15/04/2012

အခါအခွင့်သင့်ရင်

အခုလို သင်္ကြန်ရောက်တိုင်း အိမ်ကိုဖုန်းဆက်ရင် မေမေပြောနေကျစကားတစ်ခွန်း ရှိတယ်။ "ငါ့သားကြီးကို သတိရလိုက်တာ၊ သင်္ကြန်မင်းသားကြီးကို သတိရလိုက်တာ" ဆိုပြီးတော့ ဘာရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ အမှတ်ရစရာတွေပါပဲ။ မူလတန်းအရွယ်ကတော့ သင်္ကြန်မရောက်ခင် တစ်ပတ်လောက်အလိုကတည်းက အိမ်မှာမေမေမသုံးတော့တဲ့ ဆီပုံးခွံဖြစ်ဖြစ်၊ ငံပြာရည်ပုံးခွံဖြစ်ဖြစ် သေချာဆေးပြီး သင်္ကြန်စစ်တိုက်ဖို့ ပြင်ရတယ်။ 


ပါပါက အစပိုင်းတော့ ပလပ်စတစ် ရေပြွတ်လေးပဲ ဝယ်ပေးတယ်။ ကျွန်တော်တို့ခေတ်မှာ စတီး ရေပြွတ်ဆိုတာ အရမ်းခေတ်စားတယ်။ တကယ်တော့ ပိုးသတ်ဆေးဖြန်းတဲ့ဟာပါ။ အဲဒါကို ရှေ့ကပိုက်တစ်ချောင်းကိုဖြုတ်၊ အထဲက ဝါရှာကို ဖြုတ်လိုက်ရင် စစ်တိုက်ဖို့ အလွန်ကောင်းတဲ့ ရေပြွတ်ဖြစ်သွားတယ်။ နောက်တော့ ပါပါက အဲဒါဝယ်ပေးတယ်။ ပျော်လိုက်တာ အရမ်းပဲ။ သင်္ကြန်ရောက်ပြီဆိုတာနဲ့ ခုနက ပလပ်စတစ်ပုံးထဲကိုရေဖြည့်၊ ကျောင်းသွားရင် မလွယ်တော့တဲ့ လွယ်အိတ်စုတ်ထဲကိုထည့်။ ပြီးရင် ရပ်ကွက်ထဲက ရွယ်တူတွေနဲ့စုပြီး တစ်ခြားရပ်ကွက် စစ်တိုက်ထွက်ဖို့ ပြင်ရတယ်။ခုနက စတီး ရေပြွတ်ကိုင်တဲ့ကောင်တွေကတော့ စတားတွေပေါ့။ တစ်ဖက်နဲ့တစ်ဖက် ရေစစ်တိုက်ကြတယ်။ လက်ပစ်ဗုံးကတော့ ရေဗူဘောင်းနဲ့ထု။ ရေကုန်လို့ ရေစစ်ပွဲက မြစ်ဆိပ်နဲ့နီးရင် မြစ်ဆိပ်ဆင်းပြီး ရေဖြည့်။ ဒါမှမဟုတ် အနီးအနား အသိအိမ်မှာ ဝင်ဖြည့်ပေါ့။ ဧရာဝတီဘေးမှာနေတော့ ရေအတွက်ကတော့ မပူရဘူးပေါ့ဗျာ။ ဒီလိုနဲ့ အထက်တန်းရောက်တော့ အရင်လိုရေစစ်မတိုက်တော့ဘူး။ သူငယ်ချင်းတွေစုပြီး စက်ဘီးကိုယ်စီနဲ့ မြို့ကိုပတ်တယ်။ နယ်မြို့လေးဆိုတော့ အကျယ်ကြီးလည်း မဟုတ်ဘူး။ တစ်နာရီလောက်ပတ်လိုက်ရင် တော်တော်စုံသွားပြီ။တစ်ချို့ကတော့ ရေမွှေးအပေါစားလေးတွေဝယ်ကြ၊ သဘောကျတဲ့ ကောင်မလေးတွေမြင်ရင် ရေမွှေးနဲ့ ဖြန်းကြ၊ ဒါမှမဟုတ် ရေဆင်းလောင်းကြပေါ့။သူတော့ကပြန်လောင်းရင် ပီတိတွေဖြာပြီး အီးအီးတွေပါကြပေါ့။
http://www.southlondonartmap.com
မှတ်မှတ်ရရ ခုနှစ်တန်းနှစ်မှာ အိမ်ကအသိနဲ့ မန္တလေးမှာလည်ဖို့ ခွင့်ပြုတယ်။ မြို့ပြသကြန်င်္နဲ့မရင်းနှီးဘူးတော့ အဆန်းပေါ့။မန္တလေးမှာမွေး၊ မေမေက မန္တလေးသူမို့ ကိုယ့်ဟာကိုယ် မန္တလေးသားလို့သတ်မှတ်ထားပေမယ့် ငယ်ငယ်ကတည်းက ပါပါတာဝန်ကျတဲ့နေရာတွေပဲ လိုက်ပြောင်းနေရတော့ မန္တလေးဆိုတာ ငယ်ငယ်ကတော့ အစိမ်းသက်သက်ပါပဲ။မန္တလေးရောက် တောသားတစ်ရောက်၊ နောက်ဆုံးနေ့မှာ ဖျားလို့ ရေပက်ခံမထွက်လိုက်ရဘူး။ဆယ်တန်းအောင်တော့ ပါပါက ဆိုင်ကယ်နဲ့ လည်ခွင့်ပေးတယ်။ နှစ်ရက်ကို မြင်းမူမှာလည်၊ ကျန်တဲ့နှစ်ရက်ကို ကားငှါး လူစုပြီး မန္တလေးတက်။ကားငှါးရင်လည်း နှစ်တိုင်း ကိုယ်ကခေါင်းဆောင်၊ လိုက်ချင်တဲ့သူများက သင်္ကြန်မရောက်ခင် တစ်ပတ်လောက်အလိုကတည်းက စာရင်းလာပေးကြတယ်။ဆယ်တန်းအောင်တော့ ဘီယာလည်းစသောက်တတ်နေပြီ။ မြင်းမူကစထွက်ပြီ ဆိုကတည်းက သောက်တော့တာပဲ။နောက်ပိုင်း တက္ကသိုလ်ရောက်တော့ ဝါလေးကပိုရလာ၊ အရက်ပါ သောက်တတ်လာတယ်။ကျုံးရှေ့မဏ္ဏပ်တွေရှေ့မှာ ကားပေါ်ကဆင်းပြီး ကကြ၊ခုန်ကြ။ ကားကလူရှာမတွေ့လို့မောင်းသွားရင် ခြေလျင်လျှောက်ပြီး ကားပြန်ရှာရ။ တက္ကသိုလ်ပြီးလို့ဘွဲ့ရပြီးနောက်ပိုင်း သင်္ကြန်ကိုဖြတ်သန်းတာ ပုံစံပြောင်းသွားတယ်။ အိမ်မှာပဲနေဖြစ်တယ်။ ဒါမှမဟုတ် သူငယ်ချင်းအိမ်မှာစု၊ တစ်ခုခု ချက်စားရင်း မူးကြတယ်။အခုဆို သင်္ကြန်နဲ့ဝေးနေတာ တော်တော်ကြာပေါ့။ အခါအခွင့်သင့်ရင်တော့ အညာမြေသင်္ကြန်ပွဲကို နွှဲချင်သေးတယ်။ ။


ဝဏ္ဏ

05/03/2012

တခုခု

Stairway To Something - L.H.T


တခုခု ရေးခဲ့ပါ ဆိုလို့ . . . .

" တခုခု "

လို့ ကျွန်တော်က ရေးခဲ့လိုက်ရင်၊
ခင်ဗျားကကြည့်ပြီး အလွန်တရာမှ ရိုးအီနေသော ဟာသဟု ထင်မည့် ရာခိုင်နှုန်းမှာ၊
ဒီလူ ဟာသညဏ်ရွှင်သည်ဟု ထင်မည့်ရာခိုင်နှုန်းထက် ပိုမို များပြားနိုင်ကြောင်း ရေးထားခဲ့လျှင်၊
ခင်ဗျားက ကျွန်တော်ကို ကိုယ့်ကိုယ်ကို တယ်ထင်တဲ့လူပဲဟု ထင်မြင်လျှင်လည်း လက်ခံနိုင်သလို၊
ခင်ဗျားက ကျွန်တော်ကို တော်တော်ပေရှည်တဲ့ ပုဂ္ဂိုလ်ပဲဟု ထင်လျှင်လည်း၊
ကျွန်တော်ရေးထားသော်စာကို အရေးတယူ ဖတ်၍
ဤနေရာသို့ရောက်လာရသည်ကို သိရ၍လည်း
ဝမ်းသာပေးနိုင်ကြောင်း ရေးခဲ့သည်။



