမြင်ရတာ။ လယ်ကွင်းဟိုဖက်ထိပ်မှာက အိမ်တန်းတွေ။ ကြည့်. . အကုန်မြင်ရတယ်။

မတတ်နိုင်ဘူးလေ။ “ရောမ”ရောက် “ရောမ”လို ကျင့်ရတော့မှာပေါ့။ဗိုက်ကလည်း ရစ် ရစ်ပြီး နာလာတယ်။ ကျွန်တော်လည်း မထူးတော့ဘူး ဆိုပြီး ချုံကွယ်က လယ်ကွင်းထဲပြန်သွား၊ နေရာကောင်း ရွေးမယ်ပေါ့။ ကြည့်လိုက်တော့ နည်းနည်း မြေချိုင့်ချိုင့် နေရာမှန်သမျှမှာက ချီးပုံတွေ။ လွတ်တဲ့နေရာကျ ကန်သင်းရိုးတွေက ထိုးထိုးထောင်ထောင်။ လယ်ကွင်းအလယ်လောက်သွားမှ နေရာကောင်းရချင်ရတာ။ ချုံဖက် မျက်နှာမူပြီး ပါရင်လည်း အိမ်တန်းတွေဖက်ကို ဖင်ဟောင်းလောင်း။ အိမ်တန်းတွေဖက် မျက်နှာ မူပြန် ရင်လည်း မတော်လို့ အမူးသမား တစ်ကောင်ထွက်လာလို့ နောက်ကနေ ဆံပင်ရှည်ရှည်၊ဖင်ပြောင်ပြောင်ပဲ မြင်ပြီး မိန်းမထင်သွားလို့ မဟားတရားလုပ်သွားရင်ဖြင့် မတွေးရဲစရာ။

အီးကလည်း မထွက်ရသေးလို့ထင် ချွေးစီးချွေးပေါက်တွေက ထွက်နေ။ ကဲ. . . နောက်ဆုံး အရှက်ကို အထွက်နဲ့ လဲမယ်ဆိုပြီး တွေ့ရာနေရာမှာပဲ ဘေးတစောင်းလေး ကုန်းကုန်းကွကွ ပါချလိုက်ရတော့တယ်။ ကိုယ်ကလည်း ဂျင်းဘောင်းဘီ၊ ဘွတ်ဖိနပ်နဲ့ဆိုတော့ အတော် ဒုက္ခရောက်ရတယ်။ အရေးထဲ ထန်းရည်ဝမ်းဆိုတော့ အရည်ကြီးပဲလေ။ ဖိနပ်တွေ၊ ဘောင်းဘီအောက်ပိုင်းတွေ စင်မှာစိုးလို့ ကိုယ့်မှာကုန်းကုန်းကွကွ။ အရည်တွေစီး လာရင်လည်း ခြေထောက်မြှောက်လိုက် ဟိုရွှေ့ပေး ဒီရွှေ့ပေး နဲ့ လယ်ကွင်းအလယ်မှာ ချွေးတဒီးဒီး နဲ့ကိုယ့်မှာ တစ်ယောက်ထဲ ရက်(ပ်)ကနေသလား အောက်မေ့ရတယ်။ အရေးထဲ ခပ်လှမ်းလှမ်းမှာ ပိန်ညောင်ညောင် ခွေးနှစ်ကောင်ကလည်း ရစ်သီ ရစ်သီ နဲ့ဗျာ။ သောက်ထားတာတွေ ဘယ်ပျောက်ကုန်လည်းတောင် မသိတော့ပါဘူး။

အတော့်ကိုဇိမ်ပျက်တဲ့ အလုပ်ကြီးပါဗျာ။ နေက အပေါ်ကပူ၊ ကန်သင်းရိုးက အောက်ကထိုး၊ ဘေးမှာက ခွေးကြောက်ရ လူကြောက်ရ၊ အတွင်းမှာက ဗိုက်ကနာ။ ဖြစ်နိုင်ရင် ကိုယ့်ကိုယ်ကို အငွေ့ပျံပြီး ရန်ကုန် ပြန်ရောက်သွားချင်တော့တယ်။ နောက်ဆုံး ကိစ္စလည်းပြီးရော ကျွန်တော်လည်း တကိုယ်လုံး ချွေးနံ့၊ ချီးနံ့၊ ချဉ်စုတ်စုတ် ထန်းရည်နံ့တွေနဲ့ ဘယ်လိုမှ သတီစရာကို မရှိတော့ဘူး။ ဆက်လည်း သောက်ချင်စိတ် မရှိတော့ဘူး။ ပုဂံမှာလည်း ဆက်နေချင်စိတ် မရှိတော့တာနဲ့ ပိုက်ဆံရှင်းပြီး မြင်းလှည်းသမားကို လေဆိပ် တန်းပို့ခိုင်းရတော့တယ်။

့်
မောင်ရင်ငဇေ

No comments:

Post a Comment