22/01/2010

အေဘီစီဒီမတတ်ပဲနဲ့ အရပ်ထဲကိုဝင် (၁)

"ထီးနဲ့ဖိနပ်မပါရင် နွေခါမှသိ၊ ဒါနနဲ့သီလမပါရင် သေခါမှသိ..."

ဒီစကားပုံလေးကိုတော့ လူတိုင်းလိုလို သိကြပါလိမ့်မည်။ သီလနဲ့ဒါန အရေးကြီးပုံကို နွေခါမှာ ဖိနပ်မပါ၊ ထီးမပါနဲ့ ပူပူလောင်လောင်ဖြစ်သလိုမျိုး တင်စားပြထားတာပါ။ ကျွန်တော်ကတော့ ဒီနေရာမှာ သီလနဲ့ဒါနအကြောင်းပြောမှာ မဟုတ်ဘူး ဆိုတာ အားလုံးသိကြမှာပါ။ ကျွန်တော်ပြောချင်တာကတော့ ထီးနဲ့ဖိနပ်ပဲဗျ။ ဒီထီးနဲ့ဖိနပ်တောင်မှ ထီးက သိပ်ပြသနာမရှိ။ ကျွန်တော်တို့တွေက ငယ်ငယ်ကတည်းက အခုအထိ ထီးဆောင်းလေ့မရှိ။ မိုးရွာရင်လည်းလွယ်အိတ်လေး ခေါင်းပေါ်တင်ပြီး ပြေးလိုက်တာပဲ။

ထီးကဆောင်သွားလည်း ပျောက်တာနဲ့.. ထီးကြီးတကိုင်ကိုင် လုပ်ရမှာရှက်တာနဲ့... ဘယ်တော့မှ ထီးကိုအရေးကြီးတယ်လို့ မထင်ခဲ့မိဘူး။ အဲ… ဖိနပ်ကတော့ မရှိမဖြစ်ဗျ။ ခင်ဗျားတို့လည်း ဖိနပ်မပါပဲနဲ့တော့ အပြင်မှာ သွားသွားလာလာ လုပ်ကြမှာ မဟုတ်ဘူး။ ဒီတော့ ဖိနပ်က နွေခါမှမဟုတ်ဘူး။ ဥတုသုံးပါးစလုံး အရေးကြီးတယ်။ အဲဒီဖိနပ်ကပဲ ကျွန်တော်တို့ကို ငယ်ငယ်ကတည်းက ဒုက္ခပေးခဲ့တာ။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အ၀တ်အစားအတွက် သိပ်မပူရ။ မိဘက ၀ယ်ပေးဆင်ပေးတော့ သူ့ဟာနဲ့သူ အတန်အသင့် ကောင်းကောင်းမွန်မွန်တော့ ၀တ်ရသည်။ ကျွန်တော်တို့ကလည်း အ၀တ်အစား ၀ါသနာမပါတော့ သိပ်ကိစ္စမရှိ။ ကိစ္စရှိတာတော့ ဖိနပ်ဗျ..ဖိနပ်။ ကျွန်တော်တို့ သူငယ်ချင်းတွေက ရှစ်တန်းလောက်ကစပြီး ရော့ခ်ဂီတကို တော်တော်လေး နှစ်ခြိုက်လာတယ်။ နိုင်ငံခြားက အဖွဲ့တွေပေါ့ဗျာ။ အဲဒီတော့ အခွေဝယ်ရ၊ ရီးယားဘွတ်(ခ်) ဆိုတဲ့စာအုပ်တွေဝယ်ရ... နံရံကပ်ပိုစတာတွေဝယ်ရနဲ့ ပိုက်ဆံသိပ်ကုန်တယ်။ မိဘကလည်း မုန့်ဖိုးကို လခနဲ့ပေးတော့ သိပ်အလျင်မမီ။ အဲဒီတော့ အပိုဝင်ငွေ အကုန်ရှာ ရတော့တာ ပေါ့ဗျာ။ ကျူရှင်လခပိုတောင်းတာတို့။ ဘုရားစင်က ပိုက်ဆံတွေချေးပြီး ပြန်မဆပ်တာတို့ (ဘုရားတော့ စိတ်ဆိုးမယ်မထင်)။ အဖေအမေပိုက်ဆံအိတ်ထဲက လစ်ရင်လစ်သလိုနှိုက်တာတို့၊ ညသန်းခေါင်မှ အဖေ့ကားထဲက ဓာတ်ဆီခိုးထုတ်ပြီး ပြန်ရောင်းစားတာတို့၊ အို… နည်းမျိုးစုံပေါ့ဗျာ။