မောင်ရင်ငဇေ

09/12/2011

ဒီလိုပါပဲ ထွေးညို

ဧရာဝတီမှာ ရေတွေ ကျသွားပြီလား။ ငါတို့ပြေးလွှားခဲ့တဲ့ခြေရာ ဒီနှစ်သောင်မှာ ဘယ်ကျန်တော့မလဲနော်။ ငါတို့ကစားခဲ့တဲ့နေကြာခင်းလို ငါတို့အရောင်တွေလည်း မတောက်ပကြတော့။ ဒီလိုပါပဲထွေးညို ။ အရောင်တွေ တဖြည်းဖြည်းမှိန်သွားတာလည်း ငါတို့ရဲ့ ရသတစ်ခုပါပဲ။ ဖြေတွေးပေါ့။ မိုးတွေ သဲသဲမဲမဲရွာတဲ့အခါ ကမ်းနားလမ်းတလျှောက် မင်းဘယ်သူနဲ့ ဆိုင်ကယ်တူတူလိုက်စီးသလဲ။ မိုးရေစိုဖို့က အဓိကဆိုရင်တော့လည်း ဟုတ်တာပေါ့။ ငါတို့နွေးထွေးဖို့ ပုဂ္ဂိုလ်စွဲတွေ မလိုဘူးမှတ်တယ်။ ဒါပေမယ့် နင်သူများခါးကိုတော့ မဖက်ပါနဲ့။ ငါကတော့ ဧရာဝတီရဲ့  ဘယ်နေရာက ရေပြင်ကို ထိထိ နင်ဘေးမှာစောင့်ကြည့်နေသလိုပဲ။ ဒီလိုပါပဲထွေးညို ။ မိုင်တိုင်သတ်မှတ်ချက်တွေ မရှိရင် ငါတို့ဝေးတယ် ဆိုတာဟာလည်း ဘာမှမပြောပလောက်ပါဘူး။ ခုဆို တမာရွက်တွေ နုနေမှာလား။ နင့်ခေါင်းပေါ် ကပ်နေတဲ့တမာရွက်ကို အခုဘယ်သူ ဖယ်ပေးသလဲ။ စိတ်တော့လည်း ပူစရာ မရှိပါဘူး။ လေခပ်ကြမ်းကြမ်းတိုက်ရင် လွင့်သွားမှာပဲကို။ ဟုတ်တယ်မဟုတ်လား။ စူပါကော်ဖီမစ်တွေ ဖျော်ဖျော်သောက်တုန်းပဲလား။ ဘယ်သူ့နားမှ သိပ်မကပ်နဲ့နော်။ ခုရာသီဥတု အိုက်စပ်စပ်နဲ့ဆိုတော့ နင်နေရခက်နေမှာစိုးတာ။ ဒီလိုပါပဲ။ ငါတို့ဟာ မသိစိတ်ထဲကနေ မလိုအပ်တဲ့အကြောင်းပြချက်တွေ ပေးပေးနေမိလျက်သားဖြစ်နေတာ။ လူထူထူ ဖုန်ထူထူနဲ့ဝေးခဲ့သူအဖို့ စိတ်ကတော့ ပါးပါးလျလျပဲ ကျန်တော့တယ်။ စိတ်သွားတိုင်း ကိုယ်မပါလို့ ပစ်ပစ်ချခဲ့မိတဲ့ အလွမ်းတွေ နင့်ဆီကိုရောက်ဖို့  ဧရာဝတီကို ဆန်တက်နိုင်ပါမလား။


Purple Haze - L.H.T

ငါလည်း နင့်လိုပဲ သနပ်ခါးထူထူလိမ်း ရှည်အကျီလက်ရှည်ဝတ်ပြီး စိတ်အေးလက်အေးနေကြည့်ချင်တယ်။ ဒီလိုပါပဲထွးညို။ ဂုဏ်သရေရှိအောင် အုတ်တံတိုင်းတွေအမြင့်ကြီးခတ်ပြီးမှာ အပြင်ကို ခြေဖျားထောက်ထောက်ပြီး ကြည့်နေရသလိုပဲ။ အပူမှာ နေသားကျပြီးသား ငါ မင်းနဲ့ဝေးတဲ့အခါကျမှ ချွေးပြန်တယ်။ ငါတို့ရောက်တတ်ရာရာ စကားတွေနဲ့ အဝေရာလမ်းထဲ ဖောင်ဖွဲ့ပြီးတော့မှာ ငါတို့ ကိုယ့်အတ္တကို ကိုယ်တိုက်မယ် ဆိုပြီး ဖောင်ဖျက်။ ဒီလိုပါပဲထွေးညို ။ ငါတို့ဟာ လိုချင်တာတစ်ခုအတွက် လိုချင်တာတွေအများကြီးလည်း ဆုံးရှုံးခဲ့ရတာပဲ။ အမှားတွေလည်း လုပ်မိနေကျ အမှန်တွေလည်းလုပ်မိနေကျ အသက်တွေကြီးလာလေ အမှန်တွေအမှားတွေနဲ့ နေသားကျလာလေ။ လုပ်သင့်တာတွေရော လုပ်ချင်တာတွေရော မလုပ်သင့်တာတွေရော မလုပ်ချင်တာတွေရောလုပ်ပြီး ငါတို့ရဲ့မထည်ဝါလှတဲ့ သမိုင်းစာအုပ်လေး ပိုပိုထူလာခဲ့တာပေါ့။ ဒီလိုပါပဲထွေးညို။ ငါတို့ဟာ ငယ်ငယ်တုန်းကလို အိမ်စာသင်ခန်းစာတွေ တွက်ရင်း စာအုပ်နောက်ကျောမှာပုံတွေခိုးဆွဲသလိုမျိုး ခဏခဏလုပ်မိကြတာပဲ။ လူလားမြောက်တဲ့အရသာကို စမြုံ့ပြန်ရင်းနဲ့ပေါ့။ နင့်နားသယ်အစပ်မှာ သနပ်ခါးဖတ်လေးတွေ ကပ်နေဦးမှာပဲ။ ငါမိုင်ရာချီဝေးပေမယ့် လှမ်းမြင်နေရသပေါ့။ နင့်ကက်ပ် အဖြူကြားထဲက ခေါင်းလျှော်ရည်နံ့လည်း မွှေးနေဦးမှာပဲ။ ငါအိပ်မက်မက်တဲ့အခါ ခိုးခိုးရှုနေမိပေါ့။ အာလူးကြော်တွေ သိပ်မစားပါနဲ့တော့လား။ နင်နည်းနည်းပိုဝလာမလားလို့ ငါတွေးမိလို့။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာကတော့ ၀လည်းမ၀တတ် ပိန်လည်းမပိန်တတ်ပါဘူးလေ။ ဒီလိုပါပဲ ထွေးညို။ နင်တစ်ချက်ချက်တော့ ငါ့ကို သတိရတယ်မဟုတ်လား။

10/08/2011

"စပရိန်"လူသား

      " လွယ်သလား ခက်သလား ရာမ. . .
                                                                           ရာမ. . . လွယ်သလား ခက်သလား ပြောစမ်း ငါ့ကို
                           ဟေ့. . ဒီမှာ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဒီလို ပစ်နိုင်မှ ဗိုလ်လုပ်လို့ရတာကွ. . . "

                                                                                                             ဗိုလ်အောင်ဒင် ဇာတ်ကားမှ

Painting By Sitt Nyein Aye (Source - MyanmarISP.com)

ဒီကနေ့ ငါတို့တွေ
ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ခရီးကြမ်း
၁၉၄၇ ဇူလိုင် ဆယ့်ကိုးက စခဲ့တယ်။     ။


စစ်မှန်တဲ့ မျိုးချစ်ခေါင်းဆောင်တွေကို
ရာထူးနဲ့ကာမ၊ အာဏာရမ္မက်ပြင်းထန်
မြင်းသမားညဏ်နဲ့ ဗိုလ်နေဝင်း
အတင်းအဓမ္မ ကြံစည်ခဲ့လေတော့
ခေတ်သစ်ဗမာ့သမိုင်းမှာ
ကိုယ့်လူမျိုးကိုယ်ပြန်သတ်
ငါတို့ရဲ့ ရင်ဘတ်တွေ
ပထမဆုံး သွေးချင်းချင်းနီခဲ့တယ်။    ။


နောက်တခါ
ကမ္ဘာမှာ ဗမာရယ်လို့ တင့်တယ်စေတဲ့
ဦးသန့်ရဲ့ ဂုဏ်သတင်း သင်းပျံ့လေခဲ့
အရင်းစစ်လိုက်တော့ ကိုယ့်ထက်သာ မနာလို
ပညာတတ်ဆို မျက်မုန်းကျိုးလို့
သမဂ္ဂကို ဗုံးဖောက်ခွဲ
ကျောင်းသားလဲ နားမလည်
မျိုးတုံးအောင်ကို ပစ်ခတ်သတ်ဖြတ်
၁၉၆၂ ဇူလိုင် ခုနှစ်ရက်မှာ
ငါတို့ရဲ့ ရင်ဘတ်တွေ
ဒုတိယံမ္ဘိ သွေးချင်းချင်းနီခဲ့တယ်။     ။


"စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်
ဘယ်တော့မှ မိုးပေါ် ထောင်မပစ်ဘူး "
အာဏာရူးကြီးရဲ့ နောက်ဆုံးစကား
လူထုအပေါ် စိမ်ခေါ်ကြိမ်းဝါးပြီး
၈၈ရဲ့ ဩဂုတ် ရှစ်ရက်က စလို့
စစ်သေနတ်သံတွေဝဲပျံ
နာကျင်ငြီးငြူသံတွေမိုးထိညံခဲ့
ငါတို့ရဲ့ ရင်ဘတ်တွေ
သွေးချင်းချင်းနီခဲ့ပြန်တယ်။     ။


နောက်ဆုံးမတော့
ဗိုလ်နေဝင်းရဲ့ ဆိုးကျိုးအမွေ
ငါတို့တွေ အခုထိခံရဆဲ
ဒင်းကတော့သေ
လူတွေသာပြောင်း
မူကတော့ မပြောင်းလဲပဲ
ငရဲပြည်မှာတောင်
ကိုယ်လုပ်မှ ကိုယ်ခံရတာ
ဗမာပြည်မှာတော့
နင်မဟုတ်ရင် နင့်အဖေ
နင့်အဖေမဟုတ်ရင် နင့်အမျိုးအဆွေ
ဒီလို. . . လက်ညှိုးတွေလည်း ထိုးတတ်တယ်
အဲဒီလက်ညှိုးတွေပဲ ကွေးတတ်ပုံများ
ပြည်သူနဲ့ကျောင်းသား
၂၀၀၇မှာ ဘုရားသားတွေပါ မနေရ
အဖိနှိပ်ခံ နင်းပြားဘဝပေမယ့်
ဟေ့. . . စစ်သားရေ
မင်းသိထားဖို့က
ဖိနှိပ်လေ ကုန်းထလေ
ဘယ်တော့မှ ကမ္ဘာမကြေ
ငါတို့ဟာ "စပရိန်"လူသားတွေဖြစ်တယ်။     ။


[သမိုင်းတလျှောက် ကျဆုံးခဲ့သော ကျောင်းသူကျောင်းသား ရဲဘော်များအား ဂုဏ်ပြု ဦးညွတ်ရင်း. . . . ]

သားခွန်

06/08/2011

စိတ်တိုင်းမကျခြင်းပြက်လုံး၏ ဖြားယောင်းမှုမှ လွန်မြောက်၍

မပြင်ဆင်လိုက်ရပဲ သစ်ပြန်ဆန်းသွားတဲ့ 
ငြင်းဆန်ခြင်းညှို့စွမ်းအားများနဲ့ လွန်ဆွဲ 
အနမ်းဘာသာဗေဒဟာ အရောင်အသွေး နက်ရှိုင်းလွန်းတယ် 
အရှေ့နဲ့ အနောက် 
ဘယ်ရောက်နေလဲ ။ ငါတို့က ဘာတွေလဲ. . ဘယ်မှာလဲ ငါက 
စည်းဘောင်တွေ ချိုးဖျက်. . . / ဘယ်မှာ ထည့်တွက်လဲ
လူမျိုး၊ အသားအရောင်၊ အသက်၊ ဘာသာ၊ 
လိင်၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ကျင့်ဝတ်ဓလေ့ 
အနိုင်အရှုံး တက်နှုန်း ကျနှုန်း နီဝါစိမ်း
နီစိမ်းပြာနဲ့ ဘုံကျတဲ့ ဖလမ်းဖလမ်းတွေ 
ရှဥ့်လျှောက်တဲ့နေ့တွေ ပျားလူးတဲ့ညတွေ 
ချားရဟတ်ကြီးအောက်ဝယ် ပါးပြင်ထက်ပေါ် 
တပတ်ပြီး တပတ်လည် တရစ်ပြီး တရစ်တိုး ။ 
ချဉ်ခြင်းလျှာဖျားနှစ်ခွခွဲတော့. . အရပ်မကူနဲ့ လူမဝိုင်းနဲ့ 
ဘာကို မျှော်မှန်းဆမှန်းမသိပဲ
အပြန်အလှန်ဝေမျှတဲ့ လမ်းခရီးမှာ
အရိပ်ကို အသက်သွင်းတဲ့
အိပ်မက်မျှားသူရဲ့ ခပ်ထွေထွေပြကွက် 
ကျွမ်းစားရင်း လွမ်းဆွတ်ပုံရိပ်ယောင်များ

Fiery Lights - L.H.T

မြိုမကျပင်ရဲ့ ရုပ်တုများ ထုထွင်းပူဇော်ရင်း
မရှိအရှိ ရှိ/ ဖြစ်/ လုပ်လေတော့ 
ရှိသင့်တာတွေ ဘယ်မှာ
ကဲရော့. . ဒါလေးက 
ယိုသူလည်း မရှက် မြင်သူလည်း မရှက် 
ငိုသူလည်း မျက်ရည်စ မတင်စေရမဲ့ 
တစ်ဆို့ဆို့ အလန်းလေး
ဒါဟာ အရင်းအနှီးလား
 သိတန်သလောက် သိအပြီး ချောင်းဆိုးချွဲကျပ် 
ယောင်ယောင်ယမ်းယမ်း ရောဂါတွေတက် 
အာရေဗျက ဟန်ရေးပြတဲ့ညများလို
တကောင်ကျရင် တကောင်တက်မြဲ
ဆက်တင်ဆိုတာ ပြောင်းရရွေ့ရလွယ်တာမှတ်လို့ 
ဒါပေမဲ့ မင်းမသေရဘူး 
ဪ. . ငါနဲ့ ငါတောင် အစေးမကပ်တာ 
ဘယ်သူ့ကိုများ ကပြသုံးတော်ခံရပါ့ 
ငါနဲ့ ငါတောင် အစေးမကပ်လို့ ငါက ငါ့ကို ဖြည်းလေးစွာဝါးမြို 
ဒိန်ခဲမြုံရင်း လျှောက်လှမ်းရတဲ့
အဲလစ်စ်ဥယျာဉ်ဟာ ခြောက်သွေ့ခဲ့ဖူးရင်
' ဒါပြီးရင်... မင်းသမီး ကမှာပါ ' နဲ့
မီးခိုးငွေ့ကြားက ညတွေဟာ 
နေရောင်နဲ့အတူ လွင့်ပြယ်သွားမှာပါ. . လား ။



ယိုဒါရှီးမား


18/07/2011

ငါတို့အားလုံးရဲ့ အိမ်

YGR& W

အိမ်အသစ်တစ်လုံးကို သုံးလနဲ့ ဆောက်ရတာကလွယ်ပါတယ်။ ဒါပေမယ့် အားလုံးနီးပါးခြစားနေတဲ့ အိမ်တစ်လုံးကို သုံးလနဲ့အပြီးပြင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ တစ်နည်းရှိတော့ရှိတယ်။ ဖြိုပစ်လိုက်ဖို့ပဲ။ ဖြိုပစ်လိုက်ရုံနဲ့ပြီးလားဆိုတော့ မပြီးပြန်ပါဘူး။ အိမ်ရဲ့တိုင်တွေကခြစားတာလား ဒိုင်းတွေကခြစားတာလား နံရံတွေကခြစားတာလား။ ခြမစားပဲကျန်နေတဲ့ သစ်ကောင်းလေး တစ်ချပ်တစ်ပြားလောက်ရှိမလား။ သွပ်တွေကပေါက်နေသလား။ ဖာလို့ ရသလား။ အချပ်လိုက်လဲရမလား။ ခြတောင်ပို့ကဘယ်မှာလဲ။ ခြတွေကဘယ်မှာလဲ။ ကျွန်တော်တို့အိမ်ကို ကျွန်တော်တို့ မဖြိုရက်ကြပါဘူး။

ကျွန်တော်တို့ အိမ်ကြီးက ဟိုးအရင်တုန်းက တကယ်အိမ်ကြီးအိမ်ကောင်းပေါ့။ ဘေးအိမ်တွေဆို ကျွန်တော်တို့လို အိမ်မျိုးဆောက်ချင်လို့ လာလေ့လာကြတယ်။ တစ်ချို့အိမ်ထောင်ဦးစီးတွေက တစ်နေ့ကြရင် ငါတို့တွေ ဟိုဘက်အိမ်လိုမျိုးဆောက်နိုင်ရမယ်ကွလို့ ကြုံးဝါးကြတယ်။ ကျွန်တော်တို့အိမ်မှာ စာလာသင်ကြတယ်။ ကျွန်တော်တို့အိမ်စီးပွားရေးတွေ လာလေ့လာကြတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အိမ်ကြီးထဲမှာခြတောင်ပို့ကြီးတစ်ခုရှိနေတာ သတိမထားမိလိုက်ကြဘူး။ ကျွန်တော်တို့အိမ် တိုင် တစ်နေရာ ခြစားလာတယ်။ ပြီးတော့ နောက်တစ်တိုင် နောက်တစ်တိုင်. . ။ ခုအိမ်ကြီးက ပြိုတော့မယ် နဲ့နဲ့လေးပဲ ကျန်တော့တယ်။

ကျွန်တော်တို့အိမ်ကြီးခြစားလာတာ နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီပြီး ရှိလာပါပြီ။ ဒီတိုင်တစ်လုံးမကောင်းရင်   နောက်တိုင်တစ်လုံးလဲဖို့ အဆင်သင့်ရှိသလား။ သွပ်တစ်ချပ်ခွာပြီးရင် နောက်ထပ်သွပ်တစ်ချက်အဆင်သင့်ရှိလား။ ရှိပါတယ်။ ဒါပေမယ့် ခုလောလောဆယ်ဆယ်မဟုတ်ဘူး။ အကောင်းမြင်သမားတစ်ယောက်မို့လို့ တစ်သက်လုံးပြင်ဖို့ စိတ်မကူးလာခဲ့တဲ့အိမ်ကြီးကို ထပြင်မယ်ဟေ့ ဘာဟေ့ လုပ်တာကိုပဲ ၀မ်းသာမိပါတယ်။ သွပ်အသစ်တွေလဲဖို့ အဆင်သင့်မဖြစ်သေးလို့ သွပ်အဟောင်းတွေထည့်ထားတာကိုလည်း နားလည်ပေးပါတယ်။ သွပ်အဟောင်းတွေကို ဖာလို့ရတန်သလောက်ဖာ ခြစားနေတဲ့တိုင်တွေ နံရံတွေကို ခြလေးဘာလေးရှင်း။ ခုတော့ လောလောဆယ်ဆယ် ဆေးသုတ်နေကြတယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘာမှမလုပ်တာထက်စာရင် ဆေးသုတ်တာလေးတစ်ခုကလည်းမဆိုးလှပါဘူး။ ဒါပေမယ့် ဆေးသုတ်ဖို့ထက် အရေးကြီးတာတွေ အများကြီးကျန်နေသေးတယ်ထင်တာပဲ။

ကျွန်တော်တို့ အိမ်ကြီးကို အသစ်လွင်ဆုံးဖြစ်အောင်လုပ်ဖို့ အချိန်တစ်ခုရှိပါတယ်။ ကျွန်တော်တို့ သွပ်တွေအချပ်လိုက်လဲဖို့ တိုင်တွေအလုံးလိုက်လဲဖို့ အဆင်သင့်ဖြစ်လာတဲ့ အချိန်တစ်ခုရှိပါလိမ့်မယ်။ ကျွန်တော်တို့နေတဲ့အိမ်ကို ဒီဇိုင်းလှလှလေးနဲ့ ဒီကိုရေးရှင်းကောင်းကောင်းလေးနဲ့ ပရိဘောဂစုံစုံလေးနဲ့ နေချင်ကြပါတယ်။ တစ်ချို့ကတော့ ခြစားနေတဲ့အိမ်ကြီးကို ဖြိုပစ်ပြီး အသစ်ပြန်ဆောက်မယ်ဆိုတဲ့ စိတ်ကူးမျိုးရှိကြပါတယ်။ သူတို့စိတ်ကူးမှန်တယ် မမှန်ဘူး ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့အိမ်ကြီးပြိုသွားရင် နေစရာမရှိတော့မယ့် မိသားစုတွေကိုပဲစိုးရိမ်မိပါတယ်။ အိမ်ကြီးပြိုသွားရင် မိုးဒဏ်လေဒဏ်ဘယ်လိုခံနိုင်မလဲ စားဖို့ သောက်ဖို့ ဘယ်နေရာမှာလုပ်ကြမလဲ ဒါတွေအတွက် ကျွန်တော်တို့မှာ အဖြေမရှိပါ။
သံချေးတက်တဲ့ သွပ်နဲ့ ပေါက်နေတဲ့သွပ်ဆိုရင် ပေါက်နေတဲ့သွပ်ကို အရင်လဲရပါတယ်။ ပေါက်နေတဲ့သွပ်ကို လဲပြီးတဲ့အခါကျမှ သံချေးတက်တဲ့ သွပ်တွေကိုဆက်လဲရပါတယ်။ အသစ်စက်စက်အရည်အသွေးကောင်းတဲ့သွပ်တွေ ကို တစ်ပြိုင်တည်း အချပ်ပေါင်းများစွာရဖို့က ဘယ်လိုမှ မဖြစ်နိုင်လို့ပါပဲ။ တိုင်တွေဆိုလည်း ဒီအတိုင်းပါပဲ။ အိမ်သာနဲ့ ရေချိုးကန် ရေချိုးခန်းတွေကိုလည်း တဖြည်းဖြည်းချင်းပြင်ယူရပါတယ်။ နေဖို့ထိုင်ဖို့ စိတ်ချလုံခြုံရတဲ့ အချိန်ရောက်တဲ့အခါ အိမ်ကို ဒီဇိုင်းပြန်ဆင်ရမှာဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ သွပ်တွေ ပျဉ်တွေကိုလဲပြီးသွားတဲ့အခါမှ အလှဆင်တဲ့အပိုင်းကို ရောက်ပါမယ်။ ကျွန်တော်တို့အိမ်ကို ကြည့်လိုက်တာနဲ့ ကျက်သရေရှိ ခေတ်မှီပြီး စိမ်းစိုနေတာကိုပဲ ကျွန်တော်တို့ အားလုံးမြင်ချင်ပါတယ်။ အိမ်ကြီးကောင်းသွားတဲ့အခါကျတော့ ကျွန်တော်တို့ခြံထဲမှာ ပျိုးထားတဲ့ပန်းပင်တွေ သီးပင်စားပင်တွေပွင့်လာတာနဲ့ အံကိုက်။

ပြီးတော့ ရေကန်လေးတူး ရေတံခွန်လေးဆောက်။ ပြီးတော့မှ ဟောင်းနွမ်းနေတဲ့ပရိဘောဂတွေကို သစ်လွင်ပြီး နေသာထိုင်သာရှိတဲ့ ပရိဘောဂတွေနဲ့ အစားထိုးလဲလှယ်ရပါတယ်။ ကံကောင်းတာတစ်ခုက အိမ်ပြင်ရန်မှာ လိုအပ်တဲ့ပစ္စည်းနဲ့ လက်သမား၊ပန်းရံတွေကို အခကြေးပေးဖို့အတွက် ကျွန်တော်တို့ အိမ်ကြီးရဲ့နောက်မှာ သီးပင်စားပင်တွေဖွံ့ဖြိုးတဲ့ ခြံကြီးတစ်ခြံရှိပါတယ်။ ဒါပေမယ့် တချို့တွေက ဒီခြံထဲက အသီးတွေကို ယူပြီဖွက်ထားကြတယ်။ တချို့တွေက ဒီခြံထဲကအသီးတွေကို ဘေးအိမ်ကို ခိုးရောင်းကြတယ်။ ဒီအသီးခိုးတဲ့ကိစ္စကို စည်းကမ်းတကျတားမြစ်နိုင်ရင် ကျွန်တော်တို့အိမ်ကြီးကိုပြင်ဖို့ အကောင်းစားသွပ်တွေ၊ အကောင်းစားပျဉ်တွေ၊ ဘိလပ်မြေတွေ အုတ်တွေဝယ်နိုင်ဖို့ မခဲယဉ်းပါဘူး။ ကျွန်တော်တို့အိမ်သားတွေ အားလုံးသာညီညွတ်ရင် ခြစားနေတဲ့တိုင်တွေကိုလည်း ရှင်းပစ်နိုင်မှာပဲ။ ပေါက်နေတဲ့သွပ်တွေကိုလည်း ခွာထုတ်နိုင်မှာပဲ။ သီးပင်စားပင်တွေ ပန်းတွေကိုလည်း ဒီထက်ပိုပြီးစိုက်နိုင်မှာပဲ။ အသီးခိုးရောင်းတဲ့သူတွေကိုလည်း ဖမ်းနိုင်မှာပဲ။ ကျွန်တော်တို့အိမ်ကြီးကနေ ထွက်သွားပြီး ဘေးအိမ်တွေမှာ အလုပ်သွားလုပ်နေရတဲ့ အိမ်သားတွေရှိတယ်။ ကျွန်တော်တို့အိမ်မှာ ကိုယ်ပိုင်စီးပွားရေးတော့ရှိပါတယ်။ လုပ်ငန်းကိုင်ငန်းလည်း မဆိုးလှပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အိမ်သားတွေအားလုံး ၀င်လုပ်လို့ မရဘူး။ လူသုံးလေးယောက်ကပဲ ကျွန်တော်တို့အိမ်စီးပွားရေးကို အုပ်ချုပ်ထားတယ်။ ပိုက်ဆံတွေဘယ်ရောက်သွားလဲဆိုတာလဲမသိရဘူး။ ပြီးတော့ ကျွန်တော်တို့ အိမ်က ကလေးတွေတော်တော်များများ ဘေးအိမ်တွေမှာ စာသွားသင်ကြတယ်။ တချို့ဆို ဘေးအိမ်ကစီးပွားရေးပဲ ၀ိုင်းလုပ်ဝိုင်းစားပြီး ကျွန်တော်တို့အိမ်ကို ပြန်မလာကြဘူး။

ဒါပေမယ့် ကျွန်တော်သိပါတယ်။ သူတို့ဟာ ကျွန်တော်တို့အိမ်မှာမနေချင်လို့ ဆင်းသွားကြတာမှ မဟုတ်တာ။ ကျွန်တော်တို့အိမ်က စုတ်လို့ပါ။ သူတို့တွေဟာ ကျွန်တော်တို့နဲ့အတူတူ နေချင်ကြပါတယ်။  ခြံကြီးထဲမှာ ဆော့ကစားချင်ကြတယ်။ အပင်တွေ ၀ိုင်းစိုက်ချင်ကြတယ်။ ကျွန်တော်သိတယ်။ ကျွန်တော်တို့အိမ်ကြီး အသစ်ဖြစ်သွားရင် သူတို့တွေ ပြန်လာကြမှာ။ သူတို့ပြန်မလာခင် ကျွန်တော်တို့ ခြတောင်ပို့ကြီးကို တွေ့အောင်ရှာမယ်။ သွပ်အပေါက်တွေအဆွေးတွေ တွေ့အောင်ရှာမယ်။ ပိုက်ဆံတွေစုပြီး သွပ်တွေ ပျဉ်တွေ လဲထားမယ်။ ဆေးသုတ်တဲ့အခါကျတော့ သူတို့ကို ၀ိုင်းသုတ်ခိုင်းမယ်။ အဲ တစ်ခုရှိတာက ခြတောင်ပို့ကြီးလာဘ်ကောင်းတယ်ဆိုပြီးတော့ အမွှေးတိုင်ထွန်း သပြေခက်ကပ်တာတို့ မလုပ်ကြနဲ့ပေါ့။ ခြံထဲမှာစမ်းချောင်းလေးတွေပေးစီးမယ်။ ကလေးတွေကို စာကောင်းကောင်းသင်ပေးမယ်။ စိတ်ကူးယဉ်ကြည့်တာ. . .  နောက်ဆို ဘေးအိမ်ကကလေးတွေကိုပါ စာခေါ်သင်ပေးမယ်။ ကျွန်တော်တို့အိမ်ရဲ့စီးပွားရေးမှာ တစ်ယောက်တည်း ကောင်တာထိုင်နေတဲ့လူတွေကို ဖယ်ပစ်ရမယ်။

ခုချိန် ဆေးမသုတ်သင့်သေးဘူး။ ဆေးသုတ်လိုက်ရင် ဘယ်နေရာဆွေးလဲ ဘယ်နေရာခြစားလဲ ကောင်းကောင်းမမြင်ရဘူး ဖြစ်သွားမှာပေါ့။ ဒီမှာရှိတဲ့လူနဲ့ အိမ်ကြီးကို ပြန်ပြင်ကြမယ်။ ဖြိုတော့ မဖြိုလိုက်ကြပါနဲ့။ ဒီအိမ်ကြီးကိုတော့ မဖြိုပစ်လိုက်ကြပါနဲ့။ အိမ်ကြီး သစ်သစ်လွင်လွင် ခမ်းခမ်းနားနား ဖြစ်သွားတဲ့အခါ နင်တို့တွေ ပြန်လာကြမယ်မဟုတ်လား။ ငါတို့အိမ်ကြီးက အကျယ်ကြီးပါ။ နင်တို့တွေ ပြန်ရောက်လာတဲ့အခါကျတော့ ငါတို့ပန်းခြံထဲမှာ လိပ်ပြာလေးတွေဖမ်းရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြရအောင်။                       ။



ဖိုးခွား

တွေ့ဆုံကြုံကွဲ

တွေ့ ကြမယ်လေ
ဆုံ ကြရအောင် 

ကြုံ ပဲ ကြုံနိုင်လွန်းတယ်
 

တွေ့ ဆုံ ကြုံ ကွဲ 

ဒီလို နေ့စွဲတွေနဲ့ပဲ 

ဘဝက ချာချာလည် နေတယ်။ 

 

**- မောင်ရင်ငဇေ -**

 

07/07/2011

မြိန်ရှက်စွာယှက်ဖြာယက်ကူးခြင်း

ကိုယ့်လူ
အေးခဲနေတဲ့ ပုံစံခွက်အချစ်မျိုးနဲ့
ကမ်းလေးကူးချင်ရင် တံတားလေးထိုးရတယ် တဲ့
အတွေးမြမြနဲ့. . . ရှုအုံး ရှိုက်အုံး
သူမရဲ့ ဝမ်းဗိုက်အောက်ကို
တခါတခေါက် ပြန်သွား မခစားမီ
ယူပါအုံး. . မြိုက်ပါအုံး
Green Machine - L.H.T

ဒါနမြောက်တော့ သီလပေါက်ခဲ့ရသလို
ပိန်းပိတ်မှောင်တဲ့ ဒီလေထုသားကြား
တစုံတယောက်နဲ့ / သို့မဟုတ်
တစုံတရာဟာ အခင်းဖြစ်ပွါးရာတိုင်း
မသိတသိ အချိန်မှာ. . .
လိုအပ်/ တပ်မက်မှုနဲ့ ပိုင်ဆိုင်မှုကို
ကြီးမြတ်တဲ့ အငြိုးနံရံပါးပါး အပျော်တမ်းခြားလို့
သိသိမိမိ အချက်ထိုးသံ ၂၃း၄၅

စိတ်ကို လာပုတ်ရင် လုပ်သာလုပ်
ကိုယ့်သက်လုံတော့ ကိုယ်သိပစေ
မမှတ်မိရင်တော့ စည်းချက်ညီညီလေး
(တိုင်ပင် မအောက်ရအောင်)
ခေါင်းထဲက ထုတ်လိုက်ပေါ့

ကန်တော့ဆွမ်းနဲ့ ကိုယ်ရေးကောင်းသူရဲ့
နေမြင့်မှ အရူးရင့်ရတဲ့ ရှု-နာ-ရှိုက်-ကုန်းဋီကာတွေ
ကာလာတင်ရင်း အရောင်ရောခဲ့တဲ့
အားတုံ့အားနာ အာမေဍိတ်သံတွေ
အသားကွဲမှ အသည်းစွဲမယ့်သူရဲ့
အရှုပ်အရှင်း မဟုတ်တဟုတ် သရုပ်မှန် လုပ်ကြံ

ပါတာရော ကျန်တာရော ရောခြင်းဖောခြင်း
ရယ်ခြင်း ငိုချင်း လွမ်းချင်းနဲ့ ဖျော်ဖြေရေးအစီအစဉ်
သိလိုက်ရတဲ့ နိုင်းချင်းနိုင်နိုင်နဲ့ ကစဉ်ကလျားတွေ
အင်လား. . အော်လား. . ထားပါ ထားပါ
လှော်ထားတဲ့. . . 'မျိုးခြားမျိုးကွဲသိခြင်းများ
သားကူးပွါးရေးစမ်းသပ်မှု' အဆင့်က ဘယ်လောက်. . ? ?

နေ့နေ့ညည ဒီလိုဟိုပုံ. . . .
ဒီည ဒီနေ့. . ဟိုည ဟိုနေ့. . . .  ဒီလိုလို ဟိုလိုလို
ဗြုတ်စဖျင်းတောင်းတိမ်ထူထပ်ရင်း
မိုးမရွာခဲ့ပါ။           ။





ယိုဒါရှီးမား

10/05/2011

ကြက်သွန်

Red Onion - Sarah Berry


ငါ့အတွက်မငိုပါနဲ့. . . .
ငါ့ရင်ကို ခွဲ
ငါ့ဘဝကို အစိတ်စိတ် အမွှာမွှာဖြစ်အောင်လုပ်ပြီးပြီပဲ
အသွေးအသားကို ပါးပါးလှီး
ငါ့ကို အမြည်းလုပ်ခဲ့
ငါ့အရေခွံလည်း ကွာကျခဲ့ရပြီ
ငါ့အငွေ့အသက်တွေက
အရိပ်လို လိုက်လာမှာ မကြောက်ပါနဲ့
မင်းကိုမင်း ဆေးကြောသန့်စင်ပြီး
ငါ့ကို ကျော့ကျော့လေး စားသုံးသွားလိုက်ပါ
ငါ့အတွက်တော့ မငိုပါနဲ့
ငါ့အတွက်နဲ့တော့ မင်းဘယ်တော့မှ
မျက်ရည်မကျပါနဲ့. . . . . ။


