07/12/2010

ဝေဒနာအမြဲမရှိ

ဟောသည်မှာ ကျွန်တော်ရခဲ့တဲ့ ဝေဒနာ
ဝေဒနာဟာ လှပစွာထုပ်ပိုးထားတော့ ဝေဒနာကို ဝေဒနာလို့ မထင်ခဲ့ရဘူး။
ဝေဒနာဟာ ချိုအီချွဲနွဲ့တဲ့အသံနဲ့ လတ်တလောအပူတွေကိုလည်း ငြိမ်းစေရဲ့ 
ဝေဒနာဟာ ပန်းရောင်နှုတ်ခမ်းဆိုးဆေးလေးနဲ့  ချာလီရေမွှေးလေးနဲ့ ဆွဲဆောင်မှုကောင်းလို့  သင်းပျံ့လို့
ဝေဒနာရဲ့ဆံနွယ်လေးတွေဟာလည်း ဆောင်းလေနဲ့ အတူယိမ်းနွဲ့လို့
ဝေဒနာရဲ့ ကိုကို ကိုကိုလို့ ခေါ်တဲ့အသံလေးကလည်း ဆည်းလည်းတွေလို ညင်သာလို့
ဝေဒနာရဲ့ နှုတ်ခမ်းမှာ နှုတ်ခမ်းမွှေးရေးရေးလေးနဲ့ ဝေဒနာ ရီတဲ့အသံက ခိုးခိုးခစ်ခစ်နဲ့ 

Forever Is Not Enough - Konstantin Traev
ဝေဒနာဟာ သူမရှိတော့တဲ့အခါ မနေတတ်အောင် ဖြူဖြူစင်စင် ပရိယာယ်လေးတွေသုံးလို့
ဝေဒနာဟာ သူ့ကို တစ်ခြားသူမပေးချင်လောက်အောင် မနာလိုမှုတွေ ချကျွေးလို့
ဝေဒနာဟာ ကျွန်တော့ကို အနားမှာအမြဲနေပေးဖို့ တီတီတာတာနဲ့
ဝေဒနာကို တစ်ခြားတစ်ယောက်ယောက်လက်ထဲ မထည့်ပေးချင်ဘူး
ဝေဒနာကို တစ်ခြားတစ်ယောက်ယောက်ရဲ့ပါး မနမ်းစေချင်ဘူး
ဝေဒနာဟာ သူဝေဒနာဖြစ်ပါတယ်လို့ ဘယ်တော့မှ မပြောဘူး
ဝေဒနာဟာ သူဝေဒနာမဟုတ်ပါဘူးလို့လည်း လိမ်မပြောဘူး
ဝေဒနာဟာ ဝေဒနာဖြစ်တဲ့အကြောင်း သိတဲ့အချိန်မှာ
အဲ့သည်အသိကို ပြန်ပျောက်သွားအောင် ဝေဒနာကပဲ ပြန်လုပ်တယ်။
ဒါဟာ ဝေဒနာမှန်းသိတဲ့ အချိန်စက္ကန့်ပိုင်းအတွင်း ကသုတ်ကရက်ရေးလိုက်ရတဲ့ကဗျာ
ဒီစာကြောင်းအဆုံးမှာပဲ ဝေဒနာဟာ ဝေဒနာမဟုတ်တော့ပြန်ဘူး။

