18/02/2010

ဖြစ်နေကျ အချစ်ပုံစံ (၁)

မဆိုင်တာတွေ မပြောနဲ့ဗျာ....။ ချစ်တယ်ဆိုတာ ...ဟို ...ဘာပြောမလဲ၊ အတူတူနေချင်ပဲ။ ဒီထက်မပိုဘူး။ အစဉ်အလာက အချစ်ကို ပုံကြီးချဲ့ခဲ့တာတွေ များလွန်းလို့ အမှန်ကို မမြင်တာ၊မှန်တယ်လို့ ထင်နေတာ။ ချစ်တယ်ဆိုတာကို တခမ်းတနားဖွဲ့နွဲ့ပြီး ချဲ့ကားပြောခဲ့ကျတာ ကြာပြီမဟုတ်လား။ အထူးသဖြင့်တော့ ခင်ဗျားတို့လို အနုပညာသမားတွေ။ ခင်ဗျားတို့လို အနုပညာသမားတွေဟာ စကားလုံးတွေရဲ့ ကျေးကျွန်တွေ၊ အဓိပ္ပာယ်တွေရဲ့ ကျေးကျွန်တွေ။ သဘာဝတရားကို စကားလုံးတွေ အဓိပ္ပာယ်တွေနဲ့ ဖော်ပြဖို့ကြိုးစားကြတယ်။ ခင်ဗျားတို့ မအောင်မြင်ဘူး။ယစ်မူးမေ့လျော့ဖွယ်ရာ နှင်းဆီခင်းထဲမှာ အနေပျော်သည်။ နံနက်ခင်းသည် မင်္ဂလာရှိစွာ ရောက်၍လာသည်။ ကောင်းကင်မှာ တိမ်ခိုးတိမ်ငွေ့များ လွင့်နေသည်။နှင်းခဲပျော်ရည် ရေအိုင်ငယ်နှစ်အိုင်၊ တိုးလျှိုပေါက် ကြည်လင်၍ အဆုံးမရှိနက်ရှိုင်းသည်။ သူကျွန်တော့်ကို ပြန်ကြည့်သည်။ ထိုအကြည့်၏ နောက်တွင် သူ့မျက်နှာနှင့် သူ့ကိုယ်ခန္ဓာ ပျောက်နေသည်။ကျွန်တော့်မျက်လုံးက ကျွန်တော်၏ အမိန့်ကို မနာခံတော့။ ခုချိန်သည် တောင်ပေါ်မှာ နှင်းတွေ ဝေနေသော နံနက်ခင်းတစ်ခု ဖြစ်လောက်၏။ ကျွန်တော်သည် ရှုခင်းကို ကြည့်ချင်သေးသည်။ ပြီးတော့ သူ့ကိုလည်း ပြချင်သေး၏။ ကျွန်တော့် တိမ်တွေသည် အချစ်အကြောင်းကို ဘယ်တုန်းကမှ မပြောခဲ့ကြ။သူ့ဘဝလေးဟာ အချိန်နာရီတွေ တွဲသီထားတဲ့ ပုတီးတစ်ကုံးလို ရိုးရိုးကလေးဟု ဆိုပါလျှင် သူ့ဘဝသည် ငှက်ငယ်တစ်ကောင်၏ ဘဝလို ရိုးရိုးနှင့် ထူးဆန်းပေလိမ့်မည်။ မနက်ခင်းမှာ တေးသီ။ တစ်နေ့လုံးပျံသန်း၊ ညနေချမ်းမှာ နွမ်းလျ။ သူ့နှလုံးသားသည် ငှက်ငယ်၏ နှလုံးသားလို ရိုးသားခေါင်းမာစွာ တစိုက်မတ်မတ်။ဆိုခဲ့ပြီးသည့်အတိုင်း အပြာရောင် ကောင်းကင်ကြီး၏ရှေ့မှ အနက်ရောင်မိုးသားများ ရွေ့လျားနေခြင်း အတွင်း ရံဖန်ရံခါ အပြာရောင်၏ အစအနများကို တွေ့လိုက်ရတတ်ချင်းတွင် ကျွန်တော့်အတွက် တစ်စုံတစ်ရာကိုမျှ ထူးခြားသွားစေခဲ့ခြင်း မရှိပါ။ဤသို့ဖြင့် ဆေးလိပ်ကို မီးခိုးမထွက်အောင် ခိုးသောက်ခဲ့ရသော အထက်တန်းကျောင်းသားတစ်ယောက်သည်လည်း သိပံ္ပပညာရှင်ကြီး တစ်ဦး ဖြစ်လာနိုင်ပါသည်။ ပေါင်မုန့်တွေကလည်း အကြီးကြီးတွေ၊ တိုက်တာကြီးတွေကလည်း အမြင့်ကြီးတွေဗျဟု စိတ်ကူးယဉ်ခဲ့သော မာယာကော့ဖ်စကီးတစ်ယောက် သူ့ကိုယ်သူ သေကြောင်းကြံသွားရာမှ အစပြု၍ လမ်းထိပ်ကဖေးဆိုင်မှ ပေါင်မုန့်များ တစ်စထက်တစ်စ သေးငယ်ကြုံလှီလာခဲ့ခြင်းပေလောဟု ခုတစ်လော သံသယဝင်နေသူမှာ ကျွန်တော် ဖြစ်သည်။ ကျွန်တော့်ကိုကျွန်တော် ရှာဖွေကြည့်၏။ မတွေ့ရ။ အစက်အပြောက်တစ်ခု အဖြစ်ပင် မတွေ့ရ။ အသံတစ်သံကြားရလျှင် ဘယ်သူ့ရဲ့အသံပါလိမ့်ဟု တွေးရန် အချိန်မဟုတ်တော့။ ကျွန်တော့်ရဲ့ အသံပဲဟု သတ်မှတ်ရန်လည်း မဖြစ်တော့။ ကျွန်တော်သည် တိတ်ဆိတ်မှု အစစ်အမှန်ထဲမှာ ကျွန်တော်မဟုတ်တော့ကြောင်း တိတိကျကျ သိနေရသည်။

အို .. အနာဂတ် ကျေးဇူးပြု၍ သင့်အဝတ်အစားတွေကို ချွတ်မပြပါနှင့်။ အမြဲတမ်း လမိုက်ညဖြစ်ကာ ချောက်ချားဖွယ်အတိပြီးသည့် အတွေးအခေါ်များ ကျွန်တော့်မှာ ရှိနေသည်။ ခွေးအူသံတွေ သင် မကြားဘူးလား။ တွေးခေါ်ပညာရှင် ရူးဆိုးရဲ့ ထောပတ်ရောင်လမင်းကို ခိုးယူပေးပါ။

ဤစာပိုဒ်သည် နိဒါန်းဖြစ်သည်။

ရွှံ့ရုပ်ကြီး ပင်လယ်ကို ဖြတ်လာခဲ့ပြီ။

ချမ်းညီချို
14-01-2010


အပိုင်းအစများ~
ဇော်ဇော်အောင် - ငါ့ဆီလာ၍ ပြန်ထွက်သွားသော အချစ်ဝတ္ထု
မြတ်သစ် - မျက်မှန်တပ်ထားသော ပင်လယ်
မြင့်သန်း - အစရှိသည်များနှင့် လွင့်ပြယ်စ အစိတ်အပိုင်းတို့၏ အကြောင်းအရာများ
နေမျိုး - ပင်လယ်ဖြတ်လာတဲ့ ရွှံ့ရုပ်ကြီး

No comments:

Post a Comment