ဒါပေမဲ့ဗျာ... တခုပြီးတခု မိဘကသိသွားတော့ နောက်ပိုင်း သိပ်အနေမချောင်တော့ဘူး။ သို့သော်ငြား အချိန်အတော်ကြာ အပိုဝင်ငွေရနေတာကတော့ ဖိနပ်ဖိုးပိုက်ဆံပဲ။ ဖိနပ်ကျတော့ မိဘကအပြင်ကဝယ်လာပေးလို့မရ။ အတိုင်းမတော်တာနဲ့... ကိုယ်မကြိုက်တာနဲ့...ဇာတ်လမ်းရှုပ်တယ်။ အဲဒီတော့ မိဘက ကိုယ့်ကိုပိုက်ဆံပေးပြီး ကိုယ့်စိတ်ကြိုက် ကိုယ်နဲ့တော်တာကို ဝယ်ခိုင်းရတာ။ ဒီတော့ ဖိနပ်က သိပ်မဝယ်ဖြစ်တော့ဘူး။

အဲဒီပိုက်ဆံက အခွေဖိုးထဲ ရောက်ကုန်ရော။ ရလဒ်ကတော့ ကျွန်တော်တို့ ဖိနပ်တွေက အမြဲတမ်းသဲကြိုးဖွာ၊ နောက်ပွါး၊ ရှေ့လန်... နှစ်ပြားမတန် ပေါ့ဗျာ။ ပုံမှန်တော့ ကိုယ်က ဂရုမစိုက်ပေမယ့်၊ အလှူတွေဘာတွေ သွားရင်တော့ နည်းနည်းဒုက္ခရောက်တယ်။ အလှူရှင်တွေဘာတွေက ကိုယ့်ဖိနပ်ကြည့်လိုက်တာနဲ့ လမ်းဘေးက အပေအတေတကောင်အထဲမှာမဖိတ်ပဲနဲ့ဝင်တီးနေပြီ လို့ထင်မှာ။

ဒီလိုနဲ့ တစ်နေ့ကျတော့ ကျွန်တော်တို့သူငယ်ချင်းကေကြီးက ဘုန်းကြီးကျောင်းမှာ အလှူဖိတ်တယ်။ အလှူ ဆိုတာကလည်း ဟိုးအရင်တုန်းကလို ချက်ပြုတ်စရာမလိုတော့ဘူး။ ကျသင့်သလောက် ပိုက်ဆံလှူလိုက်ရုံပဲ။ ဘုန်းကြီးကျောင်းက အကုန်ချက်ပြုတ်ထားတယ်။ ဒီလိုနဲ့ အလှူနေ့ရောက်တော့ မိရွှေကေကြီးက ဖီးလိမ်းပြင်ဆင်ပြီး ဘုန်းကြီးကျောင်းကို ကော့တော့ကော့တော့နဲ့ ထွက်သွားလေရဲ့ပေါ့ဗျာ။ ကျွန်တော်တို့လည်း တရားနာပြီးမဲ့အချိန်လောက်ကိုမှန်းပြီး ချီတက်သွားကြတာပေါ့။

