26/01/2010

ရောမမြို့နဲ့မလဲနိုင်ပါ

ရက်စွဲအတိအကျကို မမှတ်မိပေမဲ့ ကျီးမနိုးနေ့ပြီးနောက်နေ့မနက်အစောကြီးဆိုတာတော့
မှတ်မိနေတယ်။ အိမ်အပြင်ဖက်မှာ ရုတ်ရုတ်သဲသဲ၊ ဆူဆူညံညံ လူသံတွေကြားနေရတဲ့အချိန်...
သူကျွန်တော့်အခန်းထဲ ပြေးဝင်လာတယ်။ ကျွန်တော်က ဘာဖြစ်လို့လဲဆိုတော့ သူက " ညက ဘယ်ကောင်
လက်ဆော့သွားလဲ မသိဘူး... ငါတို့မြို့နဲ့ ရောမမြို့ကြီးကို နေရာလဲထားတယ်.." ။ ကျွန်တော်တို့ ချက်ချင်းပဲ
အပြင်ထွက်ကြည့်လိုက်ကြတော့... ဟုတ်တယ်..။ ရောမမြို့ကြီးက ကျွန်တော်တို့မျက်စေ့ရှေ့မှာ အရမ်းကို
ကြီးကျယ်ခမ်းနားလှပနေတယ်။ ကျွန်တော်တို့အားလုံး ရောမမြို့ဆိုတာကို စာထဲမှာသာ သင်ဖူးတာ၊ ဖတ်ဖူးတာ။
အခုလို မျက်ဝါးထင်ထင်မြင်လိုက်ရတော့ တမြို့လုံး အံ့ဩပျော်ရွှင်နေကြတယ်။
လူငယ်တွေကတော့ မြို့ကြီးကို စူးစမ်းလေ့လာကြဖို့ ဟိုတစု ဒီတစုနဲ့ အရမ်းကို
စိတ်အားထက်သန်နေကြတယ် ။




သိပ်မကြာခင်အချိန်မှာပဲ မြို့လူကြီးတွေနဲ့ တာဝန်ရှိသူတွေ ရောက်လာကြပြီး မြို့ကြီးရဲ့နေရာတိုင်းမှာ လုံခြုံရေးတွေ
ချထားလိုက်ကြတယ်။ တာဝန်ရှိသူတွေအပြောအရတော့ ဒီလိုမြို့ကြီးတိုင်းမှာ ဒုစရိုက်မှုတွေတအားများပြီး လူဆိုးသူခိုးတွေလဲ
အရမ်းပေါတယ်။ ဒါကြောင့် အခုဒီမြို့ကြီးနဲ့အတူ လူဆိုးတွေ ပါလာနိုင်တယ် ဆြိုပီး နေရာတိုင်းမှာ တွေ့ရာလူမရှောင်
စစ်ဆေးမှုတွေ လုပ်နေကြတယ် ။ ညနေပိုင်းရောက်တော့ သူတို့တလမ်းဝင် တလမ်းထွက် လိုက်အော်ကြတယ်။
ဘာမှသဲသဲကွဲကွဲမကြားလိုက်ရပါဘူး။ ပီပီသသဆိုလို့ နောက်ဆုံးကြေငြာသံတချက်ပဲ ကြားလိုက်တယ်။

"မြို့လုံခြုံရေးအတွက် ညနေခြောက်နာရီကျော်ရင် အပြင်မထွက်ရ..."


ကျွန်တော်တို့ အတော်လေး စိတ်ပျက်သွားကြတယ်။ ဒီလောက်ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးရလာပြီးမှ
ရောမမြို့ကြီးနား မကပ်နိုင်သလိုဖြစ်သွားပြီ။ မနက်ပိုင်းကျပြန်တော့လဲ လမ်းတိုင်းမှာလုံခြုံရေးအပြည့်နဲ့..
စစ်ကြဆေးကြနဲ့... မြို့ကြီးကို ဘယ်သူမှ လွတ်လွတ်လပ်လပ်ကြည့်ရှုလေ့လာခွင့် မရကြဘူး။
ဒီလိုနဲ့ ရက်ကနေ..လ၊ လကနေ..နှစ် ပြောင်းလာတယ်။ ကျွန်တော်တို့ကတော့ မြို့ကြီးနားကပ်လို့မရတဲ့အပြင်
်လမ်းပေါ်တောင် လွတ်လွတ်လပ်လပ်သွားလာလို့ မရတော့ဘူး ။ တနေ့တော့ မြို့အုပ်ချုပ်သူတွေ ဆိုင်းမဆင့်ဗုံမဆင့်ပဲ မြို့သူမြို့သားအားလုံးကို အသိပေးချက်ထုတ်ပြန်တယ်။

"ရောမမြို့ကြီးနဲ့ ကျွန်တော်တို့မြို့လေးကို ပြန်လဲတော့မယ်.."