02/12/2010

စိတ်အစေးမကပ်တဲ့နေ့

ဒီလိုနေ့မျိုးဟာ အမြဲဆိုသလို ပျင်းရိပျင်းခြောက်နဲ့ ပါပဲ ။ တခါတလေ အင်း. . မဟုတ်ပါဘူး အမြဲတမ်းလိုလိုတော့ အပေါင်းအသင်းတွေ ရောက်လာတတ်တယ် ။ တောင်ပြော၊မြောက်ပြော ထွေရာလေးပါးပေါ့။   ထွေရာလေးပါးဆိုလို့ ဘာလဲဆိုပြန်တော့ အဓိပ္ပါယ်ကို သေချာမသိ။ ဒီလိုပဲ ပါးစပ်ကနေ ပြောတဲ့စကားတွေ အများကြီးပဲ။ တခါတလေ ကိုယ်ပြောတဲ့စကား ဘာဆိုတာတောင် မသိပါဘူး။ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး။ ဘယ်သူကမှ အဓိပ္ပါယ်ပြန်ရှင်းခိုင်းနေတာမှ မဟုတ်ပဲဟာ။ လူတွေဟာ ဒီအတိုင်းပါပဲ။ တစ်ချို့အကြောင်းတွေဆို ကိုယ်သေချာမသိလဲ သိချင်ယောင်ဆောင်လိုက်ကြတာပါပဲ။ စာရေးရင် ကောင်းမလား စိတ်က တွေးမိတယ်။ ရေးမယ်ဆိုတော့လဲ ရေးစရာ အကြောင်းကမရှိ။ ဘယ်ရှိမလဲ စာမှ မဖတ်တဲ့ဟာ။ စာရေးဖို့ဆိုတာ ဖတ်ထားမှ ရေးစရာ အကြောင်းကရှိမှာပေါ့။ ဪ. . . ညနေက အပြင်ထွက်ပြီး စီးကရက်ဝယ်ဖြစ်ရဲ့လား။ ခေါင်းက ဒီလိုပဲ သိပ်မမှတ်မိချင်တော့ဘူး။ ဒါတောင် ညနေကအဖြစ်အပျက်ပဲ ရှိသေးတယ်။ ဒီလိုဆို သမိုင်းထဲက အကြောင်းအရာတွေဆိုရင်တော့ ပြောစရာကို မလိုတော့ဘူး။ ဒါလဲအကြောင်းတော့ မဟုတ်ပါဘူး။ သမိုင်းနိဂုံးချုပ်ပြီဆိုတဲ့ အယူအဆဘက် ခုန်ဝင်လိုက်ရုံပေါ့။ 

အဲ. . . တကယ်တမ်းက ကဗျာ။ ကဗျာဆိုတာ ဘာလဲ ။ အင်းလေ ဘာလဲဆိုတာတောင် သေချာမသိတဲ့ဥစ္စာ။ စာကို အလျားလိုက်မစီပဲ ဒေါင်လိုက်စီတာ ကဗျာဆိုရင်တော့ ငါရေးခဲ့တာတွေက ကဗျာတွေပေါ့. . အဟက်။ ဟုတ်လားမသိပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့။ အခုတလော ရသစာတွေဖတ်လို့ မရဘူးဖြစ်နေတယ်။ အခုမှ မဟုတ်ပါဘူးလေ၊ အရင်တုန်းကတည်းကပါပဲ ။ ဒီအကြောင်း သူများကို ပြောပြလိုက်ရင် ကောင်းမလား။ အို. . မဖြစ်သေးပါဘူး၊ ဒါနဲ့များ ဘယ်လိုကဗျာရေးလဲဆိုရင် ပြန်ဖြေစရာမရှိ ဖြစ်နေအုံးမယ်. . . ငါ့နှယ်။ အခုတလော လူကစာရောင်ရောင် ပေရောင်ရောင် လုပ်ချင်နေသလိုပဲ။ တကယ်တမ်းဝန်ခံရရင် ရောင်ရောင်လား၊ ယောင်ယောင်လားဆိုတာတောင် ဘယ်လိုပေါင်းမှန်း သေချာမသိဘူး ။ ဒါနဲ့များ. . .  ''ကျွန်တော်စာရေးဆရာ မဟုတ်ပါဘူး။ ဒါပေမဲ့ တခါတလေတော့ ကဗျာတို စာတိုလေးတွေရေးပါတယ်'' ဆိုပြီး နောက်ကျမကျန်ခဲ့ရအောင် လေသံပစ်ထားရင် ကောင်းမလား ။ ဒါလဲ ဘယ်သူမှ မသိပေမဲ့ ကိုယ့်ကိုယ်ကိုတော့ သိမှာ ။ လူတွေဟာ ဒီလိုချည်းပါပဲ ။ ကိုယ်လဲ ရောယောင်နေလိုက်ရုံပေါ့ ဆိုတော့လဲ ခက်တာက ကိုယ့်ကိုယ်ကို သိနေတာဆိုးတယ် ။ အို. . ဘာပဲဖြစ်ဖြစ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဒါကိုယ့်လွတ်လပ်ခွင့်ပဲ။ ဟုတ်တယ် ဒီစကားလှတယ်။ လွတ်လပ်ခွင့် တဲ့။ ပြီးရော ဘယ်သူမှ လာပြောလို့ မရတော့ဘူး။ 

ဟာ. . . မီးခြစ်ဘယ်ရောက်သွားပါလိမ့်။ ဪ. . . ငါကလဲ ခက်ပြီ။ လက်ထဲမှာ မီးခြစ်ကြီး ကိုင်ထားပြီး ပျောက်လို့ လိုက်ရှာနေတယ်။ ကဲ ကဲ. . . တော်ပြီ ဘာတွေ တွေးနေမှန်းလဲမသိဘူး။ ပြောသားပဲ ဒီလိုနေ့မျိုးဟာ အမြဲလိုပဲ ပျင်းရိပျင်းခြောက်နဲ့ပါလို့။ အခုတော့ တောင်တွေးမြောက်တွေးနဲ့ လျှောက်တွေးမိရော။ ဆေး (လိပ်) လေးဖွာမှပဲ ယားနေတဲ့စိတ်က ပျောက်သွားမှာ။


 ' ရှစ် '      

ဟာာာာ. . . . . . မီးခြစ်ထဲမှာမှ ဂက်(စ်) မရှိတော့တာ. . .

