28/01/2010

ကျွန်တော်နဲ့ ဘာသာတရား၊ ဘာသာစကား

လူတွေဟာ ကိုယ်လုပ်ချင်တာတွေက.. ကိုယ်ဖြစ်စေချင်တာတွေက.. ဘယ်လိုမှ မဖြစ်လာနိုင်ဘူး.. ဘယ်လိုမှ မလုပ်နိုင်ဘူးလို့..
ထင်လာတဲ့အခါ၊ ကိုယ်လုပ်ပြီးတဲ့ ကိစ္စ၊ လုပ်ရပ်တခုရဲ့ ပြင်းထန်တဲ့အကျိုးဆက်ကို ခံစားရတော့မယ့် အခါ၊
ပြန်ပြင်လို့ လုံးဝမရတော့တဲ့အခါ ဘာသာတရားကိုစပြီး တောင်းဆိုလာတယ်။ တနည်းအားဖြင့် ကိုးကွယ်မှု၊ ဆုတောင်း
ခြင်း စတာမျိုးကို စတင်ပြီး ယုံကြည်သက်ဝင်လာကြတယ်။ ဒီတော့ ဘာသာတရားဆိုတာကို ကျွန်တော်တို့ ခွဲခြမ်း ကြည့်
ဖို့ လိုလာပြီ။ သာသာတရားဟာ ဘာသာစကားနဲ့ တည်ဆောက်ယူထားတယ်။ အယူဝါဒ တစ်ခုကို ဘာသာစကားနဲ့
တည်ဆောက်ယူထားတာ ဖြစ်တယ်(တွေ့ကြုံရတဲ့ အတွေ့အကြုံတွေလဲပါတာပေါ့ဗျာ... ဒါကို ထည့်မပြောဘူး။ ဘောင်တွေနဲ့ စည်းတွေအကြောင်းပြောကြမှာ)။ ကဲ.. ဒီအဆို ဟုတ် မဟုတ် ကြည့်ကြည့်ရအောင်ဗျာ။

"ပုဂ္ဂိုလ်ခင်လို့ တရားမင်တာ"တဲ့။ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ အယူဝါဒကို အများလက်ခံအောင် ဘာသာစကားနဲ့ တည်ဆောက်
ထားတာပဲ။ အဲတော့ ကျွန်တော်တို့ ဘာသာတရားကိုစဉ်းစားကြမယ်ဆိုရင် ဘာသာစကားအကြောင်း အရင်စဉ်းစားကြည့်ရမယ်။ ခု ကျွန်တော်တို့ ဘာသာစကားကို မေ့ပြီး.. ချန်ထားပြီး.. စဉ်းစားကြည့်ကြပါစို့။ ဘာသာစကားမရှိခဲ့ဘူးဆိုရင်...
ဘာသာတရား ပေါ်လာနိုင်ပါ့မလား။ မပေါ်လာနိုင်ဘူး... လုံးဝ မပေါ်လာနိုင်ဘူးဗျ။

တခါ ဘာသာစကား ဖြစ်ပေါ်လာပုံကို စဉ်းစားမယ်။ ဒါဆို ဘာသာစကားဟာ လူတွေရဲ့ အတွေ့အကြုံပေါ်မှာ
တည်ဆောက်ယူတယ်။ တခါ ဘာသာစကားပေါ်မှာ လူတွေက အတွေ့အကြုံကို ပြန်တည်ဆောက်ယူကြတယ်။
ဒီလိုနဲ့ ဘာသာစကားဟာ လူတွေ ရှိမှန်းမသိ.. ဖြစ်မှန်းမသိတဲ့.. ၀တ်ရုံ ကြီး...။ တနည်းအားဖြင့် ဒြပ်သားကြီး ဖြစ်လာတယ်။
လူတွေဟာ အဲဒီဝတ်ရုံကြီးထဲမှာပဲ နေထိုင်ကြရတယ်၊ ရှင်သန်ကြရတယ်..။ ဒီဒြပ်သားကြီးထဲမှာပဲ ပျော်ရွှင်ကြရတယ်..
ခံစားကြရတယ်.. ကြေကွဲကြရတယ်။ ကျွန်တော်တို့ဟာ ဘာသာစကားရဲ့ နယ်နိမိတ်ရှိသလောက်ပဲ တွေ့ကြုံသိခွင့်
ရှိကြတယ်။

