09/02/2010

နောင်တလား ?? ( အမွေပြတ်စွန့်လွှတ်ထားသည်။)

အဖေ
နေထိုင်ကောင်းပါရဲ့လား
မမြင်တွေရတာကြာပေမဲ့
အရင်တနေ့ကလိုပဲလို့..
စိတ်ထဲကမှတ်ထင်
အဖေ့ရုပ်သွင်ပြင်ကို
အဝေးကနေပြီး..
မှန်းဆကာ မြင်ယောင်နေမိတယ်။ ။

ဪ.....ဘုံးပေါလအော
ပေးနေလိုက်ကြတာ
နင်က ၉၃နှစ်၊ သူက ၁၀၆နှစ်
အရင့်အရင် ကင်ပေတိုင်ခေတ်နဲ.
ဒီဘက်ခေတ် နအဖရဲ့
တန်ဖိုးမဲ့ပိုက်ဆံတွေအလား
ပေါများလိုက်ပုံများ...
ဒီတယောက် ဟိုတယောက်
တယောက်ပြီး တယောက်
နိုင်ငံတော်ကိုပုန်ကန်တယ် ဆိုပြီး
သံတွဲ.. ကျောက်ဖြူ.. ပခုက္ကူနဲ့
ကလေး.. ခမ်းတီး.. ပူတာအို
ထိုထိုမည်တဲ့ ထောင်တွေတည်ရာ
အရှေ့အနောက်.. တောင်မြောက်ဖျားမှာ
'နားအေးပါးအေး ခင်ဗျားတို့သွားနေကြ' တဲ့ ။ ။


ဘာမှအများကြီး
မတောင်းဆိုထားပါဘူး
ကိုယ့်ကြမ္မ္မာ ကိုယ်ဖန်တီးနိုင်ဖို့အတွက်
အခြေခံကျတဲ့ လူ့အခွင့်အရေး
သာတူညီမျှ တိုင်းရင်းသားအရေး
စားပွဲမှာအတူယှဉ်ထိုင်ကာ
သုံးပွင့်ဆိုင် ဆွေးနွေးနိုင်အောင်
ဥပဒေဘောင်တွင်းက
ရရှိစေရန်ကြိုးပမ်း
ဘယ်တော့ပြီးမယ်မှန်း မသိတဲ့
ခရီးကြမ်းကို ဖြတ်ကျော်နေတာ
ငါးရာသီလည်း စွန်းခဲ့ပြီ။ ။

ဒါပေမဲ့.....အဖေ
ဘယ်အရာတွေ ဘယ်လိုပင်ရှိနေပါစေ
ခိုင်မြဲတဲ့ ယုံကြည်ချက်
မယိုင်လဲတဲ့ စိတ်ဓာတ်
မြင့်မြတ်တဲ့ လုပ်ရပ်နဲ့
အဖေချစ်တာကို
လွိုင်ဆမ်ဆစ်ကသိတယ်
အဖေ့ရင်ဘတ်ကို
မြစ်သံလွင်ကသိတယ်
အဖေ့ရည်မှန်းချက်ကို
သျှမ်းတောင်တန်းကြီးသိနေပါတယ် အဖေ...။ ။


သားခွန်
09.02.2010

2 comments:

  1. ဦးခွန်ထွန်းဦး အကြောင်းရေးထားတာလား?

    ReplyDelete
  2. ဟုတ်ပါတယ်။ ဖေဖော်ဝါရီ ၉ရက်နေ့မှာ မတရားအကျဉ်းချခံထားရခြင်း ၅နှစ်ပြည့်သွားတဲ့ ဦးခွန်ထွန်းဦးအတွက် အမှတ်တရ သားခွန်က ကဗျာနဲ့ဂုဏ်ပြုထားတာပါ။

    ReplyDelete