မောင်ရင်ငဇေ

တစ်ယောက်တစ်ခြမ်း

More Than Halfway Down This Path
Gerald Shepherd

လက်ဟာ ဓါတ်လိုက်သလို တဆတ်ဆတ်တုန်လို့ တစ်ရက်ဆိုတာ ဘာကြာလိုက်တာမှတ်လို့
ဘ၀ဟာ ခါးတယ်ဆိုတာနဲ့ သကြားတွေဈေးတက် မငယ်တော့ဘူးဆိုတဲ့ မှတ်ချက်မှာ ရမ္မက်ဟာ အလွှာထပ်ပိုး
တစ်ယောက်ကို တစ်ယောက်ပါးပါးလေးလှီးမယ် ကုန်ရောင်းကုန်ဝယ် ငယ်သူ ကြီးသူ လူငယ် လူလတ် ကလေးများမကျန်
လိုတယ် မလိုဘူး ဘယ်သူဆုံးဖြတ်မလဲ စကားစဟာ ပြောရင်းနဲ့ ပြတ်ပြတ်သွား ဓါးကဘယ်နားက ထွက်လာသလဲ
ကြားလား ကြားလား နာရီသံ သူငယ်နာ သူငယ်တွေနာတယ် နာရင်နာတယ်မှတ် မှတ် မှတ်
တမလွန်ကို ခရီးဝေးသလား တစ်ယောက်တစ်ခြမ်း ဘယ်သူခွဲတမ်းပိုများများ
စက်ကိုနှိုးလိုက်တော့ စက်ကိုနှိုးလိုက်တော့ လိုအပ်သမျှကိုသာ စားသောက်အန်ထုတ်
ဘာကြောင့်ငိုငို လမ်းဘေးချငို တစ်ချိန်မှာ အားလုံးကိုထားပစ်ခဲ့ မီးရှို့ပစ်ခဲ့
တစ်ချက်တည်းကျင်းဝင်ရုံနဲ့ ခေါင်းလေးမော့တော့မော့တော့ မရတော့ဘူးဆိုရင် မကယ်နဲ့တော့
စကားကိုကုန်အောင်မပြောနဲ့ အစားကိုလည်းကုန်အောင်မစားနဲ့ သေနတ်ကိုမောင်းတင် မျက်နှာကိုခပ်တင်းတင်းထား
ကမ္ဘာပေါ်တွင် အငတ်ဘေးရင်ဆိုင်နေရသူ ဘယ်နှစ်သန်း ပြန်ပြန်အန်ထွက်ရင် ကြည့်ရရုပ်ဆိုးလို့
ကတိတည်မလား မတည်ဘူးလား တစ်ခွန်းပဲပြော နှစ်ဆယ့်လေးနာရီ ဖြတ်သန်းသွားလာနိုင်တယ် အိပ်ရေးတော့အပျက်မခံနဲ့
ဗေဒင်လက္ခဏာ နက္ခတ် စုန်း ရေမန်း ဆီမန်း ခင်ဗျားဘာကိုမန်းလဲ ပျောက်လာ ပျောက်လာ ပျောက်လာ ပျောက်လာ ပျောက်သွား
ရာသီဥတု ပူပြင်း အေးစိမ့် ဖောက်ပြန် ဆိုးရွား ဘယ်ကြားထဲမှာပုန်းသလဲ တစ်ယောက်ကိုတစ်ယောက်ဘယ်စာချုပ်နဲ့ အငှားချ
စကားလုံးတွေကို ပန်းလိုသီ ပန်းလိုသီ မျက်စောင်းပြန်ထိုးကြည့်တော့ ပန်းလိုသီ ပန်းလိုသီး စကားလုံးတွေ။





ဖိုးခွား

02/05/2011

မဟာဝီရ

လူသား
ဘုရင်တစ်ပါး
သက်ရှိအရာအားလုံးထက်မှာ သူ့မေတ္တာတရား ဝပ်စင်းနေတယ်
ခြင်္သေ့ ဒါမှမဟုတ် အဝါရောင် သိုးတစ်ကောင်
ရောင့်ရဲတင်းတိမ်ခြင်း ကိုယ်ရုံ
အဆုံးစွန်ထိ ပေးဆပ်ခြင်း ခြေနင်း
ဖြူစင်ခြင်းရဖို့ အသိတရားကို အကြိမ်ကြိမ်လျှော်ဖွတ်. . . .

Enlightenment - Roxy

သန့်စင်ခြင်း ကြည်လင်ခြင်း သည်သာ သူ့/ ဘဝ ရဲ့ အဓိကအစိတ်အပိုင်း
မရပ်မနား သွားနေတဲ့ အချိန်စက်ဝိုင်းရဲ့ လက်ရှိ အုပ်ထိန်းသူ
ကိုယ်ပိုင်နံပါတ် နှစ်ဆယ့်လေး၊
သူက " နိဗ္ဗာန်ကိုသွားတဲ့ ခရီးမှာ
ဘုရားမလိုဘူး ၊ တရားသည်သာ ငါ. . . ငါ့ရဲ့တေးသံ ! ! "
နောက်လိုက်တွေအတွက်တော့ သူဟာ သူသာအမြင့်ဆုံး သူရဲကောင်း
သူ့မှာ
အဝတ်မပါ ခြေဗလာ ။

 

အူသောင်

စပျစ်သီးတွေ ချဉ်ရင် ပြုံးပြ မြိုချတုန်းပဲလား

ကျွန်တော့်မျက်လုံးက ကျွန်တော်အမိန့်ကို မနာခံတော့ဘူး

အလင်း ၅၀% ၊ အမှောင် ၅၀% နဲ့ ကမ္ဘာကြီးက

ခုတော့ ချဉ်တဲ့ စပျစ်သီးတွေကို သိမ်းဝှက်တတ်လာကြပြီ

အချိန်တွေက အစစ်အမှန်တစ်ခုလို အချိန်မှန် ပြန်ရောက်လာတယ်

Dots& Dashes - L.H.T

ဘဝတွေဟာ ဘယ်ပုံဘယ်နည်း ရှင်သန်မလဲဆိုတာ

ဘယ်သူ့ဆီက ဘာ ထောက်ခံချက် ယူရမှာလဲ ဒီလို

ဟန်ဆောင်မှုတွေကြားထဲ အရသာတွေ တခုချင်းစီ ပျောက်ကွယ်လာချိန်မှာ

နောက်ကျောကနေ နာမည်ခေါ်သံကြားရင် လန့်မနေဖို့ပဲ ကြိုးစားမိတယ်။



+++ ချမ်းညီချို +++

တိုက်ရိုက်ထုတ်လွှင့်ရန် မနေ့ကတည်းက ကြိုတင်ပြင်ဆင်ရိုက်ကူးခဲ့သော

Mandalay Icon Apr '11

CO2 ဓါတ်ငွေ့အမျိုးမျိုး
လေဖြတ်၍ သင့်ဘ၀ မသေစေရ
အခမဲ့ သွင်းယူနိုင်ပါသည်
မိမိနှင့်သင့်လျော်သောအမျိုးအစားများ
အထုပ်ဒီဇိုင်းအသစ်များနှင့်
(၈) ကြိမ်ပြည့်လျှင် (၁)ကြိမ် အခမဲ့
ဝိနည်းတော်နှင့်အညီ ချုပ်လုပ်ထားသော
သင်တန်းသူလက်ခံသည်
ကမ္ဘာသူ ကမ္ဘာသားအားလုံး ပျော်ရွှင်ချမ်းမြေ့
နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်
ဆိုင်ဖွင့်နိုင်သည်အထိ ကျွမ်းကျင်အောင်
ရန်ကုန်အထိ သွားစရာမလိုတော့ဘူး
ဖိနပ်စစ်စစ်များကိုသာရောင်းချပါသည်
ဖုန်းဆစ်ချက် ဆက်လိုက်ရုံနှင့်
မြန်မာနှစ်သစ်ကူး အခါသမယတွင်
အသားအရည်အဖြူအမည်း မညီသည်များကို
မင်းမရှိရင် အိပ်မပျော်ဘူး
----------------------------------------------------------------------------
----------------------------------------------------------------------------
-- လူ့လောဘ အတွက် ကြေငြာများ အုံလိုက်ကျင်းလိုက် ------
လူ့လောဘကို ----- ငါတို့---- ဘယ်လို ----  ကြေငြာမလဲ ----- ။


ဖိုးခွား


စာကိုး။ Mandalay Icon Magazine 2011 April မှ ကြေငြာများ

20/03/2011

ငါ မျှားခြင်း

အသွားနဲ့အပြန်
အလျားနဲ့အနံ
ဟပ်မိတာလည်း ဒီနှစ်ယောက်တည်း
အားရပါးရဆွဲဟေ့ သံသရာသားတွေချည်းပဲ
သံသရာကြီးထဲမှာ တဖျတ်ဖျတ်နဲ့
တလူးလူး တလွန့်လွန့်နဲ့
ရုန်းကန်နေလိုက်ရတာများ
အသက်ရှင်ဖို့. . တဲ့။