ကဲ. . တွေ့ပြီ မဟုတ်လား။ ဒီလိုနေ့မျိုးဆို ဒီလိုချည်းပါပဲ ဆိုတာ။        ။ 

နောက်ဆုံး မှတ်မိတာဆိုလို့. . .

မီးမတောက်တဲ့ မီးခြစ်တစ်လုံး၊ ငွေရောင်ကားချပ်ပေါ်မှ အစိုင်အခဲတစ်စု. .
အသက်ရှူလမ်းကြောင်းတစ်စုံရဲ့ပိုင်ဆိုင်မှုအကြောင်း. . .
ငါ မစဉ်းစားပဲ ပေါ်လာတတ်တဲ့ ဖုံးနံပါတ် အိုဆဲဗင်းအစ ဝမ်းတူးဖိုက်အဆုံး. . .
အခု အကြိုက်ဆုံးအရောင် အညိုရောင်ကို ပြောင်းသွားပြီ. . .
လောကကြီးတစ်နေ့ထက် တစ်နေ့ နာကျင်စရာကောင်းလာသလို
ငါလဲ ကိုက်ခဲမှုဒဏ်ကို တစ်နေ့ထက် တစ်နေ့ ပို ပိုပြီး ခံစားလာရတယ်..


နောက်ဆုံး ငါ မှတ်မိတာဆိုလို့. . . .




ကံဂျီမူရာ

ဟိုဒီအလွမ်းများ. . .

ကော်ဖီတစ်ခွက်လဲ ပြောင်ပြီ။ တစ်ညနေလုံး အိပ်ထားသည့်ဒဏ်ကြောင့် အိပ်လို့လဲ မရ။ ဒီကြားထဲ မူးဝေနေသည်။ ကော်ဖီ. . . .  ကော်ဖီ. . . . ဘာကြောင့် ကော်ဖီဆိုသော အရာ အရေးပါလာလဲ ကျွန်မစဉ်းစားနေမိသည်။ ချစ်ခြင်းအနုပညာဆန်ချင်လဲ ဒီကော်ဖီ။ စိတ်ဓာတ်ကျလဲ ဒီကော်ဖီ။ အပျင်းပြေသောက်လဲ ဒီကော်ဖီ။ ဟိုအကြောင်း ဒီအကြောင်းလဲ ဒီကော်ဖီ။ သူငယ်ချင်းများနဲ့ အမှတ်တရလဲ ဒီကော်ဖီ။ အရက်နာကျလဲ ဒီကော်ဖီ။ ကော်ဖီ. . . ကော်ဖီ တော်တော် ခေတ်စားသည်။ ဆန်းဒ၀်ခ်ျကြားထဲက ထောပတ်လိုပဲ ဒီကော်ဖီ. . နေရာတကာ ပါသည်။

