30/06/2010

ချစ်ချင်း

ကိုယ်ချင်းစားနာမှု နှင့် ဓမ္မ
လွတ်လပ်မှု နှင့် ကဗျာ
နူကလီးယား ထုတ်လုပ်မှု
ပြောရင်း ပြောနေရမည့် အချစ်အကြောင်းပါလေ။

ရာမ နဲ့ ရာဝဏ က စ
သီဝိ နဲ့ ဝေသန္တရာ အလယ်
ရိုမီယို နဲ့ ဂျူးလီးယက် အဆုံး
ဇာတ်တော်များထဲမှ အချစ်အကြောင်းပါလေ။

ပေးဆပ်မှု ၊ ရယူမှု ၊ တပ်မက်မှု
ရနံ့ ၊ အတွေ့ ၊ အလှ ၊ ပညာ
ရင်း ချင် တိုင်း ရင်းခဲ့ကြရရာ။

ပေးဆပ်မှုဖြင့်လည်းကောင်း
ရယူမှုဖြင့်လည်းကောင်း
တပ်မက်မှုဖြင့်လည်းကောင်း
ခွဲခွါမှုဖြင့်လည်းကောင်း
မသိမှုဖြင့် လည်းကောင်း
သိမှုဖြင့်လည်းကောင်း

ထိုအချစ်သည်ကား
ဖြစ်ချင်တိုင်းဖြစ် ၊ ချစ်ချင်တိုင်းချစ်
စသဖြင့်ပေါ့လေ
အဓိပ်ပါယ် အမျိုးမျိုး
စသဖြင့်ပေါ့လေ
ကိုယ်လည်း သိပ်သိတာမဟုတ်တော့
စသဖြင့်ပေါ့လေ
ဒီလိုပါပဲ အချစ်အကြောင်းပြောကြ
မချစ်တတ်ချစ်တတ်ချစ်ကြ
ချစ်နိုင်သမျှ ချစ်ကြ
ချစ်တတ်သမျှ ချစ်ကြ

ချစ်နေကြရသော ထိုအချစ်ကား
မည်သူမျှ မဖြေရှင်းနိုင်သော
ပု စ္ဆာတစ်ပုဒ် ဖြစ်ကောင်းမည်ဟု
အဓိပ်ပါယ် ကောက်ဖြတ် ချမည် ဆိုက

မမှား သို့သော် မမှန်
အမှန် ကား မသိ
တကယ် ချစ်၏
လုံလောက်ပါဘိ။

----------------------------------------------------------------------------------------------

ချစ်ချင်း

ချစ်မှန်းမသိ
ချစ်မိသွားရာ၊
ချစ်မိတော့
မခွဲနိုင်တော့ပါ။

လွမ်းခြင်း မုန်းခြင်း
ချစ်ခြင်း ပဒေသာ၊
အမှန်က
သိရခက်ကြီးပါ။
http://msfrankel.com/student work/Gallery
ပေးခြင်း ယူခြင်း ၊ ထို ၂ ရင်းဖြင့်
ရင်းယူခဲ့ရာ ၊ အချစ်မူကား
မပျော်လည်းရှိ ၊ ပျော်လည်းရှိ၏
ချစ်သည်ဟူသာ ၊ အမိပါဟု
ဆိုလိုဆိုငြား ၊ ထိုစကားကား
ဟုတ်လိမ့် ဟုတ်လိမ့် ၊ သိမှတ်ခြိမ့်ဟု
ရှာသူကား
ချာချာလည်ပြီသာ။

မသိ အသိ ၊ အထိ အရှိ
စုံစီ နှစ်ဖာ ၊ ထိုအရာကား
မရှိလည်းကောင်း ၊ ရှိလည်းကောင်းဟု
ဆိုဖန်သော်ငြား ၊ ၀မ်းတွင်းချစ်ချင်
စိတ်သခင်က ၊ တားဆီးမနိုင်
ချစ်ချင်ပြန်သည် ၊ သည်ခါမည်လေး
အချစ်ရေးသည် ၊ ဘာလဲတစ်မုံ့
ချစ်မိတုံရာ ၊ မခွဲခွါဟု
သခင်မှတ်ချက် ၊ ခတ်နှိပ်ပြန်သည်၊
သူ့အပြုံးဖြင့် ၊ ဆွဲခါလှုပ်နှိုး
အူနှလုံး
ယောက်ယပ်ခတ်ပြီသာ။

(ထိုစဉ် ကျွန်ုပ် နဖူး သို့ အနမ်းတပွင့် ပြေးကပ်လာ၏)

အချုပ်ဆိုရသော်
မမှား သို့သော် မမှန်
အမှန် ကား မသိ
တကယ်ချစ်၏
လုံလောက်ပါဘိ။ ။

(စိတ်ကူးပေါက်ရာ တစ်ခုကို လုပ်ထားခြင်းဖြစ်ပါသည်
မျက်လုံး သော်လည်းကောင်း စိတ်သော်လည်းကောင်း
တစ်စုံတစ်ခု အနှေုာင့်အယှက် ဖြစ်သွားပါက နူးညွတ်စွာ
တောင်းပန်အပ်ပါသည်)

ထွန်းနွယ်

29/06/2010

စက်'ပွဲ'

နာဖျားသော နတ်များသဘင်ပွဲ ဆင်ယင်ကျင်းပခြင်းသို့
ဦးနှောက်ဆဲလ်ကြိုးဖြတ် ဖွင့်လှစ်ပေးလိုက်အပြီးတွင်
အသိစိတ်အစုံက
ရောင်စုံမိုးပျံပူပေါင်းများလို အလုအယက်
အသိမဲ့နယ်ပယ်သို့ အခစားဝင်ရောက်ကြတယ်
ဟောဟိုမှာ ရောင်စုံသက်တံ
ဟောဟိုမှာ မှော်အော်သံ
ဟောဟိုမှာ ဖြုတ်ဆက်တပ်ဆင်ထားတဲ့ ဂီတသံ
ဟောဟိုမှာ အရောင်တောက်တောက်တွေ
ဟောဟိုမှာ တညစာအချစ်တွေ
ဟောဟိုမှာ လုံခြုံရေးတွေ
ဟောဒီမှာ စိတ်ကူးယဉ်ကမ္ဘာကြီး
ဟောဒီမှာ ပြဇာတ်တပုဒ်
ဟောဒီမှာ ဇာတ်ညွှန်းအသစ်တခု
ဟောဒီမှာ လူရိုင်းကကွက်တခု
ဟောဒီမှာ ခင်ဗျားရဲ့စိတ်
ဟောဒီလို လွှတ်တင်လိုက်တယ်
မီရထားတစင်း ခုတ်မောင်းသွားတာ ကြားလား
ဆေးပြားယဉ်ကျေးမှု ၂၁ရာစု ကပွဲသဘင်
လူ့သိုင်းဝိုင်းမှု စည်းမျဉ်းသစ်တခု
လိုအင်ဖန်ဆင်းမှု ကမ္ဘာတုတခု
မီးရူးသန့်စင် ဖွားမြင်ခြင်း၊
ဂိုဒေါင် စက်ရုံ၊ အလုပ်ရုံ ရုပ်ရှင်ရုံ၊ နေ့ည၊ အချိန်မဲ့ဇုံ
မြေအောက်တနေရာမှ ကြီးပြင်းလာမှု

Urban Life#7
နာဇီဝတ်ရုံအောက်က လွှတ်ခဲ့တဲ့
အမေရိကန် ခြေလွဲကပွဲသဘင်
ရေစီးကြောင်း ရွေ့လျားမှု အကွေ့အပြောင်း
မွန်းကျပ်လူ့အသိုင်းအဝိုင်းရဲ့ တောင်းဆိုမှု တညတာ
ထွက်ပေါက်တခု၊
နတ်ပြည်အတု ငရဲပြည်အတု အတုတခုနဲ့ အတု
တွန်းထိုး လွန့်လူးမှု၊ ဆွဲငင် ပွတ်တိုက်မှု
အကြည်ဓာတ် ထွန်းညှို့ထားကြတဲ့
စက်ရုပ်ဆန်သော လူသားများ
အင်္ဂလန်အသင်းက ပီတာခရော့(စ်) ကတာ မြင်ဖူးတယ်မလား
လျှစ်စစ်ဂီတကြိုးဆွဲရာ ကမလား
ဒါမှမဟုတ်. . . . . .
သင်ကြိုက်နှစ်သက်ရာ အသံလှိုင်းတခုကို ရွေးချယ်၍ သီးသန့် နားဆင်ပါ
သင့်စိတ်ကို ဖြေးညင်းစွာ မောင်းနှင်ပါ
အထီးအမ ကွာခြားမှု မျက်နှာဖုံးကွာကျခြင်း
တင်းမာမှုများ ဖြေလျော့ပါ။ စနစ်တခုအောက်မှ
လွတ်မြောက်ခြင်းတခု၊
ရူးသွပ်ပေါက်ကွဲမှု
ခပ်ပါးပါးကိုးကွယ်မှု စိတ်ဝိဉာဉ်ဝါဒတခု
ကျောက်ခေတ်အကနဲ့ ခေတ်မီဘဝ။ ။

အူသောင်

ဂျက်ဂလင်း

သူကလဲ ဘုရင်။
သူမကလဲ ဘုရင်မ။
Iron Woman

မှားတယ်။

စိတ်မာနိုင်သူသာ အနိုင်ရစတမ်း။

မှားတယ်။

အနိုင်အရှုံး မုန်းနေရအောင် ပြိုင်ပွဲလဲ မဟုတ်။
စစ်ပွဲတော့ ဟုတ်တယ်။
သူ့ဘက် ကိုယ့်ဘက် နစ်နာရတယ်။

Juggling ဆော့သလို. .
ဟန်ချက်ညီအောင်. . . ။
ညှိထားစောင်းလို. .
မလျော့မတင်း သံစဉ်ညက်အောင်. . ။
လက်တစ်စုံပဲ လိုတယ်။

ညီမျှခြင်းတွေ၊ အပေါင်း အနှုတ် အမြှောက် အစား အကြွင်း အကျန်တွေ  ' ? ' Marks တွေနဲ့
အတ္တပင်လယ်ထဲ လက်ပစ်ကူးနေသရွေ့တော့. . .
ခြေကုန်တယ်. . .
လက်ပန်းကျတယ်. . .
အသက်ရှုကြပ်တယ်။

ရေနံ့သာ

ခရမ်းလွန်ရောင်ခြည်များ

ဘယ်တွေ ဆက်သွားရဦးမှာလဲ
လမ်းဟာ ခရမ်းရောင်
ငါ အမြဲတစေ မကောက်ကျစ်ခဲ့ပါဘူး
ငါ တခါတရံသာ နိုင်လိုမင်းထက် ပြုကျင့်ခဲ့တယ်
ငါ့ခရီးကိုသာ ငါ ဆက်သွားပါရစေ
ကျောပိုးအိတ်ကို ထားခဲ့တော့မယ်

ဘယ်တွေ ရောက်ရဦးမှာလဲ
လမ်းဟာ ခရမ်းရောင်
ငါဟာ ငါ့ဓါတ်ပုံကို ငါ့ဦးခေါင်းပေါ် တင်
သံယောဇဉ်သံခလောက်ကို လည်ပင်းမှာ ဆွဲပြီး
ငါ ထွန်ယက်ရမယ့် အကွက်ကို ရှာဖွေနေခဲ့တာ
မျက်တောင်လည်း မခတ်တတ်တော့ပါဘူး

Purple Dusk - David Castle

ဘယ်မှာ ခရီးတထောက်လဲ
လမ်းဟာ ခရမ်းေ၇ာင်
ဖန်ပြာခွက်ရှိသည့်တိုင် ကျောက်စက်ရေ မရှိ
အမောပြေစရာကို အမေ မပြောခဲ့ပါ
ဖိနပ်တစ်ရံသာ ချုပ်ပေးခဲ့ပါတယ်

ဘာမှ ခရီးဆုံးမှာလဲ
လမ်းဟာ ခရမ်းရောင်
ခြေဖ၀ါးတွေ ကွဲအက်၊ မြေကြီးတွေ ကွဲအက်
တောအထပ်ထပ် တောင်အသွယ်သွယ်
ငါဟာ လိုအပ်သလောက်သာ မိုက်ရိုင်းပြီး
လိုအပ်သလောက်သာ ယဉ်ကျေးခဲ့တယ်
မလိုအပ်တာတွေ အကုန် တနင့်တပိုး သယ်ပြီး
ခရီးဆက်ကြရတယ်
ငါတို့လမ်းဟာ ခရမ်းရောင်

မၿမင္ရဘူး. . . ဟိုးအေ၀းေ၀း မႈန္ပ်ပ်
တောင်တန်းလား ပင်လယ်လား
သူတို့တွေ ဟာရော ခရမ်းရောင်တွေပဲ တဲ့လား။

ဖိုးခွား

28/06/2010

မြန်မာပိုင်း (ညပိုင်းအစီအစဉ်)

ဤစာသည် ကဗျာတစ်ပုဒ် မဟုတ်သော ညပိုင်းအစီအစဉ် တစ်ခုသာ ဖြစ်သဖြင့် သတိထား၍ ဖွင့်ဖောက်ပါ။
သင် မကြိုက်မနှစ်သက်သော အရာများ ဖိတ်စင်ကျလာနိုင်ပါသဖြင့် ထိရှနိုင်ပါသည်။
ခေါက်ဆွဲထုပ်စား လုပ်သားပြည်သူများအား သီးသန့် အသုံးတော် မခံနိုင်ခဲ့သော် ဖန်တီးသူတွင်သာ တာဝန်ရှိပါသည်။

http://www.illinoispsychiatricsociety.org/news
သတင်းအစုံအလင်မှာ~

မိမွေး ဖမွေးတိုင်း ဖားလောင်းများမှ အမိတ အဖတ ဖားတပိုင်း ငါးတပိုင်းဘဝ ကြားခံ၍ မိပျောက် ဖပျောက် စားဖားများသို့ အသွင်ပြောင်း။
အော်ဟစ်တိုင်တောရင်း ဘဝသစ်တွေ၊ သွေးဟောင်းများ စစ်ကြောထုံးသုတ်ရင်း သွေးသစ်တွေ ပလပ်စတစ်ထူထူလောင်း၊ မာရေကျောရေနဲ့ ရေရှည်ခံဖို့
ခက်တာက မဝေခင်တည်းက ဆွေးလေတော့ ဝေလည်းဆွေး ကြွေလည်းဆွေးပေါ့။
ကွန်းခိုနေဝင်စရာ မရေရာသူ ဆိုသော်လည်း တခါက နေမဝင် အင်ပါယာ လို ခမ်းနားတဲ့ စိတ်ကူးတွေနဲ့ ရယ်ပါ။
ဘာဖြစ်ဖြစ် ကုန်းကောက်စရာ မရှိတောင် အကျမနာအောင် ပုံစံစနစ်တော့ ထား၊ ဒါလဲ နေမဝင်တွေ တာစားသာသွားတဲ့ အကြောင်းအချက်ပဲ မဟုတ်လား. . .

စိတ်၏ စေစားရာသို့ နည်းပညာကောင်းမှု အကြောင်းပြုလို့ ကိုယ်နဲ့ နှုတ် ဆောင်ကြဉ်း
တယ်လီပတီလား၊ တယ်လီ ပလီလား? ?
ဟုတ်ကဲ့. . . .ဒီတခေါက်တော့ အကယ်ဒမီရှော့မှ ရိုက်မလို့
ဖြစ်ရပ်မှန်ဆိုတာ အသက်ဝင်မှ
(ေ#ာက်ပဲနဲ့ ဆိုပေါက်က ဆဲပေါက်နဲ့ေ#ာက်ပိုချည်း)
ခိမ်တွက်လေဖြတ်နေတဲ့ မောင်တွေ. . . မတိန်နဲ့၊ ကိန်သာ ကိန်လိုက်ကြ။


မိုးလေဝသဂြိုဟ်တုက ပေးပို့တဲ့ ပုံများအရ
လေထုဖိအားသိပ်သည်းရာ အလယ်ပိုင်းရပ်ဝန်းဒေသများမှာ ပြောမပေါက် စကားမိုးများ ရွာသွန်းရန် ရာခိုင်နှုန်းများပါမယ်။
ပင်လယ်အော်မှာ ဗဟိုပြုတဲ့ မုန်တိုင်း အင်အားကောင်းပြီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာနိုင်၍ ရင်လှေလူး ကမ်းမမြင်နိုင်ရန် အလားအလာများရှိပါမယ်။
မသိမြစ်အထက်ပိုင်းတွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေမှုကြောင့် မသိရေစီးကမ်းပြိုခြင်း၊ မသိမြစ်ရေလျှံခြင်းများ ဖြစ်ပွါးနိုင်ပါတယ်။


နှင်းငွေ့၊ မြေငွေ့၊ ရေငွေ့ အကုန်ပါတယ်။ နာဇီဆိပ်ငွေ့နဲ့ ဓာတ်ပြုခံရတာ
ဒီလိုနဲ့ သဲနန်းတော်ကြီး ပြိုလဲခဲ့ရ
လှိုင်းကြီးကာ လေထန်တော့ သမိုင်းတွေ တောင်မှမြောက်သို့ စီး
မြစ်ဧရာလဲ ဆိုတီးရန် ဂီတရှားခဲ့ပေါ့။
ဒါကြောင့် ကိုယ်တိုင် မီး မလောင်ပဲ မီးလောင်ခြင်းကို အားပေးရန်
အောက်စီဂျင်တော့ ကူ၊ လေကောင်းကောင်းလဲ ရှုရဖို့

အတိတ်နှင့် အနာဂတ် မသိချင်နေပါ
အချိန်မရပ်သရွေ့ ဒီရေလည်း တက်ဆင်းနေအုံးမှာပါ
ခွေးသည် ပစ္စုပ္ပန်၌ ရှိ/ဖြစ်/လုပ်သော ကြိယာဖြစ်သည်။

ဒီတော့ လူသူထူထပ်ရာ ရက်များမှာဆို ပြောဟောလိုက်ကြ
လူလှိုင်းစီးလို့ လူကြီးဖဝါးအောက်ရောက်
လူရင်းနှီး(ကျွမ်းဝင်/ မြှုပ်နှံ)ရင်း တမူးရှိလို့ တစ်ကျပ်ညောင်ရေသွန်းကြ
တည်ဆောက်ရင်း ဖြောင့်မတ်ရင်း ပွတ်တိုက်ရင်း ကွေ့ကောက်
ကပ်ကြ၊ ခွါကြ၊ ကပ်ခွါကြ
ဆက်စပ်တွဲဖက်လိုက်ကြ
ရောနှောရင်း အယူ/ မူတွေ ကွဲလိုက်ကြ
လူကိုထုပြီး ထောက်ရင်း ခံခိုင်းလိုက်၊
ယိုင်ရုံနဲ့ မပြီး. . . ပြည်လုံးကျွတ်အောင် ကိုယ်ကြိုက်ရာ
ရွေးလိုက်၊ ကောက်လိုက် အဟောင်းတပတ်လဲတွေ စိုက်ပျိုးကြ
နောက်မနက် ဝေလီဝေလင်းမှာပဲ ကားပိုင်းရှည်သီးများ ရိတ်သိမ်းလိုက်ကြ
ဘာတွေ ဘယ်လိုဆိုဆို သမိုင်းဆိုတာ အောင်နိုင်သူက ထွင်းသတဲ့
ဒီလိုနဲ့ ပေါက်ပေါက်ဖောက်ရင်း Pop Artများ အသက်ဝင်ခဲ့သယောင် ဆေးခြယ်ခြစားရာသီပေါ်များ ဈေးကွက်ပေါ်/ ဖော်ခဲ့တယ်

ရိုးသားစွာ မရိုးသားဖူးခဲ့သော်လည်း မရိုးသားမှု တွင်းနက်ကြီးမှ ရိုးသားမှု အရိုင်းတုံးလေးများ တူးဖော်သန့်စင်
သက္ကရာဇ်များ ဖြိုခဲ့သော်လည်း လက်ရှိတော့ ငါများနှင့် ရေခဲမြစ်မှာ အမြစ်တွယ်ရင်း ဖြတ်လမ်းဂြိုဟ်ကြီး ဖျားနာခဲ့ရ

အမှတ်တံဆိပ်များ ခတ်နှိပ်၍ အမှတ်တံဆိပ်များ သုံးစွဲရင်း စားသုံးသူသာ အမြဲမှန်ခဲ့ပါတယ်
ဝယ်ပြီးပစ္စည်း ပြန်မလဲသဖြင့် ကိုယ်ထူလို့ ကိုယ်ထလိုက်ရင်း နောက်လှည့်ပြန်ရန် မဖြစ်နိုင်တော့ပါ။
အသစ်တဖန်ယုံကြည်မှုအတွက် ကိုယ့်အားကိုယ်ကိုးလို့ အသစ်တဖန်မွေးဖွားလိုက်သဖြင့် နောက်လှည့်ပြန်ရန် မဖြစ်နိုင်တော့ပါ။

ဘဝ၊ ဘဝများသို့ ရည်စူး၍ စံနက်တံများ ဖြစ်ကြ
ဝါဒနဲ့ ဓန တံတွေးခွက်မှာ နာရင်းဖျားရင်း၊
တဘဝစာ ပက်လက်မျောရင်း. . . ငရဲသားများ ခေါင်းဖော်ခဲ့ကြ။

လေတိုက်ရင်း၊ ပန်းကြွေရင်း၊ ဝတ်မှုန်ကူးရင်း ပါပဲ။

ကွင်းလယ်မှာ ဖန်တီးကစားပြခဲ့ကြ
ရင်သပ်ဖွယ်ရာ ဟန်ပန်များ၊ ရှုမမောရန် နည်းနာများနဲ့
မရေရာခြင်းတွေ ကန်တင်ရင်း လူ၊ ငွေ၊ အချိန်ကျွံခဲ့
တင်လိုက် တိုက်လိုက်၊ ဆင်လိုက် ဖျက်လိုက်၊
ပျက်လိုက် လိုက်လိုက်၊ မျော/လျှောထိုးလိုက်နဲ့
သယ်ဆောင်/ရောက်ရှိရာ မည်သို့မည်ပုံပင် မသိလိုက်ရပေါ့
သို့သော် ခရာတစ်မှုတ်ဆို ဒိုင်ပွဲရပ်
အချိန်ပို မပါရင် မတန်ဘူး၊ အနိုင်/အရှုံး တစ်ဖက်မှ မကပ်ပြန်ရင်လည်း ရင်မခုန်ဘူးလို့ ဝေဖန်လေကန်
အ ရင်တော့ မှန်မှာပဲ။ ဒါ ခင်ဗျားပြောတဲ့ အမှန်ပဲ မဟုတ်လား


++မီးဘေးအန္တာရာယ်++

မီးယပ်နဲ့ မီးဖိုချောင်ကိစ္စ ထည့်မတွက်ရင်
မီးကိုးကွယ်ရာ/ မီးနေသည် အစပြု
မီးခတ်ကျောက်နဲ့ မီးမွှေး/ မီးခြစ်ဆံနဲ့ မီးပျိုးရင်း
မီးကုန်ယမ်းကုန်ရှို့လို့ မီးခိုးကြွက်လျှောက် လောင်စား
မီးကျိုးမောင်းပျက်ခဲ့ မီးစဉ်ကြည့်ကခဲ့ရ
မီးညှပ်နဲ့ မီးညှိမီးပွါးရင်း၊ မီးတုတ်ကို မီးပြင်း ပြန်တိုက်ရင်း
မီးကြွေနဲ့ အနားတွန့်များအား တိုက်ထိုး
မီးအုပ်ဆောင်းနဲ့ အပူတိုက်၊ မီးပြောင်းနဲ့ မီးမှုတ်ရင်း
မီးလျှံမီးတောက်များ အရှိန်ညီးညီး မြှိုက်ကျွမ်း
မီးပုံပွဲတွေ ကျင်းပ၊ မီးကျည်မီးပန်းတွေ ပစ်ဖောက်
မီးခံပြား၊ မီးခံအုတ်နဲ့ မီးခံဗိသုကာများ မီးခိုးတိတ် ခြိမ့်ခြိမ့်သဲ
မီးပုံးပျံတွေ လွှတ်တင်လို့ မီးစာကုန်ဆီခန်းခဲ့
မီးကပ်မီးချိတ်နဲ့ ငြိမ်းခတ် မီးသင်္ဂြိုလ် အဆုံးသတ်

ယခု သင် မြင်ဖတ်သိနာကြားရသမျှသည် မိုးလုံးပြည့် မုသာဝါဒများသာ ဖြစ်သည်။

ရပ်နေ့ သတင်းအစီအစဉ် ဤတွင် ကြေညာလို့ ပြီးပါပြီ။

တွေ့လား. . သတင်းတောင် ကြေညာတတ်ရင် အထာကျပါတယ်။
ဟာ. . . ဒီဂေါက် လာဖောက်နေပြီ။ ခေါ်ပြီး ဖျောက်ပလိုက်စမ်း. . . .




ယိုဒါရှီးမား

22/06/2010

သံကွင်းစွပ်ကျောက်တိုင်

Flower Chucker 2 - Banksy
အိပ်မက်က နံရံကို တိုးတယ်

မှန်မှာ ကပ်နေတဲ့ ပုဇဉ်းလို

အပြင်လောကဟာ မြင်သာမြင်ရ မကြင်ရ

တိုးမယ် ဆက်တိုးမယ်

ဟိုး အပြင်ဘက်မှာ စိမ်းလန်းနေတာ

အဲဒါ ငါတို့အတွက် မဟုတ်ဘူးလား

နံရံကိုပဲ ဆက်တိုးမယ်

မရောက်နိုင်တော့ဘူးလား

ယင်ကောင်တိုးလို့ ကွဲတဲ့မှန် မရှိဘူးတဲ့လား

ခု မရှိသေးလည်း

နောက်တော့ ရှိချင်ရှိလာမှာ. . .

နွားကျောင်းသားရဲ့ လောက်စာလုံးနဲ့ ကံဆုံတဲ့အခါ။



ဖိုးခွား

ငါ့အိမ်ထဲက မင်းမကြိုက်တဲ့အစာတွေ

ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
ပြတင်းပေါက်တွေအကြောင်း
နွေညနေခင်းရဲ့ ကြွေရွက်ဝါတွေအကြောင်း
နေရောင်ခတဲ့ လက်ဖက်ရည်ဆိုင်အကြောင်း
ပဲ့တင်ထပ်နေဆဲ မင်းရယ်သံအကြောင်း
စံပယ်တစ်ခွက် အကြောင်း

 ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
ကောင်းကင်က ကြယ်တွေအကြောင်း
ဓါတ်မီးတိုင်တွေရဲ့ ညအကြောင်း
လူသွားလမ်းက အကင်ဆိုင်အကြောင်း
ဘဝနှစ်ခုကျသွားတဲ့ ဘီယာတစ်ခွက်အကြောင်း
ညက အိပ်မက်တွေ အကြောင်း။

ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
အချိန်တွေထဲက လူတွေအကြောင်း
မိုးရေစက်ထဲက အိမ်တွေအကြောင်း
ရေစိုနေတဲ့ လမ်းတွေအကြောင်း
မင်းနဲ့ မလိုက်တဲ့ မိုးကာဝတ်စုံအကြောင်း
ရေစိမ်နှုတ်ခမ်းတစုံ တိုက်တဲ့ရေစက်တွေအကြောင်း။
www.artyfactory.com

ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
ဆောင်းညကြယ်တွေ အကြောင်း
ဘုရားကျောင်းရဲ့ ခေါင်းလောင်းသံအကြောင်း
ရေခဲမှတ်ရဲ့ ညတွေအကြောင်း
နှစ်ကူးပွဲရဲ့ ဆုတောင်းသံအကြောင်း
ဆောင်းအိမ်မက်ရဲ့ ရေခဲမြစ်အကြောင်း။

ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
အချိန်ကာလနဲ့ နေရာဒေသတွေအကြောင်း
ယုံကြည်မှုရဲ့ မယုံကြည်နိုင်စရာတွေအကြောင်း
အလှမွေးငါးတစ်ကောင်ရဲ့ မှန်နံရံဘဝအကြောင်း
လှောင်အိမ်မလိုတဲ့ သံယောဇဉ်တစုံအကြောင်း
နိဂုံးမပါတဲ့ ကဗျာတစ်ပုဒ်အကြောင်း။

ပြောတယ်။ လှောင်အိမ်ထဲကဌက် ပြောတယ်။
ရေရောမထားတဲ့ သွေးစက်တွေအကြောင်း
ပလပ်စတစ် ရောင်းတမ်းဝင် အချစ်တွေအကြောင်း
ရေပန်းစားနေတဲ့ အောက်ဒိုး လက်ထပ်ပွဲတွေအကြောင်း
မျက်လှည့်ဆရာ ဦးထုပ်အောက်က ဌက်တကောင်အကြောင်း
နန်းစွန့်သွားတဲ့ Edward VIII အကြောင်း
သန့်စင်တဲ့ အတွေးတဆုပ်အကြောင်း
လှောင်ချိုင့်တွေအကြောင်း
ဟုတ်တယ်။ လှောင်အိမ်ထဲကဌက် ပြောနေတယ်။ ။

အူသောင်

19/06/2010

ဖြစ်ပျက်သံသရာ*

မြေငလျင်နဲ့၊
.............ဆူနာမီနဲ့၊
ဟိုဝါဒနဲ့၊
............ဒီဘာသာနဲ့၊
ဒီဖက်ရှင်နဲ့၊
............ဟိုစကားနဲ့၊
ဟိုဟာနဲ့၊ ဒီဟာနဲ့.........၊

အဲဒီ `နဲ့´ တွေနဲ့ ပဲ
တို့တွေ နဲ့ နဲ့ လာတာ။
A Perfect Pattern

အသက်ရှိသလောက်၊ ဒုက္ခ
နှစ် ရှိသလောက်၊ သုခ
ယောင်ယောင်ပဲ။

ဘာမှ မဟုတ်တာ။

ကမ္ဘာကြီးဟာ
တို့တွေရဲ့ ကမ္ဘာကြီး
....................၊ မဟုတ်ဘူး
တို့တွေ နေရာ ကမ္ဘာကြီး။

လောကကြီးဟာ
တို့တွေရဲ့ လောကကြီး
......................၊ မဟုတ်ဘူး
တို့တွေ နေရတဲ့ လောကကြီး။

သမိုင်းတွေ၊
အနာဂါတ်တွေ၊
စည်းတွေ၊
ပုဒ်မတွေ၊
ဘာမှ၊
ဟိတ်ဟန်ထုတ်၊
ရောင်းဝယ်မနေနဲ့
(လာပြန်ပြီ အဲဒီ `နဲ့´ ပဲ)

ရှင်သန်ဖို့ ကြိုးစားရင်း
......................လူဖြစ်လာကြတာ

တို့တွေဟာ
မြေကြီးနဲ့ တသားတည်း ၊

ဖြစ်ပျက်သံသရာထဲ
တချိန်မှာတော့ မြေကြီးနဲ့ တသားတည်း။ ။

(*ညွှန်း = ကမ္ဘာ့ဂြိုဟ် တိုက်ကြီးများ ဖြစ်ပျက်သံသရာ)

ထွန်းနွယ်

မပူပြင်းသော နွေရာသီအတွက် မလင်းလက်နိုင်သောကြယ်

မပြန်ချင်တော့ဘူး.. မပြန်ချင်တော့ပါဘူး... ဦးရယ်
အခန်းကျဉ်းလေးဟာ မွန်းကြပ်လှပါတယ်
စီးကရက်မီးခိုးငွေ့တွေကြားလည်း ပြန်မ၀င်ချင်တော့ဘူး
ဝီစကီခွက်တွေလည်း မငှဲ့ပေးချင်တော့ဘူး
နှစ်ကိုယ်တူ ချစ်သမျှလည်း မဆိုချင်တော့ဘူး
ပန်းကုံးတွေလည်း မလိုချင်တော့ပါဘူး
သမီးဟာ တွမ်အန်ဂျယ်ရီထဲက ရေမကူးတတ်တဲ့ ဘဲလေးလိုပဲ

http://pixdaus.com/

သမီးဟာ အတောင်မပေါက်ဘဲ ခဏခဏ ထထပျံတတ်တယ်
သမီးဟာ လောကကြီးကို ဘေးတစောင်းကြီး ကြည့်တယ်
သမီးဟာ မေမေ့ဆီကို ငိုငိုပြီး ဖုန်းဆက်တယ်
သမီး အိမ်လည်း မပြန်ချင်ဘူး.. ဘယ်ကိုမှ မပြန်ချင်ဘူး...
သမီး ရေစည်လှည်းတွန်းတာလည်း ၀ါသနာမပါဘူး
သမီး ထမင်းကြမ်းနဲ့ ငရုတ်သီးကြော်နဲ့ မစားချင်ဘူး
သမီး ဖီးစင့်စက်ဘီးအစုတ်လည်း မစီးချင်ဘူး
မပြန်ချင်တော့ပါဘူး. . . ဦးရယ်။ သမီး တကယ် မပြန်ချင်တော့ဘူး။


ဖိုးခွား

16/06/2010

စက်ရုံအမှတ် (၈၃)

တအိအိနဲ့ ရွှေ့နေလိုက်ပုံများ
ဆာဟာရကို ဆူဠလိပ်ကြီး ဖြတ်နေတဲ့ ပုံစံမျိုးနဲ့။

သူ့ခမျာ....
မျိုချလိုက်၊ အန်ထုတ်လိုက်နဲ့
နားရတယ်ကို မရှိဘူး ။

တခါတခါ
ချောင်လယ်နေပုံများက
သူသာသခင်၊ သူသာအရှင်

တခါတခါ
ကျပ်တည်းလိုက်ပုံများ
ဖယောင်းတိုင်တွေ စုချည်ထားသလို
ခြေချစရာတောင် မရှိ။

ဆေးရုံ၊ ဘုရားကျောင်း
ဝင်ဘလေ၊ သူဒေါ ပန်းခြံ
ကန်ဘေး၊ ကွင်း(စ်)ဘရီ
အယ်ပါတန်၊ ဟန်းဂါးလိမ်း
ဒါတွေက သူနဲ့ ပတ်သက်တဲ့
အမည်နာမတွေပေါ့။

တချက်တချက်
သူ့သက်ပြင်းချသံ ပြင်းပြင်းမှာ
လူတွေလည်း
လန့်လန့် နိုးကြတယ် ။

တချို့တချို့တွေက
သူနဲ့အတူ စကားတွေ တပြောပြော
တချို့တချို့တွေက
ပျော်ကြပါးကြ၊ မူးကြရူးကြ
သီချင်းတွေနဲ့ အိပ်ကြ
စာအုပ်တွေနဲ့ အိပ်ကြ
စာရေးကြ၊ ကဗျာရေးကြ
ရန်ဖြစ်ကြ၊ အော်ဟစ်ကြ
အနိုင်ကျင့်ကြ၊ အိပ်ငိုက်ကြ
သူကတော့ မသိဘာသာပဲ ။

မျက်စိနောက်စရာ ကောင်းအောင်
ရာသီမရွေး၊ ဥတုမရွေး
နေ့မရွေး၊ ညမရွေး
စုန်ချည် ဆန်ချည်နဲ့
လည်ပတ်နေလိုက်တာ
သူ့မှာ ပန်းတိုင်မရှိ
မှတ်တိုင်ပဲ ရှိသတဲ့။

အယုတ်အလတ်အမြတ် မရွေး
သူ့အထဲ သွင်းလိုက် ထွေးလိုက် လုပ်နေတာ
တခါခါ ခွေးတွေကြောင်တွေပါ ပါသေး။

သူ့သွင်းကုန်နဲ့ ထုတ်ကုန်ရဲ့
ကွာခြားချက်ကလည်း
အကွာအဝေးပါပဲတဲ့ ။

သူ့ဆီက ထွက်ထွက်လာတဲ့
ကဗျာခိုးတွေ
စာခိုးတွေက
သဘာဝဝန်းကျင်နဲ့
ဂေဟစနစ်တို့အတွက်
သဟဇာတ ဖြစ်ပါလေစ။
သူကတော့ သူမဟုတ်သလို
ခပ်တည်တည်နဲ့
ရှေ့မှတ်တိုင်မှာ ဂိတ်ဆုံးမယ်လို့
အော်နေလေရဲ့. . . . . ။

မောင်ရင်ငဇေ

ရှက်လိုက်တာ

ရှက်လိုက်တာ
မြင်းမိုရ်တောင်ဦးမက ကျူးတဲ့
သမိုင်းဟာ ဒီလိုပဲ နိဂုံးချုပ်ခဲ့ရတယ်။
The Life Giver

အငိုတိတ်စေတဲ့
ရင်ခွင်နဲ့ မေတ္တာတရားအတွက်
ကျေးဇူးမဆပ်နိုင်ခြင်းပဲ ကျန်တယ်။

ကျွေးမွေးသုတ်သင်ခဲ့တဲ့
လက်ချောင်းတွေအတွက်
တစ်ရှိုက်မှ မနမ်းနိုင်ခြင်းပဲ ကျန်တယ်။

နေမကောင်းတိုင်း ချော့တိုက်ခဲ့တဲ့ ဆေးခါးတွေအတွက်
နောင်တခါးခါးတွေပဲ ကျန်တယ်။

ချွေးတွေနဲ့ စိုစိုရွှဲ အိပ်ရာက လန့်နိုးတိုင်း
ပွေ့ဖက်သိပ်တတ်တဲ့ မျက်နှာတစ်ခုအတွက်
ငါ့မှာ မျက်နှာပူပူတစ်ခုပဲ ကျန်တယ်။

ရှက်လိုက်တာ။

ဟောဒီမှာ
တယုတယ တိုက်ခဲ့တဲ့ ဆန်ပြုတ်ချိုင့်လေးလောက်မှ
ဇောက်မနက်တဲ့ကောင် တစ်ကောင် ကျန်တယ်။

ချမ်းညီချို

(24-04-2010 တွင် ကွယ်လွန်သွားသော အဖွား ဒေါ်ခင်မြင့် အတွက် ရည်စူး၍ ဤကဗျာကို ရေးပါသည်။)

13/06/2010

နိုင်ငံရေးမရှိတဲ့ မွေးမြုရေး ငါး

အဲဒါ
နိုင်ငံရေးမရှိတဲ့ မွေးမြုရေး ငါးတွေမှာ
ဖြစ်ခဲ့တာပါ။

ဟုတ်တယ်
မွေးမြုရေး ငါးတွေမှာ
ဖြစ်ခဲ့တာပါ။

အဲဒီမှာ
တစ်ဝက် မှိုတက်ခံရတဲ့
နုပျိုမှုတွေ ပါတယ်၊

အိမ်ပြေးတစ်ယောက်ရဲ့
ကြေကွဲရမှုတွေ ပါတယ်၊
Drew Beckmeyer
ဆယ်ဘဝစာ အမောမီးခိုး ပါတယ်၊

အမြဲစိမ်းသစ်တောလေးသာ တောင့်တတဲ့
ငန်းဖြုတစ်ကောင်ရဲ့
ဆန္ဒအပူတွေ ပါတယ်

ဒေါင်းပျိုတစ်ကောင်ရဲ့
ဆန္ဒအပူတွေ ပါတယ်။

ဘယ်သူဟာ
ပန်းသီးတစ်လုံးကို စားပြီး
နယူတန်လို တွေးခေါ်မိပါသလဲ

မစဉ်းစားတော့ပါဘူး... တဲ့။

မြေကြီးမှာ ဆွဲအားရှိလည်း
ပေါ့ပေါ့ နေစား လိုက်ချင်တာပါပဲ တဲ့။

တစ်ကိုယ်လုံး တစ်ဘဝလုံး စုတ်ယူ
ကိုယ့်ကိုယ်ကို မသေရုံ မွေးမြုထားတဲ့သူတွေ
ရှိနေပြီ

မစဉ်းစားတော့ပါဘူး... တဲ့။

တိုက်ကလေးဆောက်၊ ကားလေးစီး
ဟောဒီ ဝမ်းတစ်ထွာ ဝနေရုံလောက်ပါပဲ တဲ့။

ကမ္ဘာကြီးခင်ဗျား
သင်ကောင်းခဲ့သော်လည်း
ကျွန်ုပ်တို့ ဆိုးခဲ့ပါတယ်

ရိုးသားခွင့် မရှိတော့လို့ပါ. . . ။

ရိုးသားခွင့် မရှိတော့လို့ပါ. . . ။

ရိုးသားခွင့် မရှိတော့လို့ပါ. . . ။

အဲဒီမှာ လူ့အဖြစ်ကို
အံ့ဩ ထိတ်လန့်ဖွယ်ရာ
တွေ့ရှိရတာ ဖြစ်ပါတယ်။

ကျွန်တော့် ဦးနှောက်အဆင့်က ဒီလောက်ပါပဲ...

နိုင်ငံရေးမရှိတဲ့ မွေးမြုရေး ငါးတွေပါ ခင်ဗျာ။



ချမ်းညီချို

အပိုင်းအစများ
မောင်ချောနွယ် - "မောင်ချောနွယ် အတု" ကဗျာများ။

နံပါတ် (၁)

နေလောင်သဲပြင်မှ တန်ခိုးကြီးသော
တံလျှပ်အသွင် ကိန်းဂဏန်းရုံကြီးကို
မပြည့် ပြည့်အောင် အဖြည့်ဆောင်နေရတဲ့
ဒေါင်းယောင်ဆောင်တတ်တဲ့ . . . . .
နံပါတ်စဉ်လေးများမှ နံပါတ်တစ်ခုက ဆိုတယ်။
မမှောင်မလင်းပေမဲ့ ဒီအလင်းနဲ့ မြက်စားလို့တော့ ဖြစ်တယ်
သေချာတာက အချစ်မှန်ရင် ပင်လယ်ရေတောင် ချိုပြန်သတဲ့. . . ။

တစက္ကန့် ထင်ပေါ်ရင်း လျှပ်တပြက်အတွင်း စင်ပေါ် တက်လို့
လျှပ်တပြက် တေ့ဖြုတ်ရင်း တစက္ကန့်အတွင်း တေ့လွဲ လွဲလို့
ကြင်နာတဲ့ နောင်တနဲ့ နာကျင်တဲ့ ကာလတွေ ရောပြွန်းရင်း
အလှည့် ချော်/ကျော်ရင်း အလှည့် ပေါ်/ပျောက်ကြ
နိမိတ်ပြသင်္ကေတနဲ့ သာဓကတွေ ပြရင်း
လက်မထောင်. . . ရင်ကိုကော့လို့ . . .

Line Of Sight - Keith Brown
ဝေမျှပေးရင်း ခေါင်းမော့လို့ လမ်းပျောက်၊
မျှဝေယူရင်း ဖိုထိုးလို့ လမ်းပျောက်
"အရှေ့ အနောက် တောင် မြောက် ဘယ်မှာ
မသိသော်ငြား သူဌေးသားသည်" ဆိုသလိုမျိုး

အခုတော့ ဓူဝံကြယ်လဲ လမ်းပျောက်၊ အိမ်မြှောင်လဲ
မုန်တိုင်းမျက်ကွင်းထဲက လေညွှန်တံလို
အရှေ့ အနောက် တောင် မြောက် ဘယ်မှာ
မသိသော်ငြား. . . . . . . . . .
အရှေ့ အနောက် တောင် မြောက် အရပ်ရပ်သို့။
သို့သော် ကျေးဇူးပြု၍ . . . . .
မျက်ကွယ်ပြုထားတဲ့ မျက်ကွယ်ရာရပ်မှ အဖြစ်အပျက်များ
မျက်ကွယ်ရာရပ်မှာ မသိမသာလုံခြုံစွာ ခေတ္တ သိမ်းဆည်းထားပါ။ ။




ယိုဒါရှီးမား

08/06/2010

ငုပ်ကောင်

ဖောက်ပြန်ခြင်းတွေ သိုက်တူး
ငါးမရလို့ ရေချိုးပေးလိုက်သလို
လောင်လောင်၊ ရှို့ရှို့ မီးတော့ လိုတာပဲ။
'သွေးက ပျားရည်ထက် ပိုချိုတယ်' တဲ့
ထက်မြတဲ့ ပုလဲကုံးလေး ဝင်းလက်သွားတယ်
ရက်လွန်နေတဲ့ After-Shaveတော့ အငွေ့ပျံလို့
အခု ဘယ်အခြေအနေမှာ ရှိလိမ့်

ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ ယာယီတွေ
ပေါ်လာလိုက် ပျောက်သွားလိုက်
ဆိုးဆိုးဆတ်ဆတ်နဲ့ ရပ် ကြည့်ရင်းသွားလိုက်
မီးနီ၊ မီးစိမ်းလေးတော့ တဆိတ် သတိ။
ရှူရှိုက်လိုက် မှုတ်ထုတ်လိုက်
ဟန်ပါပါ၊ သံဝါဝါနဲ့ စာ၊ ကမ္မဝါဖတ်လို့
ကဲ. . . ဘုန်းကြီးတစ္ဆေ တဖြစ်လဲ
ရေ မနစ်ဖို့ အရေး၊ ကွေး ကန် ရင်း ညှပ်လိုက်။

Andy J.Miller

မျှော်နေတိုင်း ဝေးလဲ. .
ဒီတပင်တော့ ငုပ်ကောင်ပဲ ဖိဖိထိုး
ငွေကုန်ထိုး၊ ဘဝပုံထိုး
မြိုးမြိုးမြက်မြက်လေး စားရဖို့
အနားသတ်မျဉ်း တိုးကြည့်၊ ချဲ့ကြည့်
'အံဝင်ဂွင်ကျ မှားယွင်းစီးကြောင်းထဲ မမျောရဖို့' တဲ့။
တဖန်.. အမှန်တရားကိုယ်နှိုက်က
အိပ်မက်စက်ရုံက ပဟေဠိပြကွက် ဖြစ်နေပြန်တော့
အိုင်းစတိုင်း ကလုံးထုတ်ပွဲမှာ ဘာဘာညာညာ မလို
သူသူငါငါ အကုန်နွှဲ ဝင်ကြဲကြပေါ့။ ။

ယိုဒါရှီးမား

ကဗျာတစ်ပုဒ်

နင်းလာတယ်
လျှောက်လာတယ်
အဲဒီလမ်း

ဘ၀တွေ
လူတွေ

ခပ်တည်တည်ပဲ
................အဓိပ္ပါယ်တွေ ဖွင့်!

မသိခြင်းကိုပဲ သိခဲ့ကြသလို မသိခဲ့ကြတယ်။

ကြေငြာကပ်၊ တံဆိပ်ရိုက်
လွှတ်လိုက်တယ်
ဈေးကွက်ဝင်ရင်၊ အမှန်တရား ဖြစ်ပြီပေါ့။

ဟန်ကျပန်ကျပဲ။
Still Life With A Poem - Juan Gris
ရေကြည်ရာ မြက်နုရာရှာသလို
နယ်ပယ်သစ်တွေ ဖန်တီး

စစ်လက်နက်တွေ နဲ့၊
နှလုံးခုန်စက် နဲ့၊
ဇိမ်ခံပစ္စည်းတွေ နဲ့၊

အတွေ့အကြုံအသစ် အတွက်
အင်တာနက်နဲ့ ၊
ဂိမ်းစက်နဲ့၊
အချစ်ဆိုတာနဲ့၊

သေသွားတော့လည်း သေသွားလို့ပေါ့
ဖြစ်သွားတော့လည်း ဖြစ်သွားလို့ပေါ့

ဖြေဆည်ရာအတွက် (တရားခံ ရှာရန်အတွက်)
ဘုရားသခင်နဲ့ ၊ တမန်တော်မိုဟာမက်နဲ့
ဗုဒ္ဓဘာသာနဲ့ ၊ ယုံကြည်မှုတွေနဲ့

ခပ်တည်တည်ကြီး
အလွဲတွေကို ရီကြတယ်
ဒုက္ခတွေကို ရီကြတယ်
နာကျင်ခြင်းတွေကို ရီကြတယ်
မျက်ရည်တွေကို ရီကြတယ်

ပျော်စရာကို ဘာပေးရ ပေးရ

ဟုတ်တယ်လေ
သေခြင်းကို ပျင်းရိစွာ ထိုင် စောင့်ကြမလို့လား

ရီလိုက်ကြ၊ ငိုလိုက်ကြ
အညောင်းပြေ အညာပြေ အပျင်းဖြေလိုက်ကြ

ခုလည်း အပျင်းပြေလိုပြေငြား
ကဗျာလေး တစ်ပုဒ်
ကဗျာလေး တစ်ပုဒ်ပေါ့။ ။

ထွန်းနွယ်

အပြာရောင် ဂြိုဟ်သားများ (၁၀)/အိပ်မက်

အခုတလောမှာ ကြယ်လေးတွေလည်း
ငါ့ရင်ကို ထိအောင် မလင်းကြဘူး
ဪ.. သူတို့မှာ သံစဉ်မှ မရှိကြတော့ပဲကိုး။

အခုတလောမှာ ဆောင်းကလည်း
ငါ့ရင်ကို ရွှဲရွှဲစိုအောင် မအေးမြဘူး
ငိုသံတစ်ဝက် ရယ်တစ်ဝက်နဲ့
ဆောင်းအိပ်မက်တွေ ခါးလွန်းလို့ တဲ့။
nahidrains.wordpress.com
အခုတလောမှာ သီချင်းတွေကလည်း
ငါ့ရင်ကို မပျော်မြူးစေဘူး
အလေ့ကျပေါက်တဲ့ ဒီရုပ်ရည်လေးနဲ့
အသည်းကွဲနေရလို့ တဲ့။

အသစ်တဖန် ဖြစ်မြဲဖြစ်နေပြန်တဲ့
နေ့ရက်တွေအကြောင်း မေးကြည့်တော့

မောင်သိန်းဇော်က

"လောကကို ရွှေဖြစ်အောင်
မပြုံးနိုင်တဲ့အဆုံး
နေလုံးလည်း ကွယ်ပြီ. ." တဲ့။

မပြောရဲတော့ပါဘူး အိပ်မက်ရယ်
နှင်းတစ်ဝက် မြူတစ်ဝက်နဲ့
သံသရာ အဆက်ဆက် မှုန်ဝါးအောင်
မင်း သိပ်လှတာပဲလို့။

ချမ်းညီချို

05/06/2010

သံယောဇဉ်

Child Development သင်ရတုန်းက John Bowlby ရဲ့ Attachment Theory ကို တီးမိခေါက်မိတယ်။

ကလေးက အမိဝမ်းက ကျွတ်ပြီ ဆိုကတည်းက မိခင် ရင်ငွေ့ကို နာရီပိုင်းလောက် ပေးလှုံရတယ်။ နောက်.. အမေ (သို့) အမေအစားထိုးတစ်ယောက် (သို့) တစ်ယောက်နှင့်အထက် နဲ့ Attachment ရှိရတယ်။ Attachment ဆိုပေမယ့် Secure Attachment ဖြစ်ရမယ်။ ဆိုးတဲ့ အကျိုးဆက်တွေပေးနိုင်တဲ့ Insecure Attachment ဆိုတာကလဲ ရှိသေးတာကိုး။

နောက် စိတ်ဝင်စားတာတစ်ခုက ကလေးကို Attachment ပေးတဲ့ လူကို Secure Base လို့ ခေါ်တာပဲ။ ကလေး ရဲ့ စိတ်ထဲမှာ 'ငါ ဘာဖြစ်ဖြစ် ဒီလူကတော့ ဒီမှာ ရှိနေလိမ့်မယ်' ဆိုတဲ့ အတွေးက သူစိမ်းလောကကြီးကို စူးစမ်းမယ့် သူ့ကို အများကြီး အထောက်အကူပြုတယ်။ အထင်ရှားဆုံးက ကျောင်းထားတဲ့အချိန်ပဲ။ ထားခဲ့ရင် အေးအေးဆေးဆေး နေခဲ့တယ်။ ခဏတော့ သူ မကြည်မလင် ဖြစ်မယ်။ ဒါပေမယ့် ခဏပဲ။ ပြီးရင် သူ့ဘာသာ Explore လုပ်မယ်။ အချိန်တန်လို့ အမေနဲ့ ပြန်တွေ့ရင် အေးအေးဆေးဆေးပဲ ပြန်လိုက်သွားမယ်။

Insecure Attachment ကတော့ ဒီလိုမဟုတ်ဘူး။ ရှုပ်ထွေးတယ်။ သူ့ရဲ့ Attachment Base က သူလိုအပ်တဲ့အချိန်မှာ ရှိမနေဘူး၊ နွေးထွေးမှု မပေးနိုင်ဘူး။ ရှိနေလိုက် မရှိနေလိုက်ဖြစ်နေတဲ့အခါ Secure မဖြစ်တော့ဘူး။ အဲဒီအခါမှာ ကလေးက သူ Attach ဖြစ်နေတဲ့လူကို မယုံတော့ဘူး။ မယုံတဲ့အတွက်.. မျက်စိအောက်က ပျောက်သွားမှာ အရမ်းဆိုးတယ်။ အရမ်းကပ်တယ်။ သူ့နားမှာ မနေဘူးဆိုရင် ငိုမယ်၊ ဂျီကျမယ်၊ အမျိုးမျိုးဖြစ်နိုင်တယ်။ ပျောက်သွားပြီးလို့ ပြန်တွေ့တဲ့အခါမှာလဲ အေးဆေးမဖြစ်နိုင်တော့ဘူး။ ၂ မျိုးဖြစ်နိုင်တယ်။ အရမ်း ဘာသိဘာသာ ရှောင်ဖယ်ဖယ်လုပ်နေတာမျိုး နဲ့ အရမ်းဂျီကျသောင်းကျန်းပြီး ငိုတာ။ ၂ မျိုးလုံးကတော့ Attention ရအောင်လုပ်တာလဲ ပါတာပေါ့။ ဒါကြီးက အသက်ကြီးတဲ့အထိ ပါနိုင်တယ်။

http://yogaofalignment.com/

အခုနောက်ပိုင်း စဉ်းစားမိတာက ဒါမျိုး Attachment က သမီးရည်းစားတွေ၊ အိမ်ထောင်သည်တွေ ကြားမှာလဲ လိုအပ်တာပဲလို့။

Relationship တစ်ခုကြားမှာ Secure Attachment တစ်ခုရှိနေခဲ့ရင် တစ်ယောက်နဲ့ တစ်ယောက် ဝေးနေလည်း ပျော်ဖို့ကောင်းမှာပါပဲ။ သူကလဲ သူ့အလုပ်လုပ်၊ ကိုယ်ကလဲ ကိုယ့်အလုပ်လုပ်နေပေမယ့် စိတ်ထဲမှာတော့ လုံခြုံနေတာပဲလေ။ ငါ့ကို ချစ်တဲ့... ငါ့အတွက် အဆင်သင့်ဖြစ်နေတဲ့၊ ငါ့ကို မျှော်လင့်နေမယ့် လူတစ်ယောက် လောကကြီးရဲ့ တစ်နေရာမှာ ရှိနေပါလား ဆိုတဲ့ အသိက ဘယ်လောက်လုံခြုံစေသလဲ။

Insecure Attachment ဖြစ်နေတဲ့ Relationship တစ်ခုကြားမှာ သာယာပျော်ရွှင်မှုက ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေမယ်ထင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတဲ့အချိန်မှာ စိတ်ပူနေတာမျိုး၊ သံသယဖြစ်နေတာမျိုး၊ ဖုန်းတဂီဂီဆက်နေမှာမျိုး။ ပြန်တွေ့ကြတဲ့အခါ စစ်လားဆေးလားမေးလားမြန်းလား နဲ့ စကားများကြရမှာမျိုး။ ဒါမှမဟုတ်လဲ.... စိတ်လုပ်ထားလို့၊ သံသယစိတ်တွေများထားလို့ ပြန်တွေ့တဲ့အခါ ကြည်လင်တဲ့စိတ်နဲ့ မကြိုဆိုနိုင်ပဲ... ခပ်ခွာခွာ ဘာသိဘာသာ နေမိတာမျိုး (သို့) တွေ့တာနဲ့ ဆီးပြီး ပြဿနာလုပ်တာမျိုးတွေ အမျာကြီး ဖြစ်နိုင်တာပဲ။

ကတိတစ်ခုပေးပြီး ခဏခဏ ဖျက်တတ်တဲ့အခါမျိုး၊ ရည်းစားဟောင်းနဲ့ ခုထိ အဆက်အသွယ်ရှိနေသေးမယ်၊ အသုံးအနှုန်းတွေကလဲ မပြောင်းကြဘူး။ ဒါမှမဟုတ်.. ယောကျာ်းလေး (သို့) မိန်းကလေးက 'မင်းကတော့ စိတ်ပျက်စရာကောင်းလာပြီ' လို့ ခဏခဏ ပြောခံရလာရမယ်။ ဒီကြားထဲကမှ တစ်ယောက်နဲ့ တစ်ယောက်ကလဲ တစ်နေရာစီ နေရဦးမယ်ဆိုရင် Secure Attachment က Insecure ဖြစ်လာနိုင်တယ် ထင်တာပဲ။ မလုံခြုံတော့ဘူးလေ။ မလုံခြုံတော့ဘူးဆိုမှတော့ တော်တော်ခက်ခဲလာပြီပဲ။


ရေနံ့သာ

မုန့်ဟင်း(ခါး)

ဘယ်သူ စစားသလဲ
ဘယ်မှာ ဆုံးမလဲ
အိုးဘဲဥ အစရှာသလို
ဘာကြောင့် စားခဲ့တာလဲ
ဘာနဲ့ စားမလဲ။
အလွှာစုံနဲ့ စားမယ်
သူတောင်းစား ကနေ
သူဌေးသား အထိ
ပြာတာ ကနေ
အာဏာရှင် အထိ
ခါကာဘိုရာဇီ ကနေ
ကော့သောင်း အထိ ။

အစ်ကို ဘယ်ကလဲ။
ဝေးတယ် ညီလေးရာ. . .
မွေးကတည်းက ဆိုပါတော့
မွေနေ့၊ ကျောင်းရှေ့၊ ဈေးရှေ့
အလှူ၊ မင်္ဂလာဆောင်
ဘာသာ ဘာညာတွေ
လှုပ်လှုပ်ရွရွတွေ ရှေ့။
(ဘာနဲ့ စားမလဲ)
ပျော်ပွဲ၊ အသုဘ
နေ့ည ဥတုသုံးပါး
ဧရာဝတီမြစ်ကြီးတောင်
ဟင်းရည် ပူပူဖြစ်ဖူးတယ်။
http://www.richartsofasia.com/blog/
စစ်ပွဲတွေ၊ အဓိကရုဏ်းတွေ
သဘောတရား
ခံယူချက်နဲ့ ကွဲလွဲမှုတွေ
ဌက်ပျောအူနဲ့ ကြက်သွန်ဥနီတွေ
ပျက်သုန်းခြင်းနဲ့ အစပြုမှု. . .
မုန့်ဖတ်နဲ့ အဆာပလာတွေ
စီးနေတဲ့ခေတ်နောက်
ထမ်းလိုက်ခဲ့တာ
ဘုရားခန်းကနေ
အများသုံး သန့်စင်ခန်းနားထိ
ကြွေပန်းကန်၊ ငွေဇွန်းတပ်ကနေ
ချိုင့်စုတ်၊ စတီးဇွန်းအထိ
အိပ်စ်စပို့ကနေ
လမ်ကြို လမ်းကြား အထိ
ရောဂါဘယ စစ်ဆေးခြင်းကနေ
အဆုံးမဲ့ သုံးသပ်ချက်အထိ
တော်တော်များများကတော့
ငါးနိုင်နိုင်ပြုတ်ဖို့နဲ့
ဆီနိုင်နိုင်သတ်ဖို့ပဲ။

ဧည့်ခန်းကနေ
ဆိုင်ကနား လမ်းဘေးအထိ
ဘူး၊ ပဲ၊ အကြော်စုံ
လိုက်ဖက်ရာ ကြိုက်နှစ်သက်ရာ နဲ့
အဆာပလာ၊ အချဉ် အငံ
အရည်၊ အသုပ် ၂၄နာရီ
ခရီသွားတွေ စားသုံးနေ
ဦးဇင်းတွေ ဘုန်းပေးနေ
အပြစ်သားတွေ ဘုန်းပေးနေ
ဘုရားစင်ကနေ
အရက်သမား မနက်စာ
အဆာပြေစာ၊ တနေ့လုံးစာ
တယောက်စာ၊ တမိသားစုစာ ။

မှတ်မှတ်ရရလား..
မကောင်းဆိုးဝါးကို
ဟင်းရည်အဆစ် ပေးဖူးတယ်
ကြောက်ကြောက်လန့်လန့်နဲ့
နှစ်ခြိုက်စွာ စားသုံးလေ့ ရှိကြသည်။
ချက်ပုံချက်နည်းရိုးရှင်း
စရိတ်စက ပါး
မြန်မာလူမျိုးတိုင်း
နှစ်သက်သောကြောင့်
လူမျိုးဘာသာ မရွေး

* ရန်ကုန်မုန့်ဟင်းခါး
* မြောင်းမြမုန့်ဟင်းခါး
* ပုသိမ်မုန့်ဟင်းခါး
* ဘိုကလေးမုန့်ဟင်းခါး
* ဟင်္သာတမုန့်ဟင်းခါး
* ဖျာပုံမုန့်ဟင်းခါး
* အင်းလေးမုန့်ဟင်းခါး
* တောင်ငူမုန့်ဟင်းခါး
* ရခိုင်မုန့်ဟင်းခါး (အာပူလျှာပူ)
* ထားဝယ်မုန့်ဟင်းခါး
* တပင်တိုင်မုန့်ဟင်းခါး အထိ။

ကုန်ဈေးနှုန်း အတိုင်း
မြန်မာလူမျိုးများ
ရောက်ရာအရပ်အထိ
ကိုယ်တိုင် ကိုယ်ကျ
ကျောက်စာ၊ ပေစာများဖြင့်
မှတ်တမ်းတင်ခဲ့ခြင်း မရှိသဖြင့်
မည်သူတစ်ဦး တစ်ယောက်ကမျှ
အရေးတယူ မှတ်တမ်း တင်ခြင်း
မရှိ(ခဲ့)သော. . . .
မြန်မာ့ရိုးရာ အစားအစာကို
ဆန်လှော်မှုန့်၊ နံနံပင်၊ ပဲသီး
ခရမ်းချဉ်သီး၊ ရှောက်၊ သံပုရာ
အချဉ်ညှစ်ပြီး ပူပူနွေးနွေး
စားသုံးနိုင်ပါတယ်.. ခင်ဗျား။ ။

အူသောင်

01/06/2010

မျှော်လင့်ချက်နဲ့ အသက်သွင်းထားတဲ့လူ

မြေ၊ ငလျင်လှုပ်တယ်။
ရေ၊ ဆူနာမီလာတယ်။
လေ၊ မုန်တိုင်းတိုက်တယ်။
မီး၊ အကုန်လောင်တယ်။
ဓာတ်ကြီးလေးပါး လွန်လွန်းတယ်။

ကားတွေ၊ လူတွေ
နားကွင်းတွေ၊ အရုပ်တွေ
သောကကို မြင်ရဲ့လား
လောဘကို မြင်၍ မရပါ။

`အမေ ကိုယ့်ဘာသာ သတ်သေသွားတော့
ကြောင်လေးကိုပါ သတ်သွားတာ
အထီးကျန်နေမှာ စိုးလို့ပါ´

သေခြင်းကို ညည်းညူနေရမယ့်အစား
သေလိုက်တာမှ ပိုကောင်းသေးတယ်။
Knives (1981-82) - Andy Warhol

အပြုံးများ၊ အရီ များ
မျက်ရည်များ ဟာ
သဘာဝအရ ပါလာတာ
မျက်လုံးလဲ ဆေးတယ်
မျက်လုံးလဲ အေးတယ်
များများ ငိုပါလေ။

ရီမောတယ် ဆိုတာ
ရီ ပြီး မော ရတာ
ငိုကြွေးတယ် ဆိုတာ
ငို တာ ကြွေး ထားလို့မကောင်းတာ
ဖာသည် ဆိုတာ
ဖာ ပေးတဲ့ အသည်
ဟာသ ဆိုတာ
ဟာနေ တာလေးတွေ သ ထားတာ

ဆိုတော့ကာ
ကဗျာဆိုတာ
က ရင်းနဲ့ ဗျာပါဒတွေ များနေရ
မှာပဲပေါ့....

ဟုတ်လားလို့ မေးတော့
ဂိုဒေါ့ဟာ ခု ရောက်လာမယ်
ခဏနေ ရောက်မယ်
ရောက်ချင်မှလည်း ရောက်မယ်တဲ့။

စာဖတ်သူကိုလဲ အားနာပါတယ်
`ငါ´ တောင် ခု ပျောက်နေတာ
`ငါ´ တောင် ခု တစ်လုံးမှ မပါသေးတာ
စကားမစပ်
ဘာကို ရှာနေတာလဲဟင်?

...................

ဒါဆို ဆောရီးနော်
ဒီအပိုဒ်ကို ခင်ဗျားတို့ကို မပြနိုင်ဘူး

xxxxxxxxx
xxxxxxxxxxx
xxxx
xxxxxxxxxxxxxx
xxxxxxxx။

နောက်ဆုံးတော့
နာရီသံဟာ ၁၄ ချက်တိတိ ထိုးလိုက်တယ်
ရေအိုးဟာ ခွမ်းကနဲ
လူတွေဟာ အားကိုတကြီး စောင့်မျှော်နေတုန်းပဲ
မီးခိုး ထွက် မထွက်။ ။

ထွန်းနွယ်

လက်ဆောင်

စိတ်ဓာတ်တွေကျနေသတဲ့လားကွယ်....။

ရော့.. ဒီမှာ
မိုးကုတ်စက်ဝိုင်းကို အုပ်မိရုံလောက် နေရောင်ခြည် နွေးဖျဖျရယ်...
ကောင်းကင်ပြာနဲ့ လိုက်ဖက်မယ့် တိမ်လေး လက်နှစ်ဆုပ် သုံးဆုပ်လောက်ရယ်..
လေညှင်းလေး တစ်သုတ် နှစ်သုတ်ရယ်...
အချိုးကျကျလေးပေါင်းပြီး ညနေခင်းလှလှလေး လုပ်ပေးထားတယ်။

မလုံလောက်သေးဘူးတဲ့လား....။

ရော့... ဒီမှာ
မြေနီလမ်းလေးရယ်...
အဆုံးမစမဲ့ ကျယ်ပြောတဲ့ မြက်ခင်းစိမ်းရယ်....
စိမ်းဝါရော်ရောင်တွေ လွှမ်းနေတဲ့ သစ်ပင်တန်းလေးရယ်.....
ကောင်းကင်က မှန်လုပ်ကြည့်စရာ ရေကန်ကလေးရယ်....
ဒါတွေအားလုံးကို သစ်တောအုပ်ကလေးနဲ့ မှုန်မှိုင်းမှိုင်း အနားကွပ်ပေးထားတယ်။

ကျေနပ်ပြီတဲ့လား....။

ဒါဆို လာ.....
လေးလံလှတဲ့ ဒီခန္ဓာကို ဒီခုံတန်းလျားမှာ ပုံထားလိုက်...
နွမ်းနွယ်နေတဲ့ စိတ်ဝိညာဉ်ကိုတော့.. ...
ဟောဒီ လက်ဖ၀ါးထဲမှာ စိတ်ချလက်ချ ပေးနားလိုက်ပါ....
ကျမနှလုံးသားက စောင့်ရှောက်လိုက်ပါလိမ့်မယ်။

Sacred Sparks
အဆင့်သင့်ဖြစ်ပြီလား...။
တင်းပြည့်နေတဲ့ ရှင့်ရဲ့စိတ်လွယ်အိတ်ကို အိတ်သွန်ဖာမှောက်သာ ဖွင့်ချလိုက်ပါတော့လေ... ...။

ရေနံ့သာ။