Lure(2004) - Elliott Hundley
အတင်းနဲ့အလျော့
အပြင်းနဲ့အပျော့
ခေါင်းနဲ့ပန်း တစ်ခုရွေးပါ
ဘဝ/ခန္ဓာတစုံ အဖြစ်/အပျက်တစုံ
အချစ်/အမုန်းတစုံ ထဆုံတော့
ဟုတ်လိုက် ဖုတ်လှိုက်
ဟုတ်တော့မလိုလို လုပ်လိုက်
လက်မထောင်ပြလိုက်
လက်ခလယ်ထောင်ပြလိုက်
ရင်ကော့ပြလိုက်
ခါးကုန်းပြလိုက်
မျက်စပစ်ပြလိုက်
မျက်စိမှိတ်ပြလိုက်နဲ့
ငါ့ကျောက ခြေရာတွေ တွေ့တော့ မှ
ငါလည်းမငယ်တော့ဘူးဟ လှတော့လှသား. . . ဟပ်
အားရပါးရဆွဲဟေ့ ဇရာသားတွေချည်းပဲ
မနေ့ကမှဝင်လာတဲ့ ဖဝါးလက်နှစ်လုံး
မနက်ကမှထွက်သွားတဲ့ မရဏရဲ့အပြုံး
ဘာတွေတုန်းဟ ကဗျာကလို့မပြောသေးနဲ့
သေချာကြည့်
နှစ်ခုလုံးမှာမျက်ရေစတွေနဲ့။ ။



အူသောင်

19/03/2011

အညိုရောင်နယ်မြေ


The Grey Area

တစ်နေ့တစ်နေ့ ဒီလိုပဲခွာခွာချ
လူများသမုတ်သလိုပဲ အဲ့ဒီကောင်ဟာ အခေါက်ထူ
အဲ့ဒီကောင်ဟာ အရည်ရွှမ်း အဲ့ဒီကောင်ဟာ အမြစ်ကိုခြစား
လူတစ်ယောက်အန်ချတဲ့စကားတွေကို လေးဘက်ထောက်စားတဲ့သူ
တစ်နေ့တစ်နေ့ ဒီလိုပဲ ငိုက်စိုက်စိုက်
အဲ့ဒီကောင်ဟာ နေ့မသိ ညမသိ လမသိ ရက်မသိ
အရင်းမသိ အမြတ်မသိ အတိုးမသိ အကြွေးမသိ
သူမသိဘူးဆိုတာတွေကိုတောင် တစ်ဝက်လောက်ပဲသိတဲ့ သူ
မီးများ မီးနိုင် ရေများရေနိုင်
မသိတသိတွေများတော့ သိတာကလည်းမနိုင် မသိတာကလည်းမနိုင်
အဲ့ဒီကောင်ဟာ ကြိုးဝိုင်းပေါ်တက်ပြီးစိန်ခေါ်လို့ ခပ်တည်တည်
ပ၀ါမကူ ရေမရှုကြေး ဟိုက်ရော ဟိုက်ရော
လခမောင်းခတ်နေရင်းကပဲ ဓါတ်လိုက်သေဆုံး
တောင်ကြောင်မဟုတ်တော့ တောမီးလည်းမလောင်ဘူး
သူ့ရဲ့ဆံပင်နီကျင်ကျင်တွေလောင်တယ်
ဖနောင့်မှာ အ၀ိုင်းပေါက်နေတဲ့ ကြက်ပေါင်ဖိနပ်ကလေးလောင်တယ်
သူစုပြီးသိမ်းထားတဲ့ ချစ်ချစ်ယိုစုံထဲက ထက်ထက်မိုးဦးပုံတွေလောင်တယ်
သူ့ရဲ့ကြံတိုင်းအောင်လွယ်အိတ် အစုတ်ထဲက ခြောက်လုံးပြူးကော်သေနတ်လောင်တယ်
ရေများပေမယ့်လည်း လောင်တာက
မီးမဟုတ်တော့ မငြိမ်းနိုင်ခဲ့ပြန်ဘူး
အဲ့ဒီကောင်ဟာ အရည်ရွှမ်း/အဲ့ဒီကောင်ဟာ လေးဘက်ထောက်စား/ ငိုက်စိုက်စိုက် ထက်ထက်မိုးဦးကို ယူပြီးရင်
သူ့ရဲ့ခြောက်လုံးပြူးတစ်လက်နဲ့ ဒီမြို့ကိုသိမ်းပိုက်ပြမယ်တဲ့
အားလုံးဟာ ရယ်ရင်းမောရင်း စရင်းနောက်ရင်း ဟားတိုက်ရင်း လပြည့်ညမရောက်ခင် သုံးရက်အလို
သေနတ်သံ ဒိုင်းခနဲ ကြားလိုက်ရတယ်
မြို့ဟာ ပြားပြားကိုဝပ်လို့။

ဖိုးခွား

အိမ်အပြန်မှာ စံပယ်တွေက ဖွေးလို့မွှေးလို့




စကားထဲမှာ အဆဲတစ်ခွန်းပါလိုက်ရုံနဲ့ ထပ်ပြောရဲပြောကြည့်စမ်း ပါးကို တွယ်ချိတ်နဲ့ ထိုးခံရမှာနော်လို့ ခြိမ်းခြောက်လေ့ရှိတဲ့ မိဘတွေနဲ့ ကြီးပြင်းလာတဲ့ ကျွန်တော်ရယ်၊ စကားပြောတိုင်း စောက်တစ်ခါ၊ Fuck တစ်ခါ ထည်လဲသုံးတတ်တဲ့ သူမရယ်၊ ပြီးတော့ မသောက်ပဲ မှာထားတဲ့ လိမ္မော်ရည်နှစ်ခွက်ရယ် ညနေဆည်းဆာလှလှအောက်မှာ တဖြေးဖြေးချင်း အရည်တွေပျော်လို့ လိမ္မော်ရည်ဟာ လိမ္မော်ရောင် မပေါက်တော့ဘူး။ အရသာလည်း ပေါ့နေလိမ့်မယ်၊ ဒါပေမယ့် ဆည်းဆာကတော့ လှနေတုန်းပဲ။


မဟုတ်ဘူး၊ ဆည်းဆာက မလှပါဘူး။ အိမ်မှာ အမေ အသည်းအသန် ဖြစ်နေတယ်လို့ ပြောလိုက်တာကို သူမ ကြားပုံမပေါ်ဘူး၊ ဖိနပ်ကို တမင်ပွန်းတောင် ခြေထောက်အောက်ကလမ်းနဲ့ ဆက်ပွတ်နေတယ်။ အမေက နေရာတကာ သူ့စိတ်ချည်းပဲ၊ ကြာတော့ စိတ်ကုန်လာပြီလို့ သူမ ပြောတော့ ကျွန်တော့်မှာအမေ့ကို ဆပ်စရာ အကြွေးတွေ အများကြီးရှိနေသေးပါလားဆိုတာ သူမ မေ့သွားပြန်ပြီလား၊ ကျွန်တော်စဉ်းစားနေတုန်း ဘေးဆိုင်က ညှော်နံ့က နှာခေါင်းထဲကို ထောင်းကနဲ ဝင်လာလို့လိမ္မော်ရည်ခွက်ကို လှမ်းယူလိုက်တော့ ရေခဲတွေက အရည်ပျော်ပြီးသွားလို့ လိမ္မော်ရည်ဟာ လိမ္မော်ရည် မဟုတ်တော့သလို ဖြစ်နေပြီ။ ပြီးတော့ ဒီလမ်းတွေကို လျှောက်ဖို့ မိဘတွေက ချွေးနဲ့ ဆင်ထားတဲ့ ဖိနပ်ကလေး တမင်ပွန်းအောင် လုပ်နေတာကို ရပ်စေချင်ပြီ။


မရပ်ဘူး၊ ဖိနပ်ကလေးက အတော်ပါးလာနေပြီ။ ကျွန်မက ရှင့်အတွက် အရာရာမှာ ပထမဦးစားပေး ဖြစ်ရမှာနော်၊ မိဘတွေ မောင်နှမတွေ မသိဘူး ပြောတော့ ဆိုင်က ကောင်လေးက Men Always Remember Ladies Because Of Romance Only လို့ (တစ်ခါတစ်လေမှာ) ဘာသာပြန်တတ်တဲ့ Marlboro တစ်ပွဲ လာချတယ်။ ဪ ဒါလား၊ ဟုတ်တယ် အဲဒါ အဆိပ်တွေ။ ကျွန်တော့် ကိုယ်ထဲကို အဲဒီ အဆိပ်တွေ တရှိုက်မက်မက် စုပ်သွင်းခဲ့တာ ကြာပေါ့။ တစ်လိပ်ယူပြီး မီးညှိလိုက်တော့ အမေရေ ခဏနေဦး၊ ဒီမှာ သားရည်းစားနဲ့ မအားလို့ လို့ ပြောလိုက်တုန်းက မြင်လိုက်တဲ့ အမေ့ရဲ့အပြုံးနဲ့ ဆေးလိပ်ကို ကြိုက်လို့ သောက်တာပါ အမေရယ်၊ မဖြတ်ပါရစေနဲ့ဦး လို့ ပြောလိုက်တုန်းက မြင်လိုက်တဲ့ အမေရဲ့အပြုံး တူသလိုရှိတယ်လို့ တွေးမိတယ်။