မနက်ထဲက အလှူရှိတယ်ဆိုပြီး လက်ဖက်ရည်လောက်သောက်ပြီး အစာခံထားတာ၊ အလှူရောက်မှ ဒုက္ခလှလှတွေ့ရော။ ဘုန်းကြီးကျောင်းက အလှူကိုရက်ရွေ့ထားတာ ကေကြီးတို့အိမ်ကမသိလိုက်ဘူးဆိုလား၊ ကေကြီးတို့ အမှတ်မှားတယ်ဆိုလားပဲဗျာ၊ သူများအလှူကြီး ဖြစ်နေတယ်။ ကေကြီးခင်မျာလည်း မျက်စိပျက်၊ မျက်နှာပျက်နဲ့ လာသမျှလူကိုတောင်းပန်ပြီး ပြန်လွှတ်နေရတယ်။ အတော်များများကတော့ ကိစ္စမရှိ၊ အေးအေးဆေးဆေးပြန်သွားကြတယ်။ ကိစ္စရှိတာ၊ မအေးဆေးတာက ကျွန်တော်တို့။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ …. မနက်ကတည်းက ဘာမှမစားရသေးတော့ ဗိုက်ကဆာ၊ ဒေါသကထွက်နဲ့ပေါ့။ ကေကြီးကိုလည်း ပက်ပက်စက်စက်ဝိုင်းပြောကြတယ်။ နင် ဒီလိုနမော်နမဲ့လုပ်ရမလားပေါ့။ ပြန်လျော်ပေါ့ (လျော်ရအောင်လည်း ပြောမဲ့သာပြောရတာ၊ သူက ကိုယ့်ဆီကတစ်ပြားတစ်ချပ်မှ ယူထားတာမဟုတ်)။




အဲဒီ့မှာပဲ ကျွန်တော်တို့ရုတ်ရုတ်ဖြစ်နေတာ အလှူရှင်ကမြင်ပြီး သူ့အလှူမှာပဲဝင်စားသွားဖို့၊ ကိစ္စမရှိကြောင်း ပြောပါတော့တယ်။ ကျွန်တော်တို့လည်း … ရပါတယ်၊ ရပါတယ်နဲ့ အထဲကို ဘယ်လိုရောက်သွားမှန်းတောင်မသိဘူး။ အသားကုန်ဝင်တီးကြတာ လျှာတောင် ကြွက်တက်မလားအောက်မေ့ရတယ်။ ထုံးစံအတိုင်း စားပြီးသောက်ပြီးသွားတော့ ကျွန်တော်တို့လည်း ချက်ချင်းထပြန်ဖို့ပြင်တယ်။ ပြန်ရင် အလှူရှင်နှုတ်ဆက်နေရမှာစိုးတာနဲ့ သူအလုပ်ရှုပ်နေတဲ့အချိန်မှာ သုတ်သုတ်နဲ့ အပြေးတပိုင်းထပြန်ကြရော။ အဝင်တုန်းက စားရပြီးရောဆိုပြီး ကိုယ့်ဖိနပ်ကိုယ်ဘယ်ချွတ်ခဲ့မှန်းမသိတော့ ကျွန်တော်ဒုက္ခရောက်ရော၊ ကျန်တဲ့ကောင်တွေကြည့်လိုက်တော့လည်း ကိုယ့်ဖိနပ်ကိုယ်စီးပြီး စထွက်နေကြပြီ။ ကျွန်တော်တစ်ယောက်ထဲလည်း ကျန်ခဲ့လို့မဖြစ်၊ အဲဒါနဲ့ပဲ ရှေ့မှာတွေ့တဲ့ဖိနပ်အသစ်တစ်ရံပဲစွပ်ပြီး ဟိုကောင်တွေနောက် အပြေးလိုက်သွားလိုက်တယ်။ ဖိနပ်ကတော့ ဆင်ခြောက်ကောင်တဲ့........။

ဒီလိုနဲ့ မောင်ပေါက်ကျိုင်းဘုရင်ဖြစ်သွားသလိုမျိုး ကျွန်တော်လည်းဖိနပ်အသစ်တစ်ရံ ရလိုက်တယ်။ အဲဒီ့နေ့ကစပြီး လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါတို့... သူငယ်ချင်းတွေစုကြတဲ့အချိန်တိုင်းမှာ ဖိနပ်အသစ်ဘယ်လိုရခဲ့လဲဆိုတာကို၊ အာပေါင်အာရင်းသန်သန်နဲ့ (ငတက်ပြား ဘုရင့်ဓားတက်ခိုးတဲ့အလား) အပိုစာသားတွေနဲ့ပြောနေတဲ့ ကျွန်တော့်အသံကို မကြားချင်မှ အဆုံးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်ဇာတ်လမ်းကိုနားထောင်ပြီး ကျွန်တော့်ဖိနပ်အသစ်ကလေးကို ကြည့်ကာ အားကျနေသူတစ်ယောက်တော့ သူငယ်ချင်းထဲမှာရှိတယ်။ ပီတာလေ … ပီတာ။ အခုအချိန်မှာတော့ သူ့ဖိနပ်က အားလုံးထဲမှာ အစုတ်ဆုံး။

