28/01/2010

အေဘီစီဒီမတတ်ပဲနဲ့ အရပ်ထဲကိုဝင် ( ၂ )

" လသာတုန်း ဗိုင်းငင်....
မိုးရွာတုန်း ရေခံ...
နွားရှေ့ ထွန်ကြူး... "

အဲ.... ဘာမှတော့မဆိုင်ဘူးပေါ့ဗျာ။ အထက်မှာ ဆိုခဲ့တဲ့ အတိုင်း ပီတာ စောင့်နေရတဲ့ လသာမဲ့ နေ့ကတော့ ရောက်ရှိလာပါပြီ။ ရလာတဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး ဖိနပ် ငင်ဖို့ပဲလိုတော့တယ်။ ကျွန်တော်တို့ ငယ်သူငယ်ချင်း ဖားလေး တစ်ယောက် နေကိုကိုးကွယ် တဲ့ ဂျပန်နိုင်ငံကို ပညာတော်သင်သွားရမယ်ဆိုတော့ ဒီနေ့ မှာ အလှူလုပ်မယ်။ ဒီတော့ ပီတာအတွက် လသာပြီပေါ့ဗျာ။

ဖားလေးခေါ်ထားလို့ ကျွန်တော်တို့လည်း ခပ်စောစောထဲက ဘုန်းကြီးကျောင်းကိုရောက်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေကြတယ်။ မိန်းကလေးအများစုထိုင်တဲ့ ဝိုင်းများတွင် "လိုက်ပွဲလေး ယူပါ ဦးလား"၊ "အအေးသောက်ပါဦးလား" စသော သကာရည်စမ်းထားသော စကားများနှင့် လောကွတ်ချော်ရင်း ဖြင့် လည်းကောင်း၊ အလှူကိုလာတဲ့ သူ့အမျိုးအဆွေတွေကို ကြည့်ပြီး "ဝတ်ထားတာ ပျံလန်နေတာပဲ၊ ဂုဏ်မက် တဲ့ ဟာတွေ" တို့၊ "လှူချင်လို့လုပ်တာမဟုတ်ဘူး၊ သူ့တို့သား နိုင်ငံခြားသွားတာ ကြွားချင် လို့လုပ်တာ" တို့ကဲ့သို့သော သာယာနာပျော်ဖွယ် စကားတွေနဲ့ အတင်းတုတ်ရင်း ယောင်ပေယောင်ပေ လုပ်နေကြတာပေါ့ဗျာ..။

ငယ်ပေါင်းကြီးဖော် အကြောင်းသိတွေဆိုတော့ ကျွန်တော်တို့အား နောက်မှစားဖို့၊ ဧည့်သည်တွေ အရင်ကြွေးဖို့ ဖားလေးက မာန်မဲထားတော့ ကျွန်တော်တို့လည်း မီးဖိုချောင်ထဲမှာ ခိုးစားလိုက် အရှေ့ ပြန်ထွက်လိုက် လုပ်နေရတယ်။ ဧည့်သည်နဲနဲပါးသွားမှ ကျွန်တော်တို့လည်း တရားဝင် စားကြရတယ်။ စောစောစီးစီး ဟိုနှိုက် ဒီနှိုက် စားထားတာကြောင့်မို့ ကျွန်တော်တို့ သိပ်မစားနိုင်ကျတော့။ ပီတာတစ် ယောက်ကတော့ သူ့ဘေးမှာထိုင်နေတဲ့ ဝကြီးနဲ့တီးတိုးတိုင်ပင်ရင်း ဖိနပ်ချွတ်ထားတဲ့ဆီကို ကွက်ကြည့် ကွက်ကြည့်နဲ့ သိပ်စားမဝင်ဘူး။ ဝကြီးက သူ့အကြောင်း ကောင်းကောင်းသိတယ်။ ဒီကောင် ဖိနပ်ကောင်းကောင်း အရမ်းလိုချင်တယ်။ တစ်ယောက်တည်းလည်း ဒါမျိုးကိစ္စ သူမလုပ်ရဲဘူးဆိုတာ သိနေတယ်။ အဲဒီ့တော့ သူတို့ ၂ ယောက် အတူတူလုပ်ကြမယ်လို့ တိုင်ပင်ထားကြတယ်။

ဝကြီးက ဒီနေ့မှ အိမ်ကကားယူလာတော့ စောစောပြန်ရမယ်။ အဲတော့ ပီတာက သူနဲ့ကားကြုံလိုက်မယ်ပေါ့။ အပြန်မှာ ဖိနပ်ကောင်းကောင်းရွေးစွပ်ပြီး ကားပေါ်တစ်ခါတည်း တက်ပြေးမယ်လို့ ကြံထားကြတယ်။ တိုင်ပင်နေတာတော့ အကွက်စေ့ ….. ဘဏ်ထဲဝင်ခိုးမဲ့ကောင်တောင် သူတို့လောက် အစီအစဉ်မကောင်း။ သိပ်မကြာဘူး ….. ဝကြီးက သူ့ကားကို မြန်မြန်ထွက်လို့ရမဲ့နေရာမှာ ပြောင်းရပ်ထားလိုက်တယ်။ လုပ်ငန်းစကြတော့မယ်ပေါ့။ ။

