တမနက် အိပ်ယာထ ကဗျာတပုဒ် ဖတ်မလို့ လုပ်တုံး ငါ !
ဟင်း. . . ငါ ! . . ငါ့ခန္ဓာကိုယ်ကြီးက ပြိုကွဲထွက်နေပါလား
အခန်းထဲဝင်နေတဲ့ နေရောင်ခြည်အလင်းလှိုင်းထဲက
အလင်းအမှုန်အမွှားတွေလို တမှုန်စီ တစစီ ဆွဲငင်မှုမဲ့စွာ
မျောလွင့်ထွက်နေကြတယ်၊ တွယ်တာမှုမဲ့ ခံစားမှုမဲ့ ပုံသဏ္ဍာန်မဲ့
အက်တမ်တွေလို တချို့ကထိုင်ခုံမှာ တချို့က စားပွဲမှာ
တချို့က ပြေးနေတဲ့ ပိုးဟပ်တွေပေါ်မှာ
တချို့က ရော့ခ်သီချင်းစာသားတွေပေါ်မှာ
တချို့က တီရှပ်အနက်ပေါ်မှာ တချို့က အမှိုက်ခြင်းထဲမှာ
တချို့က ကြမ်းပေါ်မှာ တချို့က ကေဘယ်ကြိုးပေါ်မှာ
တချို့က အခန်းထဲ ဝင်နေတဲ့ ဝါယာလက်ကွန်ယက်တွေပေါ်မှာ
တချို့က ဆေးလိပ်ပြာ တချို့က မှန်သားပြင်
တချို့က ၊ တချို့က. . . . . . . . . . ၊
အမှန်အတိုင်း ဝန်ခံရရင်
ပြန်ဖော်လို့မရတာတွေက ခပ်များများ
ဖြစ်ပုံက 'ငါ '. . . . .
ငါ ဆိုတာကြီးက နောက်ဆုံးမှာ
တဖြည်းဖြည်းနဲ့ ပုံပျက်နေပြီ / လွင့်(စင်)ထွက်နေပြီလေ
အချက်အလက်တွေ ပြိုဆင်းလာလိုက်တာ
ဗိုင်းရပ်(စ်) ဝင်နေတဲ့ မျက်နှာပြင်လို
မှုန်တိမှုန်ဝါး - -
ဘာမှ ပြန်တူးဖော်လို့မရတော့ဘူး /
ဘာမှ ပြန်တူးဖော်ခွင့် မရှိတော့ဘူး
သဲနန်းတော်ကြီးပြိုကျသလို ရေမှာ အရုပ်ရေးပြသလို
သဘာဝတရားက သူ့အစွယ်ကို လှစ်ပြသလို
အမှန်တရားကိုတွေ့ရှိသလို
ဘာဆိုဘာမှ. . . ၊
ဘာကိုဘာမှ ကိုယ်ပိုင်ဆိုတဲ့ သင်္ကေတမပြနိုင်တော့ဘူး
အချိန်လည်းဆွဲခွင့်မရသလို စိတ်လည်းလောခွင့်မရဘူး
စဉ်းစားမှု တွေးတောဆင်ခြင်မှုတွေက
လေဟာနယ်မှာ စုစည်းခွင့်(ချိန်) မရတော့ဘူး. . ၊
ငေးကြည့်မယ်လို့ လုပ်တုန်းမှာ
တဖြည်းဖြည်းနဲ့အားလုံး လွင့်ထွက်နေတယ်. . 'ငါ '. . . .
' ငါ '. . . . . .
' ငါ ' ဆိုတာ ဘယ်မှာလဲ ?
အက်တမ် : ဆိုသည်မှာ အရာဝတ္တုပစ္စည်းတစ်ခု၏
အသေးငယ်ဆုံး အစိတ်အပိုင်း ၊ လူတစ်ယောက်အတွက်
ကိုယ်ပိုင်သီအိုရီတစ်ခု ကိုယ်ပိုင်ပုစ္ဆာတစ်ပုဒ်
ဘဝ = ?
ကိုယ့်ဟာကိုယ်တွက် ကိုယ့်အဖြေကိုယ်ထွက်ပေါ့
ကိုယ့်ဘဝနဲ့ကိုယ်ပေါ့ ၊
ဖန်ဆင်းရှင် လက်အပ်မယ် ဆိုရင်လဲ. . သဘော !
ကိုယ့်ဟာကိုယ်ပဲဗျာ. . . ( ဖုတ်ဖုတ် / သုပ်သုပ်
တွေးမိသလောက်က. . . . ခဏတာ ရိုးရှင်းတဲ့ စုစည်းမှု
မပြိုကွဲမီအချိန်တစ်ခု ၊
အံ့သြစရာပဲဗျာ လို့ ပြန်ပြောဖို့တောင်
အံ့သြမှုတွေပြိုကွဲကုန်လို့ အံ့သြချိန်တောင် မရလိုက်ဘူး
ထားပါဗျာ ! ! . . . . . .
အခံရခက်တာက ! . .
ဘာမှမဟုတ်တဲ့ နေသာရုံ သာမန်နေ့ကျမှ။ ။
အူသောင်