သူ့ဖိနပ် ဘာလို့ဒီလောက်စုတ်ပြတ်သွားရလဲဆိုတော့ မိုးဒဏ်ရေဒဏ်ခံရလို့တော့မဟုတ်၊ ဘောလုံးကန်လို့ဖြစ်ရတာ။ အဲ … ဘောလုံးကန်တယ်ဆိုတာကလည်း တကယ့်ဘောလုံးနဲ့ ကွင်းထဲမှာကန်တာမဟုတ်။ တီဗွီဂိမ်းထဲမှာ ကန်တာပါ။ အဲဒီ့အချိန်တုန်းက ကျွန်တော်တို့က ပြားကြီးအိမ်မှာစုပြီး တီဗွီဂိမ်းဘောလုံးကန်ကြတယ်။ အဲဒီ့မှာ ပီတာက ဘယ်ကဘယ်လိုနည်းတွေရလာလဲ မသိဘူး၊ ကွင်းလယ်ကတစ်ယောက် ကန်တင်လိုက်၊ ပြီးရင်ခေါင်းတိုက်သွင်းလိုက်ရင် ဂိုးနေရော...။ ဒီတော့ သူပဲတောက်လျှောက်ကန်နေရတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ဝိုင်းညစ်ကြတယ်။ မသိသလို၊ သိသလိုနဲ့ … သူဘောလုံးကန်နေတုန်း သူ့ကိုနောက်ကဖြတ်ကန်သွားတာတို့၊ သူ့ဖင်ကိုမီးရှို့တာတို့မျိုးစုံပေါ့ဗျာ။ ဒါပေမဲ့ … မရ။ သူကဘယ်တော့မှ မထွက်ရဘူး။

နောက်ဆုံး... ဘယ်လိုမှနိုင်အောင်မကန်နိုင်တော့ ပြားကြီးမီးဖိုချောင်ထဲက ဓားမယူပြီး၊ အိမ်ရှေ့ဖိနပ်ချွတ်တဲ့ နေရာမှာ ချထားလိုက်တယ်။ ရှုံးလို့ထွက်လာရတဲ့သူက အိမ်ရှေ့လာပြီး ဓားမနဲ့ သူ့ဖိနပ်ကို တစ်ချက်နှစ်ချက်ခုတ်ပြီး စိတ်ဖြည်လိုက်တယ်။ သူလည်း မရိပ်မိအောင်၊ သဲကြိုးအောက်တို့ဘာတို့ကို ဓားနဲ့လှီးတာတို့၊ အောက်ခံဆိုး(လ်)ပြားကို ဓားနဲ့ခုတ်တာတို့၊ ဖိနပ်ရှေ့နဲ့ နောက်က အောက်ခံဆိုး(လ်)ကွာအောင် ဓားနဲ့ ဂလန့်တာတို့လောက်ပေါ့ဗျာ။ ကြာတော့ သူ့ဖိနပ်လည်း ဘာသားနဲ့ချုပ်ထားတာမို့လို့လဲ။ ခွေးဝါးထားတဲ့ ဖိနပ်လို စုတ်ပြတ်နေတော့တာပေါ့ဗျာ။ ဒီတော့ သူလည်း ကျွန်တော့်လို ဖိနပ်အသစ်ကလေးနဲ့ ကိုက်ပေးကြမ်းချင်တာတော့ မဆန်းပါဘူး။ ဒီလိုနဲ့ပဲ သူ့အိပ်မက်တွေအကောင်အထည်ပေါ်မည့်ရက်ကို ရောက်ရှိလာပါတော့တယ်။


~ဆက်ရန်~
မောင်ရင်ငဇေ

No comments:

Post a Comment