မတူဘူး။ လူတော်တော်များများအတွက် တစ်သက်မှာ အမေတစ်ယောက်ပဲ ရှိတတ်ကြတာမို့ အမေသီချင်းခွေတွေ ရောင်းမကောင်းတာနဲ့ တစ်ယောက်ထက်ပိုရှိနိုင်လို့ ချစ်သူများနေ့ သီချင်းခွေတွေ ရောင်းကောင်းတာနဲ့ မတူသလိုပေါ့ လို့ ပြောတော့ လိမ္မော်ရည်ခွက်ထဲကို ယင်ကောင်တစ်ကောင် ပြုတ်ကျလာတယ်။ ဟာ စောက် ဒီယင်ကောင်ကတော့ လုပ်ပြီ၊ Fuck! ဒီမှာ သောက်မလို့ စဉ်းစားနေတာလို့ သူမက ပြောတော့ ခွက်ထဲမှာလည်း ပိုးလောက်လန်းတစ်ချို့ တွေ့တယ်လို့ ပြန်ပြောလိုက်တော့ ဪ. . ကြားဖူးတယ် မဟုတ်လား၊ 'ပိုးလောက်လန်းတွေကို စစ်နေရတာထက်စာရင် အချစ် သွန်ပစ်လိုက်ရတာ ကောင်းတယ်' တဲ့။ အဲဒါနဲ့ပဲ လိမ္မော်ရည်တွေကို သွန်ပစ်၊ ဆေးလိပ်ကို မီးသတ်ပြီး သူမနဲ့ လမ်းခွဲလိုက်တယ်။ လမ်းပေါ်မှာ ပိုးလောက်လန်းတွေနဲ့ လိမ္မော်ရည်တွေက စီးကျနေတုန်း၊ ယင်ကောင်လေးလည်း အသက်ငင်နေတုန်းပေါ့။

Raison D'Etre - L.H.T



ဒါပေမယ့် ဆည်းဆာကတော့ လှနေတုန်းပါပဲ၊ ပြီးတော့ စံပယ်တွေဖွေးနေတဲ့ လမ်းကလေးအတိုင်း ကျွန်တော် အိမ်ကို ပြန်လာခဲ့တယ်။



ချမ်းညီချို

ချောင်လည်ပါတယ်

ကားတွေကလည်း ကျပ်လို့
ရှေ့မတိုး နောက်မဆုတ်သာ
ဖုန်းလိုင်းတွေကလည်း ကျပ်လို့
တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောနိုင်
ငွေရေးကြေးရေးကလည်း ကျပ်လို့
မသုံးနိုင် မဖြုန်းနိုင်
နေရတော့လည်း ကျပ်တည်းလို့
မလူးသာ မလွန့်သာ

Faces Of Spirals - Mary Lou

ကျက်မှတ်လိုက်ရတဲ့
ဘဝသင်ခန်းစာတွေရယ်
နီးတကျက်ကျက် ဝေးတကျက်ကျက်
ချစ်သူတစ်ယောက်ရယ်
ရင့်ကျက်နေပါပြီဆိုတဲ့
ကျွန်တော်ရဲ့ စိတ်ထားရယ်
အမြီးကျက် အမြီးစားတတ်တဲ့
လောကသားတွေရယ် ကြားမှာ
လောကဓံရဲ့ ထိုးနှက်ချက်တွေကို
ကြပ်ပူထိုးနေတုန်း
ခင်ဗျားတို့ လာ လာကြပ်နေတာနဲ့
ဒီမှာ. . . . အသက်ရှုကျပ်ပြီး
ဦးနှောက်တွေ ချောင်နေပြီ။



မောင်ရင်ငဇေ

16/03/2011

တော

တောင်တက်လမ်း၊ တောသွားလမ်း
ရွေ့နေတဲ့ တိမ်တွေ အောက်က တိတ်ဆိတ် ငြိမ်သက်ခြင်း မြေလမ်း
သဘာဝတရား လဲလျောင်း အနားယူရာ၊ အချိန်အတိုင်းအဆ မဲ့
နေ့အလင်းရောင်
အောက်က လျှို့ဝှက်သိပ်သည်းခြင်း
အစိမ်းရောင် သီးသန့်ကမ္ဘာ

ကြားလား ) ရေစိုသစ်ရွက်တွေရဲ့ နှလုံးခုန်သံ၊
သေချာနားထောင်( ကြားလား အဝေးကဌက်ခေါ်သံ

တောင်ကျချောင်း ရဲ့ ပဲ့တင်သံ ( ကြားလား
စကားလုံးတွေ တဖြေးဖြေး နဲ့ စီးဆင်းနေသလို
လွမ်းလွမ်းဆွတ်ဆွတ် နဲ့ ပြောပြနေတယ်
ဒဏ္ဍာရီတစ်ပုဒ် လို ၊
ကျောက်စရစ်ခဲတွေ ရဲ့ အကြောင်း ၊

Abstract Green

ပျောက်ဆုံးသွားတဲ့ သူတွေအကြောင်း
လူတွေအကြောင်းမှု
တူညီတဲ့ နွေဦး နေ့လည်ခင်းတိုင်း အတွက်
နေရောင်လှဲကျင်းထားခြင်း မြက်ခင်း. . ဒါမှမဟုတ်
ရှေးအကျဆုံး လေးချိုးတစ်ပုဒ်
ဆက်လက်ရှင်သန်နိုင်စွမ်း သည်သာ
အဓိက ဥပဒေသ
သဘာဝ ရဲ့ သဘော
ကြီးမြတ်သော ရိုးရှင်း မျှတမှု ၊
အခြေခံကျသော
ဖြစ်တည်မှု ဖြစ်စဉ်

ရိုင်းစိုင်းခြင်း ထွန်းကားရာ သဘာဝနန်းတော်
ခြားနားသော သက်ရှိတရား ကိန်းအောင်းရာ ခုတ်မောင်းရာ
လက်တွေ့ ကောင်းကင်ဘုံ ၊

တော. , ,
ရှင်သန်ခြင်းက သေဆုံးဖို့ပဲ ဆိုရင် သစ်ပင်တွေ ဘာပြောမလဲ



အူသောင်

တဖန်

အဆင်မသင့်တာတွေ အစဉ်တကျဖြစ်ပေါ်လာသဖြင့်

အဆင်လှလှ ချော်လဲတတ်ရန် လိုတယ်။

အိပ်မက်ထဲက အိပ်မက်ကို လိုက်မျှားရန်

ရေချိုး ခေါင်းလျှော် မျက်မှန်လဲ အဝတ်လဲပါ

အမိရဲ့ သားကောင်းတဖြစ်လဲ၊

ခရီးများရဲ့ ခရီးသွားတစ်ဦး။

သို့ပေမဲ့လည်း

ခွင့်ပြုရန်အလို့ငှာ ခွင့်ပြုချက် တောင်းခံပါ။

တိုးရင်း ပေါင်းလား၊ တိုးရင်း ဆုံးလား မသိတဲ့

အတိုးလှလှနဲ့ အဖိုးလှလှအတွက်

သက်တန့်များ. .

နွေအလှများ. . .

မျက်စိတစ်မှိတ် လျှပ်တစ်စင်းအပြက်မှာ။

(ခလုတ်မှန်မှန် သရုပ်မှန်မှန် ဆွဲတတ်ခဲ့ရင်ပေါ့)

The Deception Of Perception - Lish-55

ငြင်းဆန်ရင်း တောင်းခံရင်း

ကမ်းခြေတစ်ခုမှ ကမ်းခြေတစ်ခုဆီသို့

ထွက်ပေါက်လား ဝင်ပေါက်လား မသေချာစေတဲ့

ခြေရာတွေနောက် ခြေရာခံလိုက်ရင်း

တပတ်ရစ်ပြုံးများတပ်ဆင်လို့။

(သုံးတတ်ရင် အဆိပ်ပြင်းဆုံး လက်နက် ဆိုပဲ)

တခါတခါ မီးတောင်ဝနား

အသက်ရှုမှားနေတဲ့ သတ္တဝါတစ်ကောင်လို

တခါတခါ သားကောင် အမှားစောင့်နေတဲ့

ကောင်းကင်က သိမ်းငှက်တစ်ကောင်လို

ဖြားယောင်းခြင်းကလည်း ဖြားယောင်းမှု မမည်တော့တဲ့

ရှင်သန်ခြင်းတေးတစ်ပုဒ်။






ယိုဒါရှီးမား

12/03/2011

ပျောက်ဆုံးခြင်း

Composition With Head - Arshile Gorky





အတွေးများ
အမြင်များ
အိပ်မက်များကို
အတ္တဥခွံထဲမှာ
သေချာစွာ သိမ်းဆည်းထားခဲ့။

ကြာတော့. . .
တခါ တခါ
ငါ့ကိုယ်ငါတောင်
ပြန်ပြန်ရှာနေရရဲ့။


ယောနက်သန်