မြို့လူကြီးတွေက မြို့နှစ်မြို့လဲလှယ်ပွဲကို အခမ်းအနားနဲ့ သေချာကျင်းပကြတယ်။ ရောမသံတမန်တွေက သူတိုမြို့ကြီးကို လှည့်ပတ်စစ်ဆေးကြတယ်။ မြို့ကြီးက ဘာမှပုံစံမပြောင်းဘူး... အရင်အတိုင်းပဲ။ ကျောက်ရေတံခွန်လေးတွေရှိတဲ့ဘက် ရောမမြို့ရဲ့တောင်ပိုင်းလမ်းပေါ်မှာတော့ ကွမ်းတံတွေးတွေ
နဲနဲပေနေတာတွေ့ရတယ် ။ ကျွန်တော်တို့ မြို့လူကြီးတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ပျာပျာသလဲတောင်းပန်တော့
့ သူတို့ကအေးအေးဆေးဆေးပါပဲ ။ 'ကိစ္စမရှိဘူး.. ရပါတယ်၊ ကွမ်းတံတွေးနဲ့မျက်နှာကို တက်ထွေးတာမှမဟုတ်ပဲ..' တဲ့။ ဒီလိုနဲ့ ရောမမြို့ကြီးကို လျောလျောရှူရှူပဲ ပြန်ပေးလိုက်နိုင်ခဲ့တယ် ။

သူတို့ ကျွန်တော်တို့မြို့လေးကိုပြန်ပေးတဲ့အခါမှာတော့ မြို့သူမြို့သားအားလုံး အံ့ဩသွားကြတယ်။
အချိန်တိုလေးအတွင်းမှာ သူတို့ဆီမှာရှိနေတဲ့ကျွန်တော်တို့မြို့လေးဟာ အရမ်းပြောင်းလဲသွားခဲ့တယ်။
အရင်အိမ်ဟောင်းကြီးတွေနေရာမှာ ရောမဗိသုကာလက်ရာတွေနဲ့ တိုက်အကြီးကြီးတွေ ဖြစ်နေပြီ။
မြေလွတ်မြေရိုင်းတွေပေါ်မှာလဲ စက်ရုံအလုပ်ရုံတွေနဲ့ ..။

ဒါပေမဲ့ မြို့လူကြီးရဲ့စကားကြောင့် အားလုံးအံ့ဩသွားကြတယ်။ "ကျုပ်တို့ဆီမှာ ဒီမြို့လေးရှိနေတုန်းက စိမ်းစိုနေတဲ့လယ်ကွင်းတွေ၊ ရှေးဟောင်းအနုပညာလက်ရာတွေနဲ့၊
အခုတော့ ခင်ဗျားတို့က စက်ရုံအလုပ်ရုံ အဆောက်အဦးသစ်ကြီးတွေ နေရာတကာ ဆောက်ခဲ့ကြတယ်။
ဒါဟာ ကျုပ်တို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကိုဖျက်ဆီးတာ ၊ ကျုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာ
ကိစ္စကိုဝင်ဖက်တာ ခင်ဗျားတို့မှာ အပြစ်ရှိတယ်။ အဲဒီအတွက်ကျုပ်တို့ကို လျော်ကြေးပေးရမယ်.." တဲ့။
ရောမသားတွေလဲ ပါးစပ်အဟောင်းသားနဲ့ အတော်ပဲအံ့ဩသွားကြတယ်။ နောက်တော့ ပြသနာ
မတက်ချင်လို့နဲ့ တူပါတယ်။ တောင်းတဲ့ငွေကို ပေးလျော်ပြီး ပြန်သွားကြတယ်။ ဒီလိုနဲ့ ကျွန်တော်တို့
မြို့သူမြို့သားတွေဟာ ရောမမြို့ကြီး ပြန်ယူသွားတာကို စိတ်မကောင်းကြီးစွာနဲ့ကြည့်ရင်း လေးလံတဲ့ခြေလှမ်းတွေနဲ့
အိမ်ပြန်ခဲ့ကြတယ်။ မြို့နှစ်မြို့လဲပြီးလို့ သိပ်မကြာခင်လများမှာပဲ ရည်ရွယ်ချက်ကြီးကြီးမားမားမရှိပေမဲ့ မြို့လေးကို
စွန့်ခွါပြီး တခြားတနေရာကို ကျွန်တော်ပြောင်းခဲ့တယ်။


အချိန်တွေ တရွေ့ရွေ့ပြောင်းလဲခဲ့ပြီးနောက် တစ်နေ့လမ်းမှာ သူနဲ့ပြန်ဆုံကြတော့
ကျွန်တော့်ကို ဝမ်းသာအားရနှုတ်ဆက်ပြီးတော့ ကျွန်တော်ချန်ရစ်ထားခဲ့တဲ့ မြို့လေးအကြောင်းကို ပြောပြတယ်။
''နောက်တစ်ကြိမ်မြို့လဲခံရမှာကို စိုးရိမ်ပြီး မြို့လူကြီးတွေတိုင်ပင်ကြပြီးတော့
မြို့ကိုနေရာပြောင်းခဲ့ကြတယ်။ မြို့တံခါးကို အမြဲတမ်းပိတ်ထားပြီး လုံခြုံရေးကိုလဲ တင်းတင်းကျပ်ကျပ်
ချထားလိုက်ကြတယ်လေ..''
ကျွန်တော်က '' ဒါဆို မြို့သူမြို့သားအားလုံး မျက်စိပိတ်နားပိတ် ပိတ်လှောင်ခံနေရတာပေါ့ " ဆိုတော့ သူက
''မင်းစဉ်းစားကြည့်လေ အန္တာရယ်ကင်းအောင် စည်းတားတယ်ဆိုတာ ကိုယ့်ပတ်ပတ်လည်ကို
စည်းဝိုင်းတားလိုက်ပြီး အဲဒီအထဲမှာ ကိုယ်ကနေနေရတာပဲ၊ ဒီတော့ စည်းတားတဲ့လူလဲ
ပိတ်မိနေတာပဲကွ.. ''


ကျွန်တော့်ကိုပြောပြီး သူထွက်သွားတယ် ။ နှုတ်ဆက်မိလား... နှုတ်မဆက်မိလားတောင် မမှတ်မိတော့ဘူး။
သူပြောတဲ့ စည်းအကြောင်းတော့ ဆက်တွေးနေမိတယ်...။

ကံဂျီမူရာ 26.01.10

1 comment: