29/03/2010

ဟန်ပျက်ခြင်း (၁၀)


 
  'ပုတ်သင်ညို. . အပျိုလိုချင် ခေါင်းညိတ်' တဲ့။
   ခေါင်းညိတ်ပြတော့. . . .
  သူတို့ ရယ်မောပြီး ထွက်ခွာသွားကြတယ်။ ။

  လူလင်း

တောမီး


မီးတောင်တစ်လုံးအတွက်တော့
ချောင်းဆိုးသွေးပါရုံလောက်ပေါ့။


တောကောင်တွေခမျာတော့....
တောကြောင်တောင် လက်ခမောင်းခတ်ချိန် မရလိုက်ဘူး။ ။

လူလင်း

အိမ်ပြန်ခြင်း

အိမ်ပြန်မယ်. . . . .
ခိုရာအိမ်က ထွက်
လူက လေးဘက်

အချိန်က. . . .
နေ့မဟုတ်. . . ညမဟုတ်
မနက်လေးချက်

မှတ်တိုင်အောက်က
အသိတစ်ချက်. . .
လေက အေးစက်

ဖြစ်တည်မှုအကြောင်း
တွေးလိုက်တော့. . .
လူက သွေးပျက်

ကားပေါ်ရောက်တော့
'အသိနဲ့သတိ' က
နီးတချက် ဝေးတချက်

သတိရတော့ ကားကထွက်
ကားပေါ်မှာလည်း. . . .
အမူးတဝက် အရူးတဝက်

ခုတလောကြုံနေရတဲ့. .
ဒီလိုနေ့မျိုး သုံး၊လေးရက်
တခါတလေတော့လည်း
တော်တော်လေးကို စိတ်ပျက် ။ ။


အူသောင်

26/03/2010

ခင်ဗျားနဲ့ကျွန်တော့်အကြောင်း


ဒီလိုနဲ့ပဲပြီးသွားမှာလား
ဒီလိုမပြီးလို့ ဘယ်လိုပြီးရမှာလဲ
' Welcome To The Hotel California ' ဆိုပြီး ပြီးရမှာလား
' ပြီးပါပြီ ' ဆိုတဲ့ စာတန်းထိုးပြီး ပြီးရမှာလား
သိုးတစ်ကောင်ရဲ့နာကျင်မှုနဲ့. . .
အဆုံးသတ်လိုက်ရင်ကောင်းမလား. . .
ချစ်သူနှစ်ယောက်ရဲ့ပျော်ရွှင်မှုနဲ့ဆိုရင်ကော။
မြို့ပြလူ့အဖွဲ့အစည်းမှာ ခေတ်စားနေတာကတော့
အထီးကျန်မှု. . . အထီးကျန်မှုပဲ
ဒီလိုပါပဲကွာ. . .
မပြီးချင်ပေမယ့် ပြီးရတာပါပဲ. . . .
ဒီလိုပဲပေါ့ကွာ. . . ဒီလိုပဲပေါ့။


လင်းဝေ

25/03/2010

မျိုသိပ်ခြင်း (၅)

ဟိုလိုလို ဒီလိုလို
လုပ်မနေနဲ့ မောင်ကံ
မင်းလည်း တခုခုလိုနေသလို
ငါလည်း တခုခုလိုနေတာပဲ . . . .

ဘာပဲပြောပြော
ငါတို့ လူပီသတယ်ဆိုတာ
သက်သေပြဖို့တော့
အလိုမပြည့်ခြင်းဆိုတာ
လိုအပ်နေဦးမှာပဲ . . . . . ။

မောင်ရင်ငဇေ

တံဆိပ်တပ်ခြင်း

အပွနဲ့အကျပ်
အတိုနဲ့အရှည်
အဆိုနဲ့အပြော. . . . . . .

ဘဝနဲ့အချစ်
လက်ဝဲနဲ့လက်ယာ
အငိုနဲ့အသော. . . . . .

မီးနဲ့ရေ
ခွေးနဲ့ကြောင်
အဖြူနဲ့အမဲ..........

ကိုယ်ကြိုက်ရာကိုယ်ရေး
အဲဒါ modern လား?
မမေးဘူး. . . .။
နားလည်ရင်လက်ခံ
နားမလည်ရင် နှစ်ပြားမတန်အောင်သာပြော
ဖတ်လို့ကောင်းရဲ့လား?
မမေးဘူး. . . .။

အမေပေးတဲ့အသက်
အဖေပေးတဲ့ခေါင်း
ငါ့ရဲ့ အသုံးမကျတဲ့ဦးနှောက်နဲ့
ငါ့လက်ချောင်းအောက်က keyboard မပျက်စီးသေးသမျှ
အပေါစားအတွေးအခေါ်များ ဈေးနှိမ်၍ပေးမည်။
(သို့သော် တံဆိပ်တပ်ခြင်းသည်းခံပါ။ ။ )

ကံဂျီမူရာ

ဖြစ်နေကျ အချစ်ပုံစံ (၉)


 ဒီလိုနဲ့ ဝေးသွားကြတာပါ။

 နှစ်ယောက်စလုံး တည်ရှိနေမှုကို သိရဲ့သားနဲ့
 အဆက်အဆံ မလုပ်ခဲ့ကြချင်းက စပြီး...

 ရင်ခုန်သံကို ဈေးကြီးကြီး ရချင်သူနဲ့
 မေတ္တာတရားကို အတွေးခေါင်တတ်သူတို့ရဲ့
 ထိပ်တိုက်တွေ့ဆုံပွဲမှာ
 အချစ်ဟာ လက်သည်းဆိုးဆေးလို
 ဆိုးလွယ် ဖျက်လွယ်ပဲ။

 အဲဒါမျိုးက. . . .
 သံသရာ တစ်ပတ်လည်ပြီးစ
 လပြည့်ညနဲ့ ကြုံတော့မှ
 ဟောဒီ နောင်တတွေကို
 အလွမ်းနဲ့ ဗိုင်းငင်ကြရမှာ...။

 ချမ်းညီချို

ပျံသန်းခြင်း


မြေပြင်ရှပ်ပြီး. . . . ပျံဖူးတယ်
ဝေဟင်ကပ်ပြီး. . . . ပျံဖူးတယ်
ခေါင်မိုးတွေထက်မှာ. . . . ပျံဖူးတယ်
တံစက်မြိတ်တွေအောက်မှာ. . . . ပျံဖူးတယ်
လရောင်တွေပေါ်မှာ. . . . ပျံဖူးတယ်
အိမ်မက်တွေပေါ်မှာ. . . . ပျံဖူးတယ်
အသိုက်နဲ့ဝေးရာ. . . . ပျံဖူးတယ်
အကြိုက်နဲ့ဝေးရာ. . . . ပျံဖူးတယ်
အုပ်စုဖွဲ့ပြီး. . . . ပျံဖူးတယ်
တကောင်ကြွက်လည်း. . . . ပျံဖူးတယ်