အမှတ်မထင် မနေ့က မင်းလူရဲ့ စိန်အလွမ်းဖတ်မိသည်။ ကျွန်မလဲ ကျွန်မရဲ့ မည်ကာမတ္တတက္ကသိုလ်ကို လွမ်းပါသည်။ စီးပွားတွက်တွက်သူတိုင်း နှမြောကြသည့် ကျွန်မ၏လေးနှစ်တာ တက္ကသိုလ်ကာလသည် ကျွန်မအတွက်တော့ အမြတ်အစွန်း အများကြီးကျန်ပါသည်။ ကျွန်မရဲ့ လူငယ်ဘ၀အမှတ်တရ. . . ကျွန်မရဲ့သူငယ်ချင်းတွေ. . . ဘွဲ့နှင်းသဘင်. . . လူသူလေးပါးတိတ်ဆိတ်တဲ့ ကံ့ကော်ရွာ. . . စာကြည့်တိုက်နောက်က ရွာထဲကင်တင်း. . . Drawing သွားသင်ရတဲ့ အမှိုက်ပုံနောက်က အဆောင်ခြောက်ခြောက်. . . ဆရာမများအဆောင်နားက သရဲခြောက်တယ်ဆိုတဲ့ ကျွန်မတို့ စာသင်ခန်း. . .  ဦးမင်းမြင့်ကြီး အလုပ်ရှုပ်လို့ ညကြီးသန်းခေါင်ထိ ကျောင်းထဲနေပြီး Viva ဖြေဖို့ စောင့်ရဖူးသည်. . .  အာစီ. . . ကြုံလာရတဲ့ တက္ကသိုလ် ရှစ်ဆယ့်( ...) နှစ်မြောက် စတိတ်ရှိုး. . . Times နဲ့ Reader's Digest သွားထိုင်ဖတ်ဖူးတဲ့. . . Drawing သွားထိုင်ကျင့်ဖူးတဲ့. . . ကံ့ကော်ရွာမျက်နှာချင်းဆိုင်က စာကြည့်တိုက်သစ်. . . သတင်းစာဟောင်းတွေ ဖတ်ချင်လို့ သွားခဲ့တဲ့ တက္ကသိုလ်စာကြည့်တိုက်ဟောင်း. . ခြံမခတ်ခင်က သစ်ပုတ်ပင်. . . ဂျက်ဆင်ကနေ လှည်းတန်း. . . လှည်းတန်းကနေ အဓိပတိ. . . ပုဂံလမ်း. . . သထုံလမ်း ဘောလုံးကွင်း. . . အီကိုကနေ အင်းလျား. . . တို့ဖူးနွေး. . . သံဗူးဖျော်ရည်. . .  မင်းအတွက် သီချင်းခွေနဲ့. . . နွေ မိုး ဆောင်း ရက်များစွာ... .... .... .... .... .... ။

I Left My Heart In Chicago - Punk_drizzle
အတွေးတွေက ဂယောက်ဂယက် ဟိုရောက် ဒီရောက်နိုင်လှသည်။ သူငယ်ချင်းတစ်ယောက်၏ နယူးယောက်ဆိုက်ကားဆိုသော ဓာတ်ပုံမြင်သောအခါ. . . ရောက်နေရာအရပ်နှင့်အတူ အမေရိကားမှ ဧည့်သည်တော်ကို သတိရမိသည်။ ထိုရက်များကို လွမ်းပါသည်။ ထိုရက်များကို လွမ်းသလိုပဲ. . အခု မုန်းလှပါသည်ဆိုသော မြို့ကြီးပြကြီး လန်ဒန်ကို တချိန်ရောက်ရင် ဒီလိုပဲ စာတစ်စောင်ပေတဖွဲ့လွမ်းမိဦးမလား မသိ။ ခုလောလောဆယ်တော့. . . မြန်မာပြည်က စတုဒီသာပွဲကို လွမ်းနေသည်။ ဘဲဥပဲကုလားဟင်းနဲ့ ငံပြာရည်ကြော် ကျွေးကြတာကို သတိရသည်။ သခွားသီးတွေနဲ့ အားရပါးရစားချင်သည်။ စတုဒီသာကို ကားထိုးရပ်ပြီး ၀င်စားသော လူစား များများရှိစေချင်သည်။ ထိုသို့သောအခါ တစ်လောကလုံး ငြိမ်းချမ်းပြီ ဟု ကောက်ချက်ချမည်။

လက်ပ်တော့ကီးဘုတ်သံ ခြောက်. . ခြောက်. . ခြောက်. . . . ခြောက်. . . မှလွဲ၍ တစ်လောကလုံး တိတ်ဆိတ်နေသည်။ ဒီည နှင်းဖွဲဖွဲကျမည်တဲ့။ ကျွန်မထိုင်စောင့်ကြည့်ချင်စိတ်ပေါက်နေသည်။


ရေနံ့သာ

အမြွှာ

ငါ
မင်း က အမြွှာ
ထပ်တူ ကျနေမှု
စိတ်တူ ကိုယ်တူ
ကွဲပြားမှုး ငါ ပိုင်ဆိုင်တာ
လက်တွေ့ဘဝ အစိုင်အခဲ
အစစ်ဟု ထင်ရသော အရာ ( များ

ဂ(စ်)
အလင်း အငွေ့
ငါ့ခန္ဓာ အနက်ရှိုင်းဆုံး က
တလုံးတည်းသော 
အင်ဂျင် ) နှလုံး
ထဲက
အလွယ်ခေါ်း ဝိဉာဉ်း ငါ့
ပုံရိပ်မဲ့
ငါ့ရဲ့အခြား
တပါး
မင်း
Conjoined Twins 1 - Cheryl
မင်းက
ငါ့ရဲ့ / ငါက
မင်းရဲ့
ဘဝ. .
သခင် )
ကျွန်
မင်းရဲ့ အံစာတုံး
ငါ့ရဲ့ လက်
ကိန်းဂဏန်း
တွေ
အချိန်ပေါ်မှာ
လည်နေ ပတ်နေ 
 က ငါ