ပီတာကလည်း သူပစ်မဲ့သားကောင်ကို ရွေးပြီးသွားပြီ။ အသစ်စက်စက် ကတ္တီပါဖိနပ်ကလေး။ သူများမှားစီးသွားမှာဆိုးလို့ ပိုင်ရှင်က ထောင့်လေးမှာ ချွတ်ထားခဲ့ဟန်ရှိတယ်။ သိပ်မကြာဘူး ….. ဝကြီးက ပြန်မယ်ဆိုပြီး အချက်ပြလိုက်တော့ ၂ ယောက်စလုံး ဖိနပ်ချွတ်ဆီကို သွားကြတယ်။ စီစဉ်ထားတဲ့အတိုင်း ကိုယ်ရွေးထားတဲ့ဖိနပ်ကို စွပ်ပြီး ခပ်သုပ်သုပ်ကားဆီသို့ သွားကာ မောင်းထွက်မယ်ပေါ့။ ဒီတော့ ပီတာလည်း သူရည်ရွယ်ထားတဲ့ဖိနပ်ကို မင်သေသေနဲ့.. စွပ်လိုက်တယ်။

အဲ့မှာပဲ ….. မထင်မှတ်တာတွေ ဖြစ်တော့တယ်။ “ဝကြီး သစ္စာဖောက်ပြီ”။ “ပြေး ….. ပြေး” ဆိုပြီး ပီတာကို ခပ်တိုးတိုးပြောကာ သူက ကားဆီကို အရင်ပြေးတယ်။ ပီတာလည်း ဘာလုပ်ရမှန်းမသိ။ ခိုးထုပ်ခိုးထည်နဲ့ ဖြစ်နေတော့ ဝကြီးနောက် အမြန်လိုက်ပြီး ကားပေါ်တော့ ပြေးတက်လိုက်တယ်။ ကားလေးက စွေ့ကနဲ ဘုန်းကြီးကျောင်းဝန်းထဲက ထွက်ခွာသွားလေပြီ... ဘယ်သူမှတော့ သတိမထားမိလိုက်ကြဘူး။

ကားပေါ်ရောက်မှ ပီတာလည်း သက်ပြင်းချ အမောဖြေနိုင်တော့တယ်။ သူ့ဖိနပ်သစ်ကလေးကို ကြည့်ပြီး ဝမ်းသာလို့မဆုံး။ အဲ ….. ပြီးမှ ….. ဝကြီးကို ကြည့်လိုက်တော့ ….. သူစီးနေကျ ဖိနပ်အစုပ်နဲ့ပဲ တွေ့လိုက်ရတယ်။ “ဟင် ….. ဟေ့ကောင် ….. မင်းမလဲလာဘူးလား။ ပီတာအလန့်တကြား မေးလိုက်တယ်။“ ဝကြီးက “ငါဖိနပ်လဲခါနီးကျမှကွာ ….. ငါးပါးသီလ ယူထားတာ သတိရလို့ ကိုယ့်ဖိနပ်ပဲ ကိုယ်စီးလာခဲ့တော့တယ်။ အခုဟာက ခိုးသလိုကြီးဖြစ်နေတော့ ငါမလုပ်ချင်ဘူး။” ဝကြီး ညစ်ပတ်ပြီ။ သူ့တစ်ယောက်တည်း သူခိုးဖြစ်အောင် လုပ်ပြီ။

ပီတာလည်း ပေါက်တဲ့နဖူး မထူးတော့ဘူးလို့ ခံယူလိုက်ပြီး “အေး ပေါ့ကွာ ….. မင်းကြောက်ရင်လည်း မလုပ်နဲ့ပေါ့။ ငါကတော့ ဖိနပ်သစ်ကလေးနဲ့ လမ်းသလားလို့ ရပြီ” တို့ ဘာတို့ ပြောပြီး သူ့အိမ်ရောက်တော့ ဆင်းသွားလိုက်တယ်။

