28/08/2010

ယခု ခေတ်စားနေသောရောဂါ (၄)

Growing From Growing Suite4 - Keith Haring
ကမ္ဘာကြီး အသက် က
. . . . . . . . . . . . . . . နှစ်သန်းပေါင်း ထောင်ချီ သောင်းချီ ၊
လူတွေရဲ့ အသက် က
. . . . . . . . . . . . . . . နှစ်သန်းပေါင်း ရာချီ ထောင်ချီ ၊
ခင်ဗျားရဲ့ အသက် က
. . . . . . . . . . . . . . . အလွန်ဆုံး ၇၀ - ၈၀ ၊

အချိုးချ ကြည့်စမ်းပါအုံး !

ခင်ဗျားက ဘယ်လောက်များ သိနေတာတဲ့တုံး? (ပြီးပြီ)

ထွန်းနွယ်

27/08/2010

ယခု ခေတ်စားနေသောရောဂါ (၃)

Growing From Growing Suite2 - Keith Haring


မယုံကြည်ခြင်း နဲ့ သံသယ၊
ဘာမှမဖြစ်မှု နဲ့ ဘာမှ မဟုတ်မှု၊
အခု အဲဒါတွေ ခေတ်စားနေတယ်။

အခု ကျွန်တော် ရေးတဲ့အတိုင်း
ဘာမှ မဟုတ်တာတွေ
ခေတ်စားနေတယ်။        ။


ထွန်းနွယ်

ယခု ခေတ်စားနေသောရောဂါ

Growing From Growing Suite - Keith Haring

တော်ပြီ။ တော်ပြီ။ တော်ပြီ။
ဘာမှကို
. . . . . . . . . မ ပြော/ရေး ချင်တော့ဘူး။
( မဟုတ်သေးပါဘူး ? ? ? ? ? )
လိုရင်းကို
. . . . . . . . . . မရောက်သေးဘူး ထင်တယ်။

ထပ် ပြော/ရေး ကြည့်မယ်
. . . . . . . . . . . . . . . . . . . . 
. . . . . . . . . . . . . . . . . . . .  ။      ။

ထွန်းနွယ်

ဖျပ်ဖျပ်လူးယင်းထ ဘယ်လိုမှ လုပ်မရပေါ့

သန်းခေါင်ယံက
မိုးသံနဲ့ ဆူညံလေးလံ
ဂေါ်ရီလာရဲ့ အသံမှာတောင်
ရန်ရှာမိတယ်။
Roomaze
ဟိုရှာဒီနှောက်
တစ်ချက်တစ်ချက်
ဆိုဖာပေါ် မှောက်လို့။

ဟိုဖတ်ဒီဖတ်
တဖတ်ဖတ်နဲ့ ဖျပ်ဖျပ်လူးလို့။

ဟိုဟာရေးချင်
အဲ့မှာဒါပျောက်
ဒီဟာရေးချင်
အဲ့မှာ ဟိုဟာပျောက်နဲ့. . .

အဆုံးသတ်တော့
ကျယ်ဝန်းကွေ့ကောက်
ဝင်္ကင်္ပါလို
ဒီပဲ ပြန်ပြန်ရောက်လေရဲ့။

ချမ်းညီချို

ကဗျာဟာ ပျော်စရာပါပဲ

http://adila.deviantart.com
" တခါတုန်းက. ." မှာ
မိုးတွေရွာနေပြီ ဒက်ဖနီ။

တံဆိပ် ကို
ကိုးကွယ်ချင်သူ အတွက်
တံဆိပ် ကပ်ရတာ
ပျော်စရာပါပဲ။

ငါတို့ နီးခဲ့ကြတယ်. . ။
နီးစပ်မှုဟာ မေ့နေဖို့အကောင်းဆုံးသော အရာပေါ့။

မလိုချင်ပဲ ရခဲ့သော အရာများ. .
လိုချင်ပြီး မရခဲ့သော အရာများ. .
ပျော်စရာပါပဲ။  ။

လင်းဝေ

ပြတင်းပေါက်

ဝိညာဉ် ; ( အိပ်နေရင်းက ညကောင်းကင်ရဲ့
အမှောင်ထုထဲ ကြယ်ကြွေတယ်
Spawner-Soul - Giovanni Rubaltelli
တိတ်ဆိတ်ခြင်းတခု၊ ငြိမ်သက်ခြင်းတခု
တောက်ပတဲ့ အလင်းတန်းတခု၊
အဖြစ်အပျက်တခု၊ အိမ်မက်တခု
ဒါမှမဟုတ် အဆုံးမဲ့သော
မသိခြင်းတခု ) သက်ရှိမှု

အချိန် ; ( ငေးကြည့်ရင်းက ဒီနေ့ရဲ့
အကြောင်းအရာထဲ မနေ့က
အခြင်းအရာတခု စီးဆင်းနေတယ်၊
ရိုးရှင်းတဲ့ လည်ပတ်ခြင်းထဲက
ရှုပ်ထွေးတဲ့
အဓိပ္ပါယ်သတ်မှတ်မှု၊
ဘဝအတွက် ဝှက်ဖဲတစ်ချပ်/
မနက်ဖြန် ) ရှင်သန်မှု

ဆိတ်ငြိမ်မှု
ဆွတ်ပျံ့မှု
နက်ရှိုင်းမှု
လွမ်းဆွတ်မှု။ ။


အူသောင်

ဟိုလူနည်းနည်း သည်လူနည်းနည်း

နည်းနည်းများတယ် လက်ကျန်နည်းနည်းလေးကို အကုန်ကစ်လိုက်တာ နည်းနည်းများတယ်
အသက်နည်းနည်းလေးနဲ့ ကညာပျိုလေးကို နည်းနည်းဆွဲတာ နည်းနည်းများတယ်
များများစားစားမရှိတဲ့ ဘ၀ထဲမှာ များချင်ယောင်ဆောင်မိတာလည်း နည်းနည်းများတယ်
ဟိုဟာကနည်းနည်း သည်ဟာကနည်းနည်းနဲ့ နောက်တော့လည်း နည်းနည်းများလာတယ်
ဟိုဘက်နည်းနည်းဆုတ် သည်ဘက်နည်းနည်းကပ်နဲ့ နည်းနည်းများလာတယ်
နည်းနည်းလောက်တော့ နားလည်ပေးပါ နည်းနည်းလောက်တော့ စာနာပေးပါ

http://www.family-gardens.com
တဖြည်းဖြည်းနဲ့ နည်းနည်းများလာတယ်
များများစား များများအိပ် များများပွေ ရက်ဆက်လာတော့ နည်းနည်းများလာပြီတဲ့
အခုလည်းကြည့် ကျွန်တော်ကနည်းနည်း မှတ်တိုင်ကများများ ကားကများများ
မာနကများများ အိပ်မက်ကများများ ရည်းစားကများများ ရန်သူကများများ
ဒါကြောင့်လည်း အားလုံးဝိုင်းပြောနေတာ 'ခင်ဗျားနည်းနည်းတော့ များနေပြီ' တဲ့။


ဖိုးခွား