တကယ်လို့ ဘာသာစကားကိုသာ ဖယ်ထုတ်လိုက်မယ်ဆိုရင် လူတွေဟာ အိုင်ကျူမြင့်တဲ့ တိရိစ္ဆာန်တစ်မျိုးပဲ ဆိုတာ
ဝမ်းနည်းကြေကွဲစွာ တွေ့ကြရတယ်။ (ကျွန်တော်ပြောတာ သဘာဝတရားက သိပ္ပံသဘောတရားများ၊ အတွေ့အကြုံများကို မဆိုလိုပါ) သူတို့မှာ စိတ်မကောင်းခြင်း၊ စိတ်ညစ်ခြင်း ၀မ်းနည်းခြင်း... စတဲ့ အီမိုရှင်နယ်ခံစားမှုတွေ
မဖွဲ့စည်း မတည်ဆောက်နိုင်တော့ဘူး။ အတွေ့အကြုံကရတဲ့ အတွေ့အကြုံ သညာပဲရှိတော့မယ်ဆိုတာ သေချာတယ်။



ဒီတော့ စောစောက ဘာသာတရားကို အစပြန်ကောက်လိုက်ရအောင်။ သာသာတရားဟာ ဘာသာစကားနဲ့တည်ဆောက်တယ်... ဟုတ်တယ်မလား။ ဒီတော့ ဘာသာတရားဆိုတာ ဟာ သဘာဝကရှိနေတဲ့တရားလဲ ပါမှာပေါ့။ လူ့ဘောင်တစ်ခု၊ လူ့လောကတစ်ခုကို တည်ဆောက်ဖို့ အယူဝါဒတစ်ခုခုနဲ့ပေါင်းစပ်ပြီး တည်ဆောက်ယူထားတာဆိုတာ ရှင်းနေပြီ။ အယူဝါဒတစ်ခုပဲဆိုတာ ရှင်းနေပြီ။ ကျွန်တော်တို့ဟာ အဲဒီ
ကိုယ်ကြီးပြင်းရာ ပတ်ဝန်းကျင်၊ ဘာသာတရား၊ အယူဝါဒစတဲ့ ပေါင်းစည်းတည်ဆောက်မှု..။ တနည်းအားဖြင့်
ဘာသာစကား အသုံးချတည်ဆောက်မှုပဲ။ လူတစ်ဦးချင်းဆီမှာရှိတဲ့ ပြုမူလှုပ်ရှားဆက်ဆံမှုဆိုတာလဲ
အယူဝါဒတစ်ခု၊ ဘာသာစကားတစ်ခုပေါင်းစပ်တည်ဆောက်ထားတာပေါ့။

ကဲ.. ဒီမှာ ပြောချင်တာက ခုမှလာတာ။ ဘာသာတရားကို လူတွေတည်ဆောက်ခဲ့တာ။ တည်ဆောက်ယူခဲ့တာဟာ
ပိုမိုအေးချမ်းကောင်းမွန်တဲ့ လူ့ဘောင်ကို အလိုရှိကြလို့။ ဒါပေမယ့် သာသာတရားဟာ ဒီနေ့ခေတ် ကျွန်တော်တို့
ခေတ်မှာ အကောင်အထည်ကြီး အဖြစ်ရပ်တည်လာတယ်။ လူတွေရဲ့ ပေါင်းစပ်ဖွဲစည်း ဖြစ်တည်မှုဟာလည်း
အကြောင်းအရာ အများအပြား ပါဝင်လာပြီးတော့ လူတွေကိုယ်တိုင်က ဘာသာတရားဟာ ဘာသာစကားနဲ့
တည်ဆောက်ထားတာ သက်သက်ပါဆိုတာ မေ့နေကြပြီးတော့ စိတ်ဒုက္ခကြီးစွာ ခံစားခဲ့ကြရတယ်... ခံစားနေကြရတယ်...
ခံစားနေကြရအုံးမှာပဲ ။ လူတွေ လူ့ဘောင်ဆိုပြီး သတ်မှတ်ထားတဲ့ ဘောင်တွေ၊ စည်းတွေဟာ အကောင်အထည်
ကြီးမားလာပြီးတော့ လူတွေကို ပြန်လည် ချုပ်ချယ်တားစည်းလာကြတယ်။ လူတွေဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်
ပြန်ခြောက်တဲ့ အဖြစ်ကို မလွတ်လပ်စွာ ရှင်သန်နေထိုင်နေကြရတယ်။အမှန်တကယ် က လူတွေမှာ တကယ်ရှိတာ..
ကျွန်တော်တို့မှာ အမှန်တကယ်ရှိတာဆိုလို့ အိပ်စိတ်ရယ၊် ကာမစိတ်ရယ်၊ အစားစိတ်ရယ်ပဲ။ ကျန်တာတွေက
ဘာသာစကားက တည်ဆောက်ရယူထားတဲ့ ဘာသာစကားရဲ့ဒြပ်သားကြီးချည်းပဲ.. (လူတွေကို အဆင့်နိမ့်ပြောတာ
မဟုတ်ပါဘူး။ ဘာသာစကားရဲ့ တည်ဆောက်မှု အားကြီးတာပါ...။ ဒီဘာသာစကားကို လူတွေပဲ ထွင်ခဲ့ကြတာလေ။)