အလှူပြီးခါနီး အချိန်ကျမှ ဖားလေးတစ်ယောက် ခေါင်းကုတ်ပြီး ဟိုရှာဒီရှာ လုပ်နေရတယ်။ ကျွန်တော်လည်း အကျိုးအကြောင်း မေးကြည့်တော့မှ သူ့ဖိနပ်ပျောက်နေကြောင်း သိရတော့တယ်။ ကျွန်တော်လည်း သူ့ကို ကူရှာပေးတော့မှ ဘယ်လိုမှ မမှားနိုင်တဲ့ ပီတာရဲ့ ဖိနပ်အစုတ်ကို သွားတွေ့တော့တယ်။ “ဟေ့ကောင် ….. ဒီမှာ ပီတာဖိနပ်ကွ။ ဒီကောင် မင်းဖိနပ်ကို လဲစီးသွားပြီ။ ကျွန်တော်ပြောလိုက်မှ ဖားလေးလည်း လာကြည့်ပြီး သဘောပေါက်သွားတယ်” သူကလည်း အလှူရှိလို့ သူ့အဖေဝယ်ပေးထားတဲ့ ဖိနပ်အသစ်ကလေး ဝတ်လာတာကိုး။






မကြာပါ ….. ကျွန်တော်တို့ ပစ္စည်းတွေသိမ်းပြီး ဖားလေးအိမ်ရောက်တာနဲ့ ဝကြီးက ဖုန်းဆက်ပြီး ဇာတ်လမ်းစုံခင်းပေတော့တယ်။ သူ့အပြောအရတော့ သူ တားပါသေးတယ် ပေါ့။ ဟိုကောင်က မရ ….. အတင်းစီးပြီး ထွက်ပြေးသွားတာပေါ့။ ကျွန်တော်တို့လည်း ဘယ်လိုလုပ်ရမလဲ တိုင်ပင်ပြီး ….. ပီတာ့ကို ညနေလက်ဖက်ရည်ဆိုင်ထိုင်ဖို့ ချိန်းလိုက်တယ်။

ညနေလည်း ရောက်ရော ….. ပီတာတစ်ယောက် ဖိနပ်အသစ်ကလေးနဲ့ ရောက်လာပါလေရော။ ခရီးရောက်မဆိုက် ….. ဖားလေးက ကျွန်တော်တို့ ဇာတ်တိုက်ထားတဲ့အတိုင်း သူ့ကို ကောပါလေရော။ သူစီးသွားတဲ့ ဖိနပ်က ….. ဘုန်းကြီးကျောင်းက ဂေါပကလူကြီး ဖိနပ်ဖြစ်နေတဲ့အကြောင်း ….. သူစီးသွားတာကို မြင်လို့ နောက်ကလိုက်တဲ့အကြောင်း ….. မမီလိုက်လို့ ဖားလေးအဖေကို သွားတိုင်မယ်လုပ်လို့ ဖားလေးက စိုက်လျော်ပေးလိုက်ရတယ် ဆိုတဲ့အကြောင်း ….. ပြောပြီး ဖိနပ်ဖိုး ပြန်တောင်းလေတော့တယ်။

လသာတုန်း ဖိနပ်ငင် ထားတဲ့ ပီတာ ….. မျက်နှာကြီး ချက်ချင်း လငပုပ် ဖမ်းသွားလေပြီ။ စားစရာမရှိ ….. လျော်စရာရှိဖြစ်ပြီ။ “ငါ မှားစီးသွားတယ်လို့ ပြောပြီး ပြန်လဲလို့ မရဘူးလားကွာ” ဆိုပြီး လေပြေသွေးရှာတယ်။ ဘယ်ရမလဲ ….. ဟိုလူက စိတ်အရမ်းဆိုးနေလို့ ….. ချက်ချင်း အသစ် ဝယ်ပေးလိုက်ရတယ် ဆိုပြီး ….. ပိုက်ဆံမရမက တောင်းရော။ သူ့ခင်မျာ ….. ရှိစုမဲ့စု ပိုက်ဆံလေး ပေးရှာပါတယ်။ ဖိနပ်ဖိုးက မပြည့်။ ဖားလေးက မရမက တောင်းရော။ နောက်ဆုံး သူ့ပိုက်ဆံအိတ်ကို ဖွင့်စစ်တော့ သူ့အစ်မ နိုင်ငံခြားက ပြန်လာတုန်းက မုန့်ဖိုးပေးခဲ့တဲ့ ဒေါ်လာကျပ်တန် ၂ ရွက်ကို တွေ့လို့ ဖားလေးက ဈေးနိမ်ပြီး ယူလိုက်တယ်။

ဖားလေးက ပိုက်ဆံလည်း ရရော ….. သူပြန်ယူလာတဲ့ ပီတာ့ ဖိနပ်စုတ်ကို “ဖုတ်ကနဲ” ပစ်ချလိုက်တယ်။ “ဟမ် ….. ငါက ဒီဖိနပ် ဘာလုပ်ရမှာလဲ။” ပီတာလည်း ပြဿနာပြီးသွားပြီ အထင်နဲ့ တအံ့တသြမေးတယ်။ “ဟ ….. ငါကလူကြီးကို မင်းမှားစီးသွားတာနေမယ် ဆိုပြီး တောင်းပန်ထားရတာ ….. ပြန်လဲပေးရမှာပေါ့ကွ” (မှားစီးတယ် ပြောရအောင်လည်း ပီတာ့ဖိနပ်နဲ့ ဟိုဖိနပ်သစ်က နံသာဆီနဲ့ အီး) သွားပြီ ….. ပီတာတစ်ယောက် ဖိနပ်မရ ….. ပိုက်ဆံဆုံးဖြစ်ပြီ။ သူမျိုးစုံဈေးစစ်တယ်။ မရ။ ဖားလေးက သူ့အဖေနဲ့ ကိုင်ပေါက်တယ်။ “ငါ့အဖေသိသွားရင် မလွယ်ဘူး” ပေါ့။ ဖားလေးအဖေက ပီတာတို့ကျောင်းက ဆရာလေ။ သိသွားလို့ ကျောင်းမှာပြန်တွေ့ရင် ပီတာအရှက်ကွဲမှာ..။ နောက်ဆုံးတော့ ပူပူနွေးနွေး ဖိနပ်အသစ်ကလေး ပြန်ပေးလိုက်ရရှာတယ်။ ဒါတောင်မှ ဖိနပ်က အသစ်ဆိုတော့ နည်းနည်းကျပ်ပြီး သိပ်မကျွတ်ချင်ဘူး။

ပီတာလည်း နောက်ဆုံး ဘာမှမတတ်နိုင်တော့ တောင်းပန်ပြီး သူ့အဖေမသိအောင် လုပ်ဖို့ပြောရှာတယ်။ ဖားလေးကတော့ ပြောရှာပါတယ်။ သူနဲ့ဂေါပကလူကြီး စကားများနေတဲ့အချိန် ….. သူ့ညီမကြားသွားပြီး ….. သူ့အဖေကို သွားတိုင်ထားလား မသိဘူးပေါ့ ….. သူအပြင်ထွက်ခါနီး သူ့အဖေက မှာလိုက်သေးတယ်ပေါ့ “အပေါင်းအသင်းပေါင်းတဲ့ကိစ္စ …. သားကို ပြောစရာရှိတယ်” ဆိုပြီး ခြောက်လိုက်တယ်။ ပီတာလည်း ဘာမှ ပြောချင်ဆိုချင်စိတ် မရှိတော့လောက်အောင် ….. စိတ်ပျက်လက်ပျက်နဲ့ သူ့ဖိနပ်စုတ်ကလေး စွပ်ကာ ပြန်သွားရှာရလေတော့တယ်။

ပြဿနာက ဒီမှာတင် မပြီးသွားဘူး။
ဖားလေး ဂျပန်သွားမဲ့နေ့.....။
အားလုံးလေဆိပ်ကို လိုက်ပို့ကျတော့ ….. ပီတာက မလိုက်ဘူးလုပ်တယ်။ အားလုံးကလည်း သူ့ကို ဖေးဖေးမမနဲ့ ဝိုင်းခြောက်တယ်။ မင်းတစ်ယောက်ထဲ မလိုက်ရင် ….. ဖားလေးအဖေက ပိုထင်သွားမှာပေါ့ ….. ဘာတို့ပေါ့ဗျာ။ နောက်ဆုံး ပီတာတစ်ယောက် ရှေ့မျက်နှာ နောက်ထားပြီး လိုက်ပို့ရှာတယ်။ (သူ့ဖိနပ်ကိုတော့ မမှတ်မိအောင် သဲကြိုးလဲထားလိုက်တယ်) လေဆိပ်မှာ ဖားလေးအဖေနဲ့ မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ငယ်သူငယ်ချင်းတွေ ဓာတ်ပုံစုရိုက်မယ်လုပ်တော့ ဖားလေးအဖေကို ရိုက်ခိုင်းလိုက်တယ်။ ဒီတော့ သူရှောင်လို့ မရတော့ဘူး။ ဒါပေမဲ့ ပီတာက လူလည် …… သူလုပ်ပုံကို နောက်ဆုံးဓာတ်ပုံထွက်လာလို့ ကျွန်တော်တို့ ပြန်ကြည့်တော့မှ တွေ့ရတော့တယ်။ ပီတာက သူငယ်ချင်း ၂ ယောက်ကြားမှာ ပုခုံးဖက်ပြီး သူ့ဖိနပ်ကို နောက်မှာဝှက်ပြီး ဓာတ်ပုံအရိုက်ခံထားတဲ့ ပုံလေ ……….

မောင်ရင်ငဇေ
26.01.10

No comments:

Post a Comment