အပျံသင်တုန်းက ကြားဖူးတယ်။
'ပျံရင်းနဲ့သေကြရတယ်' တဲ့. . .
တကယ်လို့ . . .
ဘဝဟာပျံသန်းခြင်းသက်သက်ပဲဆိုရင်

တကောင်တည်းပျံမလား
နှစ်ကောင်တွဲပျံမလား ။ ။


အူသောင်

24/03/2010

မိမိကိုယ်ကို တွေ့ရှိခြင်း


'ဖတ်လိုက်ရတဲ့ တက်ကျမ်းတွေ
မှတ်လိုက်ရတဲ့ စကားလုံးတွေ'...

နောက်ဆုံးတော့
အလုပ်သွား ၊ အလုပ်ပြန်..
ကားပေါ်မှာ အပျော်တမ်းဖတ်နေရတဲ့
ဝတ္ထုသာသာပါပဲ...

'နှံပြည်စုတ်တောင်ပံနဲ့တော့
သိန်းငှက်လို ဘယ်ပျံဝဲနိုင်ပါ့မလဲ' တဲ့...

'ဟုတ်ပါပြီ ဆရာရယ်'...
ဒါပေမယ့် တကယ့်နေ့စဉ် လက်တွေ့
ဖြတ်သန်းနေရတဲ့လက်တွေ့ဘဝက
ဆရာပြောသလောက်မလွယ်ဘူးဗျ.....................!


ကံဂျီမူရာ


21/03/2010

ရှုထောင့် (၂)

ကျုပ်တို့ရှုနေတဲ့လေ. . . အက်တမ်။ ရေ၊ မြေ၊ မီး၊ စိန်၊ ရွှေ၊ ငွေ. . . ဒါတွေလဲ အက်တမ်။ သစ်ပင်ပန်းမန်၊ မြိုင်ဟေဝန်တောအုပ်ကြီး. . . ဒါလဲ အက်တမ်။ စမောလေး၊ လုံးကျစ်၊ ထွားကျိုင်း. . . အားလုံး အားလုံးဟာလဲ အက်တမ်ပဲ. . .။ ဒီအားလုံး အားလုံးကသာ ရုပ်သဘော ဓာတ်သဘော စိတ်သဘောစသော စသော သဘောပေါင်း သောင်းခြောက်ထောင်နဲ့ ပြောင်းလဲနေတာ။ ပြောင်းလဲရုံ အားမရ. . . . ချုပ်ငြိမ်း အဆုံးသတ်အုံးမှာ။ မြေထဲ ရောက်တာ ရောက်၊ လေထဲ ပျောက်တာ ပျောက်ပေါ့။ ပြီးတော့လဲ ပြီးသွားပြီလို့သာ ထင်နေကြတာ။ ဒါပေမဲ့ 'မာမာကတော့ မာမာပဲ' ဆိုသလို အက်တမ်ကတော့လဲ အက်တမ်ပဲ။ မမေ့နဲ့အုံး. . . . . . ဒီလေ ဒီမြေတွေက အက်တမ်ပဲလေ။ ဟဲ. . . ဟဲ. . . ကျုပ်တော့ ကမ္ဘာကြီးမပျက်သရွေ့ အက်တမ်မစ်(စ်)ပါပဲ။



တင်ကို

ငါး



  မြေမှာလဲ နေလို့ မရဘူး. . .
  လေမှာလဲ ပျံလို့ မရဘူး. . .
  ဆွေသဟာနဲ့လဲ ပျော်လို့ မရဘူး. . .
  ထားတော့. . . ။    ။

  ရေထဲမှာမှ နေလို့ မရရင်တော့
  ဒီငါးဟာ. . . အနေမတတ်တဲ့ ငါး

  ယိုဒါရှီးမား

13/03/2010

မင်းသားကြီး



 ''သူပျော်ရင် ကျွန်တော်တို့လဲ ပျော်တယ်
 သူငိုရင် ကျွန်တော်တို့လဲ ငိုရတယ်'' တဲ့....

 အထိုးအကြိတ်၊ အသတ်အပုတ်..
 အကြမ်းအရမ်း၊ အနမ်း၊အလွမ်း..
 အားလုံးစွယ်စုံရတဲ့သူကြီးရယ်....

 ပတ်မကြီးတော့ ထိုးမခွဲလိုက်ပါနဲ့....
 ဒီတခါဇာတ်ကလဲ ခင်ဗျားရဲ့ဇာတ်ပါပဲ....

 ပျော်ရင်ပျော်သလောက် မိုးလင်းတဲ့ထိ
 စိတ်တိုင်းကျသာ ကပါ...

 သေပြီးသားအခန်းက ပါခဲ့ပြီးပြီ ဆိုရင်တောင်
 ကျုပ်တို့ ရုပ်ဖျက်ပြီး နောက်ထပ် ဆက်ကပေးပါ့မယ်...

ဒါပေမဲ့ ခင်ဗျားရဲ့ အကယ်ဒမီရှော့တွေကိုတော့ နဲနဲလျော့ပါအုံး
အောက်မှာ ပရိသတ်က ဖျာသိမ်းနေပြီဗျ..............................
 
ကံဂျီမူရာ

တယ်လီဖုန်း

ဆန်းပြားတဲ့ ဟောဒီ လောကပါပဲ။

လေထဲကနေ ခုန်ချလိုက်
ကြိုးထဲကနေ တွားတက်လိုက်နဲ့. . .
နီးနီးလေးလို. . .
အဝေးက အသံကိုတောင်ကြားရတယ်။

အနားမှာပဲ ရှိနေသလား
ကပ်ထားတဲ့ ပါးတစ်ဖက်ဟာလည်း
နွေးလို့ကို လာနေတယ်။

ငြင်းလို့မရတဲ့ ဖွင့်ဆိုချက်လို
ရင်ခုန်သံကို မြန်အောင်လုပ်
မမြင်ရတဲ့ လှိုင်းတွေနဲ့တောင်မှ
ဒီရင်ကို ရိုင်းလာအောင် လုပ်တယ်။

အဲဒါပါပဲ
မင်းရယ် ငါရယ် တယ်လီဖုန်းရယ်
နားနှစ်ဖက်ကြားမှာ ကပ်ငြိနေခဲ့ကြပုံများရယ်...။