" ပွန်း
ရုပ် ကို
ဘယ်ရွေ့
မှာလဲ ! ! "


မင်း
ဆန္ဒ နဲ့
အရောင် မတူတဲ့
အကွက်ပေါ် က
လက်တွေ့
ဘဝ -
သက်ရှိ
စစ်တုရင် ရုပ်
များ နဲ့
ငါ

မင်း
က
အလင်း / အမှောင်
အသိ ရှိ
ပရိုဂရမ်
မင်းဆွဲထား
တဲ့ နဗ့်စ် ကြိုး
)  ကြွက်သား         
တွေ
ချိတ်ထားတဲ့
ခန္ဓာ ( ကြိုးဆွဲရုပ်
ငါ
က

ဆားဖြင့် ပက်ထားသော ဒဏ်ရာအား ရေနှင့် စင်ကြယ်စွာ ဆေးကြောပါ ။


အူသောင်

10/11/2010

ပကတိ(၄)

http://chrisanthony.viewbook.com/

ဒီလိုနဲ့ ဒီလိုနဲ့ပဲ မနက်ဖြန်ဆိုတာကို ပြန်ပြန်လှည့်ကြည့်
မနက်ဆိုတာဟာ ညမဟုတ်ဘူးလို့တော့ လာမရှင်းပြနဲ့
ဒါဟာ အခကြေးငွေနဲ့ ပြသတဲ့ကဗျာ
မမြင်ရရင် ကွန်ပလိန့် တက်ပါ
ခင်ဗျားက ဟိုဘက် ခင်ဗျားမဟုတ်တဲ့သူက သည်ဘက်
ကျွန်တော် ဘယ်ဘက်မှာလဲဆိုတာ ဘယ်သူသိသလဲ။
ကဲ. . . တစ်ယောက်ကို တစ်ကွက်ရွှေ့ ပြီးရင်ပွဲသိမ်းမယ်
အားလုံးထပြန်တဲ့အခါ အမြီးတွေမငြိမိစေနဲ့။



ဖိုးခွား

ပကတိ(၃)

ညရောင်စုံ ဆလိုက်မီးတွေက မင်းကိုလမ်းပြခဲ့သလား

ခြင်္သေနဲ့ ဆင်တွေအုပ်လိုက်ကတဲ့ ကြားမှာ

မင်းအကုန်ရောထွေးသွားသလား ဟန်နီ

ဆယ့်ခြောက်နှစ်မသီချင်းကို မင်းဘယ်အရွယ်ထိ ဆက်ဆိုမှာလဲ

http://chrisanthony.viewbook.com

မင်းနေရာမှာ ငါဆိုလည်း သည်အတိုင်းပါပဲ

အသပြာဆိုတာ ငါတို့နဲ့ ပြိုင်ဘက်

ဒါပေမယ့် ငါတို့ ခေတ်အဆက်ဆက် ရှုံးခဲ့ ကြတယ်။



ဖိုးခွား

06/11/2010

ပန်းကောက်သူ

သေတစ်နေ့ မွေးတစ်နေ့ပဲ
ဒီနေ့တော့ ပျော်ပျော်နေမယ်။

မနေ့က တွယ်ခဲ့တဲ့ အမြစ်တွေကိုလည်း
ပေါင်းမသင်ဘူး. . .
မနက်ဖြန်မှ ထိုးထွက်မယ့် အဖူးအပွင့်တွေအတွက်လည်း
ရေမလောင်းဘူး. . .
ကိုယ်ကောင်းပေမယ့် ခေါင်းရွေ့ရွေ့ နေလို့
ဒီကနေ့အတွက် ခေါင်းချစရာ
တစ်နေရာပဲ လိုတယ်
မနက် စောစောထ
ပန်းကောက်ရဖို့အတွက်. . . . ။

ပင်ယံထက်က ပန်း
မနမ်းရက်သလို
ချွေလည်း မချွေရက်ဘူး။

အဖူးဆိုတာ ပွင့်ချင်မှ ပွင့်တာ
ဒီလိုပါပဲ. . . .
ပန်းဆိုတာလည်း ကြွေမှကောက်လို့ရတာ
ပန်းကောက်သူဟာ ပန်းမချွေဘူး
ပန်းတွေဝေမယ့် နံနက်ခင်းပဲ သူမျှော်တယ်. . . . ။

မောင်ရင်ငဇေ
Flower - Adam Scott Miller