ကျွန်တော်ပြောချင်တာက လူဆိုတာ အခြားအခြားသော သတ္တ၀ါများလိုပဲ။ အဖေနဲ့ အမေက သ၀ါသ ပြု
ပေါက်ဖွားလာတယ်။ အိပ်တယ်.. စားတယ်.. အချစ်စိတ်တွေ ကွန့်မြူးကြတယ်။ ဇီဝခန္ဒာကိုယ် ဖြစ်ပျက်တဲ့အတိုင်း
အချိန်တန်သေကြတယ်။ မွေးဖွားလာတော့ ဘာသာစကားရဲ့ ဒြပ်သားတွေ ဖြစ်တဲ့ ပတ်ဝန်းကျင်၊ အယူဝါဒ၊
ဘာသာတရား၊ ဘာသာစကားရဲ့ပေါင်းစပ်ဖွဲ့စည်းမှု နဲ့ ခင်ဗျားတို့.. ကျွန်တော်တို့.. ဒီနေ့ ကိုယ်အဖြစ် ဖြစ်တည်လာတယ်။
အဲတော့ ကျွန်တော်ပြောချင်တာက အယူဝါဒတခုရဲ့ ဘောင်ခတ်စည်းတာမှုတွေ.. ဘာသာတရားတွေရဲ့ ခြောက်လုံး
လှန့်လုံးတွေကို.. ပြန်လည် သုံးသပ်စေချင်လို့ပါ။ မမေ့ပါနဲ့... ဘာသာတရားဆိုတာ ဘာသာစကားနဲ့ ဖွဲ့စည်းတည်ဆောက်
ထားတာပါ။

ကျွန်တော် ပြောချင်တာ များသွားပြီ။ ကျွန်တော်က ဘာသာတရားဟာ ဘာသာစကားပေါ်မှာ တည်ဆောက်ထားတာ။
လူဆိုတာ လဲ မွေးပြီးရင် သေကြမှာပဲ။ ဘာသာတရားဆိုတာ အယူဝါဒတခုကို ဘာသာစကားနဲ့ အသက်သွင်းထာတာ
သက်သက်ပ။ဲ (ကျွန်တော် ခုရေးနေတာကကော အယူဝါဒတခုကို ဘာသာစကားနဲ့ အသက်သွင်းနေတာပဲလား??) ခင်ဗျားဘာသာ ဘယ်အယူအဆပဲလက်ခံ လက်ခံ၊ ဘယ်ဘာသာတရားပဲခံယူ ခံယူ၊ ဘာတွေပဲလုပ် လုပ်၊
ဘာဘောင်ထဲမှာပဲပျော်နေ ပျော်နေ... ကျွန်တော်လည်း ဘာပဲပြောပြော၊ ဘယ်လိုပဲနေနေ၊ ဖြစ်ချင်ရာဖြစ်မှာပဲ
ပရမ်းပတာ ဆိုတာတောင် မရှိဘူး။ လောကက ဘာသာစကားသတ်သတ်ပဲ ရှိတာ။ ပြီးတော့ သေကြမှာပဲ။
ဘာလို့များ... သေကောင်သေလူကြီးကို ဖက်တွယ်.. ငြင်းခုန်.. မငြိမ်းချမ်း.. တိုက်ခိုက်နေကြရတာလဲဗျာ။
ကျွန်တော်တို့အားလုံးဟာ ဘာသာစကား ဒြပ်သားကြီးရဲ့ ဖြားယောင်းလှည့်စားမှုကို မသိဘဲ ပက်ပက်စက်စက်
နားကျည်းခံစားနေကြတာ မဟုတ်ကြဘူးလားဗျာ ။ ခင်ဗျားကိုယ်တိုင်ရော
ကျွန်တော်ကိုယ်တိုင်ရော အားလုံးဟာ ဘာသာစကားနဲ့ တည်ဆောက်ထားတယ်ဆိုတာ မမေ့စေလိုဘူး။

( အထက်ပါ စာများမှာ ကျွန်တော်၏ အမြင်သက်သက်သာဖြစ်ပါသည်။ ကောင်းကျိုးဆိုးပြစ်များမှာ
ကျွန်တော်နဲ့သာ သက်ဆိုင်ပါသည်။ ကွန့်မန့်ပေးလိုကလည်း ပေးကြပါ။ ဆွေးနွေးလိုကလည်း ဆွေးနွေးပါ။
လက်မခံလိုကလည်း လက်မခံပါနဲ့။ ငြင်းခုန်ပါ။ သို့သော် လက်တွေ့ကျကျပဲ ဖြစ်စေချင်သည်။
ဒဏ္ဋာရီလာများ.. လူပြောသူပြောကိစ္စများ.. ကိုတော့ မပြောပါနဲ့။ သို့သော် ပြောလိုကလည်း ပြောပါ။
ခင်ဗျားကိစ္စပါ။ )

ထွန်းနွယ်

No comments:

Post a Comment