ကဲ. . ဘယ်လိုလုပ်မလဲ
ဒီအသံကိုပဲ ထပ် ထပ်ကြားချင်နေပြန်တော့တယ်။

ချမ်းညီချို
12-03-2010

လက်ကျန်

လက်ကျန်.....အိပ်စက်ခြင်းနဲ့ နိုးထလာတဲ့
လက်ကျန်.....မနက်ခင်း
လက်ကျန်.....ဘီယာဗူးနဲ့
လက်ကျန်.....စီးကရက်
လက်ကျန်.....အတွေးတိုထဲက
လက်ကျန်.....အဆွေးအို
လက်ကျန်.....အလွမ်းဟောင်းတွေအတွက်
လက်ကျန်.....သီချင်းကောင်းလေးတပုဒ်ကို တိုးတိုးလေးဆိုငြီးရင်း
လက်ကျန်.....ဘဝထဲမှာ

မနက်ဖြန်တွေဟာ ငါ့အတွက်တော့
လက်ကျန်.....တွေချည်းပါလား ။ ။


အူသောင်

စိတ်နယ်လွန်

' တီ. . တီ. . တီ. . ' 'တီ. . တီ. . တီ. . ' 'တီ. . တီ. . တီ. .'
ဟာ. . . သွားပြီ။ ထပြေးဖို့ ကြိုးစားစဉ်အခါမှာပဲ ကျွန်တော်နောက်ကျသွားပြီ ဆိုတာ သိလိုက်တယ်။ 'ဝုန်း' ဆိုတဲ့ပေါက်ကွဲသံနဲ့အတူ ကျွန်တော်လွင့်စဉ်ထွက်သွားတယ် ။ Bus တစ်စီးလုံး မီးခိုးတွေမှောင်လို့ . . . . ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ ငိုယိုငြီးတွားသံ၊ အော်ဟစ်အကူအညီ တောင်းသံတွေနဲ့ငရဲပွက်တဲ့အလား ကျွန်တော့် ဘေးပတ်ဝန်းကျင်မှာ ဆူညံနေတယ်။ ဘာတွေဖြစ်ကုန်ပြီလဲ။ ကျွန်တော်ရော. . . အသက်ရှင်နေသေးလား။ အခုလိုတွေးနိုင်နေသေးတဲ့အတွက်ကြောင့် ကျွန်တော်အသက်ရှင်နေသေးတယ် ဆိုတာကိုတော့ သိလိုက်တယ်။ တစ်ခုံကျော်က ကိုယ်ဝန်ဆောင် မိန်းမကြီးရော အသက်ရှင်နေသေးရဲ့လား။ ကျွန်တော့် အသိစိတ်တွေကို စုစည်းပြီး ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြန်စဉ်းစားလိုက်မိတယ်။

အသိစိတ်ကို ခပ်ဝေးဝေးအထိ ကျွန်တော် ပြန်ဖြန့်မတွေးနိုင်တော့ဘူး။ အများဆုံး ပြန်စဉ်းစားလို့ရတာ မနေ့ညက အထိ။ ဟုတ်တယ်. . . ကျွန်တော် ဒီတစ်ပတ်လုံး ကောင်းကောင်းမအိပ်ရသေးဘူး။ မနေ့ညကလဲ ပွဲကောင်းနေလို့ တစ်ညလုံး မအိပ်ခဲ့ရဘူး။ နောက်ဆုံး လက်ကျန်ဘီယာကို မော့ပြီးတဲ့အချိန်မှာ နာရီကိုကြည့်တော့ မနက်ငါးနာရီခွဲပြီ။ ကျွန်တော့် သူငယ်ချင်းကောင်က
' တော်ပြီကွာ. . . တစ်ပွဲမှလဲ မနိုင်သေးဘူး.. ငါအိပ်တော့မယ်။ မနက်လဲ အလုပ်ရှိသေးတယ်. . ' ဆိုတော့မှ
မျက်စိက TV Screen ဆီ ရောက်သွားတယ်။ PES10 Online game မှာ ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး ပြိုင်ဖက်အသင်းကို ၅-၂ ဂိုးနဲ့ အားရပါးရ ရှုံးနေပြီ။ အဲဒီလောက်ပဲ သိတော့တယ်။ ကျွန်တော် လောကကြီးနဲ့ ပြန်ပြီးတော့ အဆက်အသွယ် ပျက်သွားခဲ့တယ်။ အိပ်ပျော်သွားခဲ့တာ နေမှာပေါ့။



မနက်ထတော့ ကျွန်တော့်ခေါင်းတစ်ခုလုံး နောက်ကျိပြီး မျက်လုံးတွေကလဲ ကျိန်းစပ်နေတယ်။ အလုပ်နောက်မကျအောင် ကမန်းကတမ်းထ မျက်နှာသစ်ပြီး ကားဂိတ်ကို ငိုက်စိုက်ငိုက်စိုက်နဲ့ ထွက်လာခဲ့မိတယ်။ အချိန်က နေ့လည် ၁၂ နာရီကျော်လောက်ဆိုတော့ လမ်းပေါ်မှာ ဈေးဝယ်သူတွေကဝယ်၊ နေ့လည်စာ ထွက်စားသူတွေကစားနဲ့ စည်ကားနေပေမဲ့ ကျွန်တော်ကတော့ အသိစိတ်နဲ့ ကိုယ်နဲ့သိပ်မကပ်၊ ငိုင်တိငိုင်တိုင်နဲ့ ကားဂိတ်ကို ရောက်လာခဲ့တယ်။ ဒီလိုနဲ့ ဆေးလိပ်ဘူးဝယ်ပြီး ဆိုင်ထဲကပြန်အထွက် သတင်းစာပေါ်ကို မျက်စိက အလိုလို ရောက်သွားတယ်။ အီရတ်နိုင်ငံက အစိုးရရုံးဌာနတစ်ခုမှာ အသေခံဗုံးခွဲမှုကြောင့် လူအတော်များများ သေသွားတဲ့သတင်းကို ဖတ်မိလိုက်တယ် ။ ဪ..လူတွေ. . . အသိတရား ကင်းမဲ့ကုန်ကြပြီလား။

အဲဒီနောက် Busလာတော့ ကားပေါ်တက်ပြီး ကားနောက်ဘက်ပိုင်း ခပ်ကျကျမှာ လူတယောက်ဘေး နေရာလွတ်တွေ့တာနဲ့ ဝင်ထိုင်လိုက်တယ်။ ကားစထွက်တာနဲ့ လူက ငိုက်လိုက်၊ သတိဝင်လာလိုက် ၊ ပြန်ငိုက်လိုက်နဲ့ပေါ့။ ဒီလိုနဲ့ ကျွန်တော့ခါးကို မာကျောတဲ့ အရာတစ်ခုနဲ့ ထိထိမိနေလို့ သတိထားကြည့်လိုက်မိတော့ ကျွန်တော့ဘေးကလူရဲ့ အိတ်ကပ်ထဲမှာ ဝါယာကြိုးတွေနဲ့ တွဲထားတဲ့ ပစ္စည်းကလေးတစ်ခု. . . . မီးနီလေးက တဖျတ်ဖျတ်လင်းလို့။ သေချာ အာရုံစိုက်ကြည့်လိုက်တော့မှ 'တီ. . . တီ. . . တီ. . . တီ. . . ' နဲ့အသံကလဲ ကြားနေရသေးတယ်။

ဟာ. . . သွားပြီ ။ ကျွန်တော်ထပြေးဖို့ ကြိုးစားစဉ်အခါမှာပဲ ကျွန်တော် နောက်ကျသွားပြီဆိုတာ သိလိုက်တယ် ။ 'ဝုန်း' ဆိုတဲ့အသံနဲ့အတူ ကျွန်တော်ရှေ့ကိုငိုက်ကျသွားတယ် ။ အသိစိတ်က ရုတ်တရက် ပြန်ဝင်လာတယ် ။ တကယ်တမ်းကျတော့ ငိုယိုငြီးတွားသံတွေ ၊ အော်ဟစ်အကူအညီတောင်းသံတွေ ကျွန်တော်မကြားရပါဘူး ။ ကားက မှတ်တိုင်ကို ကျော်သွားလို့ တယောက်ယောက်က Bellတီးလိုက်တာထင်တယ်။ ဒါဆိုဘာလဲ. . . ငါ တကယ်မသေဘူးပေါ့. . . ? တကယ်ဗုံးပေါက်တာရော မဟုတ်ဘူးလား. . . . ?

အသိစိတ်တွေကို စုစည်းပြီး ပတ်ဝန်းကျင်ကို ကျွန်တော် သေချာကြည့်လိုက်မိတယ်။ ကျွန်တော့် ဘေးကလူရဲ့ အိတ်ကပ်ထဲမှာတော့ ဝါယာကြိုးတွေ သွယ်ထားတဲ့ ပစ္စည်းလေးကတော့ 'တီ. . တီ. . တီ. . တီ. .' နဲ့ လင်းနေတုန်းပဲ။ အဲဒါဆိုရင်...............................................................


ကံဂျီမူရာ

12/03/2010

အချစ်သီချင်း (၃)



ရှင်းရှင်းပဲ ပြောမယ်
ချစ်တယ်။
ရိုးတယ်တော့ မထင်နဲ့ 
ငါလည်းဆဲတတ်တယ် အချစ်။ ။

လူလင်း

လုံးလည်ချာလည်

သူတို့ဘ၀နဲ့ သူတို့
သူတို့ဘာသာ ပျော်နေပေမယ့်
ကိုယ်ကလဲ
ကိုယ့်ဘ၀နဲ့ ကိုယ်ဆိုတော့
သူတို့နဲ့ ပက်သက်ပြီး
မပျော်နိုင်ပါဘူးတဲ့။

တခါလာ ဒါတွေချည်းပဲဖြစ်နေလို့
ဟိုဟာဒီဟာတွေ
ပြောင်းကြည့်တော့လဲ “တစ်ခါလာ" တွေချည်း ဖြစ်နေလို့ မပျော်နိုင်ပါဘူးတဲ့။

လိုက်လျောညီထွေ
အရောင်ပြောင်းလွန်းတော့
စပ်ထည်ကြီးလို
ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့
ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့
ဘယ်လောက် အရောင်စုံစုံ
နဂိုကတည်းက ဖွတ်ဆိုတော့လည်း
အရောင်ဘယ်ထွက်ပါ့မလဲ
ဆိုပေမယ့်လည်း
ခပ်မွဲမွဲအရောင်တော့
ထွက်နေတာပဲ။

ဆိုပြန်တော့ကာ
သူ့အရောင်နဲ့ သူဆိုတော့
ကိုယ့်အရောင်လေးကိုယ်
မြဲနေအောင် ပွတ်လိုက်ရ
ပိုထွက်လာအောင် သလိုက်ရ

ငြင်းလို့မရတဲ့ စိတ္တဇနာမ်တွေအတွက်
မီးပုံကြီးထဲ ခုန်ခုန် ဆင်းလိုက်ရ
နှင်းတောကြီးထဲ ပြေးပြေး တိုးလိုက်ရ
မိုးရွာကြီးထဲ ဆင်းဆင်း ချော်လဲလိုက်ရ
တံတိုင်းတွေဆောက်. လမ်းတွေဖောက်နဲ့...

(ရော်. . . ခက်ပြန်ပါရောလား)
ငြင်းလို့မရပါဘူး ဆိုမှတော့ဗျာ။ ။

ထွန်းနွယ်

ဒီလိုနေ့မျိုးတွေ ရှိတယ်

ကြားဖူးရဲ့ မဟုတ်လား။
သင်္ချိုင်းထဲ ရောက်နေတဲ့ ခြေတစ်ဖက်ကို ပြန်နှုတ်ပြီး
' ငါမသေဘူး ရေကူးတတ်တယ်...' က ပြန်စမယ်ဆိုတာလေ။

သေချင်စော်နံလို့ ရေထချိုးမှ
ပျော်ပွဲနဲ့ ရွှင်ပွဲ တူပါသလား မေးနေသေးတယ်။

တွေ့ဖူးတယ်ပြောရင်း မမှတ်မိတဲ့ ပါရမီနဲ့
လေးပါတယ် မပြောသေးတဲ့ မြေကြီး
ဟောဒီမှာ မြေပုံတစ်ခု ချိတ်ပိတ်ပြီး ထားခဲ့တယ်. . .

မီးကုန်ယမ်းကုန် လွှင့်ချင်လွှင့်ဖို့တဲ့။

ဆန္ဒမဲ့ နေရာတစ်ခုကို ရောက်ချင်ရောက်ဖို့တဲ့. . .
(ဒါမှမဟုတ်)
နေရာတစ်ခုကို ဆန္ဒမဲ့ ရောက်ချင်ရောက်ဖို့တဲ့။

ကျပျောက်သွားတဲ့ ဆေးပေးမီးယူလေး ရှာချင်ရှာဖို့တဲ့။

အဲဒါပါပဲ. . . ဒီနှစ်ကောင်
ကမ်းနဖူးကသစ်ပင်လို သူများတွေစီးဆင်းတာကိုပဲ
ကြည့်နေချင်ပါတယ်လို့ ပြောတာတောင် မရဘူး။


ချမ်းညီချို

မျက်နှာစာအုပ်

ဒို့တာဝန် အရေးသုံးပါးနဲ့
ဘာဘာညာညာ အာပလာ
ဦးတည်ချက်တွေ မပါတာ
ဒီစာအုပ်ပဲ ရှိလိမ့်မယ် ။

ဒီစာအုပ်မှာ
ငယ်စဉ်တောင်ကျေး ကလေးဘဝ
သူငယ်ချင်းများကစလို့
လက်ရှိနေ့စဉ်တွေ့မြင်ရတဲ့
မျက်နှာပေါင်းများစွာပါဝင်နေရာ
ကမ္ဘာဟာ ရွာကြီးတရွာဆိုတာ
သေချာပြီးရင်းကို သေချာနေတော့တယ် ။

ဒီစာအုပ်မှာ
တချို့တွေ ရီရီဝေဝေ
ကြယ်တွေကြွေရင်း
သံစဉ်များစွာ စီးဆင်းကြတယ်

တချို့ဆို ဟိုလိုလိုဒီလိုလို
အပျိုဆိုပြီးရော
အတင်းကြီး ဝင်ဝင်ဖောကြတယ်

တချို့က နေ့တဓူဝ
လုပ်တတ်တာတွေရေး
စစ်အေးတိုက်ပွဲလိုမျိုး
စာနဲ့ စီးချင်းထိုးကြတယ်

တချို့များ ငယ်ရည်းစားက
လာရေးသွားလို့ လင်နဲ့မယား
ကို့ရို့ကားရား စကားတွေများကြတယ်

ဒီတော့ကာ
မရှိမကောင်း ရှိမကောင်း
မပေါင်းလဲခက် ပေါင်းလဲခက်
အကြောင်းပြချက် ကိုယ်စီနဲ့ပေါ့ ။

သားခွန်
05/03/2010

09/03/2010

လန်ဒန်မြို့မှ ဂျင်ဂျစ်ခန်များ


 "Time and tide wait for no man" "တိုက်ထဲမှာ ဝိတ်မသောသူသည်         ယောက်ျားမဟုတ်" ဟူသော ကျွန်တော်တို့ကြားဖူးသော  စကားပုံလေးကြောင့်လားမသိ ယခုတလော လူတွေ တိုက်ထဲမှာ ဝိတ်မတာ  မတွေ့ရတော့။

 ဗြိသိသျှအခေါ် "ဂျင်"(gym) ဟူသော အားကစားခန်းများတွင် သွားရောက်၍ မကြသည်။ အားကစား လုပ်ကြသည်။ ယခုတလောတွင် အနှီဂျင် များစီးပွားရေး မကောင်းလို့လားမသိ ဈေးတွေသိသိသာသာ လျှော့သည်။ လူဘယ်နှစ်ယောက် ပေါင်းဝင်လျှင် တစ်ဝက်ဈေးနှင့် ရမည်တို့ဘာတို့ ခဏခဏတွေ့လာ ရသည်။

 ဤတွင် ကျွန်တော်တို့ သူငယ်ချင်း အသိုင်းအဝိုင်းထဲတွင် ဂျင်ခြင်းတက်လာကြတော့သည်။ တချို့ ကလည်း ပိန်ချင်လို့၊ တချို့ ကလည်း ဝချင်လို့၊ တချို့ ကလည်း ဗိုက်ကလေး ချပ်ချင်လို့၊ တချို့ ကလည်း ဗလတက် ချင်လို့၊ ရေကူးချင်လို့၊ ငမ်းချင်လို့၊ ကုန်ကုန် ပြောမယ်ဗျာ သူများတွေလုပ်လို့ ခေတ်မှီအောင်လို့ဆိုပြီး လိုက်လုပ်တဲ့လူကနေ အသက်လေးဆယ်နားနီးမှ အရပ်ရှည်ချင်တဲ့လူအထိ ပါတယ်။ တဂျင်ထဲ ဂျင်နေကြတာ။ ကျွန်တော် ငဇေလည်း ဘာသားနဲ့ထုထားတာလိုက်လို့၊ သူများဂျင်တော့ ကိုယ်လည်း ဂျင်ပေါ့။ သူများ ဝီစကီ ဆိုလည်း ဝီ လိုက်မှာပဲလေ။

 ဒီလိုနဲ့ပဲ ဂျင် ကိစ္စ တစခန်းထရပြန်ပါရော။ ကိုယ့်အကြောင်းကိုယ်သိတော့ အိမ်ရှေ့တည့်တည့်က ဂျင်မှာပဲ သူငယ်ချင်း ငါးယောက်စုပြီးတော့ သွားကြတာပေါ့ဗျာ။ အရင့် အရင်တွေကလည်း ဒီလိုပဲ ဂျင်တွေကို လှူလှူ ထားတာ မနည်း။ ဂျင်ကို လှူလို့သာ နတ်ပြည်ရောက်ကြေးဆိုရင် ငဇေတို့က ဗီဇာတောင် တိုးစရာလိုမှာ မဟုတ်။ ဒါလည်းအမှတ်မရှိ သူများဂျင်ရင် ကိုယ်လည်းဂျင်လိုက်ရမှ ဆိုပြီး ရက်ရက်ရောရော ဂျင်ပစ်လိုက်ပြန်တယ်။ အဲဒီမှာ မေးစရာဖြစ်လာတယ်။ ကိုယ်မှာက "ဝ" တယ်လို့ ပြောစရာရှိတာဆိုလို့ လူပါးလောက်ပဲ ရှိတာ။ ဝိတ်မမှာလားဆိုတော့လည်း ပင်ပင်ပန်းပန်း ဆိုလို့ "ပင်ပန်းတယ်"လို့ပြောရမှာတောင် ပင်ပန်းတယ်  လို့ထင်တဲ့လူမျိုး။ (အမလေး. . . ရေးရင်းနဲ့တောင် ပင်ပန်းတယ်)။

ကျန်းမာရေး အထူးလိုက်စားတဲ့ ဖိုးကျန်းမာရေးကြီးလား ဆိုတော့လည်း လက်ထဲမှာ ဆေးလိပ်နဲ့ အရက်ပြတ်တယ်ဆိုတာ မရှိ။ အဲ... ဒါပေမယ့် အကြောင်းပြချက်ကတော့ ရှိတယ်။ ဒီသောက်ထားတဲ့ ဆေးလိပ်တွေ အရက်တွေကို ပြန်ကာမိအောင်လို့ ဂျင်မှာ သွားဘမ်း(burn)တာပေါ့ဗျာ။ (burn)ဘမ်းတယ်ဆိုလို့ ခင်ဗျား တို့အထင်ကြီးသွားသလား။ ငဇေ တကောင် ဂျင် ထဲမှာ ချွေးတပြိုက်ပြိုက်နဲ့ ပြေးနေတာတို့၊ စက်ဘီးစီး နေတာတို့ထင်သွားလား။ မထင်နဲ့။ ငဇေတို့က ဟိုစကားပုံ "ချွေးထွက်များမှ သေးထွက်နည်းမယ်" ဆိုတဲ့အတိုင်း Steam Roomတို့ . . Saunaတို့. . ဆိုတဲ့ အနောက်တိုင်း စတိုင်(လ်)မီးနေခန်းထဲဝင်ဝင်ပြီး ချွေး တလုံးလုံးထွက်မှ ရေချိုးပြီးပြန်လာတာလေ။

ဘာပဲပြောပြော အကျိုးတော့မယုတ်။ အိမ်မှာလည်း ဆပ်ပြာခေါင်းလျှော်ရည်ဝယ်စရာ မလိုတော့။ ခေါင်း လျှော်ပြီးရင် Dryer ပါ မှုတ်လို့ရသေး။ ဒါက အိမ်မှာရှိတာမဟုတ်။ ပြီးတော့ အပြန်ကျရင် ကျောပိုးအိတ် ကလေး လွယ်ပြီး ကိုယ့်အိမ် တည့်တည့်မပြန်ပဲ ယောင်ပေပေ လုပ်နေလို့ အသိတွေကမေးရင် ရင်ကော့ပြီး ဂျင်ကပြန်လာတာလို့ ပြောလို့ရသေး။ အဲ... ညကြရင် ဂျင်သွားထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကို လိမ်ပြီး ဘီယာတွေ အရက်တွေ ပိုတောင်သောက်လို့ရသေး။ တန်ပါတယ် လစဉ်ကြေး ပေးရတာ။

ကိုယ့်လို လယ်လယ်ဝယ်ဝယ် မရှိတဲ့လူတွေကတော့ သိပ်မကိုက်။ ကြည့်လိုက်လေ။ ရေကူးများသွားလို့ အအေးမိတဲ့ ကောင်ကမိ။ အပြေးလွန်ပြီး ကြွတ်တက်တဲ့ကောင်ကတက်။ စက်ဘီးအစီးများပြီး ပေါင်ကွတဲ့ သူက ကွ။ ဝိတ်မပြီး လက်ကိုက်လို့ဆိုပြီး ထမင်းတောင် မစားနိုင်တဲ့သူနဲ့ အကြောလျှော့လွန်ပြီး ခါးမျက် သွားတဲ့လူနဲ့ စုံနေတာပဲ။ သူတို့တွေ ကိုယ့်လို ပုံမှန်မသွားနိုင်။ကိုယ့်လို့ ကြော့ကြော့လေး ပြန်မလာနိုင်။

ဟိုတလောကတင် လီပါပူးက တောသားလေး မောင်ချမ်း လန်ဒန်တက်လာတော့ လူတွေ တဂျင်ထဲ ဂျင်နေတာတွေ့တော့ မျက်စိနောက်ပြီး ကျွန်တော်တို့ကို နာမည်ပေးသွားတယ်။ 'လန်ဒန်မြို့မှ ဂျင်ဂျစ်ခန်များ' တဲ့။ ဒါပေမဲ့ သူပြောတာ ကျွန်တော့်တစ်ယောက်တည်းအတွက်ပဲ မှန်တယ်။ ဂျင်သွား ပြီးသွားရင် အောင်နိုင်သူ စစ်သူကြီး ဂျင်ဂျစ်ခန်လို ရင်ကော့ပြီး ထွက်လာနိုင်တာ ငဇေတစ်ကောင်ပဲရှိတယ်။ ကျန်တာတွေက ဂျင်မှာသွားပြီး အားကစားလေ့ကျင့်၊ ပြီးလို့ အိမ်ရောက်ရင် ခံရတဲ့ ဂျင်ကျင့်ခံတွေသာ ဖြစ်လေသတည်း ..........။


မောင်ရင်ငဇေ (ခ) ဂျင်ဂျစ်ခန်

ခေတ်ပြိုင်နေထိုင်၍ ကဗျာရေးခြင်း

သတင်းတစ်ခု တင်ပို့လိုက်သလို
ဈေးကွက်ဝင်ပြီး အသင့်စားသုံးနိုင်/မနိုင်
အခံသား ကွာတာနဲ့အမျှ
အရသာက တစ်မျိုးစီ
ဒီမိုကရေစီ ဆိုတော့လဲ
ကဲသာကဲ ကဲသာကဲ
ဆွဲမှာပဲ ဆိုလို့ဆို
ရည်ရွယ်ချက် မပါရင်အမှုမြောက်/မမြောက်
(.....................)

ဝတ်မှုန်ရွှေရည်ဟာ ၀တ်မှုန်ရွှေရည်ဖြစ်ပြီးတော့
ပြည့်တန်ဆာမလေး မြူနှင်းဟာ ပြည့်တန်ဆာမလေး မြူနှင်းဖြစ်တယ်

ဘာလဲ? ? ?
ဖြတ်ညှပ်ကပ်လောကကြီးထဲ
ဘာကို ဖြတ်တောက်ထုတ်ဖို့ကြံနေရပြန်တာလဲ?
ခင်ဗျားဟာလည်း ဖွဲ့စပ်ကြီး
ကျွန်တော်ဟာလည်း ဖွဲ့စပ်ကြီး
ဟိုစပ်စပ် ဒီစပ်စပ် ထည့်စပ်ထားတဲ့ ဖွဲ့စပ်ကြီး။

လိုက်တင်ပြောင်းသလို
ပုံသဏ္ဍာန်.. လုပ်ဆောင်မှု.. သရုပ်ဆောင်မှု.. ပြောင်းတယ်

သေချာတာကတော့
မင်းသားပါမှ ဇာတ်ကလို့ရမယ့်ခေတ်က ကုန်သွားပြီ
ဒီမှာ ဗီလိန်တွေချည်း. . . .

(ခါးသလို ချဉ်သလိုလို)
ကိုယ့်ဇာတ်နဲ့ကိုယ်တော့
အဆင်ပြေနေတာပဲ။ ။

ထွန်းနွယ်

ရှစ်


ဒီလိုနဲ့
"စ"သတ်တွေ များတဲ့ လောကကြီးမှာ
အချစ်ကို အနှစ်လို့ခေါ်ပြီး
အလွမ်း ဆီးဖြုသီးတွေကို လှိမ့်နေကြလိုက်တာ။

မနေ့က လက်တံများနဲ့ ဒီနေ့နာရီပဲ။

ကိုယ်ကပဲ မိုးလင်းရ
ကိုယ်ကပဲ မိုးချုပ်ရ နဲ့။

ကြယ်တွေကလည်း တိတ်တိတ်ကလေး ကြွေတာပါပဲ။

တောမီးလောင်မယ်ဆိုတာကို
ဘယ်မိုးလေဝသဌာနကမှ ကြိုမသိနိုင်သလိုပေါ့။

အိပ်မက်တွေဆိုတာလည်း
ဘဝက ရှို့ခဲ့တဲ့ ကောက်ရိုးတွေ မဟုတ်ပါလား။

ဒီလိုနဲ့ပဲ
ဒယ်အိုးထဲကနေ မီးဖိုထဲ ခုန်ချ။

ဒါဟာ ဟောဒီ
"စ"သတ်တွေ များတဲ့ လောကကြီးထဲမှာ
အသစ် အသစ်ဖြစ်နေတဲ့
ရှစ် ပေါ့။

ချမ်းညီချို
18-02-2010

အပြာရောင် ဂြိုလ်သားများ (၂)

ဒီလိုပါပဲ
ယာယီ အချိန်လေးအောက်မှာ။
မသေသေးတဲ့ သေခြင်းတရားကို
ကျောသပ်ရင်သပ် လုပ်ကြည့်။
ပန်းတွေကို သစ်ကိုင်းပေါ်မှာပဲ ညှိုးနွမ်းခွင့် ပေးကြည့်။
ကွယ်ဝှက်ထားတဲ့ လမ်းတွေမှာ လာဆုံတဲ့
သူငယ်ချင်း ကံကြမ္မာတွေကို ကျေးဇူးတင်ကြည့်။

ဒီလိုပါပဲ
ယာယီ အလေးချိန်အောက်မှာ။
မြေကြီးကို မလေးအောင် ဖွနင်းကြည့်။
ဖိနပ်ကို အသံမထွက်အောင် စီးကြည့်။
ခါးသက်ခါးသီး အမာရွတ်တွေကို ကျက်အောင်ထားကြည့်။

ဒီလိုပါပဲ
ယာယီ အချိန်လေးအောက်မှာ
ယာယီ အလေးချိန်အောက်မှာ
အချိန်ကို ဇိမ်နဲ့ မျိုပြီး
ဟန်ကျနေလိုက်ပုံများဟာ...။

ဒီလိုပါပဲ ခဏတာ။

ချမ်းညီချို
06-03-2010

04/03/2010

ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း

ဖရိုဖရဲ ဗရမ်းဗတာ ကစဉ့် ကလျား ၀ရုန်းသုန်းကား ပါပဲ။
ကျည်အပြည့်သေနတ်ကြီးထမ်းပြီး တောနက်ကြီးထဲ တ၀ဲလည်လည် ပါပဲ။
ကျွန်တော့်ရွက်ဆုတ်ပြက္ခဒိန်မှာ ရက်ရာဇာတွေ လက်ချိုးရေခဲ့ရ။
သမင်မွေးရင်း ကျားစားရင်း စိတ်ကူးတွေနဲ့ ရူးခဲ့ရတာပါပဲ။
ဖော်လိုက် မြှုပ်လိုက်၊ ပေါ်လိုက် မြုပ်လိုက်ပါပဲ။
အရက်၊ လောင်းကစား၊ မိန်းမနဲ့  ဘောလုံးပွဲကို စိတ်ဝင်စားခဲ့။
မူးချင်ယောင်ဆောင်ပြီး တစ်လောကလုံးကို အော်ဆဲခဲ့ဖူး။
အသက်အတွက် အရှက်ကိုထိုးအပ်လိုက်ရတဲ့အဖြစ်မျိုးလည်း ကြုံခဲ့ရဖူး။
စကားများသူမောင်ပို ဖြစ်ခဲ့ရ၊ မောင်ရင်ငတေအဖြစ်လည်း မိုက်ကန်း(ပြ)ခဲ့ရ။
မေးနိုင်သမျှ မေးခဲ့၊ ငြင်းနိုင်သမျှ ငြင်းခဲ့၊ ပေးနိုင်သမျှကိုလည်း ပေးခဲ့တယ်
မားဆိုးဖြစ်ခဲ့၊ ဟိုလ်ဒင်ကောဖီးဖြစ်ခဲ့၊ ဒေါက်တာရာဂင်ဖြစ်ခဲ့။
အတွင်းမှာနေပြီး အပြင်ရောက်ခဲ့ဖူးတာပါပဲ။
နီ ၀ါ စိမ်း ကို အစဉ်လိုက်မှတ်ခဲ့၊ စီခဲ့။
မောင်းရင်း အိပ်ငိုက်၊ အိပ်ငိုက်ရင်း မောင်း ပါပဲ။
အာရုံငါးပါးရဲ့  နေ့ စားအလုပ်သမားပါပဲ။
အခုထိလည်း ရုပ်ရှင်ကြည့်ပြီး ရူးချင်နေတုန်းပါပဲ။
ဟိုကဗျာဆရာ ရေးသလိုပဲ "အစကတည်းက မှားခဲ့ပါတယ်"။
ဟိုကောင်မလေးပြောသလိုပဲ "တစ်နေ့ လုံး ပြုံးထားရတာ ပါးတွေကိုညောင်းနေတာပဲ"။
"ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်၊ တိုးရင်းနဲ့ ကလိုက် ကရင်းနဲ့ တိုးလိုက်"။
အားလုံးကို ချစ်လိုက်၊ အားလုံးကို မုန်းလိုက်ပါပဲ။
ဒီကျောက်တုံးကြီးကို အဲဒီတောင်ကုန်းပေါ်လှိမ့်တင်ရင်း
အဲဒီတစ်ခုခု/တစ်ယောက်ယောက်ကိုစောင့်မျှော်နေသူပါပဲ။
သံပုရာသီးလေး သုံးလေးစိတ်နဲ့ ရေငတ်ဖြေခဲ့ရ၊ လွတ်လပ်ရေးကျောက်တိုင်ဆီ အားသွန်ပြေးဆဲ။
ပြီးတော့လည်း ပြီးသွားမှာပါပဲ။

ဒီကဗျာ ဒီထက်ရှည်အောင် ဘယ်လိုဆက်ရေးရကောင်းမလဲ တွေးနေမိတုန်းပါပဲ။ ။


(တောင်ထိပ်တစ်ခုပေါ်တွင် လွှင့်ထူထားသော အလံတစ်ခုတွင် အမည်မသိတစ်ယောက် ရေးခြစ်ထားသည့် စာသားများမှ)


လူလင်း
သာယာဝတီ-ရန်ကုန်

ဖြစ်နေကျ အချစ်ပုံစံ (၅)

ဦးတည်ချက်မဲ့ ဖတ်ခဲ့သော စာအုပ်တွေ ဘယ်လောက်တောင်များခဲ့ပြီလဲ။


လျှောက်ခဲ့သော လမ်းတွေ၊ ပြောခဲ့သော စကားတွေ အကုန်လုံး အသွားထက်ထက်နဲ့ ငါ့ကို ပြန်ရစ်ပတ်နွယ်ငင်ကြ။

သွေးစိမ်းရှင်ရှင်ကျပြီး ကမ်းခြေကို လမ်းလျှောက်ထွက်တိုင်း ဖန်သီးတစ်လုံးနှင့် တွေ့မည်ဟု ဘယ်နှစ်ကြိမ်မြောက် မျှော်လင့်မိမှန်းလည်း ငါ မသိတော့။

တစ်နှစ်တစ်စောင် ဝယ်၍ သိမ်းထားသော ပြင်္ကဒိန်အပုံကြီးမှာလည်း အခန်းထောင့်တွင် လဲကျလို့နေပြီ။

မူးယစ် ချိုအီနေသော သီချင်းအဟောင်းတို့က မျက်နှာကျက်တွင် ချိတ်ဆွဲထားသောမီးလုံးမှ တစ်ဆင့် ငါ့ရဲ့ မျက်နာပေါ်သို့ တစက်စက်ကျဆင်းလာနေပြီး မျက်နှာကျက်ကျက်တစ်စုံကတော့ ဆွံ့အ၊ အမူအရာနဲ့ပဲ သရုပ်ဆောင်။

မျက်ရည်ဥတွေကတော့ မျက်ကြည်အိမ်နားတစ်ဝိုက်မှာ ဒိုင်သူကြီးရဲ့ ဝီစီသံကိုပဲ စောင့်နေတော့တဲ့ မာရသွန် အပြေးသမားတွေလို အသင့်ပြင်လို့။



အသုဘမှာ ချုပ်တည်းထားခြင်းထက် ငိုကြွေးလိုက်ခြင်းဟာ ပိုသက်သာတယ် ဆိုတာ အမှန်ပါပဲလေ။ နှလုံးသား ဈာပနမှာ မျက်ရည်ဟာ ဖဲကြိုးဝါဝါ တစ်စုံ။

တစ်ကမ္ဘာလုံးမှာတွေ့ရတဲ့ ကျီးကန်းတွေ အကုန်လုံးက အမည်းချည်း မဟုတ်ပါလား။

ဒီတော့ ဖိနပ်အသစ်စီးတိုင်း ခြေလှမ်းကြဲကြဲလှမ်းတာကလည်း ငါ့ မသိစိတ်ပေါ့။

ဒီလိုနဲ့ ဒယ်အိုးထဲကနေ မီးဖိုထဲကို ခုန်ချ။ ကြွက်တွေလို သမုဒ္ဒရာထဲမှာ နစ်နေတဲ့ သင်္ဘောကို စွန့်ခွါရရင် ကောင်းမလား။ သမုဒ္ဒရာထဲမှာပဲ အပ်ကိုလိုက်ရှာတာက ပိုကောင်းမလား။

ဒီမှာ လေတိုက်ရင် မြက်ပင်တွေပါ ကိုင်းညွှတ်ရတယ်လို့ ငါ့ကို လာမပြောပါနဲ့။ ယမမင်းက ဆင့်ခေါ်ရင် ဘယ်သူမှ မငြင်းနိုင်ဘူးဆိုတာလည်း သိလို့ပါ။

ဒီလိုနဲ့ပဲ မျက်ကန်းငါက မီးအိမ်ကြီး ကိုင်ထားပြီး မာရသွန်ပြေးပွဲမှာ ဒိုင်လူကြီးရဲ့ ဝီစီသံကို ကိုင်းညွှတ်။

ချမ်းညီချို
16-02-2010

ဖြစ်နေကျ အချစ်ပုံစံ (၄)

အဝေးက ချစ်နေရတယ်ဆိုတာ
အလုပ်မလုပ်တဲ့ မီးခြစ်တစ်လုံးနဲ့
ဆေးလိပ်မီးညှိနေသလိုပါပဲ..။
ကိုယ်ကလည်း တအားသောက်ချင်
သူကလည်း အလုပ်မလုပ်တော့
ခံတွင်းချဉ်ရုံ သက်သက်ပဲ။

ချမ်းညီချို
09-02-2010

01/03/2010

မျိုသိပ်ခြင်း ၁ . . . ၂ . . . ၃


  ဖြစ်ချင်တာတွေ....
  ဖြစ်သင့်တာတွေ ဘေးချိတ်ပြီး.......
  ဖြစ်နေတာကိုပဲ လက်ခံလိုက်တယ်.........။

  မျဉ်းပြိုင်နှစ်ကြောင်းရဲ့....
  ဆုံမှတ်ကို စဉ်းစားရင်းနဲ့.........
  ဘဲဥရဲ့ အစကိုရှာဖို့ မေ့ပစ်လိုက်တယ်.......။

  နင်ရယ်....
  ဆေးလိပ်တွေရယ်....
  ဖြတ်ဖို့ခက်မှန်းသိသိနဲ့ ရှိုက်ခဲ့မိတဲ့ ငါရယ်....
  ပြာဖြစ်သွားတဲ့ အတိတ်တွေရယ်.....
  အငွေ့ပျံသွားတဲ့ အိမ်မက်တွေရယ်.....
  ထိုးချေခံလိုက်ရတဲ့ မျော်လင့်ချက်တွေရယ်......

  ပြီးတော့..... ဒီကဗျာ တစ်ပုဒ်ရယ်

  မောင်